← Chapters

အခန်း ၁၁၁

Vol. 12 Ch. 111

အခန်း ၁၁၁

Vol. 12 Ch. 111

Chapter 111

နောက်ရက်များတွင် ချန်ကျိုးသည် မကြာမီ ရုပ်မြင်သံကြားထဲ ပါဝင်ရတော့မည့် ပျော်ရွှင်မှုကြီး၌ နစ်မြုပ်နေသလို တစ်ဖက်ကလည်း အားယွမ်မျောက်လေးအပေါ် ကြောက်ရွံ့စိတ်များ လွှမ်းမိုးနေသဖြင့် ဝမ်းသာအားရ ဖြစ်လိုက်၊ စိုးရိမ်ပူပန်လိုက်နှင့် စိတ်မအေးနိုင်ဘဲ ရှိနေတော့သည်။

အနှစ်သာရရှိပြီး ပျော်ရွှင်စရာကောင်းသော နေ့တစ်နေ့သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

ညစာစားပြီးနောက် တစ်နေ့လုံး ဆူညံသောင်းကျန်းထားသည့် ချန်ကျိုးသည် နောက်ထပ် သောင်းကျန်းရန် အားအင်မရှိတော့ဘဲ ကုတင်ပေါ်တွင် ခွေးသေတစ်ကောင်လို လှဲလျောင်း နေလေသည်။ သူသည် ဟောက်ပင်မဟောက်တော့ဘဲ တစ်ဖက်သို့ပင် လှည့်မအိပ်တော့သဖြင့် ဟွမ်ရှောင်မော့မှာ ချန်ကျိုးတစ်ယောက် အသက်ထွက်သွားပြီဟုပင် ထင်မှတ်သွားခဲ့ရသည်။

ညဉ့်နက်သန်းခေါင်အချိန် စိတ်ကျန်းမာရေးဆေးရုံကြီးမှာ ငြိမ်သက်အေးချမ်းလျက် ရှိနေသည်။ ချန်ကျိုး၏ အဆောင်များ ကာကွယ်ပေးထားသည့်အပြင် ချန်ကျိုး၏ သရဲများကလည်း အစောင့်အကြပ် တာဝန်ယူထားသဖြင့် ညဘက်တွင် သရဲရန်မှ ကာကွယ်နိုင်ပြီး နေ့ဘက်တွင် သူခိုးရန်မှ စိတ်ချရပေသည်။

ကိုးနာရီကျော်ရုံသာ ရှိသေးသော်လည်း အလှပြင်သရဲမနှင့် အခြားသရဲများသည် စိတ်ရောဂါကုဆေးရုံဝန်းထဲ၌ ပေါ်လာကြပြီး ညီညာဖြောင့်တန်းစွာ တန်းစီနေကြပြီ ဖြစ်သည်။

ရှောင်ကွေ့ထိုနှင့် အားယန်တို့သည် ခုံတန်းလျားရှည်ပေါ်တွင် ထိုင်နေကြပြီး ရှောင်ကွေ့ထိုက နှစ်တစ်ထောင်ကျားဝိညာဉ်၏ အမွှေးအမျှင်များကို အသာအယာ ပွတ်သပ်ပေးနေသည်။

ဟွမ်ရှောင်မော့ကမူ ချန်ကျိုး၏ လက်ကိုင်ဖုန်းကို ကိုင်ထားပြီး ခြေသည်းလေးများဖြင့် မျက်နှာပြင်ကို ပွတ်ဆွဲနေလေသည်။

"ယင်းလင်၊ မင်းနဲ့ လူသန်ကြီး၊ ပြီးတော့ ဟို သရဲသားအမိ၊ မဟုတ်သေးပါဘူး၊ မင်းတို့ သုံးကောင်က လမ်းမသိဘူး၊ ယင်းလင်၊ လူသန်ကြီး နဲ့ ကြိုးဆွဲချသရဲ၊ မင်းတို့ သုံးကောင် တစ်ဖွဲ့လုပ်ပြီး ယင်ပင်းလမ်း အမှတ် ၁၉ ကို သရဲသွားနှင်ကြစမ်း"

"ကောင်းပါပြီ"

