အခန်း (၂၃၁-၂၃၂)
Vol. 23 Ch. 231-232
အခန်း ၂၃၁ - ကျရှုံးခြင်း
ဆည်းဆာအချိန်သို့ ရောက်ရှိနေပြီဖြစ်ရာ မီးခိုးခေါင်းတိုင်များမှ မီးခိုးများ လွင့်ပျံနေသကဲ့သို့ ပင်ပန်းနွမ်းနယ်နေသော ငှက်များသည်လည်း ၎င်းတို့၏ အသိုက်များဆီသို့ ပြန်လာနေကြ၏။
နန်းတွင်းဆေးရုံကို နှစ်ပေါင်းများစွာ တာဝန်ယူခဲ့သော်လည်း သမားတော်ကြီး ရှဲ့ထျန်းယင်းသည် ရိုးရိုးရှင်းရှင်းသာ နေထိုင်ဆဲဖြစ်သည်။
နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့မှုကြောင့် ခြံဝင်းထဲမှ ဟင်းသီးဟင်းရွက်စိုက်ခင်းငယ်လေးမှာ အချိန်ကြာလာသည်နှင့်အမျှ မြေဆီလွှာကောင်းမွန်သော စိုက်ခင်းဖြစ်လာခဲ့၏။
မုန်ညင်းဖြူများမှာ စိမ်းလန်းစိုပြည်နေပြီး သခွားပင်များမှာလည်း စင်ပေါ်သို့ စတင်နွယ်တက်နေပြီဖြစ်သည် ။ ဘေးနားရှိ အကာရှာပင်အိုကြီးတွင် အဖြူရောင် ခေါင်းလောင်းပုံသဏ္ဌာန် ပန်းခိုင်များ ပွင့်လန်းနေပြီး လေထုထဲတွင် ပန်းရနံ့များ သင်းပျံ့နေ၏။
သူသည် မိမိဘာသာ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးကာ စားသောက်ပြီးထိုခြံဝင်းငယ်လေးထဲတွင် လစာနည်းနည်းဖြင့်သာ နေထိုင်သည်။ သမားတော်ကြီးရှဲ့သည် ဆင်းရဲသော်လည်း စိတ်အေးချမ်းစွာ နေထိုင်တတ်သူ ဖြစ်၏။
ထုံးစံအတိုင်း ရိုးရှင်းသော ညစာကို စားသုံးပြီးနောက် ရှဲ့ထျန်းယင်းသည် စာရေးစားပွဲဆီသို့ အေးအေးလူလူ သွားကာ စက္ကူကို ဖြန့်ပြီး မှင်ကို ဖြည်းညှင်းစွာ သွေးနေ၏။
ရှဲ့ထျန်းယင်၏ဝါသနာမှာအားလပ်ချိန်ရတိုင်း စာလုံးအချို့ရေးရသည်ကို သဘောကျသူဖြစ်သည်။
စာလုံးအလှရေးခြင်းသည် အနုပညာတစ်ခုဖြစ်ပြီး ရှဲ့ထျန်းယင်း၏ လက်ရာမှာ အဆင့်မြင့်မားလှသည်။
လက်ရှိ ခေတ်စားနေသောစာလုံးပုံစံမှာ အလွန်စနစ်ကျပြီး တောင့်တင်းလွန်းသဖြင့် စာလုံးအလှရေးခြင်းတွင် ရှိသင့်သော အနုပညာရသ ကင်းမဲ့နေသည်ဟု ဆိုကာရှဲ့ထျန်းယင်းကသဘောမကျပေ။သူသည် စာလုံးပုံစံအမျိုးမျိုးကို ကျွမ်းကျင်သော်လည်း ဟန်မင်းဆက်ခေတ်သုံး စာလုံးပုံစံကို အကြိုက်ဆုံးဖြစ်ပြီး ထိုပုံစံကို အဆင့်မြင့်မားစွာ တတ်မြောက်ထား၏။
ထိုစာလုံးပုံစံ၏ အရေးကြီးဆုံးအချက်မှာ တည်ငြိမ်မှုနှင့် လေးနက်မှုဖြစ်သည် ။ အကောင်းဆုံးစာလုံးများကို ရေးသားနိုင်ရန် စိတ်ကို တည်ငြိမ်အောင်ထားပြီး အာရုံပြန့်လွင့်မှုအားလုံးကို ဖယ်ရှားရ၏။
သူသည် အမွှေးတိုင်တစ်တိုင်ကို ထွန်းညှိထားပြီးဖြစ်၍ မီးခိုးများ ဖြည်းညှင်းစွာ လွင့်ပျံနေသည်ကို ကြည့်ရင်း စိတ်တည်ငြိမ်လာသောအခါမှ စုတ်တံကို ကိုင်ကာ စတင်ရေးသား၏။
"အကျိုးအမြတ်ကို တွေးလိုလျှင် ဆုံးရှုံးမှုကိုပါ ထည့်သွင်းစဉ်းစားရမည်။ အောင်မြင်မှုကို တွေးလိုလျှင် ကျရှုံးမှုကိုပါ ထည့်သွင်းစဉ်းစားရမည်"
၎င်းစာသားများသည် ကျူးကော့လျန်၏ ကျော်ကြားသော စကားများဖြစ်ပြီး ရှဲ့ထျန်းယင်းက ဆောင်ပုဒ်အဖြစ် အမြဲမှတ်ယူထား၏။ သူသည် ဤစာလုံးတစ်ဆယ့်ခြောက်လုံးကိုဆယ်စုနှစ်ပေါင်းများစွာရေးသားခဲ့ခြင်းဖြစ်သည်။
နောက်ဆုံး ကျရှုံးခြင်း ဟူသော စာလုံးကို အဆုံးသတ်ရန် ပြင်နေစဉ် တံခါးမှာ ရုတ်တရက် ပွင့်သွားပြီး ရှန့်ချူရုံက ဇွတ်အတင်း ဝင်လာ၏။
"အကြီးအကဲ ရှဲ့..."
