အခန်း ၂၃၀
Vol. 23 Ch. 230
အခန်း ၂၃၀ - ဘယ်မှာမှ ရှာမတွေ့
ဆောဝမ်ပူတွင် နောက်ထပ်ဖြစ်ပျက်လာမည့်အရာနှင့် တာအိုဂိုဏ်းတော်အတွင်း ဖြစ်ပွားလာမည့် နောက်ဆက်တွဲ ပြောင်းလဲမှုများက ချီရွှမ်းစုနှင့် သက်ဆိုင်မှု မရှိတော့ပေ။
ချီရွှမ်းစုသည် ကျားမာအဆောင်၏ အကူနှင့် ဆောဝမ်ပူ၏ ကမ်းရိုးတန်းအတိုင်း ပြေးလွှားပြီး ဆောဝမ်ပူ၏ အရှေ့ဘက်ခြမ်းကို ရောက်ရှိလာ၏။
ဆောဝမ်ပူသည် ကြီးမားသော ဧရိယာတစ်ခုကို ယူထားသောကြောင့် ဆောဝမ်ပူ၏ အရှေ့ဘက်နှင့် အနောက်ဘက်က လုံးဝကို ကွဲပြားခြားနားနေ၏။ ဆောဝမ်ပူ၏ အနောက်ဘက်က ကျယ်ပြောသည့် ကျတ်တီးမြေ အနောက်ဘက်ဂိုဘီဖြစ်သည်။ သို့သော် ဆောဝမ်ပူ၏ အရှေ့ဘက်ကတော့ အရှေ့ဘက်အိုအေစစ်ဟု နာမည်ရသည့် အိုအေစစ်တစ်ခုဖြစ်သည်။
ကျောက်စိမ်းဖြူခန်းမသည် ဤနေရာကို သူတို့၏ ပုန်းခိုရာနေရာအဖြစ် ရွေးချယ်ခဲ့သည်မှာ မထူးဆန်းပေ။ မြေပြင်အနေအထားအရ အရှေ့ဘက်အိုအေစစ်သည် အနောက်ဘက်ဂိုဘီထက် သေချာပေါက် များစွာပိုကောင်းသည်။ မည်သို့ပင်ဆိုစေ လျှို့ဝှက်အသင်းအဖွဲ့ဝင်များက ဒုက္ခစရိယကျင့်ကြံနေသူများ မဟုတ်ရာ ရှင်သန်ဖို့ ပိုမိုကောင်းမွန်သည့်နေရာကို လိုလားကြပေလိမ့်မည်။
ဆိုင်ရှင်ပေးလိုက်သည့် မြေပုံအတိုင်း ချီရွှမ်းစုက မိုင်ပေါင်းအတော်ရောက်အောင် ပြေးလွှားပြီးနောက် အရှေ့ဘက်အိုအေစစ်၏ အနောက်တောင်ဘက်မှာ မြစ်ငယ်တစ်စင်းကို ရှာတွေ့သွား၏။ သူက မြစ်ညာကို ခြေရာကောက်၍ နောက်ထပ် မိုင်ပေါင်းအတော်ကြာအောင် လျှောက်လှမ်းပြီးနောက် မြေအောက်မြစ်တစ်စင်းအဖြစ် ပျောက်ကွယ်သွားသော ချောင်းဦးတိုတစ်ခုကို ရှာတွေ့လိုက်၏။
တခြားရွေးချယ်စရာ မရှိသည့်အတွက် ချီရွှမ်းစုက ရေထဲကို ဆင်းပြီးငုပ်လျှိုးလိုက်ရ၏။ ကျောက်သားမျက်နှာကြက်က ရေမျက်နှာပြင်နှင့် နှစ်ပေခန့်ကွာသည့်အတွက် ချီရွှမ်းစုက ရှေ့ကိုကူးခတ်သွားပြီး နောက်ဆုံး မြစ်ရေက မြေပြင်ထက်မှာ ပြန်လည်ပေါ်ထွက်လာ၏။ ရေသည် မြင့်ရာကနေ နိမ့်ရာကို စီးဆင်းသည့်အတွက် ဤနေရာမှာရှိသော မြေပြင်အနေအထားက သူယခင်ရောက်ရှိခဲ့သည့်နေရာထက် ပိုနိမ့်မည်ဟု ခန့်မှန်းမိလိုက်၏။
