အခန်း ၁၁၈
Vol. 12 Ch. 118
Chapter 118
"ဘာလို့ ကြောင်စီစီနဲ့ ရပ်နေသေးတာလဲ၊ မင်းကို ထမင်းသွားယူခိုင်းနေတာကို သွားလေ၊ လုံးလုံးလေးတောင် မင်းလောက် စကားမများဘူး"
ချန်ကျိုးသည် မျက်လုံးကို အတင်းကြိုးစား၍ အက်ကွဲကြောင်းလေးတစ်ခုစာ ဖွင့်လိုက်ပြီး ထန်ထိုက်မင်ယွဲ့ကို မည်သည့်ခြိမ်းခြောက်မှုမှ မရှိသော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
"ဟုတ်ကဲ့ပါ သခင်လေး ... ကျွန်မ အခုချက်ချင်း သွားပါ့မယ်"
ထန်ထိုက်မင်ယွဲ့သည် ထိုမျှအထိ အများကြီး မစဉ်းစားချင်တော့ပေ။ မျက်စိရှေ့သို့ ရောက်ရှိလာသော အခွင့်အရေးကို အမြန်ဆုပ်ကိုင်ရမည်သာ။
ထန်ထိုက်မင်ယွဲ့သည် ချန်ကျိုး၏ထမင်းချိုင့်ကို ကိုင်ဆောင်ထားရင်း ချန်ကျိုးတစ်ယောက် အဆိပ်သောက်မိပြီး မြေပြင်ပေါ်တွင် လူးလိမ့်နေမည့် ပုံစံကို တွေးတောမိကာ စိတ်ကြည် နူးသွားရသည်။
သူမသည် နှုတ်ခမ်းထောင့်ကို အနည်းငယ် ကွေးညွှတ်ကာ စိတ်ဝေဒနာရှင်များ နောက်သို့ လိုက်ပါရင်း ထမင်းစားဆောင်ဆီသို့ လျှောက်လှမ်းသွားခဲ့သည်။
ဟွမ်ရှောင်မော့သည် လီခယ်ကို လိုက်ပို့ပြီးနောက် ချန်ကျိုးအတွက် ရရှိထားသော စာချုပ်ကို ပွေ့ပိုက်ကာ ပြန်လာစဉ် ထန်ထိုက်မင်ယွဲ့ ပြုံးရွှင်နေသည်ကို မြင်တွေ့ရသဖြင့် နှုတ်ခမ်းကိုမဲ့လိုက်မိသည်။
ဤသရဲဘုရင်မကြီး၏ ဦးနှောက်သည်လည်း သိပ်ပြီး အလုပ်လုပ်ပုံမရချေ။ ချန်ကျိုးက သူမကို အစေခံမလေးတစ်ယောက်လို ခိုင်းစေနေသည်ကိုပင် အူမြူးနေသေးသည်။
ဟွမ်ရှောင်မော့သည် ချန်ကျိုး၏အခန်းငယ်ဆီသို့ အပြေးအလွှား ပြန်လာခဲ့သည်။ ထမင်းစားချိန် ရောက်ရှိပြီဖြစ်ရာ ၎င်းသည်လည်း ထမင်းပန်းကန်ကိုရွက်ပြီး ထမင်းသွားယူရမည် ဖြစ်သည်။
ထန်ထိုက်မင်ယွဲ့ ထမင်းစားဆောင် တံခါးဝသို့ ရောက်ရှိလာချိန်တွင် ထမင်းစားဆောင်တွင် စိတ်ဝေဒနာရှင်များ ပြည့်နှက်နေပြီဖြစ်ပြီး ပတ်ဝန်းကျင်တွင် သူနာပြုအများအပြားက စနစ်တကျရှိစေရန် ထိန်းသိမ်းပေးနေကြသည်။
"ဒီနေ့ ကြက်ခြေထောက်ပါတယ်၊ ငါ ကြက်ခြေထောက် မစားချင်ဘူး၊ ငါ အသားစားချင်တာ၊ ဘာလို့ အနံ့နံတဲ့ ချန်ကျိုးကျတော့ အသားစားရတာလဲ"
