ရန်ကျောက်ကဲကိုစမ်းသပ်ခြင်း
Vol. 11 Ch. 155
အခန်း (၁၅၅) ရန်ကျောက်ကဲကိုစမ်းသပ်ခြင်း
ဘီလူးဝိညာဉ်သံလိုက်သတ္တုသွေးကြောကို ပြန်လည်ထူထောင်နိုင်ခြင်းက အဆုံးမဲ့တောင်တန်းအတွက် အလုံးစုံအကျိုးကျေးဇူးများ ရရှိစေသည်။
သို့သော် ကောင်းကင်မိုးကြိုးခန်းမနှင့် လုံးလုံးလျားလျား ဆက်ဆံရေး ပျက်စီးသွားရသည့်အတွက် ယခင်ရပ်တည်ချက် ဆုံးရှုံးကာ သူတို့သဘောအတိုင်း နှစ်ဖက်ခွထိုင်၍ မရတော့ပေ။ ချတ်ဝတ်မပါဘဲ တိုက်ပွဲဝင်ရသည့်အလား အခြေအနေတစ်ခုလုံးတွင် အဆုံးမဲ့တောင်တန်း၏ အလေးသာမှု ဆုံးရှုံးခဲ့ရသည်မှာ သံသယရှိစရာ မလိုပေ။
ပိုပြီးစိတ်ပျက်စရာကောင်းသည်မှာ သူတို့တွင် ရွေးချယ်စရာ မရှိခြင်းပင်။
အဆုံးမဲ့တောင်တန်းက ဆင်ခြင်တုံတရားကြီးမားစွာဖြင့် ဆုံးဖြတ်ချက်ချခဲ့ပြီး ဝါဒတောင် ၊ ကျောက်စိမ်းပင်လယ်မြို့တော်တို့နှင့် မဟာမိတ်ပြုကာ နေသူတော်စင်ဂိုဏ်းနှင့် ကောင်းကင်မိုးကြိုးခန်းမတို့ကို ဆန့်ကျင်ခဲ့သည်။ သို့သော် ဝါဒတောင်အတွက် ရန်ကျောက်ကဲ၏ စွမ်းဆောင်ရည် အလွန်မြင့်မားခဲ့သည်ဆိုသောကိစ္စနှင့်ပတ်သက်ပြီး သူတို့အမြင်က အတော်လေး ရှုတ်ထွေးသည်။
မည်သည့်အထောက်အထားမှမပြနိုင်သည့်တိုင် ရန်ကျာက်ကဲက သူတို့ကိုထောင်ချောက်ဆင်ရန် ကြိုတင်တွင်းတူးထားခဲ့ခြင်းဖြစ်ကြောင်း သူတို့စိတ်ထဲမှ နက်နက်ရှိုင်းရှိုင်း ယုံကြည်ကြသည်။
ထို့ကြောင့် လွန်ခဲ့သည့် နှစ်ဝက်ခန့်ကတည်းက ရန်ကျောက်ကဲနှင့်ပတ်သက်သည့် ကောလဟလများကို တောင်တန်းနယ်မြေတစ်ခွင့် ပျံ့နှံ့စေခဲ့ပြီး ထိုလူငယ်လေးကို မိုးအောက်မြေပြင်တွင် ပြိုင်ဘက်ကင်းတစ်ယောက်ပမာ သတင်းလွှင့်ခဲ့သည်။ ဤသည်က သွယ်ဝိုက်သောနည်းဖြင့် ရန်ကျောက်ကဲကို အသက်အန္တရယ်ရှိအောင် ပြုမူခြင်းပင်။
လက်ရှိလူငယ်မျိုးဆက်များအလယ် ရွယ်တူတန်းတူများကြား ရန်ကျောက်ကဲ၏ လွှမ်းမိုးနိုင်စွမ်း အရှိန်အဟုန်ကို ကြည့်ခြင်းအားဖြင့် ဖခင်ဖြစ်သူ ရန်တိ ငယ်စဉ်ကပင် ရွယ်တူတန်းတူများအလယ် သူ့လောက် လွှမ်းမိုးနိုင်စွမ်း မရှိခဲ့ဟု သုံးသပ်ကြသည်။
