← Chapters

သက်ရှိဖန်တီးခြင်း

Vol. 45 Ch. 622

သက်ရှိဖန်တီးခြင်း

Vol. 45 Ch. 622

ယီရှီ၏ အံ့အားတကြီး အော်ဟစ်မှုကြောင့် တီနာ၏ သေးငယ်သော ခန္ဓာကိုယ်လေးမှာ တသိမ့်သိမ့်တုန်သွားရပြီး ဝတုတ်လုံးကြီးကို ကြောက်ရွံ့နေသည့်အလား အန်လင်း၏ ဆံပင်အား ခပ်တင်းတင်း ဆုပ်ကိုင်ထားသည်။

ယီရှီသည်လည်း ခံစားချက် အလွန်ပြင်းထန်သွားကြောင်း သတိပြုမိကာ ရှက်ပြုံးပြုံးလိုက်သည်။

သူအားကျမနာလိုသော မျက်ဝန်းများဖြင့် အန်လင်းအား ကြည့်ရှုလိုက်သည်။

"မဆိုးပါဘူးကွ....ဟမ်...အန်လင်း ဒီနတ်သမီးလှလှလေးက ဘယ်သူလဲ။"

အန်လင်း ညင်သာစွာပြုံးရင်း မိတ်ဆက်ပေးသည်။

"သူမနာမည်က တီနာလေ။ ကျွန်တော့်ရဲ့ သားရဲပေါ့။ တီနာ သူကယီရှီတဲ့ တုန်ရွှာနန်းတော်တင် မကဘူး....ကောင်းကင်ဘုံခုံရုံး တစ်ခုလုံးမှာပါ အတော်ဆုံး ဆေးဆရာပဲ။"

ထိုစကားကြောင့် ယီရှီ ဒယိမ်းဒယိုင် ဖြစ်သွားသည်။

"သား....သားရဲဟုတ်လား။ ငိုးမသားလေး မင်းကံကောင်းလှချည်လား။ ဒီလောက်လှတဲ့ နတ်သမီးလေးကို မင်းရဲ့သားရဲ ဖြစ်လာအောင် ဘယ်လိုများ စည်းရုံးလိုက်တာလဲ။"

အန်လင်း: "......."

တီနာမှာလည်း မျက်လုံးအပြူးသား ဖြစ်နေသည်။

"ဘီလူးအန်လင်း ဒီလောက်ဝတဲ့လူက ဘယ်လိုများ ဆေးလုံးသန့်စင်နိုင်တာလဲ။ ဒါမှမဟုတ် ဆေးလုံးလို လုံးလုံးကြီးဖြစ်လေ ဆေးသန့်စင်တဲ့ အစွမ်းက ပိုထက်လေမျိုးလား။"

ယီရှီ: "........"

"နာလေး....မရိုင်းရဘူးလေ။ အစ်ကိုကြီးယီရှီရဲ့ အချိုးအစားက အဆင်ပြေပါတယ်။"

အန်လင်း တီနာအား ဆူပူလိုက်သည်။

"အို့..."

တီနာ နှုတ်ခမ်းလေးစူကာ တိတ်ဆိတ်သွားတော့သည်။

ယီရှီမှာ မျက်ခုံးနှိပ်ကာ သက်ပြင်းချမိသည်။

"ထားလိုက်ပါ....မင်းတို့နိုင်ပါတယ်။ ငါမင်းကို စကားနဲ့ ဆော်လိုက်ပေမယ့် တီနာက ချက်ချင်းကို မင်းအစား ပြန်သမတော့တာပဲ။ ငါဘာမှမပြောနိုင်တော့ပါဘူး။"

တီနာ၏ နှုတ်ခမ်းထက်တွင် နွေဦးလေပြေလို လန်းဆန်းသော အပြုံးတစ်ခု ပွင့်ဖူးလာသည်။

"ဟွန့်.....ဒီကပြောတာ အမှန်ပဲဟာ။"

"ကောင်းပြီ....လာရင်းကိစ္စ ပြောကြတာပေါ့။"

