အခန်း ၁၁၉
Vol. 12 Ch. 119
Chapter 119
ဟွမ်ရှောင်မော့သည် ထမင်းစားပြီးနောက် ကျင့်ကြံသူစခန်း၏ စာရင်းများအားလုံး သေချာပေါက် ပြီးစီးလောက်ပြီဟု တွေးမိကာ အခန်းထဲတွင် ဖုန်းကို ရှာဖွေလေသည်။
ကုတင်ပေါ်တွင် မရှိချေ။
ကုတင်အောက်တွင် မရှိချေ။
အဝတ်ဗီရိုထဲတွင် မရှိချေ။
ချောင်ကြိုချောင်ကြားများထဲတွင်လည်း မရှိချေ။
မနေ့ညက ၎င်းသည် ဖုန်းကို ပွေ့ပိုက်ကာ အလှပြင်သရဲမနှင့် အခြားသူများကို တာဝန်များ ခွဲဝေပေးခဲ့ပြီးနောက် ဖုန်းကို မည်သည့်နေရာတွင် ထားခဲ့ပါသနည်း။
အပြင်က ခုံတန်းလျားပေါ်တွင် ထားခဲ့မိခြင်း ဖြစ်နိုင်ပါသလား။
ဟွမ်ရှောင်မော့သည် အခန်းအပြင်ဘက်သို့ ပြေးထွက်သွားခဲ့သော်လည်း ခုံတန်းရှည်ပေါ်တွင် မည်သည့်အရာမျှ မရှိဘဲ ဗလာကျင်းနေခဲ့သည်။
နံနက်ပိုင်းက စိတ်ဝေဒနာရှင်တစ်အုပ်စု ခြံဝင်းထဲတွင် ဆော့ကစားနေကြစဉ် ၎င်းတို့ထဲမှ တစ်ယောက်ယောက်က ယူဆောင်သွားခြင်း ဖြစ်နိုင်ပါသလား။
ဟွမ်ရှောင်မော့သည် ပဲစေ့ခန့်ရှိသော မျက်လုံးလေးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း အနည်းငယ် စိတ်ညစ်သွားရသည်။
ခြံဝင်းထဲတွင် စိတ်ဝေဒနာရှင်များစွာ ရှိနေရာ မည်သူယူသွားသည်ကို ဘယ်သူသိနိုင်မည်နည်း။ သို့မဟုတ် လက်ဆင့်ကမ်း ပြောင်းလဲသွားပြီလော။
ဤကိစ္စကို ချန်ကျိုး လုံးဝသိရှိ၍မဖြစ်ချေ။ အကယ်၍ ချန်ကျိုး သိရှိသွားပါက ၎င်းကို သေချာပေါက် ရိုက်နှက်မည်ဖြစ်ပြီး အဆိုးဆုံးအနေဖြင့် အိမ်ပြင်သို့ပင် မောင်းထုတ်နိုင်ပါသည်။
ဟွမ်ရှောင်မော့သည် ကုတင်ပေါ်တွင် ချန်ကျိုး တင်ထားခဲ့သော ထိပ်သီးကျင့်ကြံသူ စာချုပ်ကို မျက်လုံးအစုံဖြင့် ခိုးကြောင်ခိုးဝှက် ကြည့်လိုက်သည်။
ချန်ကျိုးသည် တီဗီပေါ်တက်ချင်သည့် စိတ်လှုပ်ရှားမှုဖြင့် မွန်းလွဲပိုင်းတွင် ယခင်အပတ်က အစီအစဉ်များကို ထပ်မံကြည့်ရှုရန် အော်ဟစ်ဆူညံနေနိုင်ပါသည်။
၎င်း၏ဖုန်း ပျောက်ဆုံးသွားသည်ကို ချန်ကျိုး သိရှိ၍မဖြစ်ချေ။
ချန်ကျိုး ဖုန်းအကြောင်း မမှတ်မိသေးမီ ဤအမှားကို အမြန်ဆုံးအစားထိုး ကုစားရမည် ဖြစ်သည်။