ထို့ကြောင့် ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲသို့ လာရောက်သည့်အခါ သူ့ကိုပညာစမ်းချင်သည့် လူပေါင်းများစွာ ရှိနေမည်ဖြစ်ကြောင်း သိရှိသည့်အတွက် စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့သည်။
အဆုံးမဲ့တောင်တန်းမှ လျိုရှန်းဖုန်းသည် ရန်ကျောက်ကဲကို စိန်ခေါ်မည့် နံပါတ် (၁) ယှဉ်ပြိုင်သူ ဖြစ်လာနိုင်သည်။
ရန်ကျောက်ကဲ တိမ်လွှာတောင်တွင် ရှိနေစဉ်က သွေးဆာနေသည့်သားရဲ လျိုရှန်းဖုန်းက သူ့ကိုလာရောက်စိန်ခေါ်မည် တကဲကဲ လုပ်နေသဖြင့် အဆုံးမဲ့တောင်တန်းက မနည်းထိန်းချုပ်ထားခဲ့ရသည်။
ရန်ကျောက်ကဲအမှတ်မမှားဘူးဆိုလျှင် သူကျော်ကြားလာခဲ့သည့် အချိန်တစ်နှစ်အတွင်း လူငယ်မျိုးဆက်ကျင်ကြံသူများကထဲတွင် သက်တူရွယ်တူများရော ကျင့်ကြံခြင်းအဆင့်တူသူများပါ သူ့ကို စိတ်ဝင်စားလာကြခြင်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ရန်ကျောက်ကဲက တိုက်ပွဲတိုင်း အနိုင်ရသူဖြစ်ပြီး အောင်းမြင်မှုဂုဏ်သရေက မြင့်မားလွန်းနေသောကြောင့် ဖြစ်၏။
တူညီသည့်ကျင့်ကြံခြင်းအဆင့်တွင် ရှောင်ရှန်းကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့ပြီး ချောင်ယွင်လုန်ကို အနိုင်ယူခဲ့သည်။ အပြင်ပိုင်းကြယ်တာရာချီ နှောင်းပိုင်းအဆင့်ဖြင့်ပင် ရှန်ထျန်းအဆင့်ရှိသော ကျိဟန်ရူကိုလည်း အနိုင်ယူခဲ့သည်။
လင်ကျိုးနှင့် ရန်ရှန်းကို အနိုင်ယူခဲ့သည့် သတင်းများကလည်း အရှိန်အဟုန်ဖြင့် ပျံ့နှံ့ခဲ့သည်။
သက်တူရွယ်တူများရော ကျင့်ကြံခြင်းအဆင့် တူသူများထဲမှာပင် ရန်ကျောက်ကဲက အားလုံးထက် သာလွန်သည်က အမှန်ပင်။
သူအနိုင်ယူခဲ့သူများအားလုံးသည် လူငယ်မျိုးဆက်တွင် ကမ္ဘာတစ်ဝှမ်းက အသိအမှတ်ပြုခံထားရသည့် ပါရမီရှင်များ ဖြစ်ကြသလို အစွန်းရောက်ရှစ်ပါးကမ္ဘာမှ ထိပ်တန်းမျိုးဆက်များလည်း ဖြစ်ကြသည်။
သူတို့ထဲမှတစ်ယောက်ယောက်ကို ကျပမ်းရွေးချယ်ပြီး ထိပ်သီးသိုင်းဂိုဏ်းကြီး (၆)ဂိုဏ်းမှ ကျင့်ကြခြင်းအဆင့်တူညီသော အခြားသိုင်းသမားများနှင့် ယှဉ်ပြိုင်ခိုင်းမည်ဆိုလျှင် သူတို့အားလုံး ပြိုင်ဘက်ကို သေချာပေါက် အနိုင်ယူကြမည့်သူများ ဖြစ်သည်။ သူတို့ထက် ကျင့်ကြံခြင်းအဆင့် အနည်းငယ်မြင့်မားသူများကိုပင် အနိုင်ယူနိုင်ဦးမည် ဖြစ်၏။
