← Chapters

အခန်း ၂၂၉

Vol. 23 Ch. 229

အခန်း ၂၂၉

Vol. 23 Ch. 229

အခန်း ၂၂၉ - စီဟန်လမ်းစဉ်

သူတော်စင်စီဟန်က ခပ်ဖွဖွရယ်လိုက်၏။ သူမသည် ချီရွှမ်းစုထံမှ စီဟန်လမ်းစဉ်၏ အငွေ့အသက်များကို အာရုံခံမိသောကြောင့် ရောက်ရှိလာခြင်းဖြစ်သော်လည်း နှိုက်နှိုက်ချွတ်ချွတ် မေးမြန်းဖို့ စိတ်ကူးမရှိပေ။

သူမက ပြောလိုက်၏။

“စီဟန်လမ်းစဉ်က နှစ်ပေါင်းများစွာ လက်ဆင့်ကမ်းလာခဲ့ရတာ... အဲဒီကျင့်ကြံရေးနည်းလမ်းက ရွှမ်အရှင်မြတ်ရဲ့ ပြန်လည်စုစည်းပေးခဲ့တဲ့ လမ်းစဉ်ကြီးငါးခုထဲမှာပါတယ်... လျှို့ဝှက်ဆန်းကြယ်စွမ်းရည်တချို့ကိုပဲ ပင်မတပည့်ဂိုဏ်းသားတွေအတွက် သီးသန့်ချန်လှပ်ထားတာ... အဲဒါကြောင့် စီဟန်လမ်းစဉ်က တာအိုဂိုဏ်းတော်ရဲ့ အပြင်ဘက်မှာ ပျံ့နှံ့နေမယ်ဆိုရင် အံ့ဩစရာမရှိဘူး... ဒါက အထူးတလည်ပြောစရာ ကိစ္စတော့ မဟုတ်ဘူး”

ချီရွှမ်းစုက စိတ်သက်သာစွာ သက်ပြင်းချတော့မည့်ဆဲဆဲမှာ သူတော်စင်စီဟန်၏ နောက်ထပ်စကားလုံးများက သူ့ရင်ခုန်သံကို ထပ်မြန်သွားစေ၏။

“ဒါပေမဲ့…”

သူတော်စင်စီဟန်က ခဏမျှရပ်တန့်ပြီး ဆက်ပြောလိုက်၏။

“နင့်ရဲ့သွေးချီက ရောထွေးနေတယ်... နင်က လေလွင့်ကျင့်ကြံသူတစ်ဦးတင် မဟုတ်ဘူး... ကိုယ်ခံပညာသိုင်းသမားတစ်ဦးပါ ဖြစ်နေတာလား”

“အမ်း... အဲဒါက…”

ချီရွှမ်းစုက တွေဝေနေမိ၏။

သူတော်စင်စီဟန်က ဆက်ပြောလိုက်သည်။

“ရွှမ်အရှင်မြတ်က လမ်းစဉ်ကြီးငါးခုကို ဖွဲ့စည်းပေးပြီးကတည်းက လမ်းစဉ်တစ်ခုမက ကျင့်ကြံလိုတဲ့လူတွေ အများကြီးရှိခဲ့တယ်... ဒါပေမဲ့ အများစုကတော့ မအောင်မြင်ခဲ့ကြဘူး... နင်က အခု လေလွင့်ကျင့်ကြံသူရဲ့ ယွီတင်းနယ်ပယ်မှာ ရှိနေတယ်... အဲဒါကြောင့် နောက်ထပ်တစ်ဆင့်က မြင့်မြတ်သန္ဓေလောင်းနယ်ပယ်ပဲ”

“အဲဒီနယ်ပယ်မှာ ဝိညာဉ်ကို ကျင့်ကြံဖို့အတွက် နင်က အပေါ်ဒါန်ထျန်ကို ဖွင့်ရလိမ့်မယ်... ဒါပေမဲ့ ကိုယ်ခံပညာသိုင်းသမားရဲ့ ရှန်းထျန်သက်ရှိအဖြစ် ပထမအဆင့်က စိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ်ကို စုဖွဲ့ဖို့ပဲ... အဲဒါပြီးရင် သူတို့ရဲ့ ဝိညာဉ်နဲ့ခန္ဓာက တစ်သားတည်း ပေါင်းစည်းပြီး ဝိညာဉ်က ခန္ဓာကိုယ်ထဲကနေ ဆက်ပြီး ထွက်ခွာနိုင်မှာ မဟုတ်တော့ဘူး... အဲဒီအဆင့်မှာဆိုရင် နင်က ဝိညာဉ်ကို ဆက်ပြီးတော့ ကျင့်ကြံနိုင်မှာ မဟုတ်တော့ဘူး”

