ကမ္ဘာသစ်တစ်ခုတူတူဖန်တီးရအောင်
Vol. 45 Ch. 621
တောက်ပနေသော နေမင်းကြီးမှာ ကောင်းကင်ထက်တွင် တွဲလဲခိုနေပြီး နွေးထွေးသော နေရောင်ခြည်အောက်တွင် ကမ္ဘာမြေပြင်မှာ နေပူဆာလှုံနေသည်။
ပြာလဲ့လဲ့ကောင်းကင်အား နောက်ခံထားကာ လွတ်လပ်စွာ ပျံဝဲနေကြသော အဖြူရောင် တိမ်တိုက်များနှင့်အတူ ပေါ့ပါးသော လေညှင်းများမှာလည်း တိမ်စိုင်များကြား တိုးဝေ့တိုက်ခိုက်ကာ တိမ်လွှာများကို ပုံသဏ္ဍာန် အမျိုးမျိုး ကခုန်နေစေသည်။
အန်လင်းမှာ မြို့တော်၏ လမ်းမကြီးတစ်ခုပေါ် ရောက်ရှိလာပြီး မြေပြင်အား ပြားချပ်ချောမွေ့နေသော အုတ်ချပ်များဖြင့် လမ်းခင်းထားကာ ဘေးဘက်တွင် ဆိုင်တန်းများ အစီအရီ ရှိနေသည်။
ထိုလမ်းမအား ရှောင်လန်နှင့်အတူ လျှောက်လှမ်းခဲ့ဖူးကြောင်း သတိရသွားမိသောကြောင့် ငေးကြောင်သွားမိသည်။
ထိုသည်မှာ နှစ်ပေါင်းများစွာက စည်ကားသိုက်ဝန်းခဲ့သော ချီလော့မြို့ကြီးပင်။
သို့သော် မည်သည့်သက်ရှိမှ ရှိမနေပေ။
လမ်းမဘေးတွင် ပေါက်ရောက်နေသော သစ်ပင်ပန်းမံများမှာလည်း ခြောက်သွေ့ညှိုးငယ်နေသည်။
အန်လင်းမှာ ကောင်းကင်ထက်ရှိ နေမင်းအားကြည့်ရင်း အသက်ပြင်းပြင်း ရှူလိုက်သည်။
ဤနေရာတွင် ရရှိနေသော ခံစားချက်သည် ပုံရိပ်ယောင်လောကတွင် ရှိစဉ်ကနှင့် တထေရာတည်း တူညီနေပြီး အရာအားလုံးမှာ စစ်မှန်လွန်းသည်ဟု ခံစားရသည်။
မဟုတ်ဘူး....ဒါက ကြေးမုံပြင်ထဲက ကမ္ဘာဆိုပေမယ့် တကယ်အစစ်အမှန် ဖြစ်လောက်တယ်....
"ဘီလူးအန်လင်း......ငါ့ကမ္ဘာက အဆင့်မြင့် သက်ရှိတွေကို လက်မခံနိုင်ဘူး။ နင်စိတ်ဝိဉာဉ်ပျိုးထောင်ခြင်း အစွမ်းလောက်ပဲ ထုတ်လို့ရမှာနော်။"
တီနာမှာ အသံပို့ဆောင်လိုက်ပါသော်လည်း အန်လင်း၏ဘေးမှ လာပြောပြနေသလို ထင်မှတ်ရသည်။
အန်လင်း အံ့အားသင့်စွာ လှည့်ပတ်ကြည့်ရှုမိသည်။
"နာလေး.....နင်ဘယ်မှာလဲ။"
"ငါလား....ဒီကမ္ဘာက ငါပဲလေ။ အဲ့ဒါကြောင့် နေရာတိုင်းမှာရှိတယ်။"
တီနာ ရယ်မောကာ တုံ့ပြန်သည်။
သူမက ဒီကမ္ဘာလား.....ဘုရားရေ....