အလှပြင်သရဲမသည် မထွက်ခွာမီ အခန်းငယ်လေး၏ ပြတင်းပေါက်မှနေ၍ ချန်ကျိုး၏ အိပ်ပျော် နေသော ပုံစံကို အချိန်အတော်ကြာအောင် တပ်မက်စွာဖြင့် ကြည့်ရှုနေခဲ့ပြီး နောက်ဆုံးတွင် အဖွဲ့တူ သရဲများ၏ အတင်းအဓမ္မ ဆွဲခေါ်သွားခြင်းကို ခံလိုက်ရလေသည်။

ပထမအဖွဲ့ကို တာဝန်ပေးပြီးနောက် ဟွမ်ရှောင်မော့က ဆက်လက်၍ ပြောသည်။

"ဒီမှာ အဆင့်သုံး အလယ်အလတ်အဆင့် အငြိုးကြီးတစ္ဆေတစ်ကောင်ရဲ့ အော်ဒါ ရှိသေးတယ်"

ဟွမ်ရှောင်မော့က ခေါင်းလှည့်ပြီး ရှောင်ကွေ့ထိုကို ကြည့်လိုက်သည်။

ရှောင်ကွေ့ထိုကမူ ဘာမှမကြားမိသကဲ့သို့ နှစ်တစ်ထောင်ကျားဝိညာဉ်၏ အမွှေးအမျှင်များကို အေးအေးလူလူ ပွတ်သပ်ပေးနေဆဲ ဖြစ်သည်။

ဟွမ်ရှောင်မော့အနေဖြင့် ရှောင်ကွေ့ထိုနှင့် ကျားဝိညာဉ်ကို မည်သို့မျှ ခိုင်းစေနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ၎င်း၏ ပစ်မှတ်မှာ စကားပြောရလွယ်ကူသော အားယန် ဖြစ်လာတော့သည်။

"အားယန်၊ မင်းပဲ တစ်ခေါက်လောက် သွားပေးပါလား၊ မင်းက အဆင့်သုံး အငြိုးကြီးတစ္ဆေ ပြည့်စုံခြင်းအဆင့်တောင် ရောက်နေပြီပဲဥစ္စာ၊ လေ့ကျင့်ခန်း လုပ်တာပေါ့"

အားယန်က ထရပ်လိုက်ပြီး လက်ယမ်းကာ ပြောသည်။

"ကျွန်မလား၊ ကျွန်မ မလုပ်နိုင်ပါဘူး"

"အားယန်က ကိုးယင်ခန္ဓာပိုင်ရှင် ဖြစ်တဲ့အပြင် အငြိုးကြီးတစ္ဆေ ပြည့်စုံခြင်းအဆင့်လည်း ဖြစ်တယ်၊ ဒီနေရာမှာ မင်းကလွဲရင် ဘယ်သူက အဖွဲ့ခေါင်းဆောင် လုပ်နိုင်ဦးမှာလဲ၊ မင်းပဲ လုပ်လိုက်ပါ၊ အားယန်က ဦးဆောင်၊ ဟို ရေနစ်သေတဲ့ကောင်နဲ့ ဟို ဘယ်သူလဲ၊ ဟိုဘက်ကို လှည့်မကြည့်နဲ့၊ မင်းကို ပြောနေတာ၊ မင်းတို့ အားယန်အစ်မဆီကနေ အတုယူကြစမ်း၊ ကဲ... မင်းတို့ ကျန့်ရှဲ့လမ်း အမှတ် ၄၆ ကို သွားကြချေ"

ဤစကားများသည် မြှောက်ပင့်ပြီး တွန်းပို့နေခြင်း ဖြစ်သော်လည်း အားယန်သည် အလိုက်သိသူ ဖြစ်သဖြင့် ငြင်းပယ်ရန် ခက်ခဲလှသဖြင့် လက်ခံလိုက်ရတော့သည်။

အချိန်များသည် တစ်မိနစ်ပြီး တစ်မိနစ် ကုန်လွန်သွားကာ သန်းခေါင်ယံအချိန်သို့ နီးကပ်လာခဲ့ပြီ ဖြစ်သည်။ တစ်နှစ်တာပတ်လုံးတွင် အပူဆုံးရက်အနည်းငယ် ဖြစ်သဖြင့် ကျင်းဟိုင်မြို့၏ လမ်းမများပေါ်တွင် သရဲအနည်းငယ်မျှပင် မတွေ့ရချေ။