“နင့်ရဲ့နယ်ပယ်နှစ်ခုက လုံးဝကို ကွဲလွဲဆန့်ကျင်နေတယ်... နင် အဲဒီလမ်းစဉ်နှစ်ခုလုံးကို ဘယ်လိုကျင့်ကြံမှာလဲ... ဒါမှမဟုတ် နင့်တစ်ဘဝလုံး ယွီရှုအဆင့်မှာပဲနေဖို့ စဉ်းစားထားတာလား”

ချီရွှမ်းစုက သူတော်စင်တစ်ပါး၏ စွမ်းအားကို နောက်ဆုံးမှာ နားလည်သွား၏။ သူစိမ်းတစ်ယောက်အနေဖြင့် တစ်ချက်ကြည့်ရုံဖြင့် သူ့ကိုထွင်းဖောက်မြင်နိုင်သည်မှာ ကြောက်စရာကောင်းလေသည်။ ကျန်းယွဲ့လုကို အယုံသွင်းဖို့ သူသုံးခဲ့သည့် ဖြေရှင်းချက်က ဤသူတော်စင်ကို လှည့်စားနိုင်ပါ့မလား မသေချာရာ တွေဝေနေမိသော်လည်း သူ့မှာ တခြားရွေးချယ်စရာ မရှိပေ။

သူက ပြောလိုက်၏။

“သူတော်စင်… သူတော်စင်ရဲ့ အမြင်အာရုံက အလွန်တရာ စူးရှပါပေတယ်... ကျုပ် ကံကောင်းမှုတစ်ခုနဲ့ ကြုံတွေ့ပြီး ကျုပ်ခန္ဓာက ကိုယ်ခံပညာသိုင်းသမားတစ်ဦးလိုမျိုး ပြောင်းလဲသွားခဲ့တယ်... ဒါပေမဲ့ ကျုပ်က သွေးကြောဆုံမှတ်တွေကို မစုဖွဲ့နိုင်သလို လက်သီးစိတ်ဆန္ဒကိုလည်း မကျင့်ကြံထားဘူး... ကျုပ်ရဲ့ စိတ်ဝိညာဉ်နဲ့ ခန္ဓာကိုလည်း အစစ်အမှန် ကိုယ်ခံပညာသိုင်းသမားတစ်ဦးလို မပေါင်းစည်းနိုင်ဘူး... အဲဒါကြောင့် ကျုပ်ကို ကိုယ်ခံပညာသိုင်းသမားတစ်ဦးလို့ မဆိုနိုင်ပါဘူး”

“ဪ... အဲ့လိုလား”

သူတော်စင်စီဟန်၏ ခပ်ယဲ့ယဲ့အပြုံးက ချီရွှမ်းစုကို ကြက်သီးမွေးညင်းထသွားစေ၏။

သူတော်စင်စီဟန်သည် တူကျစ်ခန်းမကို မရွှေ့ပြောင်းခင်က ဟွာရှန်ခန်းမသခင်အဖြစ် နေခဲ့ဖူးသည်မှာ ချီရွှမ်းစု ကံကောင်းသွားခြင်းဖြစ်၏။ ထို့ကြောင့် သူမသည် တာအိုဂိုဏ်းတော်၏ စမ်းသပ်လေ့လာနေဆဲ စီမံကိန်းများနှင့် ပတ်သက်သည့် လျှို့ဝှက်ချက်များစွာကို သိရှိထား၏။

ချီရွှမ်းစုသည် ငယ်ရွယ်၍ ရိုးရှင်းသော ကျန်းယွဲ့လုကို အရူးလုပ်နိုင်သော်လည်း အတွေ့အကြုံရှိသည့် သူတော်စင်စီဟန်ကိုတော့ မလှည့်စားနိုင်ပေ။

