← Chapters

အခန်း (၂၃၉-၂၄၀)

Vol. 23 Ch. 239-240

အခန်း (၂၃၉-၂၄၀)

Vol. 23 Ch. 239-240

အခန်း (၂၃၉) အစပျိုးမှုအသစ်

"အမတ်မင်းဝူ၊ ကျွန်တော့်ရဲ့ အမတ်မင်းဝူ"

ကျောက်ပင်တိန့်သည် သောက်ထားသည်မှာ မနည်းတော့သဖြင့် မူးယစ်နေပြီ ဖြစ်၏။ သူက ပြုံးစိစိဖြင့် ပြောလိုက်သည်။

"ကျွန်တော် အခုလို ယာယီတပ်မှူးရာထူး တိုးမြှင့်ခံရတာ အမတ်မင်းကြောင့်ပါပဲ၊ အမတ်မင်းက နန်းတွင်းဆေးရုံအမှုကို ကူညီဖို့ အမည်မညွှန်းခဲ့ရင် နန်းတွင်းကိုယ်ရံတော် တပ်ဖွဲ့ထဲက လူစိမ်းတစ်ယောက်ဖြစ်တဲ့ ကျွန်တော်က ဒီလောက် မြန်မြန်ဆန်ဆန် ဘယ်လို ရာထူးတက်နိုင်ပါ့မလဲ၊ ကျေးဇူးတင်ပါတယ်၊ ကျေးဇူးအလွန်တင်ပါတယ်"

နန်းတွင်းဆေးရုံ၏ ငွေကြေးအလွဲသုံးစားမှုသည် မြေငလျင်လှုပ်ခတ်သကဲ့သို့ ကြီးမားလှသော အမှုကြီး မဟုတ်သော်လည်း အလွန် ကောင်းမွန်စွာ ကိုင်တွယ်နိုင်ခဲ့၏။ ၎င်းမှာ သုံးရက်အတွင်း အပြီးသတ် စစ်ဆေးနိုင်ခဲ့ခြင်း ဖြစ်သည်။

ဤမျှ နက်ရှိုင်းစွာ ဖုံးကွယ်ထားသော အမှုကို အချိန်တိုအတွင်း အောင်မြင်စွာ ဖော်ထုတ်နိုင်ခဲ့သဖြင့် ကျောက်ပင်တိန့်သည် အဆင့်ခြောက်ရာထူး ဖြစ်သော ယာယီတပ်မှူးအဖြစ် ချက်ချင်း တိုးမြှင့်ခြင်း ခံလိုက်ရ၏။

ယာယီတပ်မှူး ဟု ဆိုသည်မှာ အမှန်တကယ်တွင် ဒုတိယတပ်မှူး ဖြစ်ပြီး အချို့သော အခြေအနေများတွင် ယာယီတပ်မှူးဟုလည်း သတ်မှတ်နိုင်ပေသည်။

ကျောက်ပင်တိန့်၏ ယာယီတပ်မှူး ရာထူးမှာအစမ်းခန့် တပ်မှူးတစ်ဦး မျှသာ ဖြစ်၏။

သူသည် ထိုအချိန်အတွင်းအမှားအယွင်း တစ်စုံတစ်ရာမလုပ်ပါကမကြာမီ အချိန်အတွင်း နောက်ထပ်တစ်ဆင့် ရာထူးတက်လှမ်းကာ နန်းတွင်းကိုယ်ရံတော် တပ်ဖွဲ့၏အကြီးအကဲတစ်ဦး ဖြစ်လာပေလိမ့်မည်။

တပ်မှူးရာထူးသည် အလွန် မြင့်မားသော ရာထူး မဟုတ်ဘဲ အလယ်အလတ်အဆင့် အရာရှိငယ်မျှသာ ဖြစ်သော်လည်း အလွန် အရေးပါလှ၏။