"ရှန့်ချူရုံ... မင်းက ဖိတ်ခေါ်မထားတဲ့ ဧည့်သည်ပဲ"
ရှဲ့ထျန်းယင်းသည် ရေးလက်စ စာလုံးအလှကို ကြည့်ကာ နှမြောတသစွာ ပြောလိုက်၏။
"မင်းရောက်လာတာ ငါ့ရဲ့စိတ်တည်ငြိမ်မှုကို ပျက်စီးစေခဲ့ပြီ။ ဒီလောက်ကောင်းတဲ့ စာလုံးအလှတစ်ခု ပျက်စီးသွားတာ နှမြောစရာကောင်းလှတယ်"
"အကြီးအကဲရှဲ့... အလှအပ စကားတွေကို ပြောမနေပါနဲ့တော့။ ဆိုးရွားတဲ့အရာတွေ ဖြစ်လာတော့မယ်"
ရှဲ့ထျန်းယင်းသည် ရှန့်ချူရုံကို မော့ကြည့်ကာ လက်ဖက်ရည်တစ်ခွက် ကိုယ်တိုင် ငှဲ့ပေးလိုက်၏။သူသည် အမြဲတမ်း ဆင်းရဲစွာ နေထိုင်သဖြင့် အစေခံပင် မရှိပေ။သူ၏နေ့စဉ်ဘဝ ကိစ္စအဝဝကိုကိုယ်တိုင်သာလုပ်ဆောင်သည်။
ရှန့်ချူရုံသည် လက်ဖက်ရည်ခွက်ကို ယူကာ တစ်ကျိုက်တည်း သောက်လိုက်ပြီးနောက် ယနေ့ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ် ပြောပြလိုက်၏။
"ဓားလွတ်ကိုင် နန်းတွင်းအစောင့်တပ်ဖွဲ့ဝင်လား"
သမားတော်ကြီး ရှဲ့ထျန်းယင်းသည် ချက်ချင်းမျက်မှောင်ကြုတ်လိုက်သည်။
"ငါတို့ ပြဿနာအကြီးကြီးနဲ့ ရင်ဆိုင်နေရပြီ ထင်တယ်"
"ပြသာနာအကြီးကြီးမကဘူး။ တကယ်လို့ အတည်ပြုနိုင်သွားရင် ငါတို့တွေ အလောင်းတောင် ကျန်မှာ မဟုတ်ဘူး။ အကြီးအကဲရှဲ့. မြန်မြန် နည်းလမ်းတစ်ခု စဉ်းစားပါဦး"
"အခုကြည့်ရတာ ဝူကျိရှန်းက နန်းတွင်း ဆေးရုံကို စုံစမ်းတာဟာ အရှင်မင်းကြီးရဲ့ လှည့်စားမှုသက်သက်ပဲ။ တကယ့်တိုက်ကွက်က နန်းတွင်းဆေးခန်းအပြင်ဘက်မှာ ရှိနေတာ။ အဘိုးကြီးရှန့်... မင်း အပြင်က ကိစ္စတွေကို ရှင်းလင်းပစ်ရမယ်။ မဟုတ်ရင် မင်းကိုယ်မင်း ဒုက္ခရှာသလို ဖြစ်လိမ့်မယ်"
"ငါ ကျင်းအာကို ရှင်းခိုင်းထားပြီးပြီ"
ရှန့်ချူရုံက အချိန်ကို တွက်ချက်လိုက်၏။
"အခုအချိန်ဆို ပြီးလောက်ပြီ ထင်တယ်။ ဘယ်သူ့ကိုမှ အသက်ရှင်လျက် ချန်ထားမှာ မဟုတ်ဘူး"
"ဘယ်သူ့ကိုမှ အသက်ရှင်လျက် ချန်ထားမှာမဟုတ်ဘူး ဟုတ်လား"
သမားတော်ကြီး ရှဲ့ထျန်းယင်းက ပြုံးလျက် မေးလိုက်သည် ။ "
မင်းပြောတဲ့ ကျင်းအာကော အသက်ရှင်ကျန်ရစ်သူ ထဲမှာ မပါဘူးလား"
ထိုစကားကို ကြားသောအခါ ရှန့်ချူရုံ၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွား၏။
"ကျင်းအာက ငါ့ရဲ့ တူအရင်းပဲ။ သူ ငါ့ကို ဘယ်တော့မှ ဒုက္ခပေးမှာ မဟုတ်ဘူး..."
