← Chapters

အထွတ်ထိပ်မှော်ဝင်ပစ္စည်း “ထူးကဲယန်စည်းတံဆိပ်”

Vol. 35 Ch. 485

အထွတ်ထိပ်မှော်ဝင်ပစ္စည်း “ထူးကဲယန်စည်းတံဆိပ်”

Vol. 35 Ch. 485

အခန်း (၄၈၅) အထွတ်ထိပ်မှော်ဝင်ပစ္စည်း “ထူးကဲယန်စည်းတံဆိပ်”

ရန်ကျောက်ကဲက ငြိမ်သက်စွာသတိလစ်နေပြီး အသားအရေက ဖြူဆွတ်ဖျော့တော့နေသော ဖန်ကျွင်းကို ငုံ့ကြည့်လိုက်ပြီး တွင်းနက်ဆီသို့ နောက်တစ်ကြိမ် လှမ်းကြည့်လိုက်သည်။

စန့်ချုန်ကြေးမုံမှန်၏ အလင်းတန်းက တွင်းနက်ကြိးကို ထိန်းချုပ်ထားနိုင်ခြင်း မရှိတော့ပေ။

ယွမ်ကျန်းဖုန်းနှင့် ဖန်ကျွင်းတို့ ရည်ရွယ်ချက်ရှိရှိ ဖွင့်လှစ်ခဲ့သော ဗလာနယ်တွင်းနက်သည် ထိုသူနှစ်ယောက်၏ ထိန်းချုပ်မှုဆုံးရှုံးခဲ့ရပြီးနောက် တွင်းနက်ဝင်ပေါက်က တဖြည်းဖြည်း ပြန်ပိတ်စ ပြုလာသည်။ တွင်းနက်ထဲတွင် ပရမ်းပတာဝဲဂယက်ကြီးက လှိုင်းထန်နေပြီး ယွမ်ကျန်းဖုန်းသည် တဖြည်းဖြည်း ဝေးကွာသွားလျှက် မျက်စိမြင်ကွင်းအတွင်းမှ ပျောက်ကွယ်သွားသည်။

အဘိုးအိုသည် အရပ်အမောင်းမြင့်မားခြင်းမရှိသလို ခန္ဓာကိုယ်သည်လည်း ခပ်ပိန်ပိန်ဖြစ်သည့်တိုင် မိုးမြေတစ်ခွင်၏ ဗဟိုချက်တစ်ခုအလား အမြဲတမ်း မြင့်မြတ်ခမ်းနားနေခဲ့သည်။

ရန်ကျောက်ကဲက ဖန်ကျွင်း၏ ခန္ဓာကိုယ်ကို သူ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရဖြင့် ထိန်းချုပ်ထားရင်း တွင်းနက်ထဲတွင် ပျောက်ကွယ်သွားပြီဖြစ်သော ယွမ်ကျန်းဖုန်းက အလေးအနက် ဦးညွှတ်အရိုအသေပေးလိုက်သည်။

သူက ဦးညွှတ်ထားရင်းဖြင့်ပင်...

“ဆရာဘိုးဘိုး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ ၊ တစ်နေ့မှာ သေချာပေါက် ပြန်ဆုံကြမယ်”

ရန်ကျောက်ကဲက လက်ဖဝါးတစ်ဖက် ဆန့်တန်းလျှက် ကြယ်တာရာချီစွမ်းအား အနှစ်သာရထုတ်ဖော်ပြီး ဖန်ကျွင်းခန္ဓာကိုယ်မှ သွေးစွမ်းအားများကို ထိန်းထားပေးသည်။

ယွမ်ကျန်းဖုန်းပျောက်ကွယ်သွားသည်ကိုကြည့်ရင်း ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီးနောက် သူက ဒုတိယဆရာဦးလေးကို လှည့်ကြည့်လိုက်၏။ ကြယ်တာရာချီစွမ်းအားအနှစ်သာရအသုံးပြုပြီး စစ်ဆေးကြည့်သည့်အခါ ဖန်ကျွင်းအခြေအနေက အလွန်တရာ စိုးရိမ်ဖွယ်ဖြစ်ကြောင်း သိလိုက်ရသည်။