ဟွမ်ရှောင်မော့သည် အဝတ်ဗီရိုရှေ့သို့ ပြေးသွားပြီး အံဆွဲထဲမှ ချန်ကျိုး၏ဘဏ်ကတ်ကို ရှာဖွေကာ ၎င်း၏သားရေဦးထုပ်လေးထဲတွင် ဝှက်ထားလိုက်သည်။
အဘယ်ကြောင့် အဝတ်အစားထဲတွင် မဝှက်ထားသနည်းဟု မမေးပါနှင့်။ ၎င်း၏ခန္ဓာကိုယ်မှာ ပျားတုပ်ခံထားရသဖြင့် ဖောင်းကားနေပြီး အသားမကျသေးရာ အဝတ်အစားများ မဆံ့တော့ခြင်းကြောင့် ဖြစ်သည်။
၎င်းသည် ချန်ကျိုး မသိခင်မှာပင် အလားတူဖုန်းတစ်လုံးကို ထပ်မံဝယ်ယူရန် ထွက်ခွာခဲ့သည်။
မွန်းလွဲပိုင်းတွင် ရာသီဥတုက အုံ့မှိုင်းလာခဲ့ပြီး အခန်းငယ်တံခါးဝတွင် ဖရဲသီးတစ်ခြမ်း ရှိနေကာ ဖရဲသီးအလယ်တွင် အပေါက်တစ်ပေါက် အပေါက်ခံထားရပြီး ဇွန်းတစ်ချောင်း စိုက်ထားသည်။
ဇွန်းပိုင်ရှင်သည် ခြံဝင်းထဲတွင် အင်တိုက်အားတိုက် ပြေးလွှားနေခဲ့သည်။
"ကန်မန်ရိုက်ဒါက ကမ္ဘာပေါ်က မကောင်းဆိုးဝါးအင်အားစုအားလုံးကို ရှင်းလင်းပစ်မယ်၊ ဝါးလားဝါးလားဝါးလားဝါးလား..." (ဂျပန်နိုင်ငံထုတ် စူပါဟီးရိုးရုပ်ရှင်)
ခန္ဓာကိုယ်ဝဖြိုးသော ချန်ကျိုးသည် ခြံဝင်းထဲတွင် ကိုယ့်ဘာသာ ပျော်ရွှင်နေကြသော စိတ်ဝေဒနာရှင်များဆီသို့ ပြေးဝင်သွားခဲ့သည်။
"အမြန်ပြေးကြ၊ ရုပ်ဆိုးတဲ့ ချန်ကျိုးက လူရိုက်တော့မယ်"
စိတ်ဝေဒနာရှင်များသည် အရပ်ရပ်သို့ ထွက်ပြေးတိမ်းရှောင်ကြသည်။
နှစ်ပတ်ခန့် ပြေးလွှားပြီးနောက် ချန်ကျိုးသည် အခန်းငယ်ရှေ့သို့ ပြန်လာကာ ဖရဲသီးကို ဇွန်းဖြင့် နှစ်လုပ်ခန့် အဝတူးစားပြီး ပါးစပ်ထဲတွင် ပြည့်နှက်နေသဖြင့် ဝါး၍ပင်မရတော့ချေ။
ထို့နောက် ၎င်းတို့ဆီသို့ ဆက်လက်၍ စစ်ချီပြန်သည်။
ဤကဲ့သို့ ရှေ့တိုးနောက်ဆုတ် ပြေးလွှားဆော့ကစားနေသည်မှာ မည်မျှကြာသွားသည်မသိချေ။
ကောင်းကင်ထက်မှ ဂျိန်းခနဲ အသံတစ်သံ မြည်ဟည်းသွားခဲ့သည်။
လျှပ်စီးမိုးကြိုးတစ်ခုက ကောင်းကင်ကို ဖောက်ထွက်သွားခဲ့သည်။
ရုတ်တရက် ပေါ်ပေါက်လာသော မိုးကြိုးသံကြောင့် ချန်ကျိုး၏ခန္ဓာကိုယ်သည် တုန်လှုပ်သွားရသည်။
ထို့နောက် ထူထပ်လှသော မိုးပေါက်များသည် အရှိန်အဟုန်ဖြင့် ကျဆင်းလာခဲ့သည်။