"တကယ်လို့ သူ နန်းတွင်းထောင်ထဲ ရောက်သွားရင် သုံးနာရီတောင်မကြာဘူးမင်းကိုသစ္စာဖောက်လိမ့်မယ်လို့ငါ အာမခံတယ်။သူ့ကြောင့် ဒုက္ခရောက်မယ့်အစား အမြန်ဆုံး ဆုံးဖြတ်ချက်ချတာက ပိုကောင်းလိမ့်မယ်"
သမားတော်ကြီးရှဲ့က သာမန်ကိစ္စတစ်ခုကို ပြောနေသကဲ့သို့ အေးအေးလူလူ ပြောလိုက်၏။
"တွေဝေနေရင် ဘေးဒုက္ခ ရောက်လိမ့်မယ်"
သမားတော်ကြီးရှဲ့က တည်ငြိမ်စွာ ဆက်ပြောသည် ။
"သူ့ကို အသက်ရှင်ခွင့်ပေးထားတာကပြဿနာကို ချန်ထားတာပဲ။ မင်းနဲ့ငါ မြေမြှုပ်စရာ နေရာတောင် ရှိမှာမဟုတ်ဘူး။ မင်းရဲ့ အသက်က ပိုအရေးကြီးသလား... မင်းရဲ့တူ အသက်က ပိုအရေးကြီးသလား"
အလွန်ရိုးရှင်းသော မေးခွန်းတစ်ခု ဖြစ်၏။
"အဆိပ်ရှိတဲ့ မြွေက လက်ကို ကိုက်ရင် သတ္တိရှိတဲ့ လူက မိမိလက်မောင်းကို ဖြတ်ပစ်တတ်တယ်"
သမားတော်ကြီးရှဲ့က မိတ်ဆွေဟောင်းတစ်ဦးနှင့် စကားပြောနေသကဲ့သို့ တည်ငြိမ်နေပြီး ပူပန်သော အမူအရာ လုံးဝမရှိပေ။
"မနက်ဖြန် နေမထွက်ခင်မှာ ငါကိုယ်တိုင် ဇီကူဆိုင်ကို သေချာရှင်းလင်းမယ်။ မင်းလည်း သတ္တိအချို့ ပြသနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။ အပြင်က သဲလွန်စတွေကို ဖြတ်တောက်နိုင်မှငါတို့ကိုယ်ငါတို့ ကာကွယ်နိုင်မှာ။ အဘိုးကြီးရှန့်.. မင်းကလူပါးပဲ။ ငါမပြောလဲ ဒီသဘောတရားကို နားလည်မှာပါ"
ရှန့်ချူရုံသည် ရှဲ့ထျန်းယင်း၏ ရှေ့တွင် လှောင်ချိုင့်ထဲ၌ ပိတ်မိနေသော သားရဲတစ်ကောင်ကဲ့သို့ ဟိုဟိုဒီဒီ လျှောက်နေပြီး သူ၏ နှုတ်ခမ်းများ တုန်ယင်နေ၏။
သမားတော်ကြီးရှဲ့က သူ့ကို တစ်ချက်မျှပင် ပြန်မကြည့်ဘဲ စာရေးစားပွဲပေါ်ရှိ မပြည့်စုံသော စာလုံးအလှကိုသာ စိုက်ကြည့်နေသည် ။ ထို့နောက် စုတ်တံကို ကိုင်ကာ နောက်ဆုံးစာလုံးကို တည်ငြိမ်စွာ အဆုံးသတ်လိုက်၏။
"ကောင်းပြီ"
ရှန့်ချူရုံကအံကြိတ်၍ပြောလိုက်သည်။
"ငါ အခုပဲသွားပြီး ကျင်းအာကို ရှင်းပစ်မယ်"
"ဒါမှပေါ့"
သမားတော်ကြီးရှဲ့က ပြုံးလျက် ပြောလာ၏။
"အဘိုးကြီးရှန့်က မှန်ကန်တဲ့ ရွေးချယ်မှုကို လုပ်လိမ့်မယ်လို့ ငါသိသားပဲ"
"ဒါပေမဲ့ ငါက ကျင်းအာကို ငါ့သားအရင်းလို သဘောထားတာ။ ငါ တကယ် မသတ်ရက်ဘူး"
ရှန့်ချူရုံ၏ မျက်နှာမှာ ပူပန်မှုကြောင့် ပုံပျက်ပန်းပျက် ဖြစ်နေ၏။
"ခင်ဗျားဆီမှာဆီမှာ ခင်ဗျားဖော်စပ်ထားတဲ့ 'ယစ်မူးအိပ်မက်' အဆိပ် ရှိသေးလား"
သမားတော်ကြီးရှဲ့သည် ပြုံးလျက်ပင် သူ၏ ဝတ်စုံအိတ်ထဲမှ အပြာရောင်ပန်းပွင့်ပုံပါသော ကြွေပုလင်းငယ်လေးတစ်ခုကို ထုတ်ပေးလိုက်၏။