သို့ပေသိ ထိုပါရမီရှင်များအားလုံး ရန်ကျောက်ကဲလက်တွင်တော့ ရှုံးနိမ့်ခဲ့ရသည်။
အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ လူငယ်များထဲတွင် ရန်ကျောက်ကဲ၏ ခမ်းနားသော တိုက်ပွဲအောင်မြင်မှုများအားလုံးကို ထိပ်တန်းလူနည်းစုများသာ ပြုလုပ်နိုင်သည့် အောင်ပွဲများအဖြစ် ထည့်သွင်းထားသည်။
စောစောက ကျိဟန်ရူနှင့် ရှောင်ယွိတို့ ဝင်နှောက်လိုက်သည့်အတွက် လျိုရှန်းဖုန်း တိုက်ခိုက်ရန်ကြံစီနေသည့် အစီအစဉ် ပျက်သွားခဲ့သည်။ သို့သော် ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲသို့ လာရောက်ရာတွင် ပထမဆုံး သူ့ကို ပညာစမ်းသူက လှိုင်းနက်ဂေဟာမှ တစ်စုံတစ်ယောက် ဖြစ်နေမည်ဟု ရန်ကျောက်ကဲ လုံးဝ ထင်မထားခဲ့ပေ။
အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ လက်ရှိအခြေအနေက ပြင်းထန်သော လှိုင်းလုံးကြီးများပမာ တဟုန်းဟုန်းတောက်လောင်လျှက် ရှိသော်လည်း လှိုင်းနက်ဂေဟာကတော့ ကြားနေဝါဒကိုဆွဲကိုင်ကာ အလွန်တည်ငြိမ်စွာ ရပ်တည်နေဆဲ ဖြစ်သည်။ ယခု အဘယ့်ကြောင့် ရန်ကျောက်ကဲကို ပညာစမ်းသူက လှိုင်းနက်ဂေဟာမှ ဖြစ်နေရပါသနည်း။
ရန်ကျောက်ကဲက လက်နှစ်ဖက်ကို နောက်ပစ်လိုက်ပြီး ပတ်ဝန်းကျင်ကို သေသေချာချာ စူးစမ်းလိုက်သည်။
သူက ဤရေကန်မှ မိုးမြေနိယာမများကို နားလည်ခြင်း မရှိသေးသော်လည်း ဝိညာဉ်စွမ်းအားအစီအရင် လှည့်ပတ်ခြင်းနှင့်ပတ်သက်ပြီး အတော်လေး ရိပ်မိသည်။
“အင်း... ကြည့်ရတာ သူတို့က ငါ့စိတ်ဓာတ်တက်ကြွမှုနဲ့ အရှိန်အဟုန်ကို လျော့နည်းသွားစေချင်တာလား ၊ ငါ့အတွက်တော့ စမ်းသပ်မှုတစ်ခုပေါ့”
ခဏမျှ ဂရုတစိုက်စဉ်းစားပြီးနောက် ရန်ကျောက်ကဲ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည်။
သူ့ရှေ့မှ အစီအရင်က ရိုးရှင်းသည့်မြူခိုးများထက် မပိုပေ။
ရန်သူဝင်လာလျှင် တွန်းလှန်နိုင်ရန်အတွက် လှိုင်းနက်ဂေဟာမှ အကြီးအကဲများက ဤအစီအရင်များကို ပြုလုပ်ထားခြင်း ဖြစ်သည်။ ရန်သူဆိုပါက အစီအရင်က ပြင်းထန်စွာ တုံ့ပြန်မည် ဖြစ်သည်။