အန်လင်း ပြုံးကာရယ်ကာ အင်မော်တယ်ဆေးလုံး လက်မှတ်ငါးခုအား ထုတ်ယူလိုက်သည်။

"အသက်စွမ်းအင် အားကောင်းတဲ့ သစ်သားအမျိုးအစား အင်မော်တယ်ဆေးလုံး လုပ်ပေးပါ။"

ယွီရှီ၏ မျက်ဝန်းများ တောက်ပသွားသည်။

"မင်းရဲ့ ဆေးသုံးတဲ့နည်းလမ်းကို ထပ်လုပ်ဦးမလို့လား။"

"မဟုတ်ပါဘူး။ ဒါက တီနာအတွက်ပါ။"

ယီရှီမှာ အနည်းငယ် စိတ်ပျက်သွားပါသော်လည်း ဆေးလုံးသန့်စင်ခြင်းကို စတင်လိုက်သည်။

ထိုသည်မှာ အဆင့်ငါး အင်မော်တယ်ဆေးလုံးဖြစ်သော မိုးပြာဧကရာဇ်အင်မော်တယ်ပန်းဆေးလုံးဖြစ်ပြီး အင်မော်တယ်ပန်းလေးမျိုးထံမှ အဆီအနှစ်များ ထုတ်ယူကာ မိုးပြာဧကရာဇ်အင်မော်တယ်သစ်နွယ်အား အသုံးပြုကာ ပေါင်းစပ်ထားသော အဆီအနှစ်ကို သန့်စင်ထားခြင်း ဖြစ်သည်။ ထိုဆေးလုံးသည် သေအံ့ဆဲဆဲလူကိုပင် ပြန်လည်ကောင်းမွန်စေနိုင်ပြီး အသက်စွမ်းအင် များပြားစွာ ပါဝင်သည်။

ယီရှီသည် အဖြူရောင် အံ့ဖွယ်မီးတောက်အား ထိန်းချုပ်ကာ တန်ဖိုးကြီး ပါဝင်ပစ္စည်းများ ထည့်သွင်းနေသည်မှာ ကခုန်နေသယောင် ထင်မှတ်ရသည်။

တီနာမှာ ထိုမြင်ကွင်းကြောင့် အူကြောင်ကြောင် ဖြစ်နေမိသည်။ ထိုသို့ကခုန်နေသည်မှာ အနည်းငယ်ပင် စိတ်ကျေနပ်စရာ မကောင်းပါသော်လည်း ဝတုတ်ကြီးတစ်ယောက် ပေါ့ပါးစွာ လှုပ်ရှားနေသည်ကို မမြင်တွေ့ခဲ့ဖူးပေ။

တိုတောင်းလှသော အချိန်အတွင်းမှာပင် ဆေးလုံးသန့်စင်ခြင်း ပြီးဆုံးသွားသည်။

ဆေးလုံးထံမှ အားကောင်းသော အင်မော်တယ် အငွေ့အသက်များ ဖြာထွက်နေပြီး တောက်ပစွာ လင်းလက်နေသည်။

အကန့်အသတ်မဲ့သော အသက်စွမ်းအင်များနှင့်အတူ အင်မော်တယ်ပန်းပုံရိပ်များကိုပါ ဆေးလုံးပတ်လည်တွင် မြင်နေရသောကြောင့် လှပသော မြင်ကွင်းတစ်ခုအား ခြယ်မှုန်းထားသလိုပင်။

"လှလိုက်တာ....."

အန်လင်းနှင့် တီနာ နှစ်ဦးလုံးသည် ငေးမောနေရင်း ရေရွတ်မိလိုက်ကြသည်။

ယီရှီမှာ စိတ်ကျေနပ်စွာဖြင့် ဆေးလုံးအား လှမ်းပေးလာသည်။ အောင်မြင်စွာ ဆေးဖော်စပ်ပြီးချိန်သည် သူ့အတွက် အားအရဆုံးအချိန် ဖြစ်သည်။

အန်လင်းသည် အင်မော်တယ်ဆေးလုံး လက်မှတ်အားထုတ်ကာ ရှင်းပေးလိုက်ပြီးနောက် ယီရှီအား အလောတကြီး နှုတ်ဆက်ခဲ့သည်။

စောင့်မျှော်နေသော အချိန်သို့ရောက်ရန် မစောင့်နိုင်တော့ပေ။

.............