"အားလုံး အခန်းထဲကို မြန်မြန်ပြန်ကြ၊ မိုးရွာနေပြီ၊ ဘယ်သူမဆို မိုးမိလို့ နှာစေးချောင်းဆိုးရင် မနက်ဖြန် ဆေးထိုးရမယ်"
ခြံဝင်းထဲရှိ စိတ်ဝေဒနာရှင်များသည် သူနာပြုများ၏မောင်းထုတ်မှုကြောင့် မိုးခိုရန် အခန်းထဲသို့ ပြန်သွားကြသည်။
"ချန်ကျိုး၊ မင်းလည်း အခန်းထဲကို မြန်မြန်ဝင်ပြီး မိုးခိုတော့"
သူနာပြုအချို့က ချန်ကျိုးကို မိုးခိုရန်ပြောဆိုကြသော်လည်း စိတ်ရောဂါကုဆေးရုံတစ်ခုလုံးတွင် အားယွမ်၏စကားကိုသာ ချန်ကျိုးက အနည်းငယ် နားထောင်တတ်ပြီး အခြားသူများ၏စကားမှာ ချန်ကျိုး နားထဲတွင် လေလည်သံနှင့် မခြားနားချေ။
ချန်ကျိုးသည် ငယ်စဉ်ကတည်းက မိုးရွာသောနေ့များကို အလွန်နှစ်သက်ခဲ့ပြီး မိုးရွာသည်နှင့် ၎င်းသည် ပျော်ရွှင်ရသည်။
"မိုးကြိုးပစ်နေပြီ၊ မိုးရွာနေပြီ၊ အဝတ်တွေ မြန်မြန်သိမ်းကြတော့"
"ဝါးခါခါ၊ ငါက အနိုင်မခံ အာထရာမန်းပဲ၊ အော်လတ်ကြယ်စုတန်းက လာတဲ့ စီရင်ချက်ကို လက်ခံလိုက်စမ်း"
ခြံဝင်းငယ်လေးထဲတွင် ချန်ကျိုးတစ်ယောက်တည်းသာ မိုးထဲရေထဲ၌ ခုန်ပေါက်နေခဲ့ပြီး ပြောင်ရှင်း နေသော ဦးခေါင်းထက်တွင် မိုးရေများ မတင်ကျန်နိုင်ဘဲ အခုလေးတင် လဲလှယ်ထားသော အဝတ်အစားများသည် ရေစိုရွှဲကာ ခန္ဓာကိုယ်တွင် ကပ်ညှပ်နေခဲ့သည်။
“ဂျိန်း”
နောက်ထပ် မိုးကြိုးတစ်ချက် ပစ်ချလိုက်ပြန်သည်။
ချန်ကျိုးသည် မိုးကြိုးထွက်ပေါ်လာသော နေရာကို မော့ကြည့်လိုက်သည်။
နှလုံးသားထဲတွင် အတိုင်းအဆမရှိ စိတ်လှုပ်ရှားသွားရသည်။
၎င်းသည် ဗဟိုဌာနချုပ်က ၎င်းထံသို့ ပေးပို့လိုက်သော အချက်ပြလှိုင်း ဖြစ်သည်။
၎င်းသည် ဗဟိုဌာနချုပ်၏ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆု ဖြစ်သည်။
ချန်ကျိုးသည် အမိုးအောက်တွင် မိုးခိုနေကြသော စိတ်ဝေဒနာရှင်များနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်း များကို လှည့်ကြည့်ကာ လက်နှစ်ဖက်ဖြင့် စတုဂံပုံစံတစ်ခုကို ဆွဲလိုက်ပြီး မိုက်မဲသော လူသားများ ခိုးနားထောင်ခြင်းမှ ကာကွယ်ရန် မိမိ၏အချက်ပြလှိုင်းကို ပိတ်ဆို့လိုက်သည်။
