အခန်း (၃၉-၄၀)
Vol. 4 Ch. 39-40
အခန်း ၃၉- ဝေ့မိသားစု၏အောင်မြင်မှု။
ဝေ့ဝူသည် နောက်ထပ် လေးကြိမ်တိုင်တိုင် အော်ဟစ်လိုက်သည်။
"စစ်သားတွေ ရှေ့တက် စစ်သားတွေ ရှေ့တက်စစ်သားတွေ ရှေ့တက် စစ်သားတွေရှေ့တက်။"
စုစုပေါင်း အနီရောင်အလင်းတန်း ငါးခုသည် ကောင်းကင်ကို ဖြတ်သန်းသွားသည်။ သူသည် နောက်ထပ် ငါးကြိမ်တိုင်တိုင် စစ်သည်တွေရှေ့တက်ဟု အော်ဟစ်လိုက်သောအခါ စစ်တုရင်ဘူးထဲမှ အနက်ရောင်အလင်းတန်း ငါးခု ထွက်ပေါ်လာသည်။
ထို့နောက်...
"အမြောက်တပ် ရှေ့တက်။"
"မြင်းစီးတပ် ရှေ့တက်။"
"ရထားတပ် ရှေ့တက်။"
"ဆင်တပ် ရှေ့တက်။"
နောက်ဆုံးတွင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများဖြင့် ဖုံးလွှမ်းထားသည့် ဗိုလ်ချုပ်ကြီးများ ပေါ်ထွက်လာပြီး မြောက်ဘက်နှင့် တောင်ဘက်တို့တွင် နေရာယူကြသည်။
ဤသို့ဖြင့် မိုင် ၄၀ ကျယ်ဝန်းသော ယန္တရားကြီးတစ်ခုသည် ဝေ့မိသားစု၏ ဝိညာဉ်တောင်သုံးလုံးကို လွှမ်းခြုံထားလိုက်သည်။
ဝေ့ဝူသည် ဤယန္တရားကို ပိုမိုကြီးမားအောင် ပြုလုပ်နိုင်သော်လည်း တောင်သုံးလုံးမှာ နီးကပ်နေသဖြင့် ကန်စွန်းဥများကို ချွေတာရန် မိုင် ၄၀ တွင်သာ ရပ်တန့်ထားလိုက်သည်။
တောင်ထိပ်တွင်ရပ်ကာ လှမ်းကြည့်လိုက်လျှင် ပတ်ဝန်းကျင်ကို ဖုံးလွှမ်းထားသော စစ်တုရင်ခုံကြီးကို မြင်နိုင်သည်။
အနီနှင့် အနက်ဘက်မှ ဗိုလ်ချုပ် ၃၂ ဦးသည် နေရာအသီးသီးတွင် ရပ်တည်ကာ စောင့်ကြပ်နေကြသည်။
အေးဆေးတည်ငြိမ်နေပုံရသော်လည်း ယန္တရားထဲသို့ ဝင်ရောက်လာမည့် ရန်သူမှန်သမျှကို တစ်ခဏချင်းအတွင်း ဖုန်မှုန့်အဖြစ် ပြောင်းလဲပစ်နိုင်သည့် ကြောက်မက်ဖွယ် စွမ်းအားရှိသည်။
"ဘာဖြစ်တာလဲ ဘာတွေဖြစ်နေတာလဲ။"
ဘိုးဘေး ဝေ့ချွမ်ဟဲသည် ချန်ချွမ်တောင်မှ အမြန်ပြေးလာသည်။ အနီးတွင်ရပ်နေသော ဝေ့ကျင်းပေါ်မှာမူ စကားမပြောနိုင်အောင် အံ့အားသင့်နေသည်။
"ဘိုးဘေး စိတ်မပူပါနဲ့။ ကျွန်တော် ကာကွယ်ရေးမယန္တရား အသစ်တည်ဆောက်နေတာပါ။"
ဝေ့ဝူက ပြုံးလျက် ပြောသည်။
ဘိုးဘေး ဝေ့ချွမ်ဟဲမှာ ကြောင်အသွားလေသည်။
"ဘာ ကာကွယ်ရေးယန္တရားအသစ်။"
"ဘိုးဘေး ဒါ ယန္တရားအသစ်ပါ။ ဝိညာဉ်တောင် သုံးလုံးစလုံးကို လွှမ်းခြုံထားတယ်။ မန်ရှင်းအဆင့် ၆ အောက်က ဘယ်သူမှ မဖျက်ဆီးနိုင်ဘူးလို့ ခန့်မှန်းရပါတယ်။"