အကြောင်းမှာ ကျောက်ပင်တိန့်သည် ဒေသန္တရအဆင့်မှ မြို့တော်၏ တရားစီရင်ရေးဌာနသို့ ပြောင်းရွှေ့ခွင့် ရခဲ့သောကြောင့် ဖြစ်သည်။

ဒေသန္တရ ရာထူးမှ ဗဟိုအစိုးရ ရာထူးသို့ ပြောင်းရွှေ့ရခြင်းမှာ ရာထူးတက်လမ်းအတွက် အလွန် အရေးကြီးသော ခြေလှမ်းတစ်လှမ်း ဖြစ်၏။

"ကျွန်တော် ရာထူးတက်တိုင်း အမတ်မင်းဝူရဲ့ ကျေးဇူးတွေချည်းပါပဲ၊ အမတ်မင်းဝူက ကျွန်တော့်ရဲ့ ကျေးဇူးရှင်ပါ"

ကျောက်ပင်တိန့်က ပြုံးလျက် ဝူကျိရှန်းအား သေရည်တစ်ခွက် ငှဲ့ပေးလိုက်၏။

"အထူးသဖြင့် ဒီတစ်ကြိမ် နန်းတွင်းဆေးရုံ အမှုကတော့ တကယ့်ကို ပြောင်မြောက်လှပါတယ်၊ ရက်အနည်းငယ်အတွင်းမှာတင် နန်းတွင်းဆေးရုံက အကျင့်ပျက် အရာရှိအားလုံးကို တစ်ပြိုင်နက်တည်း ဖမ်းဆီးနိုင်ခဲ့တာပဲ..."

အမှုသည် အဆုံးသတ်သွားပြီ ဖြစ်သော်လည်း ဝူကျိရှန်း၏ စိတ်ထဲတွင် အ‌တွေးတစ်ချို့ကို ချန်ထားခဲ့၏။ ၎င်းမှာ အလွန် ဆိုးရွားလွန်းသောကြောင့် ဖြစ်သည်။

နန်းတွင်းဆေးရုံရှိ အရာရှိအားလုံးသည် အကြီးအကဲ ရှဲ့ထျန်းယင်းမှစ၍ အောက်ခြေ ဝန်ထမ်းများအထိ ပါဝင်ပတ်သက်ခဲ့ကြသည်။

သေဆုံးသွားခဲ့ပြီ ဖြစ်သော ရှဲ့ထျန်းယင်းနှင့် ရှန့်ချူရုံတို့မှလွဲ၍ အဆင့်ကိုးနှင့် အထက်ရှိသော အရာရှိတိုင်းသည် ကွပ်မျက်ခြင်း ခံခဲ့ရရာ သွေးချောင်းစီးခဲ့ရ၏။

ဤလူများသည် ပူးပေါင်းကာ ငွေကြေး အလွဲသုံးစားလုပ်ခဲ့ကြသဖြင့် သေထိုက်သူများ ဖြစ်ကြသည်။ ၎င်းတို့ကို အကြိမ်တစ်ရာ သတ်လျှင်ပင် အပြစ်နှင့် မမျှသေးချေ။

သို့သော်လည်း လူအများအပြား ပါဝင်ပတ်သက်မသွားသင့်ပေ။

၎င်းတို့၏ မိသားစုများနှင့် သားသမီးများအားလုံးသည် ဆက်စပ် ပတ်သက်သွားခဲ့ရပြီး အချို့မှာ နယ်နှင်ဒဏ် ခံရကာ အချို့မှာမူ အရာရှိများ၏ ကျွန်အဖြစ် ရောင်းချခြင်း ခံခဲ့ရ၏။ ၎င်းတို့၏ ဘဝများသည် အလွန် သနားစရာ ကောင်းလှသည်။

"ဘာလဲ၊ အမတ်မင်းဝူက စိတ်နုသွားတာလား"

"ဒီလောက်အထိ လူအများကြီး ပါဝင်ပတ်သက်သွားတာကို မြင်ရတော့ တကယ် စိတ်မကောင်းဘူး"