"ချန်ကျိုး ဘာလို့ ရောက်မလာသေးတာလဲ၊ သေချာပေါက် အခန်းထဲမှာ ပုန်းပြီး တစ်ယောက်တည်း အရသာရှိတာတွေ စားနေတာ ပဲဖြစ်ရမယ်"
"ချန်ကျိုးက ဝက်ခေါင်းကြီး ဖြစ်သွားပြီ၊ ချန်ကျိုး ဝက်ခေါင်းကြီး ဖြစ်သွားပြီ၊ ငါ ဝက်ခေါင်းသား စားတော့မယ်"
"အစ်မရှောင်ထောင်၊ ဒီနေ့ အရမ်းလှနေတာပဲ၊ ကျွန်တော့်ကို လက်ထပ်ပါလားဟင်"
ထန်ထိုက်မင်ယွဲ့သည် ဆူညံပြည့်နှက်နေသော လူအုပ်ကြီးကို မျက်မှောင်ကြုတ်ကာ ကြည့်ရှုရင်း ထမင်းထည့်ပေးရာနေရာသို့ တိုက်ရိုက် လျှောက်လှမ်းသွားခဲ့သည်။
သူမ၏ဘေးပတ်ပတ်လည်တွင် လွန်ခဲ့သောနာရီဝက်ခန့်အတွင်း တန်းစီနေကြသော စိတ်ဝေဒနာရှင်များသည် မမြင်ရသောလေထု တံတိုင်းတစ်ခုကြောင့် ဘေးဘယ်ညာသို့ ဖယ်ရှားခြင်း ခံလိုက်ရသည်။
တစ်တန်းလုံး ရုတ်ချည်း ရှုပ်ထွေးသွားခဲ့သည်။
"မိန်းကလေး၊ နင် ဘာလုပ်တာလဲ၊ ဘာလို့ ကြားဖြတ်ပြီး တန်းစီတာလဲ"
"တန်းစီတာ ကြားဖြတ်တဲ့လူက နောက်ဆုံးမှ ထမင်းစားရမယ်၊ ဘေးနားမှာ သွားရပ်နေ၊ ငါတို့ စားတာကို ကြည့်နေ"
"မိန်းမစုတ်၊ နင်က ချန်ကျိုးရဲ့ မိန်းမဆိုပြီး တန်းစီတာ ကြားဖြတ်လို့ရမယ် မထင်နဲ့၊ ချန်ကျိုး ထမင်းစားရင်တောင် တန်းစီရတယ်"
"ဟုတ်တယ်၊ ချန်ကျိုး ထမင်းစားတာတောင် တန်းစီရသေးတာ၊ နင်က သူ့မိန်းမဆိုပြီး တန်းစီတာ ကြားမဖြတ်သင့်ဘူး"
စိတ်ဝေဒနာရှင်များသည် ထန်ထိုက်မင်ယွဲ့ကို တန်းနောက်သို့ ဆွဲခေါ်ရန် ကြိုးပမ်းကြသည်။
သို့သော် လက်မထွက်မီမှာပင် ထန်ထိုက်မင်ယွဲ့ကို မထိတွေ့နိုင်ဘဲ လွင့်စင်လဲကျသွားကြရသည်။
လက်မလျှော့သေးသော စိတ်ဝေဒနာရှင်အချို့က အော်ဟစ်ကြသည်။
"အစ်မရှောင်ထောင်၊ သူမကို ကြည့်ပါဦး၊ တန်းလည်းမစီဘူး၊ လူလည်း ရိုက်နေတယ်"
နာမည် ခေါ်ဆိုခံရသော သူနာပြုမကြီးသည် အသက်လေးဆယ်ကျော် အရွယ်ခန့်ရှိပြီး ခန္ဓာကိုယ်ထည်မှာ လော့ယွီမင်နှင့် ယှဉ်နိုင်ကာ ဆံပင်က ကောက်ကောက်၊ မျက်ခုံးက ထူထူနှင့် ပါးပြင်ပေါ်တွင် မှဲ့နက်ကြီးတစ်လုံး ရှိသည်။
"ဘယ်သူက ထမင်းမစားချင်ဘူးလဲလို့ ငါ ကြည့်..."