သူတော်စင်စီဟန်က မေးလိုက်၏။

“ဒါဆို အဲဒီကျင့်စဉ်တွေ နင့်ကို ဘယ်သူသင်ပေးထားတာလဲ... အဲဒီလူက ငါ့ရဲ့ အသိကျွမ်းဟောင်းတစ်ဦးလည်း ဖြစ်နိုင်တယ်”

ချီရွှမ်းစုက မှန်မှန်ကန်ကန် မဖြေရဲပေ။ သူက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး မရေမရာပြောလိုက်၏။

“သူတော်စင်... ကျုပ်ကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်... အဲဒီအမျိုးသမီးကြီးက သူ့နာမည်ကို ထုတ်ဖော်မပြောဆိုဖို့ အထူးတလည် မှာကြားထားလို့ပါ... ကျုပ်… ပေးထားတဲ့ ကတိကဝတ်ကို မဖောက်ဖျက်ရဲပါဘူး”

ချီရွှမ်းစုသည် သူတော်စင်တန်ဟွား သို့မဟုတ် သူတော်စင်ချင်းဝေနှင့် ရင်ဆိုင်ရမည်ဆိုလျှင် သူက ဆိုးဆိုးဝါးဝါး အဆုံးသတ်သွားရနိုင်သည်။ သူက မသေလျှင်ပင် ဒဏ်ရာအပြင်းအထန် ရရှိသွားပေလိမ့်မည်။ ကံကောင်းစွာဖြင့် သူသည် တန်ခိုးရှင်သူတော်စင်သုံးဦးထဲမှာ သဘောအကောင်းဆုံး သူတော်စင်စီဟန်နှင့် တွေ့ဆုံရခြင်းဖြစ်၏။ ထို့ကြောင့် သူမက ချီရွှမ်းစုကို အတင်းအကျပ် ဖိအားပေးလိမ့်မည် မဟုတ်ပေ။

သူတော်စင်စီဟန်က ခေါင်းသာညိတ်ပြလိုက်၏။

“ဟုတ်ပြီလေ... နင် အဲဒါကို မပြောချင်ဘူးဆိုမှတော့ ထားလိုက်တော့”

ချီရွှမ်းစုက စိတ်သက်သာစွာဖြင့် တိတ်တဆိတ် သက်ပြင်းချလိုက်၏။

သူတော်စင်စီဟန်သည် ရှေးဟောင်းအင်မော်တယ်ဝူလော ခင်းကျင်းထားသည့် အဆက်အသွယ် အဟန့်အတားကို ချိုးဖျက်လိုက်ပြီဖြစ်ရာ ဆောဝမ်ပူက အပြင်လောကနှင့် ပိုင်းခြားထားခြင်း မခံရတော့ပေ။ ထို့သို့ဖြင့် မိခင်ကလေးအဆောင်နှင့် အမြန်ချောပို့အဆောင်များကို ပြန်လည်အသုံးပြုနိုင်ပြီဖြစ်သည်။

အသက်ရှင်ကျန်ရစ်သော တာအိုတပည့်ဂိုဏ်းသားများက ဤနေရာမှာရှိသော အခြေအနေကို ကျောက်စိမ်းနေပြည်တော်ထံ အလောတကြီး တင်ပြလိုက်ကြ၏။ ဤအချိန်မှာ ဤကဲ့သို့ ကြီးမားသော ဖြစ်ရပ်ကို မည်သူကမှ မသိချင်ယောင်ဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် တာအိုဂိုဏ်းတော်သည် စစ်ကူများကို စေလွှတ်ပေးပြီး သိပ်မကြာခင် ရောက်ရှိလာပေလိမ့်မည်။

သို့သော် စစ်ကူများ ရောက်ရှိလာဖို့ အချိန်အနည်းငယ်ယူရပေဦးမည်။ သူတော်စင်စီဟန်သည် ယင်လုံစစ်သင်္ဘောကို ကျောက်စိမ်းနေပြည်တော်သို့ သူမဘာသာသူမ သယ်ဆောင်သွားဖို့ မဖြစ်နိုင်ရာ ထွက်ခွာဖို့ အလောတကြီးမရှိဘဲ ကမ်းခြေမှာ မတ်တတ်ရပ်နေ၏။