ရှန့်ချူရုံသည် ကြွေပုလင်းငယ်ကို ကိုင်ထားရင်း စိုးရိမ်နေဆဲဖြစ်သည် ။
"ဒီအရာက ကျင်းအာကို နာကျင်မှုမရှိဘဲ သေဆုံးစေနိုင်တာ သေချာရဲ့လား"
"အဘိုးကြီးရှန့်.. ဆေးဝါးဖော်စပ်ခြင်းက တိကျတဲ့ ပညာရပ်တစ်ခုပဲ။ ငါဖော်စပ်ထားတဲ့ 'ယစ်မူးအိပ်မက်' အဆိပ်ကို သောက်လိုက်ရင် မူးယစ်နေသလို ခံစားရလိမ့်မယ်။ခဏအတွင်း ကောင်းကင်ဘုံကို ရောက်သွားလိမ့်မယ်။ နာကျင်မှုမရှိတဲ့အပြင် သိက္ခာရှိရှိ သေဆုံးနိုင်မှာပါ"
"ခင်ဗျားက ဒီလိုပြင်းထန်တဲ့ အဆိပ်ကို အမြဲတမ်း ဆောင်ထားတာလား"
"အဘိုးကြီးရှန့်.. ငါတို့လုပ်ခဲ့တဲ့ ကိစ္စက တကယ်လို့ ပေါ်သွားရင် သိက္ခာရှိရှိ သေရဖို့ဆိုတာ ကံကောင်းခြင်းတစ်ခု ဖြစ်လိမ့်မယ်"
သမားတော်ကြီးရှဲ့သည် စာရေးစားပွဲပေါ်ရှိ မှင်စွန်းနေသော စာလုံးအလှကို ကြည့်ကာ ရေရွတ်လိုက်၏။
"အကျိုးအမြတ်ကို တွေးလိုလျှင် ဆုံးရှုံးမှုကိုပါ ထည့်သွင်းစဉ်းစားရမည်။ အောင်မြင်မှုကို တွေးလိုလျှင် ကျရှုံးမှုကိုပါ ထည့်သွင်းစဉ်းစားရမည်"
"ငွေရှာဖို့နဲ့ ပျော်ပါးဖို့ပဲ တွေးနေလို့ မရဘူး။ တကယ်လို့ ကျရှုံးခဲ့ရင် ဒီအဆိပ်ကို သောက်ပြီး သေလိုက်ရုံပဲ။ ကိုယ်လက်အင်္ဂါတွေ အပိုင်းပိုင်း အဖြတ်ခံရပြီး ဒုက္ခရောက်မယ့်အစား ဒါက ပိုကောင်းပါတယ် မဟုတ်ဘူးလား"
"သမားတော်ကြီးရှဲ့က ဒီကိစ္စရဲ့ ဆိုးရွားတဲ့ အကျိုးဆက်ကို သိပြီးသားဆိုမှတော့ ငါတို့ အစွမ်းကုန် စွန့်စားကြတာပေါ့။ ငါလည်း အရာရာကို နားလည်သွားပါပြီ။ ဒီအခြေအနေ ရောက်မှတော့ကမ္ဘာမီးလောင်သားတောင်ချနင်းရတော့မှာပဲ"
ရှန့်ချူရုံသည် ကြွေပုလင်းငယ်ကို ကိုင်ကာ ထွက်သွား၏။ရှဲ့ထျန်းယင်းသည် သူထွက်သွားသည်ကို ကြည့်ပြီးနောက် စာရေးစားပွဲပေါ်ရှိ စာလုံးအလှကို တစ်ချက်ကြည့်လိုက်သည် ။
"အကျိုးအမြတ်ကို တွေးလိုလျှင် ဆုံးရှုံးမှုကိုပါ ထည့်သွင်းစဉ်းစားရမည်။ အောင်မြင်မှုကို တွေးလိုလျှင် ကျရှုံးမှုကိုပါ ထည့်သွင်းစဉ်းစားရမည်။ မင်းက ဘာလို့ ဒါကို နားမလည်နိုင်ရတာလဲ"
*********
`
အခန်း ၂၃၂ - အချိန်နှောင်းသွားပြီ
"ဟိုက်ရှီအချိန်တောင် ကုန်သွားပြီ သခင်မလေး နားသင့်ပါပြီ"
ချင်းချင်းက သခင်မလေးရွန့်ကို ပြောလိုက်၏။
"သခင်မလေးမှာ ကိုယ်ဝန်ရှိနေတာမို့ ကျွန်မပဲ သခင်လေးကို စောင့်လိုက်ပါ့မယ်"
"ကောင်းပြီ"
သခင်မလေးရွန့်က ပြောလိုက်သည် ။
"မီးဖိုချောင်က စားဖိုမှူးဟန်ကိုလည်း နားခိုင်းလိုက်ပြီ။ သခင်လေး ပြန်လာရင် မင်းပဲ ဟင်းတွေကို ပြန်နွှေးပေးလိုက်တော့။ ငါ အိပ်တော့မယ်..."