ချီရွှမ်းစုသည် ရေထဲကနေတက်လာပြီးနောက် ဘေးပတ်လည်မှာ တောင်တန်းများ ရှိနေသည်ကို တွေ့မြင်လိုက်ရ၏။ သူက မော့ကြည့်ပြီး တောင်ထွတ်များကနေတစ်ဆင့် အပြာရောင်ကောင်းကင်ကို ရှည်မျောမျော အပိုင်းတစ်ပိုင်းအဖြစ်သာ တွေ့မြင်ရသည်။ စိမ်းစိုသော တောင်တန်းများ၊ ကြည်လင်စိမ်းလဲ့နေသော ရေများဖြင့် ရှုခင်းက အတော်လေး အေးချမ်းသာယာနေ၏။ သို့သော် အန္တရာယ်၏ အငွေ့အသက်ဖြင့် နေရာတစ်ခုလုံးက ချောက်ချားစရာကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်လွန်းနေ၏။
သူက ကျောက်စိမ်းဖြူခန်းမ၏ ကြံရည်ဖန်ရည်ရှိပုံကို တိတ်တဆိတ် ချီးကျူးမိလိုက်၏။ တောင်များကြားမှာ ဤနေရာလွတ်က အတော်လေး ကျဉ်းမြောင်းပြီး ကောင်းကင်ပညာရှင်တစ်ဦး အပေါ်ကနေ ပျံသန်းသွားမည်ဆိုလျှင်ပင် ဖုံးကွယ်ထားသော ဤခိုလှုံရာကို ရှာတွေ့ဖို့ ခက်ပေလိမ့်မည်။ ဤနေရာကို ရှာတွေ့ဖို့အတွက် သေချာအာရုံစိုက်ကြည့်ဖို့ လိုအပ်သည်။
ချီရွှမ်းစုက မြစ်ထဲကနေ ထွက်လိုက်၏။ ကံကောင်းစွာဖြင့် သူ၏ ငွေစက္ကူများ၊ မိခင်-ကလေးအဆောင်များနှင့် နတ်နဂါးပစ္စတိုတို့က ရေစိုခံလေသည်။ သူ၏ အဝတ်အစားများကို ခြောက်သွေ့ဖို့ ချီကိုသာ လှည့်ပတ်လိုက်ရ၏။ ထို့နောက် မိုင်အတော်အတန်ရောက်သည်အထိ မြစ်ကြောင်းအတိုင်း ဆက်လျှောက်ပြီး ပန်းပေါင်းစုံ ဖူးပွင့်နေသည့် အစိမ်းရောင်တောင်ကြားတစ်ခုထဲကို ရောက်လာ၏။ ဤနေရာကို တောင်များက ခြံရံထားပြီး အအေးဒဏ်ကို ကာကွယ်ပေးထားရာ ဆောင်းကာလများတွင် ခိုအောင်းဖို့ အကောင်းဆုံး နေရာတစ်ခုဖြစ်၏။
မလှမ်းမကမ်းမှာ အရွယ်အစားအမျိုးမျိုး အိမ်လေးငါးဆယ်ခန့်ရှိမည့် ရွာလေးတစ်ရွာ ရှိနေ၏။ အိမ်များကြားမှာ ခြံစည်းရိုးများ မရှိဘဲ စိုက်ခင်းများနှင့် သစ်သီးခြံများသာ ရှိနေ၏။ အဲဒါက တကယ့်ကို ကျေးလက်ရှုခင်းဖြစ်သည်။