ဖန်ကျွင်းက သွေးစွမ်းအားကို အသုံးပြုပြီး ဓားဝိညာဉ်ကို ဖန်ဆင်းခဲ့ခြင်းကြောင့် အသက်ဓာတ်စွမ်းအား အားလုံးနီးပါး ဆုံးရှုံးသွားခဲ့ရသည်။

ယွမ်ကျန်းဖုန်း ပြောသည်မှာ အမှန်ပင်ဖြစ်သည်။

တွင်းနက်ကြီး၏ဝါးမျိုခံရပြီး ဗလာနယ်အာကာသထဲ ရောက်မသွားခင်မှာပင် ဖန်ကျွင်းသည် အချိန်မရွေး အသက်ဆုံးရှုံးသွားနိုင်သည်။

ဖန်ကျွင်းကို ကယ်တင်ရန် ယွမ်ကျန်းဖုန်း အစွမ်းကုန်ကြိုးစားရသည့်အကြောင်းရင်းကတော့ ရန်ကျောက်ကဲတွင် ဖန်ကျွင်းကိုကယ်တင်ရန် သေချာပေါက် နည်းလမ်းရှိမည်ဟု မျှော်လင့်ခဲ့သောကြောင့် ဖြစ်သည်။ အထူးသဖြင့် ဤနေရာတွင် သူတို့နှင့်အတူရှိနေသောရန်ကျောက်ကဲသည် ဖန်ကျွင်း အသက်အန္တရယ်မကျရောက်စေရန် အရေးပေါ်ဆေးကုသမှု ချက်ချင်းပြုလုပ်ပေးနိုင်မည်ဟု ယုံကြည်ခဲ့သည်ပင်။

ရန်ကျောက်ကဲကလည်း ယွမ်ကျန်းဖုန်းကို စိတ်မပျက်စေခဲ့ပေ။

သူက အရိပ်ကျုံ့အိတ်ထဲမှ ရှည်လျားပါးလွှာသော ရွှေရောင်အပ် (၁၀)ချောင်းကို ထုတ်ယူလိုက်ပြီး ဖန်ကျွင်း၏ အဓိကသွေးကြောဆုံချက် ‌ခြောက်နေရာသို့ အလျှင်အမြန် ထိုးစိုက်လိုက်သည်။ ထို့နောက် ဖန်ကျွင်း၏ ခန္ဓာကိုယ်အတွင်းသို့ ကြယ်တာရာချီစွမ်းအားအနှစ်သာရကို အပြတ်တမ်း ထည့်သွင်းပေးသည်။

ယခုပင်ကျင့်ကြံခြင်းအဆင့်တက်ထားသော ရန်ကျောက်ကဲအနေဖြင့် ကြယ်တာရာချီစွမ်းအားအနှစ်သာရများ အလွန်တရာ ပြည့်လျှံများပြားနေလေရာ ဖန်ကျွင်း၏ အခြေအနေကို တည်ငြိမ်အောင် ကုသပေးနိုင်ရန်အတွက် လုံလောက်ပေသည်။

ရန်ကျောက်ကဲက နောက်ထပ် ရွှေအပ် (၉)ချောင်း ထပ်မံထုတ်ယူလိုက်ပြီး ဖန်ကျွင်းခန္ဓာကိုယ်ရှိ သွေးကြောဆုံချက်များအားလုံးကို ထပ်မံ ထိုးစိုက်လိုက်သည်။ သူက အပ်များကို ဖယ်ရှားခြင်းမရှိဘဲ ထိုးစိုက်ထားလျှက်ဖြင့် ကြယ်တာရာသန့်စင်ချီဝတ်ရုံဖြင့် ဖန်ကျွင်းခန္ဓာကိုယ်ကို တစ်ဖန်ပြန်လည် ရစ်ပတ်လိုက်သည်။