ထို့နောက် ကောင်းကင်ယံဆီသို့ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"သုန်းသုန်းယောင်၊ ဗဟိုဌာနချုပ်ရဲ့ အချက်ပြမှုကို လက်ခံရရှိပါတယ်၊ သုန်းသုန်းယောင်က ဗဟိုဌာနချုပ်က ပေးအပ်တဲ့ အမိန့်ကို သေချာပေါက် အောင်မြင်အောင် ဆောင်ရွက်ပါ့မယ်၊ ဗဟိုဌာနချုပ်အနေနဲ့ စိတ်ချပါ၊ အိုး...အိုး"
ပြောဆိုရင်း ၎င်းသည် တီဗီဇာတ်လမ်းတွဲထဲမှ စစ်သားများကဲ့သို့ မိုးရေများကို နင်းကာ စနစ်တကျ ခြေလှမ်းမှန်မှန်ဖြင့် စစ်ချီတက်လှမ်းပြီး ရံဖန်ရံခါ အလေးပြုလိုက်သည်။
ရေချိုးခန်းထဲတွင် ချန်ကျိုး၏ခိုင်းစေချက်အရ အဝတ်လျှော်နေသော ထန်ထိုက်မင်ယွဲ့သည် မှန်ပြတင်းပေါက်မှတစ်ဆင့် ခြံဝင်းထဲတွင် ရူးသွပ်စွာ ပြေးလွှားနေသော ချန်ကျိုးကို ကြည့်ရှုနေခဲ့သည်။
သူမ မျက်ဝန်းအစုံသည် ချန်ကျိုး၏ ရွေ့လျားမှုနောက်သို့ လိုက်ပါသွားပြီး အင်္ကျီလက်အောက်ရှိ လက်သည် ဗလာကျင်းသွားသော ဝိညာဉ်ခွဲအမှုန့် ပုလင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့သည်။
ဤချန်ကျိုးသည် မည်သည့်နေရာမှ ရောက်ရှိလာခြင်း ဖြစ်ပါသနည်း။ ဝိညာဉ်ခွဲအမှုန့်သည် ၎င်းအပေါ်တွင် မည်သည့် သက်ရောက်မှုမျှ မရှိချေ။
ဤမျှ အစွမ်းထက်သော ကျွမ်းကျင်သူတစ်ယောက်က စိတ်ဝေဒနာရှင်တစ်ယောက်အဖြစ် သရုပ်ဆောင်ထားသည်မှာ ပီပြင်လွန်းလှရာ သူမသာ ဤချန်ကျိုးနှင့် တိုက်ခိုက်ဖူးခြင်း မရှိပါက ဤသူသည် တကယ့် စိတ်ဝေဒနာရှင်တစ်ယောက်ဟု ထင်မှတ်မှားစရာ ရှိသည်။
ကောင်းကင်ထက်တွင် တိမ်တိုက်များ လိပ်တက်နေပြီး လျှပ်စီးမိုးကြိုးများ ဆူညံနေကာ မြေပြင်ပေါ်ရှိ လူသားသည် ပြေးလွှားခုန်ပေါက်နေခဲ့သည်။
“ချန်ကျိုး၊ ချန်ကျိုး”
“ရှင်က မိုးကြိုးကို နှစ်သက်တာ မဟုတ်လား”
“ဒါဆိုရင် ရှင်အတွက် စိတ်လှုပ်ရှားစရာတစ်ခုခု ပေးရသေးတာပေါ့”
ထန်ထိုက်မင်ယွဲ့သည် လှပသော လက်ဖဝါးကို ရင်ဘတ်ရှေ့တွင် အပြင်ဘက်သို့ လှန်လိုက်ပြီး မျက်လုံးအစုံကို တင်းကျပ်စွာ ပိတ်ကာ ပါးစပ်မှ မန္တန်ကို တိုးညှင်းစွာ ရွတ်ဆိုလိုက်သည်။