ကျောက်ပင်တိန့်ကမူ ဤကဲ့သို့သော ပြစ်ဒဏ်ပေးမှုကို လုံးဝ ဂရုမစိုက်ဟန်ဖြင့် ဒေါသတကြီး ပြောဆို၏။

"ဒီကိစ္စက စိတ်မကောင်းဖြစ်စရာ ဘာရှိလို့လဲ၊ အဲဒီအကျင့်ပျက် အရာရှိတွေရဲ့ မိသားစုနဲ့ သားသမီးတွေက စည်းစိမ်ခံပြီး သူတို့ အလွဲသုံးစားလုပ်ထားတဲ့ ငွေတွေကို သုံးစွဲခဲ့ကြတာပဲ၊ ဒီလို ကံကြမ္မာနဲ့ ရင်ဆိုင်ရတာ ထိုက်တန်ပါတယ်၊ ကျွန်တော်ကတော့ အပြစ်ပေးခံရတဲ့ လူနည်းနေသေးတယ်လို့ တောင် ထင်မိတယ်..."

ကျောက်ပင်တိန့်၏ စကားများသည် နန်းတွင်းကိုယ်ရံတော် တပ်ဖွဲ့အများစု၏ ခံစားချက်ကို ကိုယ်စားပြုနေ၏။ အမှုများကို ကိုင်တွယ်သည့်အခါ နန်းတွင်းကိုယ်ရံတော်များသည် လူအများအပြား ပါဝင်ပတ်သက်သွားအောင် သတိမထားမိဘဲ လုပ်ဆောင်တတ်ကြရာ ၎င်းမှာအလေ့အထတစ်ခု ဖြစ်နေပြီ ဖြစ်သည်။

အမှုကြီးလေလေ၊ လူအများအပြား ပါဝင်ပတ်သက်လေလေ ဖြစ်မှသာ ၎င်းတို့ ရာထူးတက်ပြီး ငွေကြေး ရရှိနိုင်မည် ဖြစ်၏။

"အကျင့်ပျက် အရာရှိတွေရဲ့ မိသားစုနဲ့ သားသမီးတွေက အပြစ်မကင်းဘူး ဆိုရင်တောင် နန်းတွင်းဆေးရုံကို ဆေးဝါးတွေ သွင်းပေးနေတဲ့ ဆေးကုန်သည်အားလုံးကိုပါ တစ်ပြိုင်နက်တည်း ဖမ်းဆီးဖို့ လိုအပ်လို့လား"

"မဖမ်းရင် ကျွန်တော့်ရဲ့ ညီနောင်တွေက ဘာစားပြီး ဘာသောက်ရမှာလဲ"

ကျောက်ပင်တိန်က ပြုံးလိုက်ရာ သူ၏ မျက်ဝန်းများသည်ဝိုင်အရှိန်ကြောင့် မှုန်ဝါးနေဆဲ ဖြစ်၏။

"နန်းတွင်းဆေးရုံက အကျင့်ပျက် အရာရှိတွေကတော့ အလိုရှိ အကျဉ်းသားတွေ ဖြစ်လို့ ကျွန်တော်တို့က လက်ဖျားနဲ့တောင်မတို့ရဲဘဲ ဥပဒေအတိုင်းပဲ အပြစ်ပေးရတာ ဖြစ်တယ်၊ ဒါပေမဲ့ အဲဒီဆေးကုန်သည်တွေကျတော့ တစ်မျိုးပေါ့..."