သူတော်စင်စီဟန်က မထွက်ခွာသေးသည်ကိုကြည့်ပြီး ချီရွှမ်းစုက အိုးတိုးအမ်းတမ်းဖြင့် ဆက်လက်၍ မတ်တတ်ရပ်နေရ၏။ သူက စွမ်းပကားကြီးမားသော သူတော်စင်ကို ဆန့်ကျင်မိမည်စိုး၍ မဆင်မခြင် မထွက်ခွာရဲပေ။ ထို့ကြောင့် ဤနေရာကို လာရောက်ကြည့်ရှုမိသည့် သူ၏ ညံ့ဖျင်းလှသော ဆုံးဖြတ်ချက်အတွက် တိတ်တဆိတ် နောင်တရနေမိ၏။

‘ငါဒီလောက်ထိ လောဘမကြီးသင့်ဘူးဆိုတာ သိတယ်... အခုတော့ ဘာအကျိုးအမြတ်မှ မရတဲ့အပြင် နွံပါနစ်နေပြီ…’

ဤနေရာကနေ သူတော်စင်စီဟန်သည် ယင်လုံစစ်သင်္ဘောကို ငေးကြည့်ပြီး အလေးအနက် စဉ်းစားတွေးတောနေ၏။

ဤဖြစ်ရပ်အပြီးမှာ တာအိုဂိုဏ်းတော်အတွင်း အခြေအနေက မည်ကဲ့သို့ ဆင့်ကဲပြောင်းလဲသွားမလဲ စဉ်းစားနေမိ၏။ အချက်တစ်ချက်ကတော့ သေချာလေသည်။ ထျန်ကန်းခန်းမသခင်က အကျိုးဆက်များကို ခေါင်းရှောင်နိုင်မည် မဟုတ်ဘဲ တာဝန်ယူတာဝန်ခံရပေလိမ့်မည်။ ဤဖြစ်ရပ်မှာ ကြုံတွေ့ရသော ဆုံးရှုံးမှုများက လက်ထောက်ခန်းမသခင်တစ်ဦးနှင့် ယင်လုံစစ်သင်္ဘောတစ်စင်းဖြစ်ပြီး ခန်းမသခင်ကို နှုတ်ထွက်ခိုင်းဖို့ လုံလောက်သည်ထက်ပိုသော အကြောင်းပြချက် ဖြစ်လေသည်။

ယခုအချိန်မှာ ထိုက်ဖျင်ဂိုဏ်းက ပေချန်ခန်းမကို ထိန်းချုပ်ထားသည်။ သူတို့က ထျန်ကန်းခန်းမကိုပါ ထိန်းချုပ်ခွင့်ရသွားမည်ဆိုလျှင် ထိုက်ဖျင်ဂိုဏ်းသည် ဘိုးဘေးကျောင်းတော်မှ မဟာခန်းမသုံးဆောင်ထဲ နှစ်ဆောင်ကို ထိန်းချုပ်သွားနိုင်ပေလိမ့်မည်။ ဒါ့အပြင် ထျန်ကန်းခန်းမသည် တာအိုဂိုဏ်းတော်အတွင်း အရေးပါအရာရောက်သော စစ်အင်အားကို ထိန်းချုပ်ထား၏။ တစ်ခုခုဖြစ်၍ ထိုက်ဖျင်ဂိုဏ်းက သူတို့လိုချင်သည့်အရာကို အင်အားသုံးရယူဖို့ ဆုံးဖြတ်လိုက်မည်ဆိုလျှင် ကျိဝေခန်းမက သူတို့ကို အနိုင်ယူနိုင်လိမ့်မည် မဟုတ်ပေ။

လက်ရှိနိုင်ငံရေးအခြေအနေက နေ့ဘက်အလား ထင်ရှားနေ၏။ မဟာအကြီးအကဲတစ်ဦးကို ရွေးချယ်တင်မြှောက်မည်ဆိုလျှင်ပင် အခြားသော ဂိုဏ်းနှစ်ဂိုဏ်းကြား သဘောထားကွဲလွဲမှု ဖြစ်လာပေလိမ့်မည်။ ထို့ကြောင့် ရှုံးနိမ့်သွားသော ဂိုဏ်းက အန္တရာယ်ကို စွန့်စား၍ သူတို့လိုချင်သည့်နေရာကို အင်အားသုံး ရယူလာနိုင်ခြေရှိသည်။