ချီရွှမ်းစုက ရွာထဲသို့ လမ်းအတိုင်းဝင်လာပြီး ဤနေရာက တစ်ကောင်တစ်မြီးမှ မရှိဘဲ တိတ်ဆိတ်ခြောက်ကပ်နေသည်ကို တွေ့ရှိလိုက်ရ၏။ သူက လူနေခဲ့သည့် အရိပ်အယောင်များကို စစ်ဆေးရန် အိမ်တစ်အိမ်ထဲသို့ ဝင်ကြည့်လိုက်၏။ မီးလင်းဖိုက မနွေးတော့ပေ။ သို့သော် ဖုန်များလည်း တက်မနေရာ ဤနေရာမှာ နေထိုင်ခဲ့သောလူများက ပြီးခဲ့သည့် တစ်ပတ်နှစ်ပတ်ကမှ ထွက်ခွာသွားသည်ဟု ညွှန်ပြနေ၏။
သူက အချိန်ကို အကြမ်းဖျင်းတွက်ကြည့်လိုက်၏။ ပြန်ဖော်မြေကနေ တည်းခိုခန်းကို ရောက်ဖို့ တစ်ရက်၊ တည်းခိုခန်းကနေ ဆောဝမ်ပူသို့ နောက်ထပ်တစ်ရက်၊ အနောက်ဘက်ဂိုဘီကနေ ဆောဝမ်ပူ၏ အရှေ့ဘက်အိုအေစစ်သို့ နောက်ထပ်သုံးရက် အချိန်ယူခဲ့ရသည်။ ဖုံးကွယ်ထားသော ဤတောင်ကြားကို ရောက်ဖို့က တစ်ရက်မကြာခဲ့ပေ။ ထိုစဉ်ကစပြီး စုစုပေါင်း ခြောက်ရက် ကုန်လွန်သွားခဲ့ပြီဖြစ်၏။
ဤအချိန်အတောအတွင်း ကျောက်စိမ်းဖြူခန်းမက ရွှေ့ပြောင်းသွားပုံရသည်။
ချီရွှမ်းစုသည် လူသူမရှိသည့် ရွာထဲမှာ ဖြတ်လျှောက်ရင်း အခြားတစ်ဖက်ကို ရောက်လာ၏။
ဤနေရာမှာ ကြီးမားသည့် စံအိမ်တစ်လုံး ရှိနေ၏။ ယင်းသည် ယုံကျိုးက ဒေသခံအဆောက်အအုံများနှင့် မတူဘဲ အင်ပါယာနန်းတော်၏ ဗိသုကာလက်ရာများနှင့် အတော်လေး ဆင်တူနေ၏။ ယင်းသည် နာမည်ကြီး ယွီချင်းဥယျာဉ်ကဲ့သို့ အင်ပါယာမြို့တော်၏ အပြင်ဘက်မှာ ရာထူးဌာနန္တရကြီးမားသူများ ဆောက်လုပ်ထားသည့် အမျိုးမျိုးသော နွေရာသီဥယျာဉ်များနှင့် ဆင်တူနေသည်။
ယွီချင်းဥယျာဉ်ကို ယခင်မင်းဆက်၏ ဧကရာဇ်ရှောင်ကျုံး လက်ထက်မှာ တည်ဆောက်ခဲ့သည်။ နောက်ပိုင်းမင်းဆက်များ ထပ်မံပြင်ဆင်မွမ်းမံပြီးနောက် ဥယျာဉ်က ၂၅၀ ဧကထိ ကျယ်ပြန့်လာသည်။ ယင်းမှာ ကျန်းနန်ရှုခင်းကို တုပထားသည့် ရေကန်များ၊ မဏ္ဍပ်များနှင့် အဆောက်အဦးများ ပါဝင်လေသည်။ ၎င်းသည် အင်ပါယာနေပြည်တော်မှ အကောင်းဆုံး ဥယျာဉ်အဖြစ် ကျော်ကြားသည်။
ချီရွှမ်းစုသည် အင်ပါယာနေပြည်တော်သို့ အစ်မချီနှင့် တစ်ခါရောက်ခဲ့ဖူးရာ အဝေးကနေ ထိုဥယျာဉ်ကို တွေ့မြင်ဖူးပြီး စိတ်ထဲမှာ စွဲထင်နေ၏။