သခင်မလေးရွန့်သည် အနားယူရန် မိမိအခန်းထဲသို့ ပြန်သွား၏။ ချင်းချင်းသည် ပြတင်းပေါက်နားတွင် ထိုင်ကာ အပြင်ဘက်ရှိ အဆုံးမဲ့ မှောင်မိုက်သော ညအမှောင်ထုကို ငေးကြည့်ရင်း မေးထောက်ကာ အတွေးကမ္ဘာထဲသို့ နစ်မြောနေတော့၏။
ရက်အနည်းငယ် ကြာတိုင်း သူမနှင့် လာကစားတတ်သော ကောင်ဆိုးလေး ကျူးယွမ်ဝင်သည် အိမ်ရှေ့စံမင်းသား ကျူးပြန်၏ သားဖြစ်လိမ့်မည်ဟု ချင်းချင်း တစ်ခါမျှ မတွေးခဲ့ဖူးပေ။
ယနေ့ နန်းတွင်းအစောင့်တပ်ဖွဲ့ဝင် နှစ်ယောက်နှင့် မတွေ့ခဲ့ရလျှင် ထိုကောင်ဆိုးလေး၏ အဆင့်အတန်းမှာ ဤမျှအထိ မြင့်မားလိမ့်မည်ဟု ချင်းချင်း လုံးဝ သိရှိလိမ့်မည်မဟုတ်ပေ ။
သူက ဧကရာဇ်မင်းမြတ်၏ မြေးတော်ဖြစ်၏။ မင်မင်းဆက် ဧကရာဇ်မင်းမြတ်၏ မြေးတော်ဖြစ်သည် ။
သန်းခေါင်ယံအချိန်သို့ ရောက်ရှိလာခဲ့သော်လည်းဝူကျိရှန်းမှာ ပြန်မလာသေးပေ။ပုံမှန်တွင် ဝူကျိရှန်းသည် မိသားစုနှင့်အတူ ညစာစားရန် အချိန်မှန် ပြန်လာတတ်သူ ဖြစ်၏။ သို့သော် အကြောင်းရင်းအချို့ကြောင့် သန်းခေါင်ကျော်သွားသည်အထိ သူ ပေါ်မလာသေးပေ ။
ရာသီဥတုမှာ အလွန်အမင်း အုံ့မှိုင်းနေသော်လည်း လေတိုက်ခတ်မှု မရှိဘဲ တစ်လောကလုံး မှောင်မည်းကာ တိတ်ဆိတ်နေ၏။
ချင်းချင်းသည်တံခါးခေါက်သံကို ကြားရသောအခါ ဝမ်းသာအားရဖြင့် တံခါးပြေးဖွင့်လိုက်သည် ။
"သခင်လေး ပြန်လာပြီလား။ ဘာလို့ ဒီလောက်တောင် နောက်ကျရတာလဲ။ ဘယ်အချိန် ရှိနေပြီလဲ... အို... သခင်လေး ဘာဖြစ်လာတာလဲ"
ဝူကျိရှန်း၏ ကိုယ်ပေါ်တွင် ဖုန်မှုန့်များ ပေကျံနေပြီး သူ၏ အရာရှိဝတ်စုံတွင်လည်း အပေါက်ကြီးအချို့ ဖြစ်နေ၏။
"မပြောပါနဲ့တော့... ဆေးဝါးစက်ရုံမှာ ကိစ္စတစ်ခု ဖြစ်လို့"
"ဘာဖြစ်တာလဲ"
"မှောင်ခါစက အသံအကျယ်ကြီး မြည်သွားတာ မင်းမကြားဘူးလား"
"အသံအကျယ်ကြီး ဟုတ်လား... ကျွန်မ မှတ်မိပြီ။ အသံအကျယ်ကြီး ကြားလိုက်ရတယ်။ မိုးကြိုးပစ်တာလို့ ထင်နေတာ"
"မိုးကြိုးပစ်တာ မဟုတ်ဘူး။ ဆေးဝါးစက်ရုံ ပေါက်ကွဲတာ"
လွန်ခဲ့သော နာရီအနည်းငယ်ခန့်က ဆေးဝါးစက်ရုံတွင် ပြင်းထန်သော ဘေးအန္တရာယ်တစ်ခု ဖြစ်ပွားခဲ့၏။ ဆေးဝါးဖော်စပ်သောအဆောင်တစ်ခု ပြင်းထန်စွာ ပေါက်ကွဲသွားခြင်း ဖြစ်သည် ။