ထိုအခါ ကြယ်တာရာသန့်စင်ချီဝတ်ရုံမှ ကြည်လင်သော ချီစွမ်းအားစီးကြောင်း မြောက်မြားစွာက ရွှေအပ် (၁၅)ချောင်းမှ ရွှေချည်ချည်မျှင် (၁၅)ခုဖြင့် ချိတ်ဆက်သွားသည်။

နောက်ဆုံး ဒုတိယဆရာဦးလေး၏ ဖြူဖျော့သောမျက်နှာက ပြန်လည်သွေးရောင်လွှမ်းလာတော့မှ ရန်ကျောက်ကဲသည်လည်း စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်ခဲ့သည်။

“ဒုတိယဆရာဦးလေးအခြေအနေက ခဏလောက်တော့ တည်ငြိမ်သွားပြီ ၊ ဒါပေမဲ့ သူ ပြန်မကောင်းခင်အထိ သေသေချာချာ ဂရုစိုက်ပေးဖို့ လိုသေးတယ် ၊ ဒါကြောင့် ကြယ်တာရာသန့်စင်ချီဝတ်ရုံနဲ့ ဆက်တိုက် ကာကွယ်ပေးထားဖို့ လိုအပ်တယ်”

ရန်ကျောက်ကဲ သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီးနောက် သူ့ ဦးခေါင်းထက်မှ ဝိညာဉ်စွမ်းအားရောင်ဝါသည်လည်း ပျောက်ကွယ်သွားသည်။

ချောက်နက်ပတ်ဝန်းကျင်ကို အကဲခတ်လိုက်တော့ အနက်ရောင်မြူခိုးများရှိနေသေးသည့်တိုင် အရာအားလုံးက ပုံမှန်အတိုင်း ဖြစ်သွားပေပြီ။ မြေကမ္ဘာနယ်မြေက အစွန်းရောကရှစ်ပါကမ္ဘာ၏ “ငရဲ” ဖြစ်နေသေးသည့်တိုင် ငရဲကိုးထပ်ရောင်ဝါနှင့် ကြောက်မက်ဖွယ်ရာမိစ္ဆာချီများက အလွန်တရာ မှေးမှိန်သွားခဲ့ပြီ ဖြစ်၏။

အောက်ဘက်သို့ လှမ်းကြည့်လိုက်တော့ “မဟာငရဲကိုးထပ်တံခါး” ကို ချိတ်ပိတ်ထားသည့် ရွှေရောင်အင်းသင်္ကေတကြီးသည် အနက်ရောင်မြူခိုးများကြားတွင် တိတ်ဆိတ်စွာ တည်ရှိနေသည်။

ဤသွေးစွန်းတိုက်ပွဲတွင် အသက်စွန့်ခဲ့ရသော သိုင်းကျင့်ကြံသူများနှင့် ဆရာဘိုးဘိုး’ယွမ်ကျန်းဖုန်း’ ၏ ကြိုးစားအားထုတ်မှုများသည် နောက်ဆုံးတော့ အချည်းနှီးမဖြစ်ခဲ့ပေ။ ကြိုတင်မသိနိုင်သော ထူခြားအခြေအနေများ မဖြစ်ပေါ်ပါက ဤရွှေရောင်အင်းသင်္ကေတစည်းတံဆိပ်သည် အချိန်ကြာမြင့်စွာ တည်တံ့နေမည် ဖြစ်သည်။

ထို့နောက် ရန်ကျောက်ကဲက မျက်ခုံးများကိုအသာတွန့်ချိုးရင်း လေထဲတွင်ငြိမ်သက်နေသော ရွှေရောင်စည်းတံဆိပ်ကြီးကို လှည့်ကြည့်လိုက်သည်။

ဤစည်းတံဆိပ်ကြီးသည် ချောက်နက်ထဲတွင် နှစ်ပေါင်းများစွာ ကျိုးပျက်သွားခြင်းမရှိဘဲ ငရဲတံခါးကို ဖိနှိပ်ထားခဲ့သည်။ နောက်ဆုံးအချိန်တွင် ဤစည်းတံဆိပ်မူလပိုင်ရှင် ချန်ထားရစ်သော လက်သီးသိုင်းဝိညာဉ်က လူသားအသွင်ပြောင်းလဲပြီး ရွှေရောင်အင်းသင်္ကေတတစ်ခုဖြင့် ငရဲတံခါးကို ထပ်မံ ချိတ်ပိတ်နိုင်ခဲ့သည်။