ထို့ကြောင့် ဤစံအိမ်သည် ယွီချင်းဥယျာဉ်၏ ပုံစံကို တုပထားခြင်းဖြစ်မည်ဟု သူတွေးမိလိုက်၏။ သို့သော်လည်း ၎င်းက နှစ်ဧကခန့်သာရှိပြီး များစွာပိုမိုသေးငယ်လေသည်။ ကျောက်စိမ်းဖြူခန်းမသည် တာအိုရွှေနန်းမြင့်မျှော်စင်ကွပ်ကဲရေးအဖွဲ့၏ ဖွဲ့စည်းပုံကို တုပပြီး ကျောက်စိမ်းနေပြည်တော်နှင့် ဆင်တူသော နာမည်ကို ယူထားသောကြောင့် စိတ်ဝင်စားစရာကောင်းလေသည်။ သို့သော် ဗိသုကာလက်ရာမှာတော့ ၎င်းသည် အင်ပါယာမိသားစု၏ ယွီချင်းဥယျာဉ်ကို တုပထားသည်။
ဤအချိန်မှာ စံအိမ်၏ ဝင်းတံခါးကို ပိတ်ထား၏။ ချီရွှမ်းစုက တံခါးကို တွန်းမဖွင့်ဘဲ ဝင်းတံခါးမျှော်စင်ပေါ်သို့ တွယ်တက်ပြီး အပေါ်စီးကနေ စံအိမ်ကို ငုံ့ကြည့်လိုက်၏။
စံအိမ်က ဗလာကျင်းနေသည်ကလွဲလျှင် ပုံမှန်သာဖြစ်သည့်ပုံပေါ်၏။ အထဲကနေ မည်သည့်ပစ္စည်းကိုမှ ထုတ်ယူမသွားသောကြောင့် ဤနေရာ၏ ပိုင်ရှင်က ခေတ္တခရီးထွက်သွားသည့် ပုံစံမျိုး ဖြစ်သည်။
ချီရွှမ်းစုသည် ဝင်းတံခါးမျှော်စင်ကနေ ပြန်ဆင်းပြီး ပင်မခန်းမရှိရာသို့ သတိထားကာ လျှောက်လှမ်းသွားလိုက်၏။
သူထင်မှတ်ထားသည့်အတိုင်း ဤနေရာမှာ လက်နက်ပုန်းထောင်ချောက်များ သို့မဟုတ် ဝင်္ကပါများ မရှိပေ။ ပင်မခန်းမထဲရှိ ပရိဘောဂများ အားလုံးကို သေသေသပ်သပ် ထိန်းသိမ်းထားပြီး ရှုပ်ပွနေခြင်း မရှိပေ။ ထို့ကြောင့် ကျောက်စိမ်းဖြူခန်းမအဖွဲ့ဝင်များက ထိတ်လန့်တကြား ရွှေ့ပြောင်းသွားခြင်း မဟုတ်သည်မှာ သိသာထင်ရှားသည်။
ချီရွှမ်းစုသည် ပင်မခန်းမထဲမှာ လှည့်ပတ်ကြည့်ရှုပြီးနောက် ဘေးဘက်ခန်းမ၊ ဥယျာဉ်၊ အိပ်ခန်း၊ မှန်လုံဆောင်နှင့် သေးငယ်သော ဧည့်ခန်းတို့ဆီ ရောက်ရှိသွား၏။ ထို့နောက် အရေးကြီးဆုံးအခန်း စာကြည့်ခန်းသို့ ဆက်သွားလိုက်၏။