အန်လင်း အူကြောင်ကြောင်နှင့် မေးလိုက်သည်။
"ဒါက ငါ့အသိစိတ် တစ်ပိုင်းတစပဲလေ။ ဘယ်လိုလုပ် အစွမ်းတွေ ပိုင်နေမှာလဲ။ အသိစိတ်လောက်နဲ့ ရုပ်ဝတ္ထု ကမ္ဘာကြီးကို ဝင်ရှုပ်လို့ ရလို့လား။"
"ဟီးဟီး....ငါနင့်ကို ခန္ဓာကိုယ် ပေးထားတယ်လေ။ နင်က အသိစိတ်သက်သက် မဟုတ်တော့ဘူး။ သက်ရှိဖြစ်နေပြီ။"
ကြည်လင်နေသော စကားသံလေး ထွက်ပေါ်လာပြန်သည်။
အန်လင်း စစ်ဆေးကြည့်လိုက်သောအခါ သူ၏ခန္ဓာကိုယ်မှာ ပုံမှန်အတိုင်း ရှိနေပြီး တစ်ခုတည်းသော ကွာခြားချက်မှာ စစ်နတ်ဘုရားခန္ဓာ ဖြစ်မနေခြင်းပင်။
သူလေထဲသို့ခုန်ကာ ကောင်းကင်ထက်တွင် ပျံဝဲသွားသည်နှင့် သက်ရှိစွမ်းအင်များလည်း အားကောင်းလာသည်။
"ဟားဟား.....ဒီနေရာက သက်ရှိစွမ်းအင်တောင် ရှိတာလား။"
အန်လင်း အံ့သြကာ ရယ်မောနေမိသည်။
"အင်း.....သက်ရှိစွမ်းအင်က မီး၊ ရေ၊ လေ၊ မြေပဲလေ။ ဒါက အဓိကကျတဲ့ ဓာတ်ကြီးလေးပါးဆိုတော့ ကမ္ဘာမွေးဖွားလာတည်းက ရှိနေတာ။"
တီနာ ခေတ္တမျှ ရပ်တန့်ကာ စကားဆက်လိုက်သည်။
"သက်ရှိတွေ မွေးဖွားလာရင် ဒီကမ္ဘာကြီးရဲ့ စည်းမျဉ်းဥပဒေသတွေက ပိုပြည့်စုံလာလိမ့်မယ်။ နင့်ကိုလည်း သက်ရှိအဖြစ် ဒီကမ္ဘာထဲ ခေါ်လို့ရမလား မသိဘူး။ နင့်ရဲ့ခန္ဓာကိုယ် အစစ်အမှန်နဲ့ ဝင်လာဖို့လေ။"
ထိုစကားကြောင့် အန်လင်း ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
"ငါ့ရဲ့ခန္ဓာကိုယ် အစစ်အမှန်နဲ့ပါ ဒီကမ္ဘာထဲ ဝင်လို့ရမှာလား။"
"ဟုတ်တယ်။ နင်ပြောပြဖူးသလိုမျိုး ကူးပြောင်းလိုက်တဲ့ ပုံစံပဲလေ။"
တီနာ၏ အသံမှာ အတော်ပင် စိတ်လှုပ်ရှားနေပြီး ဤကမ္ဘာနှင့်ပက်သတ်၍ အမှန်တကယ် စိတ်အားထက်သန်နေပုံ ရသည်။
သက်ရှိများကိုပါ ကူးပြောင်းပေးနိုင်သည် ဆိုသောကြောင့် အန်လင်း တိတ်ဆိတ်သွားရသည်။ တီနာသည် ပုံရိပ်ယောင်ကမ္ဘာ မဟုတ်ပဲ အစစ်အမှန် လောကတစ်ခု ဖန်တီးချင်နေခြင်းပင်။ ပုံရိပ်ယောင်ကမ္ဘာထဲသို့ အသိစိတ်များသာ ဝင်ရောက်နိုင်ပြီး အစစ်အမှန် သက်ရှိသတ္တဝါများသည် ပြီးပြည့်စုံသော ကမ္ဘာသို့သာ ဝင်ထွက်သွားလာနိုင်သည်။
"ဒီကမ္ဘာမှာ လိုအပ်တာတွေ ဘယ်လိုဖန်တီးမှာလဲ နာလေး....နယ်မြေအဆီအနှစ်သလင်းကျောက်တွေ မလိုဘူးလား။"
အန်လင်း တွေးမိကာ မေးလိုက်သည်။