ဤသည်မှာ အလွန်တရာ အံ့သြဖွယ်ကိစ္စတစ်ခု ဖြစ်၏။

လွန်ခဲ့သော နှစ်ပေါင်းများစွာက ချန်ထားခဲ့သော လက်သီးသိုင်းဝိညာဉ်သည် လူသားအသွင်ယူပြီး ငရဲကိုးထပ်နှင့် အစွန်းရောက်ရှစ်ပါးကမ္ဘာကို ချိတ်ဆက်ထားသော ကမ္ဘာဖြတ်လမ်းကြောင်းကို ချိတ်ပိတ်နိုင်ခဲ့သည်။

သို့ဆိုလျှင် ဤ ရွှေရောင်စည်းတံဆိပ်ကြီး၏ မူလပိုင်ရှင် ကျင့်ကြံခြင်းအဆင့်က မည်မျှ မြင့်မားပါသနည်း။

ယုတ္တိကျကျဆိုရသော် ဤသို့သော တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက် အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် တစ်ခါမှ မရှိခဲ့ဖူးပေ။

ငရဲကိုးထပ်မှ နတ်ဆိုးနှစ်ကောင်သည် စည်းတံဆိပ်ကို ချိုးဖျက်ပြီး အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ရောက်လာကြသော်လည်း သူတို့၏စွမ်းအာက ပြီးပြည့်စုံခြင်းမရှိကြောင်း ရန်ကျောက်ကဲ အာရုံခံနိုင်သည်။

ထိုနတ်ဆိုးများအနေဖြင့် အတိုင်းအဆမဲ့ တန်ခိုးစွမ်းအားမြင့်မားနိုင်သည့်တိုင် ဤကမ္ဘာသို့ ခြေချမိသည်နှင့် သိုင်းသူတော်စင်တတိယအဆင့်နှင့် ညီမျှသောအဆင့်သို့ ဖိနှိပ်ခြင်းခံထားရသည်။ ထိုနတ်ဆိုးနှစ်ကောင်အနေဖြင့် သိုင်းသူတော်စင်တတိယအဆင့်ထက် ပိုမိုစွမ်းအားမြင့်မားသင့်သည်ဟု ရန်ကျောက်ကဲ ခံစားမိသည်။

သူ၏မိခင် ရွှယ်ချူးချင်ချန်ထားခဲ့သောစကားများအရဆိုလျှင် ကျင့်ကြံသူတစ်ယောက်  သိုင်းသူတော်စင် တတိယအဆင့်ကို ကျော်လွန်သွားပါက အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ဆက်လက်နေထိုင်နိုင်တော့မည်မဟုတ်ကြောင်း ကောက်ချက်ချနိုင်သည်။

ထို့ပြင် မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် သိုင်းသူတော်စင် စတုတ္ထအဆင့် ကျင့်ကြံသူဆို၍ တစ်ခါမှပေါ်ထွက်ခဲ့ဖူးခြင်း မရှိပေ။

အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် စွမ်းအားအမြင့်မားဆုံးဖြစ်သော ဟန်ထျန်းပုဂ္ဂိုလ်မြတ် ကျန်းဒေါင်ဂီ ကျဆုံးသွားခဲ့စဉ်က သိုင်းသူတော်စင် ဒုတိယအဆင့် ရှိနေပေပြီ။ ထို့နောက်ပိုင်းတွင် စွမ်းအားအမြင့်မားဆုံးဖြစ်လာသူ ခရမ်းရောင်နေသူတော်စင်’ကျန်းချောင်’ သည် သူ ပျောက်ကွယ်သွားစဉ်တွင် သိုင်းသူတော်စင် တတိယအဆင့် ဖြစ်ခဲ့သည်။