အဖြစ်အပျက်၏အကြောင်းရင်းကို အခြေခံအားဖြင့်အတည်ပြုနိုင်ခဲ့သည်။လုပ်ငန်းမကျွမ်းကျင်သူတစ်ဦး၏ အမှားကြောင့် စကျင်ကျောက်မှုန့်များ တင်ဆောင်ထားသော လှည်းတစ်စီးကို ဆာလဖျူရစ်အက်ဆစ်ကျင်းထဲသို့ မှားယွင်းထည့်မိခြင်း ဖြစ်၏။ စကျင်ကျောက်မှုန့်တွင် အလွန်တက်ကြွသော သတ္တုဓာတ်များ ပါဝင်သောကြောင့် ဆာလဖျူရစ်အက်ဆစ်နှင့် ဓာတ်ပြုကာ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ အမြောက်အမြား ထွက်ပေါ်လာခဲ့သည် ။ ထိုဓာတ်ငွေ့သည် မီးခိုးနှင့် ထိတွေ့မိသောအခါတွင် ဝုန်းခနဲ ပေါက်ကွဲသွားပြီး အလုပ်ရုံ၏ အမိုးမှာလွင့်စင်သွားခဲ့၏။
ဝူကျိရှန်းသည် ကယ်ဆယ်ရေးအဖွဲ့ကို အလျင်အမြန် ဖွဲ့စည်းခဲ့ရသည် ။ ကံကောင်းထောက်မစွာဖြင့် မည်သူမျှ သေဆုံးခြင်းမရှိဘဲ လုပ်သားအချို့သာ ဒဏ်ရာရခဲ့၏။
"ဟိုက်ဒရိုဂျင်ဓာတ်ငွေ့က အလွန်အန္တရာယ်များတယ်။ ခဏနေ ညစာစားရင်းနဲ့ အဲဒီဓာတ်ငွေ့အကြောင်း ငါ မင်းကို ပြောပြမယ်..."
"သခင်လေး... အရေးကြီးတဲ့ ကိစ္စတွေကို နောက်မှ ပြောလို့ရပါတယ်။ ဒီနေ့ ဇီကူဆိုင်မှာ ဖြစ်ခဲ့တဲ့အကြောင်းကို ကျွန်မ အရင်ပြောပြရမယ်"
"သဲလွန်စတစ်ခုခု တွေ့လို့လား"
ချင်းချင်းက ခေါင်းကို အဆက်မပြတ် ညိတ်လိုက်၏။
"ဇီကူဆိုင်က နန်းတွင်း ဆေးရုံနဲ့ တကယ်ပဲ ပတ်သက်နေတယ်"
ဝူကျိရှန်းသည်ချင်းချင်း၏တင်ပြချက်ကို အံ့ဩခြင်းမရှိပေ ။
"နန်းတွင်းသမားတော်တစ်ယောက်က ဇီကူဆိုင်ရဲ့ နောက်ကွယ်က ပိုင်ရှင်ဖြစ်နေတာကို မင်း သိလိုက်ရတာလား"
"နန်းတွင်းသမားတော်ကိုတော့ မတွေ့ခဲ့ဘူး။ ဒါပေမဲ့ သခင်လေးကျင်းဆိုတဲ့ လူတစ်ယောက်ကိုတော့ တွေ့ခဲ့တယ်"
"သခင်လေးကျင်းက ဘယ်သူလဲ"
ဝူကျိရှန်းသည် ထိုလူ၏အမည်ကို တစ်ခါမျှ မကြားဖူးပေ ။
"ကျွန်မ စုံစမ်းရသလောက်တော့ အဲဒီသခင်လေးကျင်းက ဇီကူဆိုင်ကို ခဏခဏ လာရုံတင်မကဘူး။ သူက အန်ကုန်းနျူးဟန်ဆေးလုံးတွေကို ထောက်ပံ့ပေးတဲ့ ဆေးကုန်သည်လည်း ဖြစ်နေတယ်"
ထိုဆေးလုံးနှင့် သံသယဖြစ်ဖွယ် ဇီကူဆိုင်တို့၏ သဲလွန်စများမှာ ပေါင်းဆုံသွားပြီး နောက်ဆုံးတွင် နန်းတွင်း ဆေးခန်းဆီသို့ ဦးတည်နေ၏။
နန်းတွင်းဆေးခန်း၏ မှောင်မိုက်သော လျှို့ဝှက်ချက်များမှာ မကြာမီ ပေါ်ပေါက်တော့မည်ကို ဝူကျိရှန်း သိမြင်လိုက်သည်။
"ဘာတွေဖြစ်ခဲ့လဲဆိုတာ အသေးစိတ် ပြောပြစမ်း"
ထို့ကြောင့် ချင်းချင်းသည် ထိုနေ့က ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ်အချက်အလက် တိုင်းကို ရှင်းလင်းစွာ ပြောပြတော့၏။
"မင်း ဘာပြောလိုက်တယ်"