ယခု အစီအရင်က အနည်းငယ်သာ ပြောင်းလဲခြင်းဖြစ်ပြီး ပြင်းထန်စွာ တုံပြန်ခြင်း မရှိပေ။
ရန်ကျောက်ကဲ အစီအရင်ထဲတွင် ပိတ်မိနေပြီး လမ်းပျောက်လုနီးပါး ဖြစ်နေသည်။ သူ့အနေဖြင့် ကြည်လင်လျှို့ဝှက်ရေကန်ထဲ ဆက်လမ်းလျှောက်၍ မရတော့သလို ရေကန်အလယ်မှ ကြည်လင်လျှို့ဝှက်ကျွန်းသို့လည်း ပြန်သွားရန် မဖြစ်နိုင်တော့ပေ။
အစီအရင်၏ ပြောင်းလဲမှုက အနည်းငယ်သာဖြစ်သောကြောင့် မည်သည့်အကြီးအကဲမှ မရိပ်မိကြပေ။
ပြောင်းလဲမှုက ပြင်းထန်မည်ဆိုလျှင်တော့ လှိုင်းနက်ဂေဟာမှ သိုင်းဆရာသခင်များအပြင် ဖန်ကျွင်းနှင့် အခြားအကြီးအကဲများလည်း ချက်ချင်းသိရှိသွားမည်ပင်။
“အစီအရင်က ဒီရေကန်ရဲ့ မြေပြင်အနေအထားကို အခြေခံပြီး ပြုလုပ်ထားတာ ၊ ဒီတော့ တိမ်နဲ့ ရေပြင်ရဲ့ အကန့်အသတ်မဲ့ ပြောင်းလဲနေတဲ့ တာအိုအပေါ် အခြေခံထားမယ်ထင်တယ်”
ရန်ကျောက်ကဲ လှစ်ခနဲ ပြုံးလိုက်ပြီး နောက်တစ်ကြိမ် ရှောင်ထွက်ရန် ကြိုးစားလိုက်သည်။ အစီအရင်ကို နားလည်လာသည်နှင့်အမျှ သူ၏ခြေလှမ်းစည်းချက်များကလည်း အလွန်ထူးဆန်းကာ တစ်ခါတစ်ရံ ရှေ့တိုးခြင်းမဟုတ်ဘဲ နောက်ပြန်ဆုတ်သွားတတ်သည်။
လမ်းလျှောက်နေရင်း ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ရောင်ဝါများတဟုန်ထိုး မြင့်တက်လာပြီး သူ့ခြေဖဝါးအောက်ရှိ ကန်ရေပြင်က အဆက်မပြတ် တုန်ခါသွားသည်။
သူ၏အသက်ရှူသံနှင့်အတူ ပတ်ဝန်းကျင်မှ တိမ်တိုက်များက လေတိုက်ခတ်ခြင်းမရှိဘဲ လှုပ်ရှားသွားပြီး တဖြည်းဖြည်း မြင့်တက်လာသည်။
ရန်ကျောက်ကဲက ထိုနေရာ၏ အလယ်ဗဟိုတွင် ရှိနေပြီး ဟာရီကိန်းမုန်တိုင်းတစ်ခုက ရေကန်မျက်နှာပြင်ထက်သို့ မြင့်တက်လာကာ ရန်ကျောက်ကဲဘေးပတ်ပတ်လည်မှ ကန်ရေပြင်ကို ပရမ်းပတာ လှုပ်ရှားလာစေပြီး ပတ်ဝန်းကျင်တိမ်တိုက်များကိုလည်း ရွေ့လျားသွားစေသည်။
မုန်တိုင်းအရှိန်အဟုန်က အဆက်မပြတ် ကျယ်ပြန့်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
ရန်ကျောက်ကဲ ဘေးနားမှ ကပ်လိုက်နေသည့် အားဟူက ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် ရယ်မောလိုက်ရင်း...