ကျန်းချောင် ဤလောကတွင် နောက်ဆုံးအကြိမ်ထွက်ပေါ်လာစဉ်က သူ ပြသခဲ့သော တန်ခိုးစွမ်းအားကို အခြေခံပြီး သိုင်းသူတော်စင် တတိယအဆင့် အထွတ်ထိပ်သို့ ‌ရောက်ရှိခြင်း မရှိသေးဟု ကောင်းကင်ခန့်မှန်းသူ ကျန်းရှီလော့နှင့် အခြားသောအထွတ်ထိပ်ပညာရှင်များက ခန့်မှန်းခဲ့ကြသည်။

ဆိုရသော် သူက သိုင်းသူတော်စင် စတုတ္ထအဆင့်သို့ တက်လှမ်းရန် မဖြစ်နိုင်သေးပေ။

သို့ပေသိ ဤသည်က လူအချို့၏ ခန့်မှန်းချက်မျှသာဖြစ်ပြီး ခရမ်းရောင်နေသူ‌တော်စင်’ကျန်းချောင်’ ၏ အခြေအနေအတိအကျမှာ အမြဲတမ်း လျှို့ဝှက်ဆန်းကျယ်နေခဲ့သည်။

ကောလဟလများအရ ခရမ်းရောင်နေသူတော်စင် ‘ကျန်းချောင်’ သည် နေ့ခင်းအချိန်ကြီးမှာပင် အထက်ဘုံသို့တက်သွားသည်ဟု ဆိုကြသော်လည်း နေသူတော်စင်ဂိုဏ်းက ထိုအကြောင်းကိုလျှို့ဝှက်ထားခဲ့ပြီး ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

ထို့ကြောင့် ကျန်းချောင် သိုင်းသူတော်စင် စတုတ္ထအဆင့်သို့ တက်လှမ်းသွားခြင်း ရှိ မရှိ အတည်ပြုနိုင်ရန် နည်းလမ်းမရှိသလို သူ့အနေဖြင့် အစွန်းရောက်ရှစ်ပါးကမ္ဘာတွင်ရှိနေသေးသည်လား မည်သူမှ မသိနိုင်ပေ။

ယနေ့ ဤ နတ်ဆိုးနှစ်ကောင်ကို တွေ့မြင်ပြီးသည့်နောက်  သူ၏ခန့်မှန်းချက်များက အမှန်တကယ်ဖြစ်နိုင်သည်ဟု ရန်ကျောက်ကဲ ခံစားမိသည်။

“ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ချန်ထားခဲ့တဲ့ ဒီလက်သီးသိုင်းဝိညာဉ်က ပွင့်လာတဲ့ မဟာငရဲကိုးထပ်တံခါးကိုတောင် ပြန်ပြီး ချိတ်ပိတ်နိုင်စွမ်းရှိခဲ့တယ် ၊ ဒီလိုတန်ခိုးစွမ်းအားမျိုးက တကယ့်ကို မရိုးရှင်းတာပဲ ၊ ဒီပုဂ္ဂိုလ်က အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ ခဏလောက်နေဖို့အတွက် အစီအစဉ်တွေ ပြုလုပ်ခဲ့တာများလား”

ရန်ကျောက်ကဲက ငြိမ်သက်နေသည့် ရွှေရောင်စည်းတံဆိပ်ကြီးကို စူးစိုက်ကြည့်ရင်း...

“မင်းလည်း တကယ် မရိုးရှင်းဘူးပဲ”

စောစောက ဤ ရွှေရောင်စည်းတံဆိပ်မှ တန်ခိုးစွမ်းအားများ ပေါက်ကွဲထွက်သွားသည့်အခါ အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံး ခံနိုင်ရည်မရှိသည့်အလား တုန်လှုပ်သွားသည့်ဖြစ်ရပ်ကို ရန်ကျောက်ကဲ လျစ်လျူမရှုနိုင်ခဲ့ပေ။

သို့တိုင် ထိုသို့ပေါက်ကွဲထွက်ခြင်းက ဤရတနာပစ္စည်း၏ အဆုံးစွန်သော တန်ခိုးစွမ်းအား မဟုတ်သေးပေ။