အခန်းထဲ၌

တီနာမှာ အင်မော်တယ်ဆေးလုံးအား ကိုင်တွယ်ကာ ရယ်မောနေသည်။

"အရင်တစ်ခါ အင်မော်တယ်ဆေးလုံး စားတုန်းက ငါ့ထက်တော်တော်ကြီးလို့ မနည်းအစာခြေပစ်ရတယ်။ အခုတော့ မြန်လောက်ပါတယ်။"

အန်လင်း ခေါင်းညိတ်ပြလိုက်သည်။

"အဲ့ဒါဆို စလိုက်တော့လေ။"

"ဟုတ်သားပဲ....မင်းသက်ရှိတွေ မဖန်တီးခင် ငါ့ကိုကမ္ဘာထဲ အရင်ခေါ်သွားဦး။"

သက်ရှိများ မွေးဖွားလာသည်ကို မြင်တွေ့ရမည်မှာ စိတ်ကူး၍ပင် မရနိုင်သော အတွေ့အကြုံ ဖြစ်သည်။

တီနာသည် အန်လင်း၏ နဖူးအား ထိတွေ့လိုက်သည်နှင့် အားကောင်းလှသော ဆင့်ခေါ်စွမ်းအင်တစ်ခု ဝင်ရောက်လာသည်။

အန်လင်း မူးနောက်နောက်ဖြစ်ကာ တီနာ၏ ကမ္ဘာထဲသို့ အသိစိတ် ကူးပြောင်းသွားပြန်သည်။

သူပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ရှုကာ လက်မထောင်ပြလိုက်သည်။

"စလိုက်ကြရအောင်။"

"ကောင်းပြီ။ သက်ရှိတွေ ဖန်တီးဖို့ အင်မော်တယ်ဆေးလုံးကို စားလိုက်တော့မယ်။"

တီနာ ရယ်မောနေသည်။

အန်လင်းမှာ ကောင်းကင်ထက် ပျံဝဲသွားပြီးနောက် အပြောင်းအလဲများကို စတင်ခံစားမိလာသည်။

အစပိုင်းတွင် အရာအားလုံး တိတ်ဆိတ်နေပါသော်လည်း ချီလော့မြို့ အလယ်ရှိ မျှော်စင်ထိပ်မှ အလင်းရောင်များ ဖြာထွက်လာပြီး အလင်းလုံး ကိုးလုံးမှာလည်း နေမင်းအား ဂြိုလ်များမှ လှည့်ပတ်နေသလို စတင်လည်ပတ်လာသည်။

မမြင်နိုင်သော စွမ်းအင်လှိုင်းတစ်ခုသည်လည်း ကောင်းကင်နှင့်မြေပြင်တခွင် ပြန့်ကားလာသည်။

ရှင်သန်ခြင်းနှင့် သေဆုံးခြင်း သံသရာကဲ့သို့ ဗလာနတ္ထိထံမှ သက်ရှိအရှိန်အဝါ မွေးဖွားလာလေသည်။

လွင်တီးခေါင်ပြင်တွင် သက်ရှိစွမ်းအင်များ ဖြစ်ပေါ်လာပြီး ကောင်းကင်နှင့်မြေပြင်လည်း တုန်ခါကာ လောကနိယာမများ အလိုအလျောက် စတင်ပြောင်းလဲလာသည်။

ထိုအချိန်တွင် အန်လင်း၏ ခန္ဓာကိုယ်သည်လည်း သန့်စင်ခံလိုက်ရသလို ပေါ့ပါးသွားသည်။

သူသည် အစစ်အမှန် သက်ရှိတစ်ခု ဖြစ်သွားသလိုပင်။ တီနာသည် သူ့အတွက် ခန္ဓာတစ်ခု ပေးထားပါသော်လည်း ပြီးပြည့်စုံသော သက်ရှိမဟုတ်ခဲ့ပေ။ သို့သော် သက်ရှိစွမ်းအင် ဖြစ်တည်လာပြီးနောက် ဤကမ္ဘာပေါ်ရှိ သူ၏ဖြစ်တည်မှုမှာလည်း ပြည့်စုံသွားလေပြီ။