စံအိမ်၏ အခန်းတိုင်းက ပင်မခန်းမကဲ့သို့ သေသေသပ်သပ်ရှိနေ၏။ သို့သော်လည်း စာကြည့်ခန်းကတော့ တစ်ခုတည်းသော ခြွင်းချက်ဖြစ်သည်။ စာကြည့်ခန်း၏ နံရံသုံးဖက်မှာ စာအုပ်စင်များ ရှိနေ၏။ သို့သော် ယခုအချိန်မှာ စာအုပ်စင်များက ဗလာကျင်းနေပြီး ဘာမှမကျန်ရှိတော့ပေ။ စာကြည့်ခန်း၏ အလယ်မှာ ပြာပုံများဖြင့် ပြည့်နှက်နေသည့် ကြီးမားသော သံဒယ်ပိုင်းမီးဖိုတစ်လုံးလည်း ရှိနေ၏။ တစ်ယောက်ယောက်က အရေးကြီးသော စာရွက်စာတမ်းများကို ဤနေရာတွင် မီးရှို့ပစ်ခဲ့သည်မှာ သိသာလေသည်။
ဒါ့အပြင် ကြမ်းပြင်မှာလည်း ပြန့်ကျဲနေသော စာရွက်များစွာ ရှိနေ၏။ ချီရွှမ်းစုက သူတို့ကို လှန်လှောကြည့်ရှုပြီးနောက် အင်ပါယာနန်းတော်နှင့် တာအိုဂိုဏ်းတော်နှင့် ပတ်သက်သည့် သတင်းအချက်အလက်အမျိုးမျိုး ဖြစ်သည်ကို တွေ့ရှိလိုက်ရ၏။ တချို့စာရွက်များမှာ အင်ပါယာစစ်တပ်နှင့် တာအိုစိတ်ဝိညာဉ်တပ်သားများ၏ လှုပ်ရှားမှုများအကြောင်း အသေးစိတ်ပင် ဖော်ပြထား၏။
သို့သော် သတင်းအချက်အလက် အများစုသည် ကာလအပိုင်းအခြားတစ်ခုအတွင်းမှာသာ အသုံးဝင်ခဲ့သည်။ တစ်ခါက ထိုက်ဖျင်ဒင်္ဂါး ထောင်ချီတန်ခဲ့မည့် သတင်းအချက်အလက်များက ရက်လွန်သွားပြီဖြစ်ရာ ဆက်လက်၍ အဖိုးမတန်တော့ပေ။
ချင်ဝူပင်းက သူ၏ စစ်တပ်နှင့် အနောက်ဘက်ဂိုဘီသို့ လာရောက်တော့မည့်အကြောင်း ဖော်ပြထားသည့် သတင်းတချို့ကိုလည်း ချီရွှမ်းစုတွေ့ရသည်။ ထိုဖြစ်ရပ်မတိုင်ခင်ကဆိုလျှင် အဲဒါက တကယ့်ကို အဖိုးတန်သည့် လျှို့ဝှက်သတင်းဖြစ်၏။ သို့သော် ချီရွှမ်းစုက အနောက်ဘက်ဂိုဘီမှာ ချင်ဝူပင်းနှင့် တွေ့ဆုံခဲ့ပြီးပြီဖြစ်ရာ ဤသတင်းအချက်အလက်က အမှိုက်ဖြစ်သွားခဲ့လေပြီ။ ဤစာရွက်များ အားလုံးကို စာကြည့်ခန်းထဲတွင် ဖြစ်ကတတ်ဆန်း ပစ်ချထားခဲ့သည်မှာ မထူးဆန်းတော့ပေ။
သူက သံဒယ်ပိုင်းမီးဖိုကို ကွေ့ရှောင်ပြီး စာအုပ်စင်ရှိရာသို့ ရောက်လာ၏။ နောက်ဆုံး စာကြည့်ခန်း ရတနာလေးမျိုး ထားရှိသည့် စားပွဲခုံသို့ ရောက်သွား၏။ စားပွဲပေါ်မှာ စာရွက်တစ်ရွက်ကို စက္ကူဖိတုံးဖြင့် ဖိထားလေသည်။
(ရတနာလေးမျိုး - စုတ်တံ၊ မင်၊ စက္ကူနှင့် မင်သွေးကျောက်။)
