← Chapters

အခန်း ၁၁၇

Vol. 12 Ch. 117

အခန်း ၁၁၇

Vol. 12 Ch. 117

Chapter 117

ထန်ထိုက်မင်ယွဲ့သည် ကျန်းယိုယိုကို တစ်ချက်ဝေ့ကြည့်ကာ “အင်း”ဟု ခပ်ပြတ်ပြတ် ပြန်ထူးလိုက်သည်။

အခြေခံအဆင့်သာ ရှိပြီး ပါရမီမှာလည်း အာဟာရဖြည့်တင်းပေးထား၍ ဖြစ်ပေါ်လာခြင်းဖြစ်သည်မှာ ထင်ရှားလှ၏။ အဆင့်ခုနစ်ထက် မြင့်မားသော ကျွမ်းကျင်သူတစ်ယောက်က ဤကဲ့သို့ အခြေခံအဆင့် ကျင့်ကြံသူတစ်ဦးကို တပည့်အဖြစ် လက်ခံခြင်းသည် ရုပ်ရည်ချော မောလှပသည်ကို သဘောကျ၍သာဖြစ်ရမည်။

ဆရာနှင့် တပည့်အမည်ခံကာ ဖောက်ပြန်သောအမှုကို ပြုကျင့်နေခြင်းဖြစ်သည်။

“လူပွေကြီး”

ကျန်းယိုယိုသည် သူမ ရှေ့မှ သရဲဘုရင်အဆင့်ရှိသော ဆရာကတော်ကို ခိုး၍မော့ကြည့်လိုက်မိသည်။

အလွန်လှပလွန်းလှသည်။ ဤသည်မှာ လူ့ပြည်သို့ ဆင်းသက်လာသော နတ်သမီးတစ်ပါးလော။

မိမိကိုယ်ကိုယ် ရုပ်ရည်အတော်အတန် ချောမောလှပသည်ဟု ထင်မှတ်ထားသော်လည်း ထန်ထိုက်မင်ယွဲ့၏ရှေ့မှောက်တွင်မူ အလိုလိုနေရင်း သိမ်ငယ်စိတ် ဝင်မိသွားရသည်။

သူမ ကဲ့သို့ မိန်းကလေးတစ်ယောက်ကကြည့်လျှင်ပင် ရင်ခုန်မိလုနီးပါး ဖြစ်ရ၏။

"သုန်းသုန်းချီ၊ ငါ ချန်ကျိုးကြီးရဲ့ တိုက်ပွဲဝင်ဆုလာဘ်ကို အထဲ သယ်လာခဲ့"

ချန်ကျိုး အိမ်ထဲမှနေ၍ အော်ဟစ်လိုက်သည်။

ကျန်းယိုယိုသည် ငေးမောနေသော အကြည့်များကို အလျင်အမြန် ရုပ်သိမ်းကာ ခေါင်းငုံ့လျက် အိမ်လေးထဲသို့ ပြေးဝင်သွားတော့သည်။

"ဆရာ၊ သမီးက စခန်းမှူးကျိုး မဟုတ်ပါဘူး၊ သမီး ယိုယိုပါ"

ချန်ကျိုးသည် ဆိုဖာပေါ်တွင် ထိုင်ကာ မျက်လုံးများကို မှေးထားလျက် ကျန်းယိုယို နှာခေါင်းဖျားနားအထိ တိုးကပ်ကြည့်ရှုမှသာ တပည့်မလေး၏မျက်နှာကို သေချာမြင်ရတော့သည်။

"အော်၊ လုံးလုံးလေးကိုး၊ ဆရာ အခုတင် တိုက်ပွဲဆင်နွှဲထားပြီး ဒဏ်ရာအပြင်းအထန်ရထားတာမို့ သေချာမမြင်ရလို့ပါ"

ချန်ကျိုး တံတွေးတစ်ချက် မျိုချလိုက်၏။

အိမ်အပြင်ဘက်မှ ထန်ထိုက်မင်ယွဲ့သည် ထိုမြင်ကွင်းကို သေချာစွာမြင်တွေ့လိုက်ရသဖြင့် မျက်ခုံးများ ထောင်တက်သွားရသည်။