ထိုအခြေအနေကို ရောက်ရှိသွားမည်ဆိုလျှင် ခွန်လွင်တာအိုစံအိမ်၊ ပေချန်ခန်းမနှင့် ထျန်ကန်းခန်းမတို့သည် အနိုင်ရလဒ်အတွက် အဆုံးအဖြတ်ပေးမည့် အခရာ ဖြစ်လာပေလိမ့်မည်။ ထျန်ကန်းခန်းမက ပြင်ပရေးရာ၊ ပေချန်ခန်းမက ဂိုဏ်းတွင်းရေးရာနှင့် ခွန်လွင်တာအိုစံအိမ်က ထိုနှစ်ခုကြား တစ်နေရာကို ထိန်းချုပ်ထား၏။ ဤအင်အားစုသုံးစုကို ထိန်းချုပ်နိုင်သော ဘယ်သူမဆို ကျောက်စိမ်းနေပြည်တော်ကို အင်အားသုံးသိမ်းပိုက်ပြီး မဟာအကြီးအကဲနေရာကို ရယူနိုင်ပေလိမ့်မည်။

ဆိုရိုးစကားအတိုင်း သမိုင်းကို အောင်နိုင်သူက ရေးထိုးကြလေသည်။ မဟာအကြီးအကဲက အလုံးစုံကို ထိန်းချုပ်သွားနိုင်သည်နှင့် ဇာတ်လမ်းတစ်ခုလုံးကို ပြင်ဆင်ပြီး သူ့ကိုယ်သူ မှန်ကန်ဖြောင့်မတ်သော ခေါင်းဆောင်တစ်ဦးအဖြစ် မော်ကွန်းတင်နိုင်မည်ဖြစ်သည်။

တကယ်တော့ အဆင့်မြင့်တာအိုဆရာများက အရေးပါ၍ မဟာသူတော်စင်များက ဂိုဏ်းတွင်းစစ်ပွဲ၏ ရလဒ်အပေါ် သက်ရောက်မှု ရှိနိုင်သည်။ သို့သော်လည်း မဟာသူတော်စင်များက တစ်ဦးကိုတစ်ဦး အပြန်အလှန် ထိန်းချုပ်ထားပြီး စိတ်ဝိညာဉ်တပ်သားများနှင့် အမျိုးမျိုးသော အလှည့်အပြောင်းများက အနိုင်အရှုံးအတွက် အဓိကကျနေဆဲဖြစ်သည်။

ယင်လုံစစ်သင်္ဘောကို ဥပမာယူကြည့်နိုင်သည်။ ယင်းသည် ရှေးဟောင်းအင်မော်တယ်တစ်ဦးကို မနိုင်သော်လည်း တိုက်ခိုက်နိုင်ဆဲဖြစ်၏။ တစ်ယောက်ယောက်က ယင်လုံစစ်သင်္ဘောများအားလုံးကို ထိန်းချုပ်သွားနိုင်မည်ဆိုလျှင် ပထမအဆင့် ထျန်ကျန်းတာအိုအကြီးအကဲတစ်ဦးပင် အသက်ရှင်လိုပါက ဘေးထွက်ရှောင်နေရပေလိမ့်မည်။ ကျောက်စိမ်းနေပြည်တော်၊ ရွှမ်မြို့တော်နှင့် ခရမ်းရောင်စံအိမ်က ဝင်္ကပါများကလည်း ထပ်တူထပ်မျှ အရေးပါလေသည်။

စိတ်ဝိညာဉ်တပ်သားများကိုလည်း လျှော့မတွက်သင့်ပေ။ သူတို့သည် အခြေခံအားဖြင့် တာအိုဆရာများထက် တစ်ဆင့်နိမ့်သော်လည်း တာအိုဂိုဏ်းတော်မှာ ပထမအဆင့် စိတ်ဝိညာဉ်တပ်သားများလည်း ရှိနေကြသည်။