ကောင်းကင်နှင့်မြေပြင်မှာလည်း စကြာဝဠာထဲမှ မွေးဖွားလာသလို အလုံးစုံ ပြောင်းလဲသွားသည်။ ခြောက်ကပ်တိတ်ဆိတ်နေသော ကမ္ဘာမြေတွင် ဖန်ဆင်းရှင်၏ အစွမ်းကြောင့် သက်ရှိစွမ်းအင်များ ဖြစ်တည်လာသည်။

နေရောင်ခြည်မှာ ပိုမိုနွေးထွေးလာပြီး လေပြေများမှာ သက်ရှိအငွေ့အသက်ကို သယ်ဆောင်လို့နေသည်။

အပင်များလည်း စတင်ပေါက်လာတော့သည်။

ရစ်သောခလုတ်ကို နှိပ်ထားသကဲ့သို့ မကြာမီမှာပင် သေးငယ်လွန်းသော သက်ရှိများ စတင်ဖြစ်တည်လာသည်။

"သခင်....ဒီသက်ရှိတွေက အရမ်းကို ရိုးရှင်းလွန်းသေးတယ်။ ငါအချိန်ကို မြန်လိုက်မယ်။"

တီနာ သတိပေးလိုက်သည်။

ထိုစကားကြောင့် အန်လင်း အံ့အားသင့်သွားသည်။

သူမက အချိန်ကိုတောင် ထိန်းချုပ်နိုင်တာလား....ထိုက်ချူကုန်းမြေက တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတွေတောင် အဲ့လိုမလုပ်နိုင်ဘူး.....

"ငါ့အပေါ်တော့ သက်ရောက်မှာ မဟုတ်ဘူးမလား။"

အန်လင်း မေးမြန်းလိုက်သည်။

ယီးထဲမှ....သက်ရှိတွေ ဖန်တီးတာ မြင်ချင်လို့ ဝင်လာပါတယ်ဆို အသက်ကြီးပြီး သေသွားရင်တော့ဂွပဲ....

"မရှိပါဘူး....ငါ့ရဲ့ထိန်းချုပ်မှုက ဒီကမ္ဘာပေါ်က သက်ရှိတွေကိုပဲ သက်ရောက်မှာ..."

တီနာ အေးအေးဆေးဆေး ရှင်းပြလိုက်သည်။

အန်လင်း ခေါင်းညိတ်ပြလိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ အချိန်စီးဆင်းမှုမှာ သိသာစွာ မြန်ဆန်လာသည်။

အချိန်အလွန်မြန်ထားသော ဗီဒီယို တစ်ပုဒ်အား ထိုင်ကြည့်နေရသလိုပင်။

အန်လင်းမှာ ချီလော့မြို့ အပြင်ဘက်သို့ ပျံဝဲသွားလိုက်သည်။

ယခင်က ဗလာဖြစ်နေခဲ့သော ကမ္ဘာမြေသည် အပင်များ၊ တိရစ္ဆာန်များ ဖြစ်ပေါ်လာနေပြီး တိုတောင်းလှသော အချိန်အတွင်းမှာပင် အမျိုးမျိုး ဆင့်ကဲပြောင်းလဲလာသည်။

မြေပြင်မှာလည်း မြက်ခင်းပြင်ဒေသ၊ ကန္တာရ၊ သစ်တော၊ ကန်ရေပြင်၊ မြစ်ချောင်း၊ တောင်တန်း အစရှိသဖြင့် တည်ဆောက်ပုံများ ပြောင်းလဲကုန်သည်။

ပိုးမွှားများ၊ နို့တိုက်သတ္တဝါများ၊ ငါးများနှင့် ပျံသန်းနိုင်သော သတ္တဝါများလည်း စတင်ဖြစ်ပေါ်လာသည်။