ဤချန်ကျိုးသည် အလွန်မိန်းမပွေလှသည်။ ယမန်နေ့ညကမှ မိမိနှင့် လက်ထပ်ထားပြီး ယနေ့တွင်မူ မိမိ၏တပည့်မလေးနှင့် ရောထွေးနေပြန်ပြီ။

ထန်ထိုက်မင်ယွဲ့သည် အိမ်ထဲသို့ တိုက်ရိုက်ဝင်လာကာ ချန်ကျိုး၏ကုတင်ပေါ်တွင် ထိုင်လိုက်သည်။

ကျိုးအိုက်ကော်သည် အိမ်ထဲသို့ လိုက်မဝင်ရဲချေ။ သူသည် အခြေအနေကို နားလည်သောလူဖြစ်၏။ မိန်းမနှစ်ယောက် ရှိနေလျှင် ပွဲကတော့ စပြီဖြစ်ရာ တစ်ယောက်က ချန်ကျိုး တရားဝင်လက်ထပ်ထားသော သရဲဘုရင်မ ဖြစ်ပြီး နောက်တစ်ယောက်က ချန်ကျိုးနှင့် ရင်းနှီးသော တပည့်မလေး ကျန်းယိုယိုဖြစ်သဖြင့် မည်သူ့ကိုမျှ မပြစ်မှားရဲသဖြင့် ဝေးဝေးတွင် ပုန်းနေခြင်းက အကောင်းဆုံးဖြစ်ပေသည်။

ချန်ကျိုး ဆက်ပြောလိုက်သည်။

"လုံးလုံးလေး၊ ဆရာ အခု စွမ်းအားမပြည့်ဝသေးလို့ အပူဒဏ်ပြေပျောက်ပြီး အဆိပ်ပြယ်အောင် ဖရဲသီးအကြီးကြီး တစ်လုံးလိုအပ်နေတယ်"

ကျန်းယိုယိုသည် တစ်ကိုယ်လုံး တုန်ရင်သွားကာ အိမ်ထဲရှိ အပူချိန်မှာ ချက်ချင်းကျဆင်းသွားသဖြင့် ဆရာကတော် စိတ်ဆိုးနေပြီ ဖြစ်ကြောင်း ရိပ်မိလိုက်သည်။

"ဆရာ၊ သမီး ဖရဲသီး သွားဝယ်ပေးပါ့မယ်"

ကျန်းယိုယိုသည် စကားတစ်ခွန်း ချန်ထားခဲ့ကာ အိမ်လေးထဲမှ ထွက်ပြေးသကဲ့သို့ ထွက်ခွာသွားတော့သည်။

ချန်ကျိုးသည် ဖူးယောင်နေသော ဝက်ခေါင်းကြီးကို ထန်ထိုက်မင်ယွဲ့ဘက်သို့လှည့်ကာ မျက်လုံးများကို မှေးလျက် မေးလိုက်သည်။

"နင်က ဘယ်သူလဲ"

သူမကို သေချာမြင်ရရန် ထန်ထိုက်မင်ယွဲ့၏ရှေ့သို့ တိုးကပ်သွား၏။

"ရှင် တကယ်ကို နှာဘူးလေးပဲ၊ ကျွန်မက မနေ့ညကမှ ရောက်လာတာကို ဒီနေ့ကျတော့ ကျွန်မကို မမှတ်မိတော့ဘူးလား"

ထန်ထိုက်မင်ယွဲ့ မဲ့ပြုံး ပြုံးလိုက်သည်။

“ကျွန်မ”

“အော်၊ ငါ့ကို ပြုစုလုပ်ကျွေးချင်တဲ့ မိန်းမငယ်လေးကိုး”

“ထားပါတော့၊ နင်က ဒီလို စိတ်ရင်းမှန်နေမှတော့ ငါ ချန်ကျိုးကြီးက နင့်ကို အခွင့်အရေးတစ်ခု ပေးရတာပေါ့”

ချန်ကျိုးသည် ပျားအုံကိုထန်ထိုက်မင်ယွဲ့၏ ရင်ခွင်ထဲသို့ ထိုးထည့်လိုက်၏။

"နင် ငါ ချန်ကျိုးကြီးအတွက် ပျားရည်တွေကို နှိုက်ပေး"

ပြောပြီးနောက် မှန်တင်ခုံရှေ့သို့ တိုးကပ်သွားသည်။

"ဒီဝက်ခေါင်းက ဘယ်သူလဲ၊ အော်၊ ငါ ချန်ကျိုးကြီးကိုး၊ ဟင်း၊ ဒီပျားအုံသေးသေးလေးက ဒီလောက် အစွမ်းထက်လိမ့်မယ်လို့ မထင်မှတ်ထားမိဘူး"

...