ကျိုးအိုက်ကော်သည် အဖွဲ့ကို ဦးဆောင်ကာ ကားငယ်လေးတစ်စီးဖြင့် မြို့ပြလမ်းမများပေါ်တွင် မောင်းနှင်ရင်း လေလွင့်ဝိညာဉ်များနှင့် နာနာဘာဝအချို့ကို လိုက်လံနှိမ်နင်းနေသည်။

မောင်းနှင်နေရင်းဖြင့် သူ၏ နားစည်ထဲတွင် ဘယ်ကမှန်းမသိသော ပုလွေမှုတ်သံများ တိုးတိုးတိတ်တိတ် ကြားနေရသကဲ့သို့ ခံစားနေရသော်လည်း သေချာနားစွင့်ကြည့်သောအခါ ဘာမှမကြားရပြန်ပေ။

ကျိုးအိုက်ကော်သည် နားကို ကလော်လိုက်ပြီး ကားပတ်ပတ်လည်ကို ဝေ့ဝဲကြည့်လိုက်ရာ ထုံးစံအတိုင်း တိတ်ဆိတ်လျက်ပင် ရှိသည်။

သို့သော် ထိုပုလွေမှုတ်သံမှာ ကျိုးအိုက်ကော်၏ နားထဲသို့ ခဏခဏ ပြန်လည်ဝင်ရောက်လာနေဆဲ ဖြစ်သည်။

ကျိုးအိုက်ကော်က မနေနိုင်တော့ဘဲ ကားမောင်းသမားကို မေးလိုက်သည်။

"အဖိုးကြီးလျို၊ မင်း ပုလွေမှုတ်သံ ကြားရလား"

"မကြားရပါဘူး စခန်းမှူး၊ ခင်ဗျား စိတ်ထင်လို့ နေမှာပါ"

"မဖြစ်နိုင်တာ"

ကျိုးအိုက်ကော်က ကားပြတင်းပေါက်ကို ဖွင့်ပြီး ခေါင်းကို အပြင်သို့ ပြူထွက်လိုက်ရာ ထိုပုလွေမှုတ်သံမှာ သူ၏ နားထဲတွင် ပိုမိုပြတ်သားစွာ ကြားလိုက်ရတော့သည်။

ကားမောင်းသမားပင်လျှင် ပုလွေသံကို ကြားလိုက်ရပြီ ဖြစ်သည်။

"စခန်းမှူး၊ တကယ်ပဲ ပုလွေမှုတ်သံ ရှိနေတာပဲ"

အရှိန်အဟုန်မှန်မှန်ဖြင့် မောင်းနှင်နေသော ကားမှာ ရုတ်တရက် စက်ရပ်သွားခဲ့သည်။

စကားပြောစက်ထဲမှနေ၍ နောက်ကား၏ အစီရင်ခံသံ ထွက်ပေါ်လာသည်။

"စခန်းမှူး၊ ကား စက်ချို့ယွင်းသွားပါပြီ"

"ကျွန်တော်တို့ကားလည်း စက်ချို့ယွင်းသွားပါပြီ"

"ကျွန်တော့်ဘက်ကလည်း အတူတူပါပဲ"

နောက်ကလိုက်ပါလာသော ကားများသည်လည်း တူညီသော ပြဿနာနှင့် ကြုံတွေ့ရပြီး လမ်းမပေါ်တွင် စက်ရပ်ကုန်ကြသည်။

ကားတစ်စီးတည်း စက်ပျက်ခြင်းမှာ တိုက်ဆိုင်မှု ဖြစ်နိုင်သော်လည်း ဤမျှများပြားသော ကားများ တစ်ချိန်တည်းတွင် စက်ပျက်သွားခြင်းမှာ သေချာပေါက် ပုံမှန်မဟုတ်ပေ။

ထိုတိုးတိုးတိတ်တိတ် ကြားနေရသော ပုလွေမှုတ်သံမှာ ပိုမိုနီးကပ်ပြတ်သားစွာ ထွက်ပေါ်လာပြီး အသံလာရာ အရပ်မှာ သူတို့ရှိနေသော လမ်း၏ အဆုံးဆီမှ ဖြစ်သည်။

ကြည့်ရသည်မှာ တစ်ဖက်လူက ရန်လိုသော သဘောဖြင့် လာခြင်း ဖြစ်ပေလိမ့်မည်။

ကျိုးအိုက်ကော်သည် စကားပြောစက်ကို ကိုင်ကာ ပြောလိုက်သည်။

"အားလုံး ကားထဲမှာပဲ နေကြ၊ အရမ်း မလှုပ်ရှားကြနဲ့"

"လက်ခံရရှိပါတယ်"

"လက္ခံ..."