ဤရတနာပစ္စည်း အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ဆက်လက်ရှိနေနိုင်သည်မှာ အထဲမှတန်ခိုးစွမ်းအားများ ငြိမ်သက်ငိုက်မျည်းသောအခြေအနေတွင်ရောက်ရှိနေပြီး စွမ်းအားအပြည့် ထုတ်လွှတ်နိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်။

အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ထိုသို့သော ရတနာပစ္စည်းတစ်ခုကို ယခင်က ရန်ကျောက်ကဲ တွေ့မြင်ခဲ့ဖူးသည်။

“ထူးကဲယင်သရဖူ”

“ထူးကဲယင်သရဖူ” ၏ တန်ခိုးစွမ်းအားထွက်ပေါ်လာရန်အတွက် သိုင်းပညာရှင်အဆင့် ထူးကဲယင်မိန်းမပျိုများက သရဖူကို ကိုင်ဆောင်ရမည် ဖြစ်သည်။

သို့တိုင် ထိုသရဖူအတွင်းမှတန်ခိုးစွမ်းအားများသည်လည်း ငြိမ်သက်ငိုက်မျည်းသောအခြေနေတွင်ရှိနေပြီး မန်ဝမ်နှင့် အခြားသောထူးကဲယင်မိန်းမပျိုများက ထိုစွမ်းအားကို ဆွဲငင်ထုတ်ယူလိုက်သည့်အခါ အိပ်ပျော်နေရာမှ လူးလွန့်သွားခြင်းမျှသာ ဖြစ်သည်။

ထိုပြင် မန်ဝမ်နှင့် အခြားသောထူးကဲယင်မိန်းမပျိုများ၏ ကျင့်ကြံခြင်းအဆင့်က နိမ့်ပါးသည်ဖြစ်ရာ ထူးကဲယင်သရဖူအတွင်းမှ အဆုံးစွန်သောတန်ခိုးစွမ်းအားကို နှိုးဆွထုတ်ယူရန်မှာ မဖြစ်နိုင်ပေ။

“ထူးကဲယင်သရဖူ”

ရန်ကျောက်ကဲ မျက်လုံးများကျဉ်းမြောင်းသွားသည်။

“ထူးကဲယန်စည်းတံဆိပ်”

စောစောက ရန်ကျောက်ကဲ ရွှေရောင်နေဝန်းကြီးအတွင်း ဝင်ရောက်သွားပြီးနောက်...

သူ၏နက်ရှိုင်းသောသိုင်းပညာများနှင့် မပြည့်စုံသော “နေမင်းကျမ်းဂန်” စွမ်းအားကို အသုံးပြုကာ စည်းတံဆိပ်အတွင်းမှ လက်သီးသိုင်းဝိညာဉ်ကို ဆက်သွယ်လိုက်စဉ် ထူးဆန်းအံ့သြဖွယ်ရာ မြင်ကွင်းများကို တွေ့မြင်ခဲ့ရသည်။

ထင်ယောင်ထင်မှား ပုံရိပ်ယောင်များစွာသည် သိုင်းဝိညာဉ်တစ်ခုအဖြစ် ပေါင်းစပ်ပြောင်းလဲသွားခဲ့သည်။

အထွတ်ထိပ်မှော်ဝင်ပစ္စည်း ၊ ထူးကဲယန်စည်းတံဆိပ်။

အလင်းတန်းများထဲတွင် မိန်းမပျိုတစ်ယောက်ပုံရိပ်ထွက်ပေါ်လာသည်ကို ရန်ကျောက်ကဲ တွေ့မြင်ခဲ့ရသည်။

သူမ၏ဦးခေါင်းထက်တွင် လရောင်ခြည်ပမာတောက်ပနေသော ထူးကဲယင်သရဖူကို ဆောင်းနှင်းထားသည်။

ထိုမိန်းမပျိုသည်ကား...

အနောက်ဘက်သဲကန္တာရအတွင်းမှ ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီးကို သန့်စင်ချိန်က တွေ့မြင်ခဲ့ရသော မိန်းမပျိုပင် ဖြစ်လေသည်။

All Chapters