“ကောင်းကင်မိုးကြိုးမန္တန်”
မိုးကြိုးပညာရပ်သည် များစွာသော အတတ်ပညာရပ်များထဲတွင် တိုက်ခိုက်မှုစွမ်းအား အကောင်းဆုံးအဖြစ် အမြဲတစေ ကျော်ကြားခဲ့ပြီး သရဲမိစ္ဆာများအပေါ် ကြီးမားသော နှိမ်နင်းမှု သက်ရောက်မှု ရှိသည်။
ထန်ထိုက်မင်ယွဲ့သည် မိုးကြိုးပညာရပ်တွင် အလွန်နက်ရှိုင်းသော အောင်မြင်မှု ရှိသည့် သရဲကျင့်ကြံသူတစ်ယောက် ဖြစ်သည်။
သူမ၏ စွမ်းအားဖြင့် တိတ်တဆိတ် မိုးကြိုးကို ဆွဲဆောင်၍ ချန်ကျိုးကို အလစ်အငိုက် တိုက်ခိုက်မည် ဖြစ်သည်။
ချန်ကျိုးသည် သေချာပေါက် လွတ်မြောက်နိုင်စရာ အကြောင်းမရှိချေ။
ချန်ကျိုးတစ်ယောက် အလောင်းပင်မကျန်ဘဲ ဝိညာဉ်လွင့်စင်သွားမည့် ပုံစံကို တွေးတောမိကာ ထန်ထိုက်မင်ယွဲ့၏ နှုတ်ခမ်းထောင့်သည် မသိမသာ ကွေးညွှတ်သွားခဲ့သည်။
ကောင်းကင်ယံတွင် တိမ်တိုက်များ စုဝေးလာပြီး ကျင်းဟိုင်မြို့တစ်ခုလုံး၏ ကောင်းကင်ယံကို မည်းမှောင်နေသော တိမ်တိုက်များက တင်းကျပ်စွာ ဖုံးလွှမ်းသွားခဲ့ရာ အစပိုင်းတွင် တိမ်တိုက်များကြားရှိ အလင်းအမှောင် အပြောင်းအလဲကို မြင်တွေ့နိုင်သေးသော်လည်း နောက်ဆုံးတွင် ကောင်းကင်တစ်ခုလုံးသည် ညဉ့်မှောင်သကဲ့သို့ ဖြစ်သွားခဲ့သည်။
မိုးကြိုးလျှပ်စီးများ ဆူညံသွားခြင်းသည် လူသားများကို ပင်လယ်ရေပြင်ဘေးအန္တရာယ်ကြားရှိ လှေငယ်လေးတစ်စင်းကဲ့သို့ ခံစားရစေသည်။
ကုန်တိုက်ကြီးအတွင်း ရောက်ရှိနေသော ဟွမ်ရှောင်မော့သည် အသစ်ဝယ်ယူထားသော ဖုန်းကို ပွေ့ပိုက်ကာ ဆိုင်၏ မှန်တံခါးမှတစ်ဆင့် အပြင်ဘက်တွင် မိုးသည်းထန်စွာ ရွာသွန်းနေသည်ကို မြင်တွေ့လိုက်ရသည်။
ကုန်တိုက်တွင် ချိတ်ဆွဲထားသော မျက်နှာပြင်ကြီးထက်၌ အရေးပေါ် သတင်းတစ်ပုဒ်ကို ထုတ်လွှင့်နေခဲ့သည်။
"နောက်ဆက်တွဲ အရေးပေါ် သတင်းတစ်ပုဒ်ကို ထုတ်ပြန်ပေးပါမယ်၊ ဒီနေ့ မွန်းလွဲပိုင်းမှာ ကျွန်တော်တို့ မြို့တော်ဟာ ပြင်းထန်တဲ့ ရာသီဥတုဆိုးရွားမှုကို ကြုံတွေ့နေရပါတယ်၊ မိဘပြည်သူများအနေနဲ့ တတ်နိုင်သမျှ အပြင်မထွက်ကြဖို့နဲ့ မိုးကြိုးဘေးအန္တရာယ်ကနေ ကာကွယ်ဖို့ ပြင်ဆင်ထားကြပါရန်၊ အရေးပေါ် အခြေအနေ ကြုံတွေ့ရပါက ရဲစခန်း ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါတယ်"