"..."

နောက်ပိုင်းမှ ထွက်ပေါ်လာသော စကားပြောစက်မှ အသံများမှာ ရှဲရှဲမြည်သော လျှပ်စစ်စီးကြောင်းသံများသာ ဖြစ်နေတော့သည်။

စကားအနည်းငယ် ပြောဆိုနေစဉ်အတွင်းမှာပင် လမ်း၏ အဆုံး၌ အနီစက်လေးများ ရောပြွမ်းနေသော အမည်းရောင် အငွေ့အသက်ကြီးတစ်ခု ပေါ်လာပြီး ၎င်းအမည်းရောင်ငွေ့များသည် သူတို့ထံသို့ လျင်မြန်စွာ ပျံ့နှံ့လာနေသည်။

ဟင်... ဘယ်လို အခြေအနေကြီးလဲ။

သရဲမင်္ဂလာဆောင်ပွဲကြီးလား။

ကျိုးအိုက်ကော်တစ်ယောက် ဆွံ့အသွားခဲ့ရပြီ ဖြစ်သည်။

ပုလွေမှုတ်သံမှာ ပိုမိုကျယ်လောင်လာပြီး မောင်းသံများနှင့် ပုလွေသံများ တပြိုင်နက်တည်း ဆူညံစွာ ထွက်ပေါ်လာသဖြင့် လူတို့၏ ရင်ထဲတွင် ဟာလာဟင်းလင်း ဖြစ်သွားရစေသည်။

“ဝုန်း...”

ကားနောက်ခန်းရှိ ယင်ဓာတ်စစ်ဆေးသည့် ကိရိယာမှာ တစ်ချက်မျှ ပေါက်ကွဲသွားပြီးနောက် မီးခိုးဖြူများ ထွက်လာတော့သည်။

ကျိုးအိုက်ကော်၏ ဦးနှောက်မှာ တုတ်ဖြင့် အရိုက်ခံလိုက်ရသကဲ့သို့ ဖြစ်သွားရသည်။ ဤကဲ့သို့သော စစ်ဆေးရေးကိရိယာမျိုးသည် အဆင့်ငါးအောက် သရဲများကို တိကျစွာ စစ်ဆေးနိုင်သော်လည်း ယခုအခါတွင်မူ တိုင်းတာနိုင်စွမ်းထက် ကျော်လွန်ကာ ပေါက်ကွဲသွားခဲ့ပြီ ဖြစ်သည်။ ဆိုလိုသည်မှာ ချဉ်းကပ်လာသော သရဲသည် အနည်းဆုံး အဆင့်ငါးနှင့် အထက်တွင် ရှိနေပေသည်။

ပြဿနာမှာ ယခုအခါတွင် သရဲပွဲတော်ပင် ကျော်လွန်သွားခဲ့ပြီ ဖြစ်ရာ အဆင့်ငါးအထက် သရဲများ မည်သည့်နေရာမှ ရောက်ရှိလာသနည်း။

ကျိုးအိုက်ကော်သည် တစ်ချက်တုန်လှုပ်သွားပြီး လက်ကိုင်ဖုန်းကို ထုတ်လိုက်ရာ မူလက လိုင်းအပြည့်တက်နေသော ဖုန်းလိုင်းမှာ လုံးဝမရှိတော့ချေ။ နာရီတွင် ညဉ့်သန်းခေါင် သုညနာရီ ငါးမိနစ်ဟု ပြသနေသည်။

သန်းခေါင်ယံ သုညနာရီ ငါးမိနစ်တွင် ပုလွေသံ မြည်ဟည်းလာပြီး သရဲမင်္ဂလာဆောင်ပွဲကြီး ဆင်နွှဲနေခြင်း ဖြစ်ပေသည်။

“တီတူးတီးတား တီတူးတီး...”