ချီရွှမ်းစုက ခဏမျှ တွေဝေပြီးနောက် စက္ကူဖိတုံးကို ကောက်ယူကာ အောက်မှာရှိသော စာကို ဖတ်လိုက်၏။
ဤစာကို ဤနေရာ၏ ပိုင်ရှင်က တမင်ရည်ရွယ်ချက်ရှိရှိ ချန်ထားခဲ့ခြင်းဖြစ်သည်။ ပုံနှိပ်စက်ဖြင့် ရေးသားထားသည့်အလား လက်ရေးကနေ သိသာထင်ရှားသော မည်သည့် လက္ခဏာကိုမှ မတွေ့ရပေ။
စာက အစ်မချီကို ရည်ရွယ်ခြင်း ဖြစ်၏။ တိတိကျကျပြောရလျှင် အစ်မချီ၏ လက်တိုလက်တောင်း ကောင်လေးကို ရည်ရွယ်ခြင်း ဖြစ်လေသည်။
စာထဲမှာ ပါဝင်သော အကြောင်းအရာက ရိုးရှင်း၏။ ဤခိုအောင်းရာ နေရာကနေ သူတို့ထွက်ခွာသွားသည့် အကြောင်းရင်းကို အကြမ်းဖျင်း ရှင်းပြထားသည်။ စာထဲမှာ တာအိုဂိုဏ်းတော်ကို အိုးနင်းခွက်နင်း အပြုအမူများနှင့် စိတ်ဖောက်ပြန်နေသော ဘီလူးတစ်ကောင်အဖြစ်ပင် ဖော်ပြထား၏။
ဤဘီလူး၏ ခြေလက်များက တစ်ဖက်နှင့်တစ်ဖက် မကြာခဏ တိုက်ခိုက်၍ တစ်ခါတစ်ရံ သူ့မျက်နှာကိုယ်သူရိုက်ကာ ပိုးမွှားများကို ကိုက်ခဲခွင့်ပေးထားသော်လည်း ထိုဘီလူးသည် အရွယ်ကောင်းမှာ ရှိနေသည့် သန်မာသော ဘီလူးတစ်ကောင် ဖြစ်နေဆဲပင်။ ၎င်းက ဓားကို ဆွဲထုတ်သည့်အခါ ရပ်တန့်တားဆီး၍ မရနိုင်တော့ပေ။
တာအိုဂိုဏ်းတော်သည် အတွင်းပိုင်း ယှဉ်ပြိုင်တိုက်ခိုက်မှုများဖြင့် နာမကျန်းဖြစ်နေသော်လည်း ကိစ္စတစ်ခုမှာ အများသဘောဆန္ဒကို ရရှိပြီးသည်နှင့် သူတို့က မလျှော့စတမ်း ရက်စက်ကြမ်းတမ်းကြလေသည်။ အချိန်တစ်ခုအတွင်းမှာ တာအိုဂိုဏ်းတော်သည် သူတို့၏ ဓားကို ဆောဝမ်ပူတစ်ခုလုံးမှာ လွှဲယမ်းပေလိမ့်မည်။ ထို့ကြောင့် ကျောက်စိမ်းဖြူခန်းမဝင်များအနေဖြင့် ဤနေရာမှာ ဆက်လက်၍ ခိုအောင်းဖို့က မလွယ်ကူတော့ပေ။ ထို့ကြောင့် သူတို့ ထွက်ခွာသွားရခြင်းဖြစ်သည်။
သို့သော် ဤနေရာပိုင်ရှင်သည် သူ့စကားကိုသူတည်ကာ အစ်မချီကို အကြွေးပြန်ဆပ်လိုဆဲဖြစ်၏။ ဤစာမှာ တောင်တစ္ဆေက လက်မှတ်ထိုးထားသည်။