စိတ်ဝိညာဉ်တပ်သားများ၏ ကျင့်ကြံမှုအဆင့်သည် တာအိုဂိုဏ်းတော်ကနေလာပြီး သူတို့ကိုယ်သူတို့ မပိုင်ဆိုင်သောကြောင့် အထက်က အမိန့်တိုင်း လိုက်နာကြရသည်။ တစ်ယောက်ယောက်က စိတ်ဝိညာဉ်တပ်သားများကို ထိန်းချုပ်သွားနိုင်မည်ဆိုလျှင် သူတို့သည် ဒုတိယအဆင့် ထိုက်ယီတာအိုအကြီးအကဲများနှင့် ပထမအဆင့် ထျန်ကျန်းတာအိုအကြီးအကဲများကို သေချာပေါက် ယှဉ်နိုင်ပေလိမ့်မည်။

ချီရွှမ်းစုသည် သူတော်စင်စီဟန်၏ ဘေးတိုက်ကိုယ်နေဟန်ထားကို တစ်ချက်တစ်ချက် ခိုးကြည့်ပြီး သူမ ဘာစဉ်းစားနေသည်ကို မသိရှိပေ။

ဘေးတိုက်ကိုယ်နေဟန်ထားအရ ဤသူတော်စင်မှာ သိမ်မွေ့သော ကောက်ကြောင်းများနှင့် လှပသော မျက်ခုံးများရှိနေ၏။ သူမ၏ မျက်နှာပေါ်မှာ မည်သည့် အတွန့်အကြောင်းမှမရှိဘဲ အသက်သုံးဆယ်ကျော်အရွယ်သာ ရှိမည့်ပုံပေါ်သည်။ သူမ၏ အသားအရေက ကျောက်စိမ်းကဲ့သို့ ချောမွတ်၍ သူမ၏ ဂမ္ဘီရအော်ရာကို ခပ်ရေးရေး တွေ့မြင်နိုင်သည်။ သူမ၏ ကိုယ်ကာယနှင့် ရုပ်ရည်သွင်ပြင်က အပြစ်ဆိုစရာမရှိချေ။

ဤသူတော်စင်မှာ ကျန်းယွဲ့လုနှင့် ဖော်မပြတတ်အောင် ဆင်တူသည့် သွင်ပြင်ဟန်ပန်တစ်ခု ရှိနေသည်ကို သူက ရုတ်တရက် နားလည်သဘောပေါက်သွားပြီး ခေတ္တခဏ ငေးငိုင်သွား၏။

သို့သော် ကျန်းယွဲ့လုနှင့်ယှဉ်လျှင် ဤသူတော်စင်က သိသိသာသာ ပိုမိုစကားနည်းပြီး ရင့်ကျက်တည်ငြိမ်လေသည်။ ကျန်းယွဲ့လုက တစ်တည်းတစ်ဖုံအားဖြင့် အတွေ့အကြုံနု၍ အနည်းငယ် ယုံကြည်မှုလွန်ကဲနေသည်။

ချီရွှမ်းစုက ကျန်းယွဲ့လုအကြောင်း တွေးမိစဉ် သူတော်စင်စီဟန်က ရုတ်တရက် သူ့ကို လှည့်ကြည့်လိုက်၏။ သူမက သူနှင့် အကြည့်ချင်းဆုံပြီး မေးလိုက်၏။

“နင် ဘာကို ကြည့်နေတာလဲ”

ထိုအသံမှာ ထိတ်လန့်သွားပြီး ချီရွှမ်းစုက အလျင်အမြန် အကြည့်လွှဲကာ အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်၏။

“ဘာ… ဘာမှမဟုတ်ပါဘူး”

သူတော်စင်စီဟန်က ခပ်ဖွဖွရယ်၍ အကြံပေးလိုက်၏။

“နင် ပြဿနာမတက်ချင်ဘူးဆိုရင် ကိုယ့်လမ်းကိုယ် ဆက်သွားတာ အကောင်းဆုံးဖြစ်လိမ့်မယ်”

“ကောင်းပါပြီ သူတော်စင်”

ချီရွှမ်းစုက အလျင်အမြန် တုံ့ပြန်လိုက်၏။

“ကျုပ် အခုပဲ ထွက်သွားပါမယ်”

ထို့နောက် ချက်ချင်းပင် ချီရွှမ်းစုက အခြားတစ်ဖက်သို့ တတ်နိုင်သမျှမြန်မြန် ပြေးထွက်သွား၏။