ထောင်ရှောင်ကျဲသည် စကားပင် မဆုံးသေးမီ ထန်ထိုက်မင်ယွဲ့က မျက်နှာချင်းဆိုင် လျှောက်လှမ်းလာသည်ကို မြင်တွေ့လိုက်ရသည်။
ထောင်ရှောင်ကျဲသည် တံတွေးကို မျိုချလိုက်ပြီး စိတ်ဝေဒနာရှင်များကို လှည့်၍ အော်ဟစ်လိုက်သည်။
"အားလုံး ဘာလို့ ဆူညံနေကြတာလဲ၊ အခြားအတန်းတွေရဲ့ အနောက်မှာ သွားပြီး တန်းစီကြ"
ထောင်ရှောင်ကျဲသည် ထန်ထိုက်မင်ယွဲ့၏မည်သူမည်ဝါဖြစ်ကြောင်း မသိရှိသော်လည်း ဝိညာဉ်ချုပ်ထိန်းရေးဌာနက လူများက ဤမိန်းမကို လုံးဝမထိပါးရန် အထပ်ထပ် မှာကြားထားခဲ့သည်။
သူမသည် စိတ်ထဲတွင် သေချာစွာ မှတ်သားထားသည်။
စကားပြောပြီးနောက် ထောင်ရှောင်ကျဲသည် ထန်ထိုက်မင်ယွဲ့ကို မနေနိုင်ဘဲ ထပ်မံ ကြည့်ရှုမိသည်။
ဤချန်ကျိုး၏မိန်းမသည် လှပချောမောပြီး ငြိမ်သက်အေးချမ်းပုံရသော်လည်း ဤမျှ မောက်မာလှသော မိန်းမတစ်ယောက် ဖြစ်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ လူအုပ်ကြီးကို တစ်ယောက်တည်းနှင့် နှိမ်နင်းနိုင်ရုံမျှမက ဝိညာဉ်ချုပ်ထိန်းရေးဌာန၏ အကြီးအကဲများကိုယ်တိုင် လာရောက်တွေ့ဆုံ ရသည်အထိဖြစ်ရာ သာမန်လူတစ်ယောက် မဟုတ်သည်မှာ သေချာလှသည်။
ထန်ထိုက်မင်ယွဲ့သည် ထမင်းထည့်ပေးသည့်နေရာသို့ ရောက်ရှိလာပြီး ထမင်းပန်းကန်ကို ကမ်းပေးလိုက်သည်။
"အသားဟင်း တစ်ပွဲပေးပါ"
ထန်ထိုက်မင်ယွဲ့ အမိန့်ပေးလိုက်သည်။
"မင်းက ချန်ကျိုးရဲ့ မိန်းမလား"
ထမင်းခူးပေးတဲ့အန်တီက ထမင်းပန်းကန်ကို လှမ်းယူရင်း သတိကြီးစွာဖြင့် မေးမြန်းလိုက်သည်။
သူမသည် နံနက်အစောပိုင်းကတည်းက ချန်ကျိုး၏မိန်းမ ရောက်ရှိလာကြောင်း၊ လူသား တစ်ယောက်နှင့် မတူလောက်အောင် လှပကြောင်း ကြားသိထားခဲ့ရပြီး ယခု မြင်တွေ့ရချိန်တွင် ကောလဟာလများထက်ပင် ပိုမိုလှပနေသည်ကို တွေ့ရှိရသည်။
ထန်ထိုက်မင်ယွဲ့သည် ဂရုမစိုက်ဘဲနေလိုက်သည်။ သူမသည် ဤကဲ့သို့သော အားနည်းလှသည့် လူသားများကို စကားပြောရန် ပျင်းရိလှပေရာ မိုက်မဲသော လူသားများကိုဆက်ဆံသည့် အချက်တွင် ချန်ကျိုးနှင့် အလွန်တူညီလှသည်။
ထမင်းထည့်ပေးပြီးနောက် ထန်ထိုက်မင်ယွဲ့သည် ထမင်းပန်းကန်ကို လက်နှစ်ဖက်ဖြင့် ကိုင်ဆောင်ကာ ထမင်းစားဆောင်မှ ထွက်ခွာလာပြီး ခြံဝင်းအတွင်းရှိ ထောင့်စွန်းဘက်မှတစ်ဆင့် အခန်းငယ်ဆီသို့ တမင် လျှောက်လှမ်းသွားခဲ့သည်။