အဲဒါက မထင်မှတ်ထားစရာ ဖြစ်သော်လည်း အကျိုးသင့်အကြောင်းသင့် ရှိလေသည်။ ကျောက်စိမ်းဖြူခန်းမသည် လျှို့ဝှက်အသင်းအဖွဲ့များစွာဖြင့် ဖွဲ့စည်းထားသည့် ကွပ်ကဲရေးအဖွဲ့တစ်ခု ဖြစ်သောကြောင့် ချင်းဖျင်အသင်းဝင်များ ပါဝင်နေသည်မှာ မထူးဆန်းပေ။ တောင်တစ္ဆေနှင့် အစ်မချီ နှစ်ဦးစလုံးသည် ကျောက်စိမ်းဖြူခန်းမမှာ ချင်းဖျင်အသင်းကို ကိုယ်စားပြုခြင်း ဖြစ်မည်ဟု ချီရွှမ်းစု ခန့်မှန်းမိ၏။ သို့သော် ဘာကြောင့်ရယ်မသိ အစ်မချီက ထွက်ခွာသွားပြီး သိပ်မကြာခင်အတွင်း ပြန်လည်ရောက်ရှိလာမည့် အစီအစဉ် မရှိလောက်ပေ။
တောင်တစ္ဆေနှင့် အစ်မချီ၏ ဆက်ခံရေးကတော့ ယခင် လုပ်ဖော်ကိုင်ဖက်များ ဖြစ်လောက်သည်။ သို့မဟုတ် တောင်တစ္ဆေသည် ကျောက်စိမ်းဖြူခန်းမမှာ အစ်မချီနေရာကို လွှဲပြောင်းယူထားခြင်းလည်း ဖြစ်နိုင်သည်။
ချီရွှမ်းစုက စာကို ထပ်ဖတ်၍ တောင်တစ္ဆေ၏ စကားလုံးရွေးချယ်မှုမှာ အောက်ကျခံလိုသော လေသံကို မတွေ့ရှိရာ သူက အစ်မချီနှင့် အဆင့်တူဖြစ်လောက်သည်။ အစ်မချီက ချင်းဖျင်အသင်း၏ (ခ)အဆင့် အသင်းဝင်ဖြစ်ရာ တောင်တစ္ဆေကလည်း (ခ)အဆင့် အသင်းဝင်ပင် ဖြစ်ပေလိမ့်မည်။
စာကနေ သူရရှိသည်မှာ အဲဒါအကုန်ပင်။
ချီရွှမ်းစုက စာကို နောက်နှစ်ကြိမ်ဖတ်၍ ဝှက်စာများ ရှိမရှိ သေချာစေရန် မီးရောင်ခံကြည့်ခြင်း၊ ရေထဲသို့ နှစ်ခြင်းပင် ပြုလုပ်ကြည့်လိုက်၏။ သို့သော် သူ စိတ်ပျက်သွားရသည်မှာ စာထဲတွင် ပါသည်က ယခင်အတိုင်း အကုန်ဖြစ်၏။
တောင်တစ္ဆေသည် အကြွေးကို ပြန်ဆပ်ခဲ့သည်ဟုသာ ပြောပြီး ထိုအကြွေးနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်ကို ဖော်ပြမထားပေ။
ချီရွှမ်းစုက တွေးလိုက်ရ၏။
‘ဒါဆို သူက အဲဒီအကြွေးကို ဘယ်လို ပြန်ပေးမှာလဲ... အဲဒါက အကြွေးရော ဟုတ်သေးရဲ့လား... ငါက အဲဒါကို ဘယ်လိုယူသွားရမှာလဲ...’
"အာ... ဒီလို လျှို့ဝှက်သယောင် ဆန်းကြယ်သယောင် လုပ်တဲ့ကောင်တွေ ငါတော်တော်မုန်းတယ်"
ချီရွှမ်းစုက မကျေမနပ် ရေရွတ်ရင်း သူကိုင်ထားသည့် စက္ကူဖိတုံးကို ပြန်ချလိုက်၏။
‘နေပါဦး…’
ချီရွှမ်းစုသည် ကြုံဖူးသလိုလို ခံစားချက်တစ်ခုကို ရရှိကာ ရုတ်တရက် မျက်လုံးပြူးကျယ်သွားလေ၏။