ဝိညာဉ်ချုပ်ထိန်းရေးဌာန အဆောက်အအုံ၏ အပေါ်ဆုံးထပ်။
လျိုပန်ချန်း၊ ပိုင်ကျန့်ချန်နှင့် လော့ယွီမင်တို့သည် ကြွယ်ချန်ဆရာကြီးနှင့်အတူ ကောင်းကင်တိမ်တိုက်များ၏ ပြောင်းလဲမှုကို ကြည့်ရှုနေကြသည်။
လျိုပန်ချန်းသည် မျက်နှာပျက်သွားကာ ပြောလိုက်သည်။
"ဆရာကြီးကြွယ်ချန်၊ ဒီကောင်းကင်နဲ့ မြေပြင်ရဲ့ ဝိညာဉ်စွမ်းအင် လှုပ်ခတ်မှုက တစ်ခုခု မမှန်ဘူး၊ တစ်စုံတစ်ယောက်က ရည်ရွယ်ချက်ရှိရှိ မိုးကြိုးတွေကို စုစည်းနေသလိုပဲ၊ ဒီစွမ်းအင်လှုပ်ခတ်မှုက နည်းနည်း ကြောက်စရာကောင်းတယ်"
ပိုင်ကျန့်ချန်က ပြောလိုက်သည်။
"ဒီလောက်အထိ ကြီးမားတဲ့ လှုပ်ရှားမှုကို ဖန်တီးနိုင်တာ အဆင့်ခြောက် ကျွမ်းကျင်သူတွေ မလုပ်နိုင်ဘူး၊ အခု ကျင်းဟိုင်မြို့မှာရှိတဲ့ အဆင့်ခုနစ် ကျွမ်းကျင်သူက ဆရာကြီးကလွဲရင် အဲဒီတစ်ယောက်ပဲ ကျန်တော့တယ်၊ ဒါဟာ စိတ်ရောဂါကုဆေးရုံက အဲဒီသရဲဘုရင်မ လုပ်လိုက်တာ မဟုတ်ပါဘူးနော်၊ သူမ တကယ်ပဲ ဘာလုပ်ချင်တာလဲ"
ဆရာကြီးကြွယ်ချန်သည် နှုတ်ခမ်းကို တင်းကျပ်စွာ ပိတ်ထားခဲ့သည်။
"အရင်ဦးဆုံး စောင့်ကြည့်ရအောင်၊ ငါ ကျင်းဟိုင်မြို့မှာ ရှိနေသရွေ့ ထန်ထိုက်မင်ယွဲ့က မဆင်မခြင် မလုပ်ရဲဘူး၊ ပြီးတော့ ဒီကောင်းကင် မိုးကြိုးရဲ့ ပစ်မှတ်က ကျင်းဟိုင်မြို့တစ်ခုလုံးကို ဦးတည်နေတာ မဟုတ်ဘဲ စိတ်ရောဂါကုဆေးရုံကို ဦးတည်နေတာပဲ၊ ထန်ထိုက်မင်ယွဲ့က ကောင်းကင်မိုးကြိုးကို သုံးပြီး သူမရဲ့ ဝိညာဉ်ခန္ဓာကိုယ်ကို သန့်စင်ချင်နေတာလား"
လော့ယွီမင်သည် ပါးစပ်ကို ဟလိုက်ပြီး လက်တစ်ဖက်ကို သတိကြီးစွာဖြင့် မြှောက်လိုက်သည်။
"အငယ်လေးလော့၊ မင်း ဘာပြောချင်လို့လဲ"
ဆရာကြီးကြွယ်ချန်က လော့ယွီမင်ကို ကြည့်လိုက်သည်။
လော့ယွီမင်က ပြုံးစိစိဖြင့် ပြောလိုက်သည်။