သူမသည် စိုးရိမ်စိတ်ဖြင့် ရှေ့နောက်ဝဲယာကို ကြည့်ရှုပြီး ပတ်ဝန်းကျင်တွင် လူမရှိသည်ကို အခွင့်ကောင်းယူကာ အင်္ကျီလက်အတွင်းမှ လက်မအရွယ်ခန့်ရှိသော ကြွေပုလင်းလေးတစ်လုံးကို ထုတ်ယူလိုက်ပြီး ပုလင်းအဆို့ကို ဖွင့်ကာ အင်္ကျီလက်ဖြင့် ကွယ်၍ အဆိပ်များကို လောင်းထည့်လိုက်သည်။
ဖြူဖွေးသော အမှုန့်များသည် ပုလင်းအတွင်းမှ ထွက်ကျလာပြီး ဟင်းရည်နှင့် ထမင်းများပေါ်သို့ နှံ့စပ်စွာ ကျရောက်သွားခဲ့သည်။
ထိုအချိန်တွင် ဟွမ်ရှောင်မော့သည် လက်သည်းများဖြင့် အပြည့်အလျှံ ထည့်ထားသော ထမင်းပန်းကန်ကြီးကို မြှောက်ကိုင်ထားရင်း နောက်ခြေနှစ်ဖက်ကို ယှက်ကာ ခြေလှမ်းအငယ်လေးများဖြင့် လှုပ်လှုပ်ရွရွ လျှောက်လှမ်းလာပြီး သရဲဘုရင်မ၏ အရှေ့သို့ ကျော်တက်သွားခဲ့သည်။
"မင်း အများကြီး ယူလာတာပဲနော်"
ဟွမ်ရှောင်မော့က လျှောက်လှမ်းရင်း ပြောဆိုလိုက်သည်။
ထန်ထိုက်မင်ယွဲ့သည် စိတ်ထဲတွင် လန့်ဖျတ်သွားပြီး ဟွမ်ရှောင်မော့၏ထမင်းပန်းကန်ကို ကြည့်ကာ အံ့အားသင့်စွာ ပြောလိုက်သည်။
"မင်းက မြွေပါတစ်ကောင် ဖြစ်ပြီးတော့ ဒီလောက်အများကြီးစားတာလား"
"ဟုတ်ကဲ့၊ စိတ်ရောဂါကုဆေးရုံက ချန်ကျိုးအတွက် သီးသန့် အစားအသောက်တွေ လုပ်ပေးတာမို့ ဟင်းတွေက အရမ်းအရသာရှိတယ်၊ ကျွန်တော့် ဟင်းရည်တစ်ပန်းကန်တောင် ထမင်းထည့်ပေးတဲ့ နေရာမှာ ကျန်သေးတယ်၊ သွားမယူရသေးဘူး"
ချန်ကျိုးသည် အစားအသောက်မက်သူဖြစ်သကဲ့သို့ ဤဟွမ်ရှောင်မော့သည်လည်း အစားအသောက် မက်သူတစ်ကောင် ဖြစ်သည်။
အမှန်ပင် သခင်နှင့် အစေခံ တူညီကြပေသည်။
ဟွမ်ရှောင်မော့ အခန်းထဲသို့ အရင်ဝင်သွားပြီးနောက် ထန်ထိုက်မင်ယွဲ့က နောက်မှ လိုက်ပါလာခဲ့သည်။ ဟွမ်ရှောင်မော့သည် မိမိ၏ ထမင်းပန်းကန်ငယ်ကို စားပွဲပေါ်တွင် တင်ထားခဲ့ပြီး ထမင်းစားဆောင်သို့ ဟင်းရည်သွားယူရန် အပြေးအလွှား ပြန်လည် ထွက်ခွာသွားခဲ့သည်။
"သခင်လေး၊ ထမင်းစားရအောင်"
ထန်ထိုက်မင်ယွဲ့ ချိုသာအိစက်သော အသံဖြင့် ခေါ်ဆိုလိုက်သည်။
အဘယ်ကြောင့် ဖန်ကျင်းလျန်၏အငွေ့အသက်များ ရရှိနေရသနည်း။
(တရုတ်ရာဇဝင်ထဲမှ လင်ယောကျာ်းအား အဆိပ်ခပ်လုပ်ကြံသူ)
"ကျွန်မကတော့ လူတွေကို ပြုစုစောင့်ရှောက်တဲ့နေရာမှာ တကယ့်ကိုကျွမ်းကျင်တဲ့သူပဲ"