ပုလွေသံမှာ ပိုမိုပြတ်သားလာပြီး ပိုမိုနီးကပ်လာခဲ့ပြီ ဖြစ်သည်။

ကျိုးအိုက်ကော်သည် တစ်ကိုယ်လုံး တုန်လှုပ်သွားရပြီး သရဲအငွေ့အသက်များ လွှမ်းခြုံနေသော ပုလွေမှုတ်အဖွဲ့တစ်ဖွဲ့သည် မြူမှောင်များထဲမှ ဖြတ်သန်းလာသည်ကို မြင်လိုက်ရသည်။ သူတို့သည် အမည်းရောင်ပိတ်စ ဝတ်စုံများကို ဝတ်ဆင်ထားပြီး ယင်ဓာတ်များ ရစ်သိုင်းနေကာ မျက်နှာကို ဖုံးအုပ်ထားကြသည်။

အဖြူရောင်ပိတ်စပေါ်တွင် အနီရောင် 'မင်္ဂလာ' စာသားများ ရေးထိုးထားပြီး ဘေးတစ်ဖက်စီတွင် 'ငြိမ်သက်စေ' နှင့် 'ရှောင်ကွင်းစေ' ဟူသော ဆိုင်းဘုတ်နှစ်ခုကို ကိုင်ဆောင်ထားကြသည်။

ဆိုင်းဘုတ်များ၏ နောက်ကွယ်တွင်မူ ကြီးမားလှသော ဝေါယာဥ်ကြီးတစ်စီး ရှိနေပြီး အနီရောင် ပိတ်ပါးစများ လွှမ်းခြုံထားသည်။ ဝေါယာဥ်ထဲတွင် သရဲတစ်ကောင်ကို ဝေဝါးစွာ မြင်တွေ့နေရပြီး လေတိုက်ခတ်မှုကြောင့် လိုက်ကာစများ လွင့်ပျံသွားချိန်တွင် သေးငယ်ပြီး သပ်ရပ်လှပသော မေးစေ့လေးကို မြင်တွေ့လိုက်ရသည်။

ပုလွေမှုတ်အဖွဲ့၏ လျှောက်လှမ်းမှု အရှိန်မှာ အလွန်လျင်မြန်လှရာ စောစောကပင် မီတာတစ်ထောင်ခန့် အကွာတွင် ရှိနေသော်လည်း မျက်စိတစ်မှိတ်အတွင်း မီတာတစ်ရာအကွာသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

မိစ္ဆာနှိမ်နင်းရေး ရဲစခန်း၏ ကားငယ်လေးမှာ လမ်းမကြီး၏ အလယ်တွင် စက်ပျက်နေသဖြင့် ဆင်ရိုင်းကြီး၏ လမ်းကို ပိတ်ဆို့ထားသော ပုရွက်ဆိတ်အုပ်စုကဲ့သို့ ဖြစ်နေတော့သည်။

ကျိုးအိုက်ကော်တစ်ယောက် ကြောင်အမ်းနေဆဲ ဖြစ်သော်လည်း ကားမောင်းသမားမှာမူ ချန်ကျိုးဆွဲပေးထားသော အဆောင်ကို ထုတ်ယူကာ ခေါင်းပေါ်တွင် တင်ထားနှင့်ပြီးပြီ ဖြစ်သည်။

“ဟုတ်သားပဲ... ဆရာကြီးချန် ဆွဲပေးထားတဲ့ အဆောင် ရှိသားပဲ၊ ဒါပေမဲ့ ဒါက အဆင့်မြင့်သရဲတွေအပေါ် အာနိသင် ရှိ၊ မရှိတော့ မသိဘူး”

ကျိုးအိုက်ကော်သည် ရင်ထဲမှ ကြောက်ရွံ့စိတ်ကို အတင်းအဓမ္မ ဖိနှိပ်လိုက်ပြီး အိတ်ထဲမှ အဆောင်ကို ထုတ်ကာ ကားမောင်းသမားကဲ့သို့ ခေါင်းပေါ်တွင် တင်လိုက်လေသည်။

မင်္ဂလာဆောင်အဖွဲ့သည် ဝိညာဉ်ချုပ်ထိန်းရေးဌာန၏ ကားရှေ့သို့ ရောက်ရှိလာသောအခါ စိုးစဉ်းမျှ တုံ့ဆိုင်းသွားခြင်း မရှိဘဲ ကားကြီး မရှိသကဲ့သို့ ဖြတ်သန်းသွားကြသည်။

ကားထဲရှိ လူများသည် မျက်စိရှေ့တွင် ရုတ်တရက် မှောင်အတိ ကျသွားသည်ဟု ခံစားလိုက်ရပြီး ခန္ဓာကိုယ်၏ အရေပြားလက်မတိုင်းသည် သေခြင်းတရား၏ အငွေ့အသက်များအောက်တွင် ကြောက်ရွံ့တုန်လှုပ်မှု အချက်ပြမှုများကို ထုတ်လွှတ်နေကြသည်။ နားထဲတွင်မူ ပုလွေသံကိုသာ ကြားနေရပြီး သူတို့၏ နှလုံးသားများသည် ပုလွေသံ၏ စည်းချက်တိုင်းနှင့်အတူ တုန်ခါနေတော့သည်။