ဟွမ်ရှောင်မော့သည် စိတ်ကျန်းမာရေးဆေးရုံသို့ ရောက်ရှိပြီးနောက် အားယွမ်၏ရုံးခန်းထဲသို့ ပြေးဝင်ကာ ဒဏ်ရာများကို ကုသပေးရန် ဆရာဝန်အားယွမ်ကို ရှာဖွေတော့သည်။

ပြီးခဲ့သည့်အခေါက်က လူတစ်ယောက်နှင့် မြွေပါတစ်ကောင် ဆက်ဆံရေးရှိခဲ့ပြီးနောက် ၎င်းတို့ကြားတွင် ပြောဆိုဆက်သွယ်မှုများ ရှိလာခဲ့သည်။

"ချန်ကျိုး ဘယ်သွားပြီး ပြဿနာရှာလာပြန်တာလဲ၊ ပျားတုပ်ခံရလို့ တစ်ခေါင်းလုံး ဖူးယောင်နေတာပဲ"

ဆရာဝန်အားယွမ်က ဟွမ်ရှောင်မော့ကို ဆေးထည့်ပေးရင်း ကုသပေးနေသည်။

"အား၊ ဖြည်းဖြည်းလုပ်ပါ၊ နာတယ်"

ဟွမ်ရှောင်မော့ကမူ သနားစရာကောင်းအောင် ပြောလိုက်သည်။

"သူက ပျားရည်စားချင်လို့ ပျားအုံကိုပိုက်ပြီး ပြန်လာတာ၊ ငါတို့ လမ်းတစ်လျှောက်လုံး အလိုက်ခံရတာ"

"ခံရမှာပေါ့"

ဆေးထည့်ပြီးနောက် ဟွမ်ရှောင်မော့သည် အိမ်လေးဆီသို့ ခိုးကြောင်ခိုးဝှက် လမ်းလျှောက်သွားစဉ် "ထိပ်သီးကျင့်ကြံသူ" အစီအစဉ်၏ ဒုတိယဒါရိုက်တာ လီခယ်သည် မည်သည့်အချိန်က ရောက်ရှိနေသည်မသိဘဲ စိတ်ကျန်းမာရေးဆေးရုံသို့ ရောက်ရှိနေသည်ကို မြင်လိုက်ရသည်။

ဟွမ်ရှောင်မော့၏ပုံစံကို မြင်သောအခါ လီခယ်သည် အံ့အားသင့်သွားပြီးနောက် ရယ်ချင်သော်လည်း မရယ်ရဲသော အမူအရာဖြင့် စကားဆိုလာသည်။

"မစ္စတာဟွမ်၊ စာချုပ်ကို မူကြမ်းရေးဆွဲပြီးလို့ ခင်ဗျားဆီ ဖုန်းဆက်တာ ဘယ်လိုမှ ဆက်သွယ်လို့မရလို့ပါ၊ ခင်ဗျား စာချုပ်ကို တစ်ချက်လောက် ကြည့်ချင်ပါသလား"

ဟွမ်ရှောင်မော့သည် သေချင်စိတ်ပင် ပေါက်သွားရသည်။

မိမိ၏ယခုပုံစံမှာ အလွန်ရုပ်ဆိုးနေမည်မှာ သေချာလှ၏။

ထားပါတော့။ အလှည့်ကျ ရယ်မောခြင်းကို ခံရပြီးပြီဖြစ်ရာ ဤတစ်ကြိမ်လည်း အပိုမရှိတော့ချေ။

ဟွမ်ရှောင်မော့သည် စာချုပ်ကိုလှမ်းယူကာ သေချာစွာ ဖတ်ရှုလိုက်သည်။

"ဒီနေရာကို နည်းနည်းပြင်ရမယ်၊ အဖွဲ့ (B) သည် အဖွဲ့ (A)၏ အစီအစဉ်အတိုင်း တိကျစွာ လိုက်နာရမည် ဆိုတဲ့နေရာ"