"နယ်မြေအူတိုင် အပိုင်းအစထဲမှာလည်း နယ်မြေအဆီအနှစ် သလင်းကျောက်တွေ ရှိနေပြီးသားလေ။ ဟင်းလင်းပြင်သို့အပြန် ကျင့်ကြံသူ ကိုးယောက်ရဲ့ သက်ရှိအဆီအနှစ်တွေလည်း ရှိတယ်။ အဲ့ဒါတွေက ကမ္ဘာသစ် ဖန်တီးဖို့ ကြိုးစားခဲ့တဲ့ အဖိုးနှစ်ယောက် ကျန်ခဲ့တာတွေလေ။"
"ဒါပေမယ့် သူတို့တွေးထားတာနဲ့ မတူတာမျိုးကို ဖန်တီးချင်တာ။ ပုံရိပ်ယောင်နဲ့ အစစ်အမှန် ပေါင်းစပ်ထားတဲ့ ကမ္ဘာမျိုးလေ။ တကယ့်ကမ္ဘာကြီးလိုမျိုး စစ်မှန်ပေမယ့် စကြာဝဠာ စည်းမျဉ်းတွေကိုလည်း ဖောက်ဖျက်ရာ မကျတာမျိုးပေါ့။ ငါ့စိတ်ကူးထဲက သက်ရှိတွေကိုလည်း ဖန်တီးနိုင်မယ်လေ။"
တီနာမှာ သူမ၏ အစီအစဉ်များကို ဆက်တိုက်ပြောပြနေပြီး အန်လင်းမှာလည်း လေးလေးနက်နက် နားထောင်နေသည်။
တီနာသည် ဤကမ္ဘာကြီးအတွက် နတ်ဘုရားလို ဖြစ်တည်မှုမျိုးဖြစ်ကြောင်း အန်လင်း သိရှိထားသည်။
နယ်မြေအူတိုင် အပိုင်းအစနှင့် မည်သူကမှ မပေါင်းစည်းခဲ့ဖူးသောကြောင့် တီနာ ဖန်တီးလိုက်သော ကမ္ဘာမှာ အသစ်စက်စက် ဖြစ်သည်။ ထို့ကြောင့်ပင် သူမသည် ကမ္ဘာအား ကြောက်မက်ဖွယ် ကောင်းလောက်အောင် ထိန်းချုပ်စေစားနိုင်ပြီး ဖန်ဆင်းရှင် နတ်ဘုရားမဟု ဆိုလျှင်ပင် လွန်မည်မထင်ပေ။
အန်လင်းသည် ချီလော့မြို့တခွင် လှည့်ပတ်ပျံသန်းပြီးနောက် ဧရိယာ စုစုပေါင်း ကီလိုမီတာ တစ်ရာပတ်လည့်ခန့် ရှိသည်ကို သိလိုက်ရသည်။
မြို့အလယ်တွင် အနက်ရောင်မျှော်စင်ကြီး ရှိနေပြီး ထိပ်ဆုံးတွင် အလင်းလုံး ကိုးခုမှာ စက်ဝိုင်းသဏ္ဍာန် လည်ပတ်နေသည်။
ထိုသည်မှာ တီနာ ပြောပြခဲ့သော ဟင်းလင်းပြင်သို့အပြန် ကျင့်ကြံသူ ကိုးဦး၏ သက်ရှိအဆီအနှစ်များ ဖြစ်ပေလိမ့်မည်။
ချီလော့မြို့မှ ထွက်လာခဲ့ပြီးနောက် မျက်စိတဆုံး ကျယ်ပြောသော ကွင်းပြင်များကို တွေ့လိုက်ရသည်။
အန်လင်း ကူကယ်ရာမဲ့စွာ မေးမြန်းမိသည်။
"နာလေး....မင်းကမ္ဘာက ဘယ်လောက်တောင် ကြီးတာလဲ။"
"အင်း....ကီလိုမီတာ ငါးထောင်လောက်ပေါ့။ လောလောဆယ်တော့ အဲ့လောက်ထိပဲ လုပ်နိုင်သေးတယ်။ နောက်ကြရင်တော့ ဒီထက်ပိုပြီး ကျယ်အောင်လုပ်နိုင်မလား မသိသေးဘူး။"
တီနာ တုံ့ပြန်လိုက်သည်။
ငါးထောင်ကီလိုမီတာ....
အန်လင်း ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
နည်းတာကြီးမဟုတ်ဘူး......