ထိုသည်မှာ ဖန်ဆင်းခြင်း၏ ပြာဋိဟာပင်။

အန်လင်းမှာ အံ့ဖွယ်စိတ်ဆန္ဒအား ဖြန့်ကျက်ကာ ကောင်းကင်ထက်တွင် ပျံဝဲနေသည်။

သူသည် ဖန်ဆင်းခြင်းမျိုးစုံနှင့် ဘဝသံသရာများစွာကို တွေ့မြင်ခဲ့ရသည်။

ဖြစ်တည်မှုများ များပြားလာသည်နှင့်အမျှ အချိန်အား ထိန်းချုပ်နေရသော တီနာမှာလည်း ပင်ပန်းနွမ်းနယ်လာသည်။

"ဟူး......ဒီနေ့တော့ တော်လိုက်ရအောင်။ ဘီလူးအန်လင်း နင်ပေးထားတဲ့ အင်မော်တယ်ဆေးလုံးက အစွမ်းတွေလည်းကုန်ပြီ။ ငါလည်း ပင်ပန်းနေပြီ။ ကမ္ဘာ့ရဲ့ တိုးတက်မှုနှုန်းကို ပုံမှန်လေးအတိုင်း ထားထားလိုက်ဦးမယ်။"

တီနာ စကားဆိုလိုက်သည်။

အန်လင်းမှာလည်း အံ့အားသင့်ဖွယ် သက်ရှိဖြစ်တည်မှုများအား သတိလက်လွတ် လိုက်လံငေးမောနေရာမှ အသိစိတ် ပြန်ဝင်လာသည်။

တောင်တစ်လုံးပေါ်တွင် လူတစ်ကိုယ်စာထက် ကြီးမားသော ယုန်တစ်ကောင်မှာ ထက်ရှလှသော ခြေသည်းများဖြင့် ဝံပုလွေထံ ခုန်ဝင်ကာ ခေါင်းဖြတ်လိုက်သည်ကို တွေ့လိုက်ရသည်။

အန်လင်းမှာ ထိုကဲ့သို့ အဖြစ်အပျက်မျိုးအား မတွေ့ခဲ့ဖူးပေ။ ဤကမ္ဘာသည် အမှန်တကယ်ပင် စိတ်ဝင်စားစရာ ကောင်းလှသည်။

အံ့ဖွယ်စိတ်ဆန္ဒအား အချိန်ကြာမြင့်စွာ အသုံးပြုခဲ့သောကြောင့် သူသည်လည်း အတော်ပင် နွမ်းနယ်နေလေပြီ။

"နာလေး....ငါ့ကိုပြန်ထုတ်ပေးပါဦး။"

အန်လင်း မျက်ခုံးနှိပ်ကာ ပြောလိုက်သည်။

သူ၏အမြင်များ မှောင်အတိကျကာ အိပ်ခန်းထဲ ပြန်လည်ရောက်ရှိလာသည်။

ကောင်းကင်ထက်တွင် ကြယ်နှင့်လများပင် နေရာယူထားကြပြီ ဖြစ်သည်။

မသိလိုက်သော အချိန်အတွင်း တစ်ရက်တာ ကုန်ဆုံးသွားပြီ ဖြစ်သလို ၎င်းတို့နှစ်ဦးမှာ အတန်းချိန်များလည်း ပျက်ကွက်ခဲ့သည်။

နေပါဦး.....

ရက်နည်းနည်းလောက်တောင် ကြာရင်ကြာသွားနိုင်တာပဲ.....ဒါတစ်ရက်တည်းလို့ ငါမှသေချာမသိတာ.....

ထားလိုက်ပါတော့.....အရင်အိပ်ရမယ်.....

အန်လင်းမှာ ပင်ပန်းနေသောကြောင့် အိပ်ရာပေါ် ရောက်သည်နှင့် ချက်ချင်းအိပ်ပျော်ချင်သွားသည်။

တီနာမှာလည်း ခန္ဓာကိုယ်အား ဘောလုံးလေးသဖွယ် လုံးလိုက်သည်။ သူမ၏ လက်များသည် အန်လင်း၏ ဆံပင်များကို ဆုပ်ကိုင်ထားပါသော်လည်း ရွှေရောင်တောင်ပံများမှာ ဖြည်းညင်းစွာ မှေးမှိန်လာကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။

All Chapters