"ဒီနေရာက ဘာဖြစ်လို့လဲခင်ဗျာ"

"ဒါ ဘယ်နေရာလဲ"

"ချင်ရှန်း စိတ်ကျန်းမာရေးဆေးရုံလေ"

"မင်းက စိတ်ဝေဒနာရှင်တစ်ယောက်ကို မင်းတို့ရဲ့ အစီအစဉ်အတိုင်း တိကျစွာလိုက်နာခိုင်းနေတာလား"

"ဒါဆို တတ်နိုင်သမျှ လိုက်နာရမည်လို့ ပြင်လိုက်ရမလား"

"ပြီးတော့ ဒီနေရာလည်း ရှိသေးတယ်၊ ချန်ကျိုးက အခု အရမ်းအလုပ်များနေတာ၊ မိစ္ဆာနှိမ်နင်းရေး ရဲစခန်း၊ ဝိညာဉ်ချုပ်ထိန်းရေးဌာန ပြီးတော့ တခြားလူတွေကလည်း ချန်ကျိုးဆီ အကူအညီတောင်းဖို့လာကြတာ၊ ချန်ကျိုးက အစီအစဉ်တစ်ခုလုံးကို အချိန်ပြည့် တက်ရောက်နိုင်ဖို့ မသေချာဘူး"

"ဒါ... မကောင်းဘူးထင်တယ်၊ ဒါက စာချုပ်ဖြစ်တာမို့ နှစ်ဦးနှစ်ဖက်မျှတရမှာပေါ့"

...

ဒုတိယဒါရိုက်တာ လီခယ်နှင့် ဟွမ်ရှောင်မော့တို့သည် နှစ်နာရီကျော်မျှ ငြင်းခုံကြပြီးနောက် နောက်ဆုံးတွင် စာချုပ်ကို အတည်ပြုနိုင်ခဲ့ကာ ချင်ရှန်း စိတ်ကျန်းမာရေးဆေးရုံ၏ပရင်တာဖြင့် ရိုက်နှိပ်ထုတ်ယူလိုက်ပြီးနောက် ဟွမ်ရှောင်မော့သည် စာချုပ်ကိုပိုက်ကာ ချန်ကျိုးထံသို့ လက်မှတ်ထိုးခိုင်းရန် ဝမ်းသာအားရပြေးသွားတော့သည်။ လီခယ်မှာမူ အလွန်ပျော်ရွှင်ပုံမရချေ။ သူသည် ဤမြွေပါငယ်ကို ဥပဒေကျောင်း ဆင်းတစ်ယောက်လောဟု သံသယဝင်မိသွားသည်။

စံနမူနာပြ စာချုပ်ပါ အချက်အလက်အများအပြားမှာ ဟွမ်ရှောင်မော့၏တောင်းဆိုချက်ကြောင့် ပုံစံပျက်သွားခဲ့ရသည်။

အကယ်၍ ချန်ကျိုး၏လူကြိုက်များမှုကြောင့်သာ မဟုတ်လျှင် ရုပ်မြင်သံကြား အစီအစဉ်အဖွဲ့က ဤကဲ့သို့သော စာချုပ်မျိုးကို လုံးဝ သဘောတူမည် မဟုတ်ချေ။

ဟွမ်ရှောင်မော့သည် စာချုပ်ကိုပိုက်ကာ အိမ်လေးထဲသို့ဝင်လာသောအခါ ထန်ထိုက်မင်ယွဲ့သည် ခုံတန်းလျားလေးပေါ်တွင် ထိုင်လျက် ဇွန်းဖြင့် ပျားအုံထဲမှ ပျားရည်များကို ဂရုတစိုက်ခပ်ပေးနေသည်ကို တွေ့ရသည်။

ချန်ကျိုးသည် ကုတင်ပေါ်တွင် ခြေပစ်လက်ပစ် လှဲလျက်မုန့်စားနေပြီး မှေးမှိန်သော အမြင်အာရုံဖြင့် သေးငယ်သော အရိပ်တစ်ခု ဝင်လာသည်ကို မြင်လိုက်ရသဖြင့် ကုတင်ပေါ်မှ ထထိုင်ကာ မေးလိုက်သည်။

"ဟွမ်ရှောင်မော့၊ မင်း ဘယ်သွားနေတာလဲ"