"နန်းတော်ကလည်း ဒီလူတွေကို တကယ် ဂရုမစိုက်ပါဘူး၊ သတ်သင့်တဲ့သူကို သတ်ပြီး ဖမ်းသင့်တဲ့သူကို ဖမ်းတာပဲ၊ ဒါပေမဲ့... ကျွန်တော်တို့က ဖမ်းသင့်တာထက် နည်းနည်း ပိုဖမ်းလိုက်မိတာပေါ့"

၎င်းတို့သည် အမှုကို အခွင့်ကောင်းယူ၍ အမှုနှင့် လုံးဝ မသက်ဆိုင်သော လူအများအပြားကိုပါ ဆွဲထည့်ကာ အရင်ဆုံး ဖမ်းဆီးလိုက်ကြခြင်း ဖြစ်သည်။

ထိုနည်းဖြင့် ၎င်းတို့သည် ငွေညှစ်ရန်နှင့် မိမိတို့အတွက် အကျိုးအမြတ်အချို့ ရရှိရန် အခွင့်အရေး ယူနိုင်ကြ၏။

"ကျောက်ပင်တိန့်၊ အဲဒီလို မလုပ်ပါနဲ့၊ မင်းကိုယ်မင်း ဒုက္ခရောက်အောင် ဆွဲသွင်းသလို ဖြစ်လိမ့်မယ်... နန်းတော်က အဂတိလိုက်စားမှုအပေါ် ဘယ်လို သဘောထားလဲဆိုတာ မင်းသိသားပဲ"

"သိတာပေါ့"

ကျောက်ပင်တိန့်က ကျယ်လောင်စွာ ရယ်မောလိုက်၏။

"စိတ်မပူပါနဲ့ အမတ်မင်းဝူ၊ ကျွန်တော်က ဒီကိစ္စကို အမတ်မင်းထက် ပိုသိပါတယ်၊ ကျွန်တော် လူအကဲခတ် တတ်ပါတယ်"

"ကျွန်တော် သတင်းအချို့ ကြားထားတယ်၊ ဒီတစ်ကြိမ် အမှုကို မြန်မြန်ဆန်ဆန် ကိုင်တွယ်နိုင်ခဲ့လို့ အရှင်မင်းကြီးက အမတ်မင်းကို ချီးမွမ်းခဲ့တယ်တဲ့၊ မကြာခင် အမတ်မင်း ရာထူးတက်တော့မယ်လို့ ထင်တယ်"

ကျူးယွမ်ကျန်းက သူ့ကို ချီးမွမ်းခဲ့သည် ဆိုပါလား။

ကျောက်ပင်တိန့်သည်ထို ကိစ္စကို မည်သို့ သိနိုင်ပါမည်နည်း။ ၎င်းမှာ ကောလာဟလ မျှသာ ဖြစ်ပေလိမ့်မည်။

ထို့ပြင်၎င်းအမှုသည် မူလကပင် နန်းတွင်းဆေးရုံ၏ အတွင်းရေးကိစ္စ ဖြစ်ပြီး ၎င်းကို စုံစမ်းစစ်ဆေးရန်မှာ ဝူကျိရှန်း၏ တာဝန် ဖြစ်၏။ ပုံမှန်အားဖြင့် သူသည် ချီးမွမ်းစကား အချို့နှင့် ဆုလာဘ် အချို့ကိုသာ ရရှိမည် ဖြစ်သည်။ ရာထူးတက်ရန်မှာမူ... ဝူကျိရှန်း၏ ရာထူးသည် ရှေ့သို့ တိုးရန် ခက်ခဲနေပြီ ဖြစ်၏။

သူသည် မူလကပင် အဆင့်လေးအရာရှိ ဝတ်စုံကို ဝတ်ဆင်ထားသော အဆင့်ငါးအရာရှိကြီး တစ်ဦး ဖြစ်ပြီး နန်းတွင်းဆေးရုံ၏ အမြင့်ဆုံး အရာရှိလည်း ဖြစ်ရာ ထိုရာထူးမှာသူ့ အမှန်တ အလွန် နေရခက်သည်။

