← Chapters

ဒိုင်နိုဆောခေတ်

Vol. 45 Ch. 623

ဒိုင်နိုဆောခေတ်

Vol. 45 Ch. 623

အန်လင်းမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ပြီး နောက်တစ်နေ့ မနက်မှသာ ပြန်နိုးတော့သည်။ ချက်ချင်းဆိုသလို လရောင်အောက်တွင် ဖူးပွင့်နေသော ကြာပန်းကဲ့သို့ ဖျော့တော့ပါသော်လည်း စိတ်ကြည်နူးစရာ ကောင်းလှသည့် ရနံ့တစ်ခုကို ရရှိလိုက်သည်။

သူမျက်လုံးဖွင့်ကြည့်လိုက်သောအခါ သေးငယ်သော နတ်သမီးလေးမှာ ဘေးတွင်လှဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။

သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ပြီးပြည့်စုံခြင်းဟူသော အဓိပ္ပါယ်ကို ဖော်ဆောင်နေသလိုပင်။

သူမသည် အသက်အား နှေးနှေးနှင့်မှန်မှန် ရှူသွင်းနေပြီး ရှည်လျားသော မျက်တောင်လေးများမှာလည်း အနည်းငယ် တုန်ခါနေသည်။ ကြည်လင်နူးညံ့ကာ နေရောင်အောက်တွင် တလက်လက် တောက်ပနေသော သူမ၏ အသားအရေမှာ အဖြူရောင် ပန်းပွင့်ဝတ်စုံထက်ပင် ဆွဲဆောင်မှု ရှိပေသည်။

သူမသည် လှပသည်ထက်ပင် သာလွန်သောကြောင့် အန်လင်းကိုယ်တိုင်လည်း အချိန်အနည်းငယ်ကြာ ငေးမောပြီးမှသာ အိပ်ရာထနိုင်လိုက်သည်။

သူသည် အတန်းသို့သွားရန် တွေးတောထားသည်။ ဧည့်ခန်းသို့ ရောက်ရှိလာသောအခါ ပြတင်းပေါက်မှတဆင့် သီချင်းဆိုသံများ ကြားလိုက်ရသောကြောင့် ရှောင်ဟုန်တစ်ယောက် နေရောင်ခံနေပြီဖြစ်ကြောင်း သိရှိလိုက်သည်။

"ရှောင်ဟုန်....ငါတီနာ ကမ္ဘာထဲ ဝင်သွားတာ ဘယ်လောက်ကြာပြီလဲ။"

အန်လင်း ပြတင်းပေါက် ဖွင့်ပေးရင်းမေးသည်။

"လာ့....လာ....လား...."

ရှောင်ဟုန်မှာ သီချင်းဆိုနေရင်း သူမ၏ အနီရောင် ပွင့်ချပ်လေးမှာ ခါကာယမ်းကာ တုံ့ပြန်လိုက်သည်။

"သခင်.....နင်အိပ်ပျော်နေတာ ငါးရက်တောင်ရှိပြီ။ မမရှောင်လန်တောင် နင့်ကိုလာကြည့်သေးတယ်။ ကာလနဂါးရှုံးအောင် အိပ်ပျော်နေလို့သာ ကျောင်းမှာလည်း ခွင့်တိုင်ပေးထားတယ်တဲ့။"

ထိုစကားကြောင့် အန်လင်း အံ့သြသွားမိသည်။

တစ်ပတ်နီးပါးတောင် ရှိနေပြီပဲ....

ဘာပဲဖြစ်ဖြစ် ရှောင်လန်က ခွင့်တိုင်ပေးထားတယ်ဆိုတော့ အတန်းဆက်ပျက်လိုက်တော့မယ်....

ကမ္ဘာတစ်ခု ဖန်တီးတာကို ကြည့်ရတာက အတန်းတက်တာထက် အများကြီး ပျော်ဖို့ကောင်းတယ်လေ.....

အန်လင်းသည် အကြော်ဒယ်အိုးနှင့် ကြက်ကုန်းဘောင် ကြော်လိုက်သောကြောင့် ငြင်းဆန်မရအောင် မွှေးပျံ့လွန်းသော ရနံ့မှာ အခန်းတစ်ခုလုံး ပျံ့နှံ့နေသည်။ ကျင့်ကြံရန် ထွက်ခွာသွားသော ရွှယ်ကျန်ထျန်းမှလွဲ၍ ရှောင်ချိုး၊ လန်လေး၊ ရှောင်လေးနှင့် အခြားသူများအားလုံးမှာ သွားရေတမြှားမြှားကျကာ အန်လင်းအနား ရောက်ရှိနေကြလေပြီ။