ဤယန္တရားအတွက် ကန်စွန်းဥ ၁၅ လုံး ကုန်ကျလိုက်ရသဖြင့် ဝေ့ဝူ၏ ရင်ထဲတွင် အနည်းငယ် နာကျင်မိသည်။ ၎င်းမှာ ဝိညာဉ်ကျောက်တုံး ၂၀,၀၀၀ ခန့်နှင့် ညီမျှသည်။
"မန်ရှင်းအဆင့် ၆ ကို တားဆီးနိုင်တယ်။"
ဘိုးဘေး ဝေ့ချွမ်ဟဲမှာအလွန်တုန်လှုပ်သွားပြန်သည်။
"ဝေ့ဝူ မင်း ဒီတစ်ခါ ယန္တရားကြီးကို ယူလာပြန်တာလား။"
ဝေ့ဝူ ခေါင်းညိတ်ပြလိုက်သည်။
ယခင်က မုန့်အမျိုးမျိုး၊ အဆာပြေစာများ ယူလာခဲ့ဖူးသော်လည်း ယခုတစ်ကြိမ်သည် အလွန်အမင်း အံ့ဩစရာကောင်းလှသည်။
"ဒီယန္တရားကို ဘာလို့ခေါ်လဲ။"
"ဒါကို စစ်တုရင်မန္တရားလို့ခေါ်ပါတယ်။ ဟန်ဘုရင်နဲ့ ချူဘုရင်တို့ရဲ့ သမိုင်းဝင် တိုက်ပွဲကို အခြေခံပြီး တည်ဆောက်ထားတာပါ။"
"ဟိုဘက်က ဟန်ဘုရင် လျိုပန် ဒီဘက်က ချူဘုရင် ရှန်ယွီ သူတို့နှစ်ယောက်ဟာ ကျွန်တော်တို့ ဝေ့မိသားစုကို စောင့်ရှောက်ပေးနေမှာပါ။"
ဘိုးဘေးနှင့် ဝေ့ကျင်းပေါ်တို့မှာ သဘောမပေါက်သော်လည်း ယန္တရား၏ စွမ်းအားကို ခံစားမိကာ အလွန်ဝမ်းမြောက်သွားကြသည်။
"ဒါဆို မူလက ကာကွယ်ရေးယန္တရား မလိုအပ်တော့ဘူးပေါ့။"
ဝေ့ကျင်းပေါ်က မေးသည်။
"ဟုတ်ပါတယ်။ ဝိညာဉ်ကျောက်တုံး မကုန်အောင် ဖျက်လိုက်တာ ပိုကောင်းပါတယ်။"
ဘိုးဘေး ဝေ့ချွမ်ဟဲသည် ဝေ့ဝူကို ယုံကြည်မှု ပိုမိုတိုးပွားလာသည်။ သူသည် တောင်ပေါ်မှ ပြန်ဆင်းသွားစဉ် ဝေ့မိသားစု အောင်မြင်တော့မှာပဲဟု မိမိဘာသာ ရေရွတ်လိုက်သည်။
"ဘိုးဘေး အရမ်းပျော်နေပုံပဲ။"
"တကယ်ပါပဲ။ လွန်ခဲ့တဲ့ရက်အနည်းငယ်ကတည်းက သူက ငါတို့လို ဆင်းရဲတဲ့ မိသားစုက တာအိုကျမ်းလို အဆင့်မြင့်ကျင့်စဉ်ကို ပိုင်ဆိုင်ဖို့ မထိုက်တန်ဘူးလို့ ပြောနေခဲ့တာ။ အခုတော့ သူ စိတ်အေးသွားပုံရတယ်။"
ထို့နောက် ဝေ့ဝူသည် စစ်တုရင်ယန္တရားကို ထိန်းချုပ်နည်းကို ဝေ့ကျင်းပေါ်အား သင်ပေးလိုက်သည်။
ဝေ့ကျင်းပေါ်သည်ယန္တရားကို ခံစားကြည့်လိုက်သောအခါ အင်မတန် အစွမ်းထက်ပြီး လိမ်မာပါးနပ်စွာ တည်ဆောက်ထားကြောင်း ချီးကျူးလိုက်သည်။
ထို့အပြင် ဝေ့ဝူသည် သူကျင့်ကြံထားသော ကောင်းကင်ဘုံကိုလှည့်စားခြင်းအဆင့် ၁ နှင့် အသွင်ပြောင်းခြင်း နည်းလမ်းများကိုပါ ရှင်းပြသည်။
ဝေ့ကျင်းပေါ်က လေလံပွဲအတွက် အဆင်သင့်ပြင်ထားရန် မှာကြားပြီး ဝိညာဉ်ကျောက်တုံး ၁၅,၀၀၀ ပါဝင်သော သိုလှောင်အိတ်ကို ပေးအပ်လိုက်သည်။
လက်ရှိတွင် ကန်စွန်းဥ ၅၃ လုံးအနက် ၁၃ လုံးသာ ကျန်ရှိတော့သည်။ ခုနစ်ရက်အကြာတွင် ကမ္ဘာနှစ်ခုကြား တံခါးပေါက် ပွင့်တော့မည်ဖြစ်ရာ မည်သည့်အရာများ ရရှိလာမည်ကို ဝေ့ဝူ စိတ်အားထက်သန်စွာ စောင့်မျှော်နေတော့သည်။