ဝူကျိရှန်းသည် အံ့ဩလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွား၏။
"ကျူးယွမ်ဝင်က မင်းနဲ့အတူ ရှိနေတာလား"
"သူ ကျွန်မနဲ့ ရှိနေတာ ရက်ပေါင်းများစွာ ကြာပါပြီ။ ဒါပေမဲ့ သူက အိမ်ရှေ့စံရဲ့သား ဖြစ်လိမ့်မယ်လို့ ကျွန်မ မထင်ထားလို့ သခင်လေးကို မပြောမိတာပါ"
ဝူကျိရှန်း၏ အာရုံစိုက်မှုမှာ ကျူးယွမ်ဝင်၏ အဆင့်အတန်းပေါ်တွင် မဟုတ်ဘဲ အခြားမေးခွန်းတစ်ခုပေါ်တွင်သာ ရှိနေ၏။
"နန်းတွင်းအစောင့်တပ်ဖွဲ့ဝင် နှစ်ယောက်က သူတို့ရဲ့ အထောက်အထားကို ထုတ်ပြလိုက်တာလား။ အဲဒါကို သခင်လေးကျင်းသိသွားလား"
"သူ သေချာပေါက် သိသွားတယ်။ သခင်လေးကျင်းက နန်းတွင်းအစောင့်တပ်ဖွဲ့ရဲ့ ခါးချိတ်တံဆိပ်ပြားကို မြင်သွားတာ။ ကောင်ဆိုးလေး ကျူးယွမ်ဝင်က တကယ်ပဲ..."
ချင်းချင်း စကားမဆုံးခင်မှာပင် ဝူကျိရှန်းသည် ရုတ်တရက် ဆတ်ခနဲ မတ်တတ်ရပ်လိုက်၏။
"မကောင်းတော့ဘူး... မကောင်းတော့ဘူး... ငါ အခုချက်ချင်း အပြင်ကို သွားရမယ်"
"သန်းခေါင်ကျော်နေပြီလေ။ ညကြီးသန်းခေါင် ဘယ်ခါးကို သွားမှာလဲ"
"ငါ အခုချက်ချင်း အိမ်ရှေ့စံမင်းသားရဲ့ စံအိမ်ကို သွားရမယ်"
ကျူးယွမ်ဝင်က အိမ်ကို ဘေးကင်းစွာ ပြန်ရောက်သွားပြီ ဖြစ်ရာအိမ်ရှေ့စံစံအိမ်သို့ဘာလို့အလောတကြီးသွားချင်ရတာလဲဆိုတာကိုချင်းချင်း နားမလည်နိုင်ပေ ။
"ငါ စစ်တပ်ကို စေလွှတ်ခိုင်းရမယ်"
နန်းတွင်း ဆေးခန်း၏ အဂတိလိုက်စားမှုကိစ္စမှာ ယခင်က "စုံစမ်းစစ်ဆေးသည့်အဆင့်" တွင်သာ ရှိခဲ့သော်လည်း ယခုအခါ "ပိုက်ကွန်ကို သိမ်းဆည်းရမည့်အဆင့်" သို့ ရောက်ရှိနေပြီ ဖြစ်သည် ။ နည်းနည်းလေး နှောင့်နှေးသွားသည်နှင့် ရန်သူသည် သက်သေများကို ဖျက်ဆီးကာ သဲလွန်စများကို ဖြတ်တောက်ရန် အခွင့်အရေး ရသွားလိမ့်မည်။
သခင်လေးကျင်းသည် ဆေးလုံးများ ထောက်ပံ့ပေးသူဖြစ်ပြီး သူ၏ နောက်ကွယ်တွင် နန်းတွင်းဆေးရုံမှအရာရှိတစ်ဦး ရှိနေရမည်။ သူဇီကူဆိုင်သို့ ခဏခဏ သွားလာခြင်းမှာ နန်းတွင်း ဆေးရုံမှ အထက်လူကြီးများနှင့် အကျိုးအမြတ် လွှဲပြောင်းမှုများ ရှိနေခြင်းကို ပြသနေ၏။
ဤသဲလွန်စနှစ်ခုကိုသာ အပြင်းအထန် လိုက်လံစုံစမ်းလျှင် သခင်လေးကျင်း၏ နောက်ကွယ်မှ လူကို ဖော်ထုတ်နိုင်မည်ဖြစ်ပြီး လူအုပ်စုကြီးတစ်ခုလုံးကို ဖမ်းဆီးနိုင်မည်မှာ သေချာသည် ။
ဝူးကျိရှန်းသည်ထိုကိစ္စများကို အေးအေးလူလူ လုပ်ဆောင်မည်ဟုကြံစည်ထားသော်လည်း ယခုအခါတွင်မူ ထိုသို့လုပ်ရန် မဖြစ်နိုင်တော့ပေ ။