တီနာသည်ပင် မီးဖိုချောင်မှ အငွေ့အသက်များကြောင့် နိုးထလာခဲ့သည်။

"ငါ့ကိုပေးအိပ်လို့ မရဘူးလား ဘီလူးအန်လင်း.....အိပ်တာနဲ့ စားတာကြားမှာ ငါဘယ်လောက် ဝေခွဲရခက်နေလဲသိလား။"

တီနာမှာ အိပ်ချင်မူးတူးနှင့် အန်လင်း ပုခုံးပေါ် ရောက်ရှိလာသည်။

အန်လင်း ပြုံးကာတုံ့ပြန်သည်။

"မင်းကိုလည်း ထဖို့မပြောပါဘူး။ ဟင်းကကျက်တောင် မကျက်သေးဘူး။"

"ဟွန့်....နင်ကငါမနိုးနိုးလာအောင် တမင်သက်သက် ဟင်းချက်နေတာ မဟုတ်ဘူးလား။"

တီနာသည် မကျေမနပ်နှင့် နှုတ်ခမ်းစူနေပါသော်လည်း မြစိမ်းရောင် မျက်ဝန်းများမှာ အကြော်ဒယ်အိုးမှ မခွာတော့ပေ။

"အဲ့ဒါဆိုလည်း ဆက်အိပ်လေ။ ငါ့ရဲ့ အိပ်မွေ့ချနည်းလမ်းက အရမ်းအလုပ်ဖြစ်တာ။ နင်ခဏလေးအတွင်း ဟောက်ပါဟောက်နေလိမ့်မယ်....ဝုတ်။"

တပိုင် လက်ထောင်ကာ ပြုံးလိုက်သည်။

"ငါ့ရဲ့ အိပ်မွေ့ချသံစဉ်ကလည်း တော်တော်အလုပ်ဖြစ်တယ်။ နာလေး နားထောင်ကြည့်ချင်လား။"

ရှောင်ဟုန် ချိုမြိန်စွာ ကမ်းလှမ်းလာသည်။

အချိုးကျ စားသောက်ရသော ဟင်းပွဲတွင် တစ်ယောက်လျော့လည်းနည်းလားဟုတွေးကာ တပိုင်နှင့် ရှောင်ဟုန် နှစ်ဦးလုံးမှာ လူယုတ်မာ အကြည့်များဖြင့် တီနာအား ကြည့်နေကြသည်။

တီနာမှာ ကြောက်လန့်တကြားနှင့် အန်လင်းအား ဖက်တွယ်ထားကာ ၎င်းတို့နှစ်ဦးကိုလည်း အနားကပ်မလာရန် အော်ဟစ်လိုက်သည်။

သားရဲများ ဆူညံစွာ အော်ဟစ်စနောက်နေစဉ်မှာပင် ကြက်ကုန်းဘောင်မှာလည်း အသင့်ဖြစ်နေလေပြီ။

သားရဲတစ်ဦးလျှင် ကြက်ကုန်းဘောင် တစ်ပန်းကန် ရရှိပြီး ၎င်းတို့အားလုံးမှာ ဆေးကြောရန်ပင် မလိုလောက်အောင် လျက်ပစ်လိုက်ကြသည်။

စိတ်ကျေနပ်စရာ စားသောက်ပွဲ ပြီးဆုံးသွားပြီးနောက် အန်လင်းမှာ သစ်သားအမျိုးအစား အဆင့်မြင့် စိတ်ဝိဉာဉ်ဆေးလုံးအား တီနာထံ ပေးလိုက်သည်။

ထို့နောက် ကမ္ဘာကြီး၏ တိုးတက်မှုအား ကြည့်ရှုနိုင်ရန်အတွက် အသိစိတ် ကူးပြောင်းရန် သူမအားပြောလိုက်သည်။

ကမ္ဘာကြီးသည် သက်ရှိများနှင့် စည်ကားနေပြီဖြစ်ကာ သစ်ပင်ပန်းမံများနှင့် တိရစ္ဆာန် အမျိုးမျိုး ရှိနေသောကြောင့် အန်လင်းမှာ လိုက်လံကြည့်ရှုရန်ပင် ခက်ခဲလာသည်။

"သခင် အချိန်စီးဆင်းမှုကို ပုံမှန်ထက် အဆတစ်သိန်းလောက် မြန်လို့ရတယ်။ အဲ့ဒါက ငါလုပ်နိုင်တဲ့ ဂိတ်ဆုံးပဲ။"