သူတော်စင်စီဟန်က လူငယ်၏ ထွက်ခွာသွားသော ပုံရိပ်ကို ငေးကြည့်ရင်း သူမ၏ အကြည့်သည် ချီရွှမ်းစု၏ ခြေထောက်မှာ ချည်ထားသည့် ကျားမာအဆောင်ပေါ်သို့ အမှတ်တမဲ့ ရောက်ရှိသွား၏။ ဤသည်ကိုကြည့်ပြီး သူမ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုအကြည့်တစ်ခုကို ဖုံးကွယ်မထားနိုင်ပေ။

ဤကျားမာအဆောင်ကို ကြည့်ရသည်မှာ ရင်းနှီးနေသည့်ပုံရှိသည်။ သိပ်မကြာသေးခင်က ကျန်းယွဲ့လုသည် ဤကဲ့သို့သော အဆောင်တစ်စုံ တောင်းခဲ့ဖူးလေသည်။ ကျားမာအဆောင်က များစွာအဖိုးမတန်သောကြောင့် သူမ၏ စိတ်အာရုံကို ဆွဲဆောင်မိသည်မှာ ယင်းပေါ်က အမှတ်အသားများကြောင့်ဖြစ်သည်။

ချီရွှမ်းစုသည် အတော်ဝေးဝေးကို ပြေးထွက်သွားပြီ ဖြစ်သော်လည်း သူတော်စင်စီဟန်၏ အမြင်အာရုံက အလွန်တရာ အားကောင်းသောကြောင့် ထိုအဆောင်များ၏ ထောင့်က ကြာပန်းအကွက်ကို ရှင်းရှင်းလင်းလင်း သတိထားမိဆဲဖြစ်၏။

ယင်းသည် စီဟန်လမ်းစဉ်၏ တစ်မူထူးခြား အမှတ်သင်္ကေတဖြစ်သည်။

တာအိုဂိုဏ်းတော်ရှိ ဂိုဏ်းကြီးများမှာ ကိုယ်ပိုင်အမှတ်သင်္ကေတများ ရှိကြသည်။ ချီရွှမ်းစုသည် ဖုန်ထိုက်ခရိုင်မှ တိုက်ပွဲမှာ ဓားပျံတစ်လက် ရရှိခဲ့စဉ်က အဲဒါကို ဝန်လေးစွာဖြင့် ရောင်းချခဲ့ရသည်မှာ ယင်းပေါ်ရှိ လီမိသားစု၏ အမှတ်အသားကြောင့်ဖြစ်၏။

သူတော်စင်စီဟန်က စဉ်းစားလိုက်၏။

‘ဒီကောင်လေးက ငါတို့လမ်းစဉ်က တစ်ယောက်ယောက်ရဲ့ တပည့်တစ်ယောက် ဖြစ်နေမလား... ဒါမှမဟုတ် ငါ့အောက်က အငယ်တန်းတစ်ဦးရဲ့ ချစ်သူရည်းစားများ ဖြစ်နေမလား…’

သို့သော် သူမ၏ အဓိကစိတ်အာရုံက ကျောက်စိမ်းနေပြည်တော်ကို ရောက်ရှိနေပြီး ဤလူငယ်၏ သရုပ်သကန်ကို ထဲထဲဝင်ဝင် ဆက်လက်၍ မတွေးဖြစ်တော့ပေ။

တစ်ချိန်တည်းမှာ ယွီရှုတောင်၏ ဆန့်ကျင်ဘက် ယွင်ကျူးတောင်ပေါ်တွင် ကြီးမားသော ယင်လုံစစ်သင်္ဘောသုံးစင်းက ထွက်ခွာလာကြ၏။

ယင်လုံစစ်သင်္ဘောများကို တန်ခိုးရှင်သူတော်စင်တစ်ပါးစီက ဦးဆောင်လာကြ၏။ ယာဉ်ပေါ်မှာ တတိယအဆင့် ယိုယီတာအိုအကြီးအကဲများနှင့် အဆင့် ၄ ကျိကျိုးတာအိုအကြီးအကဲများစွာလည်း လိုက်ပါလာကြ၏။

သူတို့၏ ဦးတည်ရာက ဆောဝမ်ပူ ဖြစ်လေသည်။

All Chapters