ကုတင်ပေါ်တွင် ထိုင်နေသော ချန်ကျိုးသည် နံနက်စာကိုပင် ဂရုမစိုက်နိုင်ဘဲ အကြာကြီးပြေးလွှားခဲ့ရသဖြင့် ဆာလောင်လွန်း၍ ဗိုက်နှင့်ကျောမှာ ကပ်လုနီးပါး ဖြစ်နေပြီဖြစ်ရာ ဖိနပ်ပင် မစီးနိုင်တော့ဘဲ စားပွဲရှေ့သို့ ပြေးလာကာ ခေါင်းကို ငုံ့၍ရောင်ကိုင်းနေသော မျက်ခုံးကြားမှ ကြည့်ရှုလိုက်သည်။
"ဒီနေ့က ဆောင်းဖရုံသီး နံရိုးဟင်းရည်ပဲ"
စနစ်၏အသံသည် ဦးနှောက်အတွင်း ရုတ်ချည်း မြည်ဟည်းလာခဲ့သည်။
[ချစ်လှစွာသော ရဲဘော် သုန်းသုန်းယောင် ၊ ဗဟိုဌာနချုပ်က ထမင်းထဲမှာ တစ်စုံတစ်ယောက်က ရည်ရွယ်ချက်ရှိရှိ အဆိပ်ခတ်ထားတာကို စုံစမ်းသိရှိရပါတယ်၊ အဲဒါကတော့ ဝိညာဉ်ခွဲအမှုန့် ဖြစ်ပါတယ်]
ဗဟိုဌာနချုပ်က သုန်းသုန်းယောင်ကို ထပ်မံဆက်သွယ်လာပြန်ပြီလော။
အလို၊ ပြန်လာကတည်းက ဗဟိုဌာနချုပ်ကို ပထမဆုံးအချိန်မှာ ဆက်သွယ်ဖို့ မေ့လျော့သွားခဲ့သည်။
ဗဟိုဌာနချုပ်က သုန်းသုန်းယောင်အပေါ် ဤမျှ ဂရုစိုက်သည်ကို သုန်းသုန်းယောင် အလွန်ဝမ်းသာကြည်နူးရသည်။
“စိတ်ချပါ၊ ငါ့ရဲ့ အစွမ်းထက်တဲ့ ဂြိုဟ်က ဗဟိုဌာနချုပ်ကြီး၊ သုန်းသုန်းယောင်က ဒီလိုအဆိပ်မျိုးနဲ့ လဲကျသွားမှာ မဟုတ်ပါဘူး၊ အဆိပ်တွေက သုန်းသုန်းယောင်ကို ပိုပြီးတော့ အစွမ်းထက်လာစေမှာပါ”
ချန်ကျိုးသည် ခါးကို မတ်လိုက်ပြီး အင်္ကျီအောက်မှ ဖောင်းကားနေသော ဗိုက်ကို ရှေ့သို့ ထုတ်ကာ မျက်နှာမူလိုက်သည်။
အခမ်းအနား ပြီးဆုံးသွားပြီးနောက် ချန်ကျိုးသည် ထမင်းမစားမီ ဟင်းရည်ပန်းကန်ကို မလိုက်သည်။
ထန်ထိုက်မင်ယွဲ့သည် ချန်ကျိုး၏လှုပ်ရှားမှုတိုင်းကို သေချာစွာ စိုက်ကြည့်နေပြီး “မြန်မြန်သောက်လိုက်ပါ၊ မြန်မြန်သောက်လိုက်ပါ” ဟု စိတ်ထဲမှ ရေရွတ်နေမိသည်။
ချန်ကျိုးသည် ခေါင်းကို မော့ကာ တစ်ကျိုက်တည်းဖြင့် အကုန်လုံးကို ကုန်စင်အောင် သောက်လိုက်သည်။
နှုတ်ခမ်းကို သုတ်လိုက်သည်။
ဤဟင်းရည်က အလွန် မွှေးကြိုင်လှဆဲဖြစ်ရာ သုန်းသုန်းယောင်သည် အားယွမ်းမျောက်နှင့် ထပ်မံတိုက်ခိုက်နိုင်သေးသည်။
[စနစ်သည် Host ၏ ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များကို သန့်စင်ပေးနေပါသည်... ဗဟိုဌာနချုပ်အဖြစ် ဟန်ဆောင်ခြင်း ကျရှုံးပါသည်]
ထန်ထိုက်မင်ယွဲ့သည် မျက်မှောင်ကြုတ်သွားခဲ့သည်။