တီနာ စကားဆိုလိုက်သည်။

ကမ္ဘာကြီးသည် တဖြည်းဖြည်းနှင့် ဆင့်ကဲပြောင်းလဲလာပြီး မျိုးစိတ်အရေအတွက်မှာလည်း သန်းနှင့်ချီ ရှိနေလေပြီ။ တီနာ၏ လုပ်ဆောင်ချက်ကြောင့် ဖြစ်နိုင်ပါသော်လည်း မျိုးစိတ်သစ်များမှာ လျင်မြန်စွာ ဖြစ်တည်လာပြီး ပို၍ပို၍ ဉာဏ်ရည်မြင့်လာသည်။

အရိုင်းအစိုင်း သတ္တဝါများ မဟုတ်တော့ပဲ ၎င်းတို့၏ မျက်ဝန်းများမှာ အဆင့်နိမ့် အသိဉာဏ်ရှိကြောင်း ထင်ရှားလာပြီး အချို့ဆိုလျှင် ရိုးရှင်းသော လက်နက်ပစ္စည်းများ သုံးနိုင်လာကြသည်။

ကြီးမားသောသားရဲခေတ်မှာ မကြာမီ ရောက်ရှိလာတော့မည်ပင်။

အစာကွင်းဆက်၏ ထိပ်ဆုံးတွင် ကြီးစိုးနေသူများသည် ဒိုင်နိုဆောများနှင့်ဆင်သော ကြောက်မက်ဖွယ် သားရဲကြီးများ ဖြစ်သည်။

အချို့သည် ထူထဲအားကောင်းသော ခန္ဓာကိုယ်အား ပိုင်ဆိုင်ကာ အချို့မှာ အလွန်လျင်မြန်ပြီး အချို့မှာမူ အုပ်စုဖွဲ့ နေထိုင်ကြသည်။ ထိုသတ္တဝါများမှာ မကြာမီပင် ကမ္ဘာကြီးအား အုပ်စိုးကြပေတော့မည်။

"ဂါး.....ဒီကောင်တွေက အရမ်းစိတ်ရှုပ်ဖို့ ကောင်းတာပဲ။ မျိုးပွားတာ အရမ်းမြန်လွန်းတယ်....အစာကလည်း သေအောင်စားသေးတယ်။ အပင်တွေနဲ့ အကောင်ငယ်လေးတွေတော့ ဒင်းတို့စားလို့ ကုန်မှာပဲ။"

တီနာ မကျေမနပ် ဖြစ်နေသည်။

အန်လင်း ခပ်ဖွဖွ ပြုံးမိသည်။ ဒိုင်နိုဆောများကြောင့် ဂေဟစနစ်အား ပျက်စီးစေကာ အစာရေစာများ ရှားပါးလာမည်ဖြစ်ပြီး ၎င်းတို့၏ အရေအတွက်လည်း ထင်မထားရလောက်အောင် လျော့ပါးလာပေလိမ့်မည်။ ကံမကောင်း အကြောင်းမလှပါက မျိုးပင်တုန်းသွားနိုင်သည်။

ကမ္ဘာကြီးသည် တစ်နည်းနည်းဖြင့် ဟန်ချက်ညီနေမည်သာ။

အန်လင်းမှာ ဒိုင်နိုဆောများကိုကြည့်ရင်း အတွေးတစ်ခု ဝင်လာသည်။

"တီနာ...ဒိုင်နိုဆောတွေကို နည်းနည်းလေးပိုပြီး အသိဉာဏ်ရှိအောင် လုပ်ပေးပါလား။"

"အသိဉာဏ် ပိုရှိအောင် လုပ်ပေးရမှာလား။"

တီနာ အနည်းငယ် တွေးတောလိုက်သည်။

"သူတို့ရဲ့ ခံစားသိရှိမှုက အားနည်းနေတော့ အဆင့်မြင့် သက်ရှိတွေလိုမျိုး အသိဉာဏ်မြင့်အောင် လုပ်ပေးလို့ မရဘူး။ ဒါပေမယ့် အခြေခံကျတဲ့ သင်ကြားရေးစွမ်းရည်တွေ ရလာအောင် မျိုးရိုးဗီဇကို မြှင့်ပေးလို့ရတယ်။"

"အဲ့ဒါဆိုလည်း လုပ်ကြည့်လေ။"

အန်လင်း စိတ်လှုပ်ရှားစွာ အကြံပြုသည်။

"ပြီးတော့ သူတို့ရဲ့  အကောင်ရေကိုလည်း ထိန်းချုပ်ပေးဦး။"

"အင်း...."