ဟွမ်ရှောင်မော့သည် စားပွဲရှေ့သို့ လမ်းလျှောက်သွားကာ အံဆွဲကို ဆွဲဖွင့်၍ ဖောင်တိန်တစ်ချောင်း ထုတ်လိုက်သည်။

"ထိပ်သီးကျင့်ကြံသူ အစီအစဉ်ရဲ့ စာချုပ်ရောက်လာပြီ၊ မင်း လက်မှတ်ထိုးရမယ်၊ ချန်ကျိုးဆိုတဲ့ စာလုံးနှစ်လုံးပဲ ထိုးရမယ်၊ မောင်ကြီးကျိုး လို့လည်း ထိုးလို့မရဘူး၊ ချန်ကျိုးကြီးလို့လည်း ထိုးလို့မရဘူး"

ဟွမ်ရှောင်မော့သည် ချန်ကျိုး၏ဘေးသို့ ခုန်တက်ကာ စာချုပ်ကို ဖြန့်ခင်းပေးလိုက်သည်။

ချန်ကျိုး ငြင်းခုံရန် ပြင်လိုက်စဉ် ဟွမ်ရှောင်မော့က ကြားဖြတ်ပြောလိုက်သည်။

"မင်း တီဗီမှာ ပါချင်ရင် ချန်ကျိုးလို့ပဲ လက်မှတ်ထိုးရမယ်"

ချန်ကျိုး ခဏမျှ စဉ်းစားလိုက်ပြီးနောက် တီဗီမှာ ပါဖို့က ပိုအရေးကြီးသည်ဟု တွေးမိလိုက်သည်။

ချန်ကျိုးသည် မျက်စိအလွန်မှုန်သော လူတစ်ယောက်ကဲ့သို့ စာချုပ်အနားသို့ တိုးကပ်သွားကာ ဟွမ်ရှောင်မော့၏ ညွှန်ကြားမှုအောက်တွင် လက်မှတ်ထိုးရမည့်နေရာ၌ မိမိ၏နာမည်ကို ရေးထိုးလိုက်တော့သည်။

လက်မှတ်ထိုးပြီးနောက် ဟွမ်ရှောင်မော့သည် လီခယ်နှင့် ဆက်လက်ဆွေးနွေးရန် အပြင်သို့ ပြေးထွက်သွားပြန်သည်။

ခုံတန်းလျားလေးပေါ်တွင် ထိုင်ကာ ပျားရည်ခပ်ပေးနေသော ထန်ထိုက်မင်ယွဲ့မှာမူ လုပ်လေလုပ်လေ ပိုစိတ်ပျက်အားငယ်မှုကို ခံစားရလေ ဖြစ်နေသည်။

သူမသည်......

ဝိညာဉ်ဈေး၏ အရှင်သခင်

ဝိညာဉ်ကမ္ဘာ၏ ပထမဆုံး သရဲဘုရင်မ

ယခုမူ ဤနေရာတွင် လူတစ်ယောက်အတွက် ပျားရည်ခပ်ပေးနေရသည်တကား။

ဒေါသထွက်လွန်းလို့ ပေါက်ကွဲတော့မည်။

‘စိတ်အေးအေးထား၊ စိတ်အေးအေးထား၊ ထန်ထိုက်မင်ယွဲ့၊ နင် စိတ်အေးအေးထားရမယ်’

မှန်ပေသည်။ သည်းခံခြင်းအပြင် ဤစိတ်ဝေဒနာရှင်၏စွမ်းအားကို စမ်းသပ်ရန် နည်းလမ်းတစ်ခု စဉ်းစားရမည်။

သူက တကယ်လို့ အဆိပ်ကျင့်ကြံသူတစ်ယောက်ဆိုရင် အဆိပ်အတတ်က အတော်အတန်ကောင်းမွန်ရမည်။ နောက်မှ အခွင့်အရေးရှာပြီး အဆိပ်ခတ်ကာ စမ်းသပ်ကြည့်ရမည်။

သူက လူသားတစ်ယောက်ဖြစ်တဲ့အတွက် ဝိညာဉ်ကမ္ဘာကလာတဲ့ အဆိပ်တွေကို စမ်းသပ်ဖို့ အခွင့်အရေး သိပ်ရှိမှာမဟုတ်ဘူး။

All Chapters