သာမန် ဝိညာဉ်များသည် ဤအရာကို အနည်းငယ်မျှ ထိတွေ့မိရုံဖြင့် မခံနိုင်ဘဲ ဝိညာဉ်လွင့်စင်သွားရမည် ဖြစ်သော်လည်း ဤချန်ကျိုးသည် ဤမျှအထိ တောင့်ခံနိုင်နေသေးသည်။
“စွမ်းနိုင်ရင် ဆက်လုပ်စမ်းပါဦး၊ ဘယ်အချိန်အထိ တောင့်ခံနိုင်မလဲ ကြည့်ရသေးတာပေါ့”
ချန်ကျိုးသည် တူကို ကိုင်ကာ ထမင်းနှင့် ဟင်းများကို အားပါးတရ စားသောက်လိုက်သည်။
မကြာမီအချိန်တွင် ဟွမ်ရှောင်မော့သည်လည်း ဟင်းရည်ကို သယ်ဆောင်၍ ရောက်ရှိလာခဲ့သည်။
ဟွမ်ရှောင်မော့၏စားသောက်ပုံသည် ချန်ကျိုးနှင့် အလွန် တူညီလှပြီး အစားသရဲ နှစ်ကောင်ကဲ့သို့ဖြစ်နေသည်။
ထမင်းစားချိန်သည် နာရီဝက်ခန့် ကြာမြင့်ခဲ့ပြီး ထိုအတောအတွင်း ချန်ကျိုးက ထန်ထိုက်မင်ယွဲ့ကို ထမင်းတစ်ခေါက် ထပ်မံ ယူခိုင်းခဲ့သေးသည်။
ချန်ကျိုးသည် ဗိုက်ပူကြီးဖြင့် ကုလားထိုင်ပေါ်တွင် ထိုင်ကာ ကိုကာကိုလာတစ်ပုလင်းကို ကိုင်၍သောက်နေဆဲဖြစ်ပြီး လျှာလေးဖြင့် သွားကြားညပ်နေသော အစာဟောင်းများကို လျက်နေခဲ့သည်။
"ဂေ့( လေချဥ်တက်ခြင်း).... ဟွမ်ရှောင်မော့ မင်း ဗိုက်ဝပြီလား"
"ဝပါပြီ"
အပိုစကားပင် ဖြစ်ရာ ဗိုက်ဝရမည်သာ ဖြစ်သည်။ ဟွမ်ရှောင်မော့၏ရှည်လျားသော ခန္ဓာကိုယ်သည်ပင် ဖောင်းကားလုံးဝန်းနေပြီ ဖြစ်သည်။
ထန်ထိုက်မင်ယွဲ့သည် ကုတင်ဘေးတွင် ထိုင်ရင်း စိတ်ပျက်အားလျော့နေခဲ့သည်။
ဝိညာဉ်ခွဲအမှုန့်သည် ဝိညာဉ်ကမ္ဘာ၏ ထူးခြားဆန်းပြားသော အဆိပ်တစ်ခုဖြစ်ပြီး အလွန် အဖိုးတန်လှကာ အမှားကျူးလွန်မိသော အဆင့်မြင့် သရဲများကို ဝိညာဉ်လွင့်စင်စေသည့် ပြစ်ဒဏ်ပေးရာတွင် အဓိကအသုံးပြုခြင်းဖြစ်သည်။ ထန်ထိုက်မင်ယွဲ့ ကိုယ်တိုင်ပင် ဤအရာကို အနည်းငယ်ထိတွေ့မိပါက ဝိညာဉ်လွင့်စင်မည့် အဆုံးသတ်သို့ရောက်ရှိသွားနိုင်သည်။
ဝိညာဉ်ခွဲအမှုန့် တစ်ပုလင်းလုံးကို ထမင်းဟင်းထဲသို့ လောင်းထည့်ခဲ့ခြင်းဖြစ်ပြီး သူမသည် ချန်ကျိုးတစ်ယောက် ဗိုက်ထဲသို့ အကုန်စားသောက်သွားသည်ကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရသည်။
ချန်ကျိုးသည် အဆိပ်ကျင့်ကြံသူတစ်ယောက် ဖြစ်နေလျှင်ပင် ဤမျှပြင်းထန်လှသော ဝိညာဉ်ခွဲအဆိပ်ကို ခုခံနိုင်ရန် ခဲယဉ်းပေလိမ့်မည်။
ထပ်မံစောင့်ကြည့်ရမည် ဖြစ်သည်။ သူမသည် ဝိညာဉ်ကမ္ဘာ၏ထူးခြားဆန်းပြားသောအဆိပ် ဝိညာဉ်ခွဲအမှုန့်က ချန်ကျိုးအပေါ် မည်သည့် သက်ရောက်မှုမျှမရှိဟု မယုံကြည်နိုင်ချေ။