ဤကမ္ဘာ၏ ဧရိယာသည် ရှစ်ဆယ်မီလီယမ် စကွဲယား ကီလိုမီတာ(80M²)ရှိပြီး မြေပြင်မှာ ကီလိုမီတာ ငါးထောင်ခန့် ရှိသောကြောင့် ကြီးမားသည်ဟု ဆိုနိုင်သည်။
အန်လင်းအနေဖြင့် သည်ကမ္ဘာအား တိုးတက်စေလိုသည်။
"ငါ့ကိုထုတ်ပေးတော့ နာလေး....မင်းအတွက် အခုချက်ချင်း အင်မော်တယ်ဆေးလုံး သွားယူပေးမယ်။"
အန်လင်း စိတ်လှုပ်ရှားစွာပြောသည်။
ချက်ချင်းပင် မူးနောက်နောက် ဖြစ်သွားကာ မြင်ကွင်းတစ်ခုလုံး မှောင်အတိကျသွားလေသည်။
အန်လင်းမှာ ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်ပြီးနောက် ပြီးပြည့်စုံသော နတ်သမီးငယ်လေးအား မြင်လိုက်ရသည်။
"ဟီးဟီး.....ဘယ်လိုထင်လဲ ဘီလူးအန်လင်း နင်သဘောကျရဲ့လား။"
တီနာ၏ မြစိမ်းရောင် မျက်ဝန်းလေးများမှာ မျှော်လင့်ချက်များ တလက်လက် တောက်ပနေသည်။
"အရမ်းသဘောကျတယ်။"
အန်လင်းမှာ စိတ်ကျေနပ်နေဟန်ဖြင့် တီနာအား ခေါင်းပုတ်ပေးလိုက်သည်။
"တုန်ရွှာနန်းတော်ကို အခုပဲ သွားတော့မယ်။"
တီနာသည် အန်လင်း၏ ပုခုံးထံ ပျံဝဲလာကာ ဖက်တွယ်ထားသည်။
"အင်မော်တယ်ဆေးလုံး သန့်စင်တာကို မြင်ဖူးချင်တယ်။"
အန်လင်း မငြင်းဆန်ပဲ တပိုင်အားစီးကာ တီနာနှင့်အတူ တုန်ရွှာနန်းတော်ထံ ထွက်လာခဲ့သည်။
တပိုင်မှာ ကြီးမားလှသော အဆောက်အဦးကြီးရှေ့သို့ ဆင်းသက်လာသည်။
"ဝါး.... ကြီးလိုက်တဲ့ နန်းဆောင်ကြီး....တောင်ကြီးနဲ့တောင်တူတယ်။"
တီနာ မျက်လုံးအပြူးသား ဖြစ်နေမိသည်။
အန်လင်းမှာ ခပ်ဖွဖွ ပြုံးလိုက်ပြီးနောက် တုန်ရွှာနန်းတော်သို့ ပထမဆုံးအကြိမ် စတင်ရောက်ရှိစဉ်က ထိုကဲ့သို့ပင် အံ့အားသင့်ခဲ့ကြောင်း ပြန်လည်အမှတ်ရမိသည်။
သူသည် ပုံမှန်ဖောက်သည် ဖြစ်နေသောကြောင့် အရေးကြီးပုဂ္ဂိုလ်တစ်ဦးသဖွယ် ဆက်ဆံခံရကာ ကောင်လေးတစ်ဦးမှ ယီရှီထံ တိုက်ရိုက်ခေါ်ဆောင်သွားသည်။
"မတွေ့တာကြာပြီနော်..."
ယွီရှီအား တွေ့သောအခါ အန်လင်း ရယ်မောနှုတ်ဆက်လိုက်သည်။
"ဟားဟား....ငါကတော့ အရင်အတိုင်းပါပဲ။ ဒါနဲ့ မင်းဧကရာဇ်ဇီဝေးကို သမလိုက်တယ်ဆို။ မင်းအကြောင်းတွေကတော့ လူတိုင်းပါးစပ်ဖျားမှာ ပြောနေကြတာပါပဲကွာ။"
ယီရှီမှာ အန်လင်းကိုကြည့်ရင်း ဉာဏ်အလင်းပွင့်ရန် ကြိုးစားနေသည့်အလား သေသေချာချာ ကြည့်ရှုနေသည်။
"ဟူး....အဲ့တိုက်ပွဲက ဘာမှလည်း မဟုတ်ပါဘူး။"
ဧကရာဇ်ဇီဝေး၏ အမွေအနှစ်အကြောင်း တွေးမိသွားသောကြောင့် အန်လင်း စိတ်ညစ်သွားရသည်။
"ဘာလို့ဘာမှမဟုတ်ရမှာလဲ။ အဲ့တိုက်ပွဲကြောင့် ကောင်းကင်ဘုံခုံရုံး တစ်ခုလုံးမှာ မင်းနာမည်ကြီးနေပြီလေ။ အင်မော်တယ်တွေကလည်း မင်းအကြောင်းပဲ ပြောနေကြတာ။ ကောင်းကင်နတ်မိမယ် တော်တော်များများကလည်း မင်းကိုစိတ်ဝင်စားနေပြီ။"
ယီရှီ အပြင်းအထန် ငြင်းပယ်သည်။
တီနာမှာ ဝဝလုံးလုံး လူကြီးအားကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်မိသွားသည်။
"ဝါး....ရွှယ်ကျန်ထျန်းနဲ့များ မျိုးဆက်တူနေတာလား။"
အန်လင်း: "......."
ယီရှီမှာလည်း အံ့အားသင့်သွားပြီးနောက် ပြီးပြည့်စုံသော နတ်သမီးငယ်လေးအားကြည့်ကာ ရေရွတ်လိုက်သည်။
"ဝါး....လှလိုက်တဲ့ နတ်သမီးလေးပါလား။"