"ကျွန်တော် စဉ်းစားနေတာက ချန်ကျိုးက ထန်ထိုက်မင်ယွဲ့ကို သွားပြီး ဆွလိုက်လို့ အဲဒီလင်မယားနှစ်ယောက် ရန်ဖြစ်နေကြတာ မဟုတ်ပါဘူးနော်"
ကျင်းဟိုင်မြို့၏ ကောင်းကင်ထက်တွင် မိုးကြိုးလျှပ်စီးတိုင် အများအပြားသည် အရှိန်အဟုန်ဖြင့် ကျဆင်းလာပြီး အချင်းချင်း ယှက်နွယ်ကာ ပိုမိုကြီးမားသော မိုးကြိုးဆွဲဆောင်မှု သက်ရောက်မှုကို ဖြစ်ပေါ်စေသည်။
ထန်ထိုက်မင်ယွဲ့သည် သွားကို တင်းတင်းကြိတ်လိုက်သည်။ မလုံလောက်သေးချေ။ ချန်ကျိုးကို အသေပစ်သတ်ချင်ပါက ပိုမိုကြီးမားသော မိုးကြိုးစွမ်းအင် လိုအပ်ပေသေးသည်။
ထန်ထိုက်မင်ယွဲ့ စိတ်ထဲမှ တိတ်တဆိတ် ကြံစည်နေသည်။
ထိုစဉ် အိမ်အပြင်ဘက်၌ စိတ်ဝေဒနာရှင်များသည် ထမင်းစားပန်းကန်များကို စတင်ခေါက်ကြလေသည်။
ထမင်းစားချိန် ရောက်ပြီ ဖြစ်၏။
ချန်ကျိုးသည် ကုတင်ပေါ်မှ ဆင်းကာ မိမိ၏ထမင်းစားပန်းကန်ကို ရှာဖွေပြီး တံခါးဝသို့ ပြေးသွားကာ ရပ်တန့်လိုက်သည်။
မိမိ၏ ယခု မျက်နှာဖြင့် ထမင်းစားဆောင်သို့ သွားရမည်လော။
ချန်ကျိုး ဦးနှောက်ထဲတွင် ရင်းနှီးသော စိတ်ဝေဒနာရှင်များက သူ့ကို ဝိုင်းအုံကာ လက်ညှိုးထိုးလျက် ဟားဟားရယ်မောနေကြသည့် မြင်ကွင်းက ပေါ်လာသည်။
သူက သူတို့ကို ရိုက်နှက်ချင်သော်လည်း အားယွမ်က သူ ဒဏ်ရာရနေသည့် အချိန်ကို အခွင့်ကောင်းယူကာ လာရောက် အစွမ်းပြမည်မှာ သေချာလှသည်။
“မဖြစ်ဘူး၊ လုံးဝ မဖြစ်ဘူး”
ချန်ကျိုးသည် စဉ်းစားရုံမျှဖြင့်ပင် ဒေါသထွက်ကာ အသက်ကို ပြင်းပြင်းရှူနေမိသည်။
"မိန်းမငယ်လေး၊ နင် ငါ ချန်ကျိုးကြီးအတွက် ထမင်းသွားယူပေး၊ ငါ ချန်ကျိုးကြီးက စွမ်းအားတွေ ပြန်ပြည့်ဝဖို့ အသားတွေ အများကြီး လိုအပ်တယ်"
"ရှင်"
ထန်ထိုက်မင်ယွဲ့သည် အံ့အားသင့်စွာဖြင့် မော့ကြည့်လိုက်သည်။
သူမသည် လွန်ခဲ့သော စက္ကန့်ပိုင်းကမှ ချန်ကျိုးကို မည်သို့ အဆိပ်ခတ်ရမည်ကို စဉ်းစားနေခြင်း ဖြစ်ပြီး နောက်စက္ကန့်တွင်မူ ချန်ကျိုးက အခွင့်အရေးကို သူမ ရှေ့မှောက်သို့ ပို့ဆောင်ပေးလိုက်သည်တကား။
သူကား သူမ ဘာတွေးနေသည်ကို အူမချေးခါးမကျန် သိရှိနေ၍လော။