အခန်း ၄၀- ကမ္ဘာမြေသို့ ထပ်မံရောက်ရှိခြင်း။
သုံးရက်မြောက်နေ့ ညသန်းခေါင်ယံ ယွီဒင်းတောင်ပေါ်ရှိ ဝေ့ဝူ၏ မသေမျိုးဂူအတွင်း၌ဖြစ်သည်။
ဝေ့ဝူသည် မျက်လုံးများကိုမှိတ်ကာ ကျင့်ကြံနေသည်။ သူ၏ ခန္ဓာကိုယ်မှ ဖြာထွက်လာသော အရှိန်အဝါမှာ မန်ရှင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း မလွဲမသွေပင်။
ထို့အပြင် သူဖွင့်လှစ်လိုက်သော ဝိဉာဥ်နန်းတော်မှာ အမြင့်ဆုံးအဆင့်ဖြစ်သည့် ကျောက်စိမ်းနန်းတော်ဖြစ်သည်။
မန်ရှင်းအဆင့်တွင် ဝိဉာဥ်နန်းတော်တစ်ခုဖွင့်လှစ်ရသည်။
ထိုဝိဉာဥ်နန်းတော်တွင် အဆင့်သုံးဆင့်ရှိရာ ကြေးနန်းတော် ၊ရွှေရောင်နန်းတော် နှင့် ကျောက်စိမ်း နန်းတော်တို့ဖြစ်သည်။
ကျင့်ကြံသူအများစုမှာ ကြေးနန်းတော် အဆင့်ကိုသာ ဖွင့်လှစ်နိုင်ကြသည်။
ကျောက်စိမ်းနန်းတော်၏ အရေးပါမှုမှာ ယခုလက်ရှိ တိုက်ခိုက်နိုင်စွမ်းထက် နောင်တွင် ဝိညာဉ်သန္ဓေသားကို ပုံဖော်ရန်အတွက် အလွန်အရေးကြီးခြင်းဖြစ်သည်။
ကူယွန်းတောင်တန်းတစ်ခုလုံးတွင် နှစ်ပေါင်းရာနှင့်ချီ၍ ရွှေရောင်နန်းတော်မျိုးပင် မပေါ်ထွက်ခဲ့ဖူးရာ ဝေ့ဝူ၏ ကျောက်စိမ်းနန်းတော်မှာ အလွန်တရာ အစွမ်းထက်ကြောင်း ထင်ရှားသည်။
သူသည် ဘိုးဘေး ဝေ့ချွမ်ဟဲနှင့် ဖခင် ဝေ့ကျင်းပေါ်တို့၏ စီစဉ်ပေးမှုဖြင့် မန်ရှင်းအဆင့်ဆေးကို သုံးစွဲပြီးနောက်မန်ရှင်းအဆင့်သို့ ချောမွေ့စွာ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
ဤအောင်မြင်မှုသည် တာအိုကျမ်းကျင့်စဉ်ကြောင့်လည်း ဖြစ်နိုင်သည်။
သူ၏မျက်လုံးများ ပွင့်လာသောအခါ အနီးတွင် လည်ပတ်နေသော လျှို့ဝှက်ဆန်းကြယ်သည့် ပုံရိပ်ယောင်စက်ဝန်းတစ်ခုကို တွေ့ရသည်။
သူသည် ကမ္ဘာမြေမှ ဝယ်ယူထားသည့် အဝတ်အစားများကို ဝတ်ဆင်ကာ၊ အိတ်ထဲတွင် ငွေသားသုံးထောင်ကျော်ကို ထည့်ထားလိုက်သည်။
ယခုအခါ မန်ရှင်းအဆင့်သို့ ရောက်ရှိသွားပြီဖြစ်၍ ကမ္ဘာမြေတွင် နေနိုင်သည့်အချိန်မှာ နှစ်နာရီအထိ တိုးမြှင့်သွားပြီး သယ်ဆောင်နိုင်သည့် အလေးချိန်မှာလည်း ၈ ပေါင်ခန့်အထိ ဖြစ်လာသည်။
"ဟားဟား ငါလာပြီဟေ့။"
ဝေ့ဝူသည် ဝင်ပေါက်မှတစ်ဆင့် ဖြတ်ကျော်ဝင်ရောက်လိုက်သည်။ ပထမဆုံးအကြိမ်ကဲ့သို့ပင် သူသည် အိမ်သာတစ်ခုထဲသို့ ပြန်ရောက်လာသည်။