ကျိုးအိုက်ကော်သည် မျက်စိကို တင်းတင်းမှိတ်ကာ ကိုယ်ကို ငုံ့ထားလိုက်သည်။

မင်္ဂလာဆောင်အဖွဲ့ကြီးမှာ အလွန်တရာ ရှည်လျားလှသဖြင့် တစ်စက္ကန့်ချင်းစီ ကုန်လွန်သွားခြင်းမှာ တစ်နှစ်ခန့် ကြာမြင့်နေသကဲ့သို့ ခံစားရစေသည်။

အချိန်မည်မျှ ကုန်လွန်သွားသည်မသိဘဲ ပုလွေသံမှာ တဖြည်းဖြည်း ဝေးကွာသွားမှသာ ကျိုးအိုက်ကော်သည် မျက်စိဖွင့်ရဲပြီး လှုပ်ရှားရဲတော့သည်။

ရှေ့ဘက်ရှိ လမ်းမကြီးမှာ မြူခိုးများ လွှမ်းခြုံထားသကဲ့သို့ အမြင်အာရုံများ ဝေဝါးနေသည်။

ကျိုးအိုက်ကော်သည် မိမိ၏ လက်ကို ဆန့်ထုတ်လိုက်ရာ လက်ချောင်းငါးချောင်းကို အနီးကပ်တွင် သေချာမြင်ရသော်လည်း အနည်းငယ် ဝေးကွာသွားသည်နှင့် ဝေဝါးသွားတော့သည်။

ဘေးနားရှိ ကားမောင်းသမားက မျက်စိကို ပွတ်ရင်း ပြောသည်။

"စခန်းမှူး၊ ကျွန်တော့်မျက်စိတွေ ဘာမှမမြင်ရတော့ဘူး"

ဝေါကီတော်ကီ ဆက်သွယ်မှုလည်း ပြန်လည်ကောင်းမွန်လာသည်။

"စခန်းမှူး၊ ကြားရလား၊ ကျွန်တော်တို့အားလုံး ဘာမှသေချာ မမြင်ရတော့ဘူး"

ဝိညာဉ်ကမ္ဘာမှ လာသော ဤမင်္ဂလာဆောင်အဖွဲ့၏ ခန္ဓာကိုယ်ပေါ်တွင် သရဲအငွေ့အသက်များ အပြည့်ရှိနေရာ သာမန်လူသားများ မည်သို့ တောင့်ခံနိုင်မည်နည်း။ ချန်ကျိုး၏ အဆောင်သာ မရှိပါက သူတို့အားလုံးမှာ စောစောစီးစီးပင် အသက်ပျောက်နေကြပြီ ဖြစ်သည်။

"အားလုံး နေရာမှာပဲ နေကြ၊ ဝိညာဉ်ချုပ်ထိန်းရေးဌာနရဲ့ စစ်ကူကို စောင့်ကြ"

ကျိုးအိုက်ကော်သည် နှလုံးခုန်သံများ မြန်ဆန်နေဆဲ ဖြစ်သည်ဟု ခံစားရကာ ကားပေါ်မှ ဆင်းပြီး လော့ယွီမင်ထံသို့ ဖုန်းခေါ်ဆိုလိုက်သည်။

ဖုန်းမှာ ချက်ချင်းပင် လိုင်းဝင်သွားခဲ့သည်။

"လော့ယွီမင်၊ ငါ ခုနက လမ်းပေါ်မှာ သရဲတွေရဲ့ မင်္ဂလာဆောင်အဖွဲ့နဲ့ တိုးခဲ့တယ်၊ အခု ငါ့လူတွေ မျက်စိတွေ ဘာမှမမြင်ရတော့ဘူး၊ မင်း အမြန်ဆုံး လူလွှတ်ပြီး ငါတို့ကို လာကြိုပေးပါဦး"

"မင်းပြောတာက... မင်း ခုနက သရဲဘုရင်နဲ့ ထိပ်တိုက် တိုးခဲ့တယ်ပေါ့ ဟုတ်လား"

All Chapters