တီနာ နာခံမှုရှိစွာ ခေါင်းညိတ်လိုက်သည်။

ထိုသို့ဖြင့် ဒိုင်နိုဆော မျိုးဆက်သစ်များ ဆင့်ကဲပြောင်းလဲလာလေပြီ။

သစ်ကုလားအုတ်များသဖွယ် လည်ပင်းရှည်သော ဗရာခီအိုဆောရပ်စ်မှာ လည်ပင်တိုတို၊ သွားချွန်ချွန်နှင့် ဒိုင်နိုဆောလေးအား မွေးဖွားလာသည်။

(ဗရာခီအိုဆောရစ်ပ်သည် ဆော်ရိုပေါ့ အုပ်စုများတွင် အလေးလံဆုံးသတ္တဝါ ဖြစ်သည်။ ခန္ဓာကိုယ်သည် နှစ်ဆယ် မှ နှစ်ဆယ့်သုံးမီတာအထိသာ ရှည်လျားပါသော်လည်း တန်ခုနစ်ဆယ် မှ ရှစ်ဆယ်အထိ လေးလံကြသည်။ ရှေ့ခြေထောက်သည် နောက်ခြေထောက်ထက် ရှည်လျားသောကြောင့် ပခုံးပိုင်းမှာ တင်ပါးပိုင်းထက် ပိုမြင့်သည်။ ရှည်သောလည်တိုင်နှင့် သေးငယ်သောဦးခေါင်းတို့ ပါရှိပေသည်။)

ဗရာခီအိုဆောရစ်ပ် ဒိုင်နိုဆောမကြီးမှာ ကလေးမှားမွေးမိသလို ခံစားနေမိသည်။ သို့သော် အနီးနားရှိ ဒိုင်နိုဆောမများမှာလည်း လည်ပင်တိုသော ကလေးငယ်များကိုသာ မွေးဖွားကြသဖြင့် စိတ်အေးသွားရသည်။

ထိုဒိုင်နိုဆောငယ်လေးများသည် ၎င်းတို့၏ ဗရာခီအိုဆောရပ်စ် မိဘများနှင့် အလုံးစုံ ကွဲပြားနေသည်။ ၎င်းတို့၏ ခြေလက်များသည် ရှည်လျားပိန်သွယ်သောကြောင့် လျင်မြန်သွက်လက်စွာ လှုပ်ရှားနိုင်ပြီး အားလုံးမှာ သားစားသတ္တဝါများ ဖြစ်သည်။

ထိုဗရာခီအိုဆောရပ်စ်ငယ်လေးများ အရွယ်ရောက်လာပြီးနောက် အစားအသောက် ပိုမိုရွေးချယ်လာသည်။

ကြောက်မက်ဖွယ် ထရန်နိုဆောရပ်စ်(ရက်စ်) အုပ်စုတစ်ခုမှာ ဗရာခီအိုဆောရပ်စ်များထံ ရောက်ရှိလာပြီး ဗရာခီအိုဆောရပ်စ် မျိုးဆက်ဟောင်းများမှာ အသက်နှင့်ရင်းကာ ထွက်ပြေးကြတော့သည်။ သို့သော် အရွယ်ရောက်နေပြီဖြစ်သော ဗရာခီအိုဆောရပ်စ် မျိုးဆက်သစ်များမှာ ထရန်နိုဆောရပ်စ်(ရက်စ်)အုပ်စုအား တန်ပြန်တိုက်ခိုက်ကြလေသည်။

(ထရန်နိုဆောရပ်စ် သည် ကြီးမားသော သီယိုပေါ့ဒ် ဒိုင်နိုဆော မျိုးစိတ် တစ်မျိုးဖြစ်သည်။ ထရန်နိုဆောရတ် မျိုးစု၏ ‘ရက်စ်’ မျိုးစိတ်သည် သီယိုပေါ့ဒ်‌ မျိုးရိုးအုပ်စုကို အကောင်းဆုံး ကိုယ်စားပြုဖော်ပြနိုင်သော မျိုးစိတ်တစ်ခုဖြစ်သည်။)

ထိတ်လန့်ဖွယ် တိုက်ပွဲကြီး ပြီးဆုံးသွားပြီးနောက် ဗရာခီအိုဆောရပ်စ် မျိုးဆက်သစ်များမှာ ထရန်နိုဆောရပ်စ်(ရက်စ်)များအား စားသုံးလိုက်ကြသည်။ ၎င်းတို့၏ အာခံတွင်းများသည် ပိုမိုကျယ်ဝန်းပြီး ကိုက်ဖြတ်မှုအားလည်း ပြင်းထန်သည်။

ဗရာခီအိုဆောရပ်စ် မျိုးဆက်ဟောင်းများမှာ ၎င်းတို့၏ ကလေးများအား အံ့အားသင့်စွာ ငေးကြည့်မိနေကြသည်။

ကြောက်မက်ဖွယ် ထရန်နိုဆောရပ်စ်(ရက်စ်)များအား ၎င်းတို့ကလေးများမှ စားပစ်လိုက်ကြလေပြီ။

..............