အပြင်သို့ထွက်လိုက်သောအခါ ညနေစောင်းအချိန်ဖြစ်ပြီး လမ်းမပေါ်တွင် ယာဉ်များ တန်းစီနေသည်ကို တွေ့ရသည်။
ကမ္ဘာမြေ၏ လေထုမှာမူ ကျင့်ကြံခြင်းလောကနှင့် မတူဘဲ အနည်းငယ် ပုပ်သိုးသောအနံ့နှင့် မသန့်ရှင်းကြောင်း ခံစားလိုက်ရသည်။
လမ်းလျှောက်နေစဉ် မိန်းကလေးတစ်ဦး၏ အသံကို ကြားလိုက်ရသည်။ ဝေ့ဝူ လှည့်ကြည့်လိုက်ရာ ပန်းရောင်လျှပ်စစ်စကူတာတစ်စီးကို စီးနင်းထားသော မိန်းကလေးတစ်ဦးကို တွေ့ရသည်။
သူမမှာ ယခင်က သူ ကူညီပေးခဲ့ဖူးသော တက္ကသိုလ်ကျောင်းသူလေး ဖြစ်သည်။
"ကျွန်မ ရှင့်ကို ရှာနေတာ ကြာပြီ။"
သူမက စိတ်လှုပ်ရှားစွာ ပြောသည်။
သူမ၏အမည်မှာ ရှူချင်းချန်ဖြစ်သည်။ သူမသည် ဝေ့ဝူကို မတော်တဆ ပေးခဲ့မိသော ရွှေများကို ပြန်ပေးရန် လိုက်လံရှာဖွေနေခြင်းဖြစ်သည်။
"ကျွန်မ ဒီရွှေတွေကို မသုံးပါဘူး။ ကျွန်မရဲ့ အဆောင်မှာ သေချာသိမ်းထားပါတယ်။ ပြီးတော့ ကျွန်မ ရှင့်ဆီမှာ ငွေ ၁၀,၀၀၀ အကြွေးတင်နေသေးတယ်။"
ဝေ့ဝူသည် ဤမိန်းကလေး၏ ရိုးသားမှုကို သဘောကျမိသည်။
"ငါ့ကိုငွေတွေ ရွှေတွေကို ပြန်ပေးစရာ မလိုပါဘူး။ ငါ့လက်ဆောင်လို့ပဲ သဘောထားလိုက်ပါ။"
ရှူချင်းချန်က လက်မခံဘဲ သူမ၏ကျောင်းသို့ လိုက်လာရန် အတင်းအကျပ် ခေါ်ဆိုသည်။
ဝေ့ဝူသည် သူမ၏ အလုပ်ရှုပ်မှုကို ငြီးငွေ့လာသော်လည်း တစ်ဖက်တွင်လည်း သူ့အတွက် ကမ္ဘာမြေတွင် အကူအညီပေးမည့်သူတစ်ဦး လိုအပ်နေသည်။
သူသည် ဖုန်းဝယ်ရန်နှင့် အခြားကိစ္စများဆောင်ရွက်ရန် ခက်ခဲနေသဖြင့် ရှူချင်းချန်ကို သူ၏လက်ထောက်အဖြစ် ခန့်အပ်ရန် စဉ်းစားလိုက်သည်။
"မင်း ဘာမေဂျာတက်တာလဲ။"
"Digital Media Art ပါ။"
"ကောင်းပြီ။ အခု ဒီရွှေတွေကိုယူပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ် ဒါမှမဟုတ် စီးပွားရေးတစ်ခုခုလုပ်။ အမြတ်ရရင် ခွဲဝေယူကြမယ် အရှုံးပေါ်ရင် ငါတာဝန်ယူမယ်။"
ဝေ့ဝူက အစီအစဉ်ချပြသည်။
သူသည် ရှူချင်းချန်အား သူ၏ ကိုယ်ရေးကိုယ်တာကိစ္စများ မိဘများ၏ အခြေအနေကို စုံစမ်းခြင်းနှင့် အခြား လိုအပ်သည့် ပစ္စည်းများ ဝယ်ယူခိုင်းခြင်းတို့ကို တာဝန်ပေးရန် ရည်ရွယ်သည်။
ရှူချင်းချန်မှာ အစပိုင်းတွင် မဝေခွဲနိုင်ဖြစ်နေသော်လည်း နောက်ဆုံးတွင် ဝေ့ဝူ၏ စကားကို နားထောင်ရန် သဘောတူလိုက်သည်။
"ငါ့နာမည်က ဝေ့ဝူ။"
ထို့နောက် သူသည် ရှူချင်းချန်နှင့်အတူ ဖုန်းဆိုင်ဆီသို့ ဦးတည်သွားတော့သည်။