နန်းတွင်းအစောင့်များက ၎င်းတို့၏ အထောက်အထားကို ထုတ်ပြလိုက်သောအခါ နန်းတွင်းဆေးရုံမှ ခြစားနေသော လူများမှာ တရားရုံးက ဤကိစ္စကို စုံစမ်းနေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ ဖော်ကောင်လုပ်ခံလိုက်ရပြီဖြစ်ကြောင်း သေချာပေါက် ထင်သွားကြလိမ့်မည်။
ဒါက ဖဲချပ်ကို လှန်ပြလိုက်သလို ဖြစ်နေ၏။
ထိုခြစားနေသော အရာရှိများသည် သက်သေအားလုံးကို အမြန်ဆုံး ဖျက်ဆီးပြီး သဲလွန်စအားလုံးကို ဖြတ်တောက်ကြလိမ့်မည်။
ဝူကျိရှန်းသည် ၎င်းတို့၏ ရှေ့ကဦးအောင် သွားရမည်ဖြစ်ပြီး အရေးကြီးသော သက်သေဖြစ်သည့် သခင်လေးကျင်းကို အရင်ဖမ်းဆီးကာ ဇီကူဆိုင်၏ အရေးကြီးဆုံး သက်သေကွင်းဆက်ကို ထိန်းချုပ်ရမည်ဖြစ်သည်။
သခင်လေးကျင်းနှင့် ဇီကူဆိုင်ကို ထိန်းချုပ်နိုင်သည်နှင့် နန်းတွင်းဆေးခန်းမှ ခြစားနေသော အရာရှိများကို ဖော်ထုတ်နိုင်မည်ဖြစ်သည် ။
သို့သော် ထိုအရာအားလုံးကို အမြန်ဆုံး လုပ်ဆောင်မှဖြစ်မည်။
ကံဆိုးစွာဖြင့် ဝူကျိရှန်းသည် နန်းတွင်း ဆေးရုံ၏ အကြီးအကဲ သက်သက်သာဖြစ်ပြီး စစ်တပ်ကို စေလွှတ်ပိုင်ခွင့် အာဏာမရှိပေ။
ပုံမှန်လုပ်ထုံးလုပ်နည်းအရ လျှောက်လွှာကို ယင်ထျန်းဒေသ အုပ်ချုပ်ရေးရုံးသို့ အရင်တင်ပြရမည်။ သို့သော် ဝူကျိရှန်းသည် ယင်ထျန်းရုံးနှင့် အဆက်အသွယ်မရှိသဖြင့် ရှုပ်ထွေးသော လုပ်ထုံးလုပ်နည်းများကို ဖြတ်သန်းရမည်ဖြစ်ရာ အဖိုးတန်အချိန်များစွာ ကုန်ဆုံးသွားလိမ့်မည်။
ယင်ထျန်းရုံးမှ အမှုထမ်းများ ရောက်ရှိလာချိန်တွင် အရာရာ နောက်ကျသွားပေလိမ့်မည်။
တစ်ခုတည်းသော နည်းလမ်းမှာ အိမ်ရှေ့စံမင်းသားဆီသို့ တိုက်ရိုက်သွားကာ အိမ်ရှေ့စံ၏ လက်နက်ကိုင်တပ်ဖွဲ့ကို အရေးပေါ် စေလွှတ်ခိုင်းပြီး သခင်လေးကျင်းကို အရင်ဖမ်းဆီးပြီးဇီကူဆိုင်ကို ထိန်းချုပ်ရန်သာ ဖြစ်၏။
ယခုအချိန်တွင်အရေးကြီးဆုံးမှာ ရန်သူထက်ဦးအောင် သက်သေများနှင့် သက်သေခံပစ္စည်းများကို ရယူရန် ဖြစ်သည် ။
ကံမကောင်းစွာဖြင့် ဆေးဝါးစက်ရုံမှ ဘေးအန္တရာယ်ကြောင့် နာရီပေါင်းများစွာ ကုန်ဆုံးသွားခဲ့ပြီးဖြစ်ရာ ဝူကျိရှန်းသည် အိမ်ရှေ့စံမင်းသား၏အိမ်တော်သို့ ရောက်ရှိချိန်တွင် ညနက်ပိုင်းသို့ ရောက်ရှိနေပြီဖြစ်သည် ။
အချိန် နောက်ကျသွားခဲ့ပြီဖြစ်ရာ အရာရာမှာ အချိန်နှောင်းသွားခဲ့ပြီ ဖြစ်တော့၏။
*********
`