ကြီးမားသော မြစ်ပြင်ထဲ၌

ရေနေဒိုင်နိုဆောမ၏ ခန္ဓာကိုယ်မှာ တုန်ခါနေပြီး ဒိုင်နိုဆောထီးမှာ စိတ်မသက်မသာ ဖြစ်နေဟန်ဖြင့် သူမအနီးတွင် စက်ဝိုင်းသဏ္ဍာန် လှည့်ပတ်ကူးခတ်နေသည်။

"ဖွတ်...."

ရေနေဒိုင်နိုဆောမ ဥတစ်လုံး ချလိုက်သည်။

ရေနေဒိုင်နိုဆောထီးမှာ ဥအားကြည့်ကာ ခေါင်းရှုပ်သွားရသည်။

ဘာလို့တစ်ဥပဲဥတာလဲ......

ပုံမှန်ဆို ဥဆယ်နဲ့ချီ ရှိရမှာလေ....

ငါ့ရဲ့အောက်ပိုင်းက ပြဿနာ တစ်ခုခု ရှိနေတာများလား.....

တစ်ချိန်တည်းမှာပင် အရှေ့ခြေထောက် လွန်စွာသေးငယ်သော ငါးမန်းသွားများ ပိုင်ဆိုင်ထားသည့် ဒိုင်နိုဆောများမှာ ၎င်းတို့၏ ရန်သူအား ပထမဆုံးအကြိမ်အဖြစ် ကျောက်တုံးများနှင့် ပစ်ပေါက်ကြလေသည်။

(ငါးမန်းသွားများ ပိုင်ဆိုင်ထားသော ဒိုင်နိုဆောများအား ကာချာရိုဒွန်တိုဆောရပ်စ်ဟုခေါ်ပြီး ကာချာရိုဒွန်တိုဆောရစ် သီယိုပေါ့ဒ်မျိုးစုထဲ ပါဝင်သည်။)

အန်လင်းမှာ တိုးတက်မှုများကိုကြည့်ရင်း စိတ်လှုပ်ရှားနေသည်။ ဉာဏ်ရည်မြင့်မားသော ဒိုင်နိုဆောများ မည်သို့တိုးတက်လာမည်ကို သိလိုမိသည်။ အချိန်အား ထိန်းချုပ်ရာတွင် တီနာမှာ အလွန်ထူးချွန်သည်။ သူမသည် သာမန်ဖြစ်ရပ်များအတွက် အချိန်များကို မြန်ထားပါသော်လည်း ဒိုင်နိုဆောများ၏ နေထိုင်မှုပုံစံနှင့် သဘာဝများအား အန်လင်း ကောင်းစွာလေ့လာနိုင်ရန် တိုးတက်မှုဖြစ်စဉ်များကို ပုံမှန်အချိန်အတိုင်းသာ ထားရှိပေးထားသည်။

ဖြည်းညင်းစွာဖြင့် ဒိုင်နိုဆောများမှာ မျိုးနွယ်စုများ ကွဲပြားလာသည်။

မျိုးစိတ်မတူသော ဒိုင်နိုဆောများအပြင် မျိုးစိတ်တစ်ခုတည်းမှ ဒိုင်နိုဆောများပါ အချင်းချင်း တိုက်ခိုက်လာကြသည်။

ဉာဏ်ရည်မြင့်သော ဒိုင်နိုဆော အချို့မှာ ကျောက်ခေတ်လက်နက်များ ဖန်တီးလာသည်။ အချို့ဆိုလျှင် လည်ပင်းနှင့် အရေးကြီးသော ခန္ဓာကိုယ် အစိတ်အပိုင်းများတွင် ကျောက်တုံးများ ချိတ်ဆွဲကာ ရန်သူများ အလွယ်တကူ ကိုက်ဖြတ်မရအောင် ကာကွယ်လာကြသည်။

မကြာမီတွင် ကောင်းကင်နှင့်မြေပြင်၏ ဝိဉာဉ်စွမ်းအင်များ ပေါင်းစပ်ပါဝင်နေသော ဒိုင်နိုဆောများ မွေးဖွားလာသည်။

၎င်းတို့အား သန္ဓေပြောင်း ဒိုင်နိုသားရဲများဟု မှတ်သားနိုင်ပေသည်။

All Chapters