“ဘာလဲ... ငါ့ သခင်လေးနဲ့ ပြိုင်ချင်တာလား”
***
ကြည်လင်လျှို့ဝှက်ကျွန်း။
ဝါးအိမ်လေးတစ်ခုအတွင်းတွင် လူငယ်တစ်ဘောက်ရှိနေသည်။ လူငယ်၏အရှေ့တွင် လူတစ်ရပ်ခန့် မြင့်မားသည့် ကြေးမုံမှန်ကြီးတစ်ချပ် ရှိနေ၏။
ကြေးမုံမှန်မျက်နှာပြင်က ရေလှိုင်းသဏ္ဌန်ဖြစ်ပြီး မှန်ထဲတွင် ရေကန်မြင်ကွင်းကို တွေ့မြင်နေရသည်။
ရွမ်ပင်းသည် ကြေးမုံမှန်ရှေ့တွင် ရပ်နေပြီး ကြေးမုံမှန်ထက်မှ မြင်ကွင်းကို ကြည့်နေသည်။ သူက ပုံမှန်အတိုင်းပင် ချောမောခန့်ငြားဆဲ ဖြစ်သည့်တိုင် ရန်ကျောက်ကဲတို့ကို လာကြိုစဉ်ကကဲ့သို့ သိမ်မွေ့မှုများပျောက်ကွယ်နေပြီး သူ့အကြည့်များက စူးရှနေသည်။
လူငယ်တစ်ယောက်၏ မာနတရားနှင့် ရည်မှန်းချက်များကို သူ့ထံတွင် ထင်ထင်ရှားရှားတွေ့မြင်ရသည်။
သူက ကြေးမုံမှန်အတွင်းမှ ရန်ကျောက်ကဲကို စိုက်ကြည့်နေရင်း မှန်မျက်နှာပြင်ကို ထိကိုင်ရန် လက်ကို ဆန့်တန်းလိုက်သည်။ သို့သော် သူ့လက်များက လမ်းတစ်ဝက်တွင် ရပ်တန့်သွား၏။
အကြောင်းမှာ တစ်စုံတစ်ယောက်က တံခါးကိုတွန်းဖွင့် ဝင်ရောက်လာသောကြောင့် ဖြစ်သည်။ ဝင်လာသူက မိန်းကလေးနှစ်ယောက်ဖြစ်ပြီး လှိုင်းနက်ဂေဟာ တပည့်များဝတ်ဆင်လေ့ရှိသည့် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားကြသည်။
သူတို့နှစ်ယောက်လုံးက မျက်နှာကို ဖုံးကွယ်သောပုဝါစများတပ်ဆင်ထားသည့် ဝါးခမောက်များကို ဆောင်းထားကြသည်။
အရပ်ရှည်ရှည် မိန်းမပျိုက သူမဦးခေါင်းထက်မှ ဝါးခမောက်ကို ချွတ်လိုက်သည်။ သူမ အသွင်အပြင်က နွေးထွေးပြီး နှစ်လိုဖွယ်ရှိသည်။ သာမန်ထက် အနည်းငယ်သာလွန်သည့်ရုပ်ရည်မျိုးပိုင်ဆိုင်ပြီး ကိုယ်ပိုင်ဟန်ဖြင့် ချောမောလှပသူလေး ဖြစ်သည်။
သူမကိုမြင်တော့ ရွမ်ပင်းက လက်ကိုပြန်ရုတ်သိမ်းလိုက်ရင်း ဦးညွှတ်နှုတ်ဆက်သည်။
“ဂိုဏ်းတူအစ်မ’ရှဲ့’”
သူမက ကြေးမုံမှန်ထဲမှ မြင်ကွင်းကို တစ်ချက်ကြည့်လိုက်ပြီး မျက်ခုံးတစ်ချက် ပင့်လိုက်သည်။
“ဂိုဏ်းတူမောင်လေး’ရွမ်’ ၊ မင်း ဘာလုပ်နေတာလဲ”
ရွမ်ပင်းက ပြုံးလိုက်ရင်း...
“လွန်ခဲ့တဲ့ရက်တွေက သူ့နာမည်ဂုဏ်သတင်းတွေ လွင့်ပျံနေတာများ နားတွေပေါက်ထွက်မတတ်ပဲ ၊ ဒါကြောင့် ငါက နည်းနည်းပါးပါး စမ်းသပ်ကြည့်ချင်တာပါ ၊ နာမည်ကြီးသလောက် တကယ်ရောအစွမ်းထက်ရဲ့လားဆိုတာ သိချင်လို့ ၊
“ကောလဟလတွေအရတော့ သူက အရမ်းတော် ဆိုပဲ ၊ ဒါကြောင့် သူ့အစီအရင်ပညာ ဘယ်အဆင့်ရှိလဲဆိုတာ စမ်းသပ်ကြည့်နေတာပါ ၊ ဒီနည်းလမ်းက ကောင်းတယ်မလား ၊ တိုက်ခိုက်စရာလည်းမလိုဘဲ ပညာဖလှယ်နိုင်တယ်လေ”
“ပြီးတော့ ငါက သူ့ကို အခက်တွေ့အောင်လုပ်ဖို့လည်း မရည်ရွယ်ပါဘူး ၊ သူသာ အစီအရင်ထဲမှာ ပိတ်မိနေမယ်ဆိုရင် အချိန်အတိုင်းအတာတစ်ခုထိ ကြာသွားတာနဲ့ ငါကိုယ်တိုင် ကြည်လင်လျှို့ဝှက်ကျွန်းကို ပြန်ပို့ပေးဖို့ ဆုံးဖြတ်ထားပါတယ်”
ဂိုဏ်းတူအစ်မ’ရှဲ့’ ဆိုသူက ရွမ်ပင်းကို ခဏမျှ စူးစိုက်ကြည့်ရင်း...
“ငါတို့ဂိုဏ်းကအကြီးအကဲတွေက ဝါဒတောင်နဲ့ နေသူတော်စင်ဂိုဏ်းကြားမှာ ဝင်ရောက်မစွက်ဖက်ဖို့ တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ထားကြတယ် ၊ မင်းက ဘာလို့ မောင်လေး’ရန်’ကို အခက်တွေ့အောင် လုပ်ရတာလဲ ၊ မန်ဝမ်ကြောင့် သူ့ကို ဒုက္ခပေးဖို့ ကြံစည်တာလား”
ရွမ်ပင်းက ပြုံးလိုက်ရင်း...
“နေသူတော်စင်ဂိုဏ်းက ညီမလေး’မန်ဝမ်’ကို မေ့မရနိုင်ဘူးဆိုတာ ဝန်ခံပါတယ် ၊ ဒါပေမဲ့ ငါက လှိုင်းနက်ဂေဟာက တပည့်ဆိုတာကိုလည်း မမေ့ပါဘူး ၊ ငါ မန်ဝမ်ကို ဆက်လိုက်ဦးမယ်ဆိုရင်တောင် ဒီလိုအလုပ်မျိုးလုပ်မှာ မဟုတ်ဘူး”
“ပြီးတော့ မင်းလည်း ရန်ကျောက်ကဲကို ကာကွယ်ပေးချင်နေတာမလား ဂိုဏ်းတူအစ်မ’ရှဲ့’ ၊ အဲဒါ ဝါဒတောင်က အစ်ကို’ရွှီဖေး’ကြောင့်ဆိုရင်တော့ မဖြစ်သင့်ဘူးနော်”
မိန်းကလေးရှဲ့က နူးညံ့သိမ်မွေ့စွာဖြင့်...
“ငါက ငါတို့ဂိုဏ်းအကြီးအကဲတွေရဲ့ ဆုံးဖြတ်ချက်တွေကို ပြတ်ပြတ်သားသား ခွဲခြားသိမြင်တဲ့သူပါ ၊ ပြီးတော့ အစ်ကို’ရွှီဖေး’က မောင်လေး’ရန်’ရဲ့ အရည်အချင်းကို ယုံကြည်လွန်းလို့ ငါတောင် ကာကွယ်ပေးဖို့ မလိုအပ်ဘူး”
သူမက ရွမ်ပင်းကို ပြောလိုက်ရင်း...
“မင်းကို သတိပေးချင်တာက... အခုလုပ်နေတာတွေကို ရပ်တန့်လိုက်ဖို့ပဲ ၊ မဟုတ်ရင် ရှုံးတဲ့သူကမင်းပဲဖြစ်သွားလိမ့်မယ်”