နန်းတွင်းဆေးရုံတွင် ထိုထက် မြင့်မားသော ရာထူး မရှိတော့သလို ဆေးရုံ ကိုယ်တိုင်ကလည်း နန်းတော်၏ တိုက်ရိုက် လက်အောက်ခံ မဟုတ်ပေ။ ၎င်းသည် ယဉ်ကျေးမှုနှင့် သာသနာရေး ဝန်ကြီးဌာနနှင့် ဆက်စပ်မှု ရှိသော်လည်း တော်ဝင် အဖွဲ့အစည်းတစ်ခုအဖြစ်သာ သတ်မှတ်ရမည် ဖြစ်သည်။ နန်းတွင်းဆေးရုံမှ ဝန်ကြီးရာထူးသို့ တိုးမြှင့်ခံရသည့် သာဓကမျိုး တစ်ကြိမ်မျှ မရှိခဲ့ဖူးချေ။

မင်မင်းဆက်တွင် ကျန်းမာရေး ဝန်ကြီးဌာန ဟူ၍ မရှိသလို အဆင့်မြင့် ဆေးဝါးရေးရာ ဌာနလည်း မရှိချေ။ သီအိုရီအရ ကြည့်လျှင်ပင် ဝူကျိရှန်း၏ ရာထူးသည် အဆုံးစွန်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

"ဘာပဲဖြစ်ဖြစ် အမတ်မင်းဝူက အသက်ငယ်သေးတယ်၊ အသက်သုံးဆယ်တောင် မပြည့်သေးဘဲ အဆင့်ငါးအရာရှိ ဖြစ်နေပြီ၊ နောက်ထပ် နှစ်အနည်းငယ်လောက် ကြိုးစားရင် စစ်သူကြီး ဒါမှမဟုတ် အမတ်ချုပ်ကြီးအထိ တက်လှမ်းနိုင်လိမ့်မယ်၊ အမတ်မင်းက နောင်တစ်ချိန်မှာ ရာထူးကြီးကြီး ရမှာ သေချာပါတယ်"

အမတ်ချုပ်ကြီး ဖြစ်လာမယ်။ စစ်သူကြီး ဖြစ်လာမယ်။၎င်းမှာ ကျောက်ပင်တိန့်၏ နောက်ပြောင်စကားမျှသာ ဖြစ်၏။

မင်မင်းဆက်တွင် မဟာစစ်သူကြီး ကဲ့သို့သော ရာထူးမျိုး မရှိချေ။ နန်းတွင်းအတွင်းရေးမှူးရုံးကိုပင် ကျူးယွမ်ကျန်းက ဖျက်သိမ်းခဲ့သဖြင့် အမတ်ချုပ် ဟူသော အရာလည်း မရှိတော့ပေ။

ဝူကျိရှန်းသည် တရုတ်တိုင်းရင်းဆေးပညာရှင်တစ်ဦး ဖြစ်ပြီး သမားတော်တစ်ဦးမျှသာ ဖြစ်၏။ ဤကဲ့သို့ စာပေလည်း မဟုတ်၊ စစ်ရေးလည်း မဟုတ်သော အခြေအနေမှာ အမှန်တကယ်ပင် နေရခက်လှသည်။

နန်းတွင်းဆေးရုံ၏ အကြီးအကဲ ရာထူးသို့ ရောက်ရှိခဲ့ခြင်းမှာပင် ကံတရား၏ အထောက်အပံ့ များစွာ ပါဝင်ခဲ့၏။ ကြီးမားသော အာဏာရှိသည့် အရာရှိကြီးတစ်ဦး ဖြစ်လာရန်မှာမူ... မဖြစ်နိုင်သည် မဟုတ်သော်လည်း အလွန် ခဲယဉ်းလှရာ အနည်းဆုံးတော့ လက်ရှိအချိန်တွင် မျှော်လင့်ချက် မရှိသကဲ့သို့ ဖြစ်နေသည်။

"ရာထူးတက်၊ မတက်ဆိုတာ နန်းတော်ရဲ့ ကိစ္စပါ၊ ကျွန်တော်က ပေါ့ပေါ့ပါးပါး ပြောလိုက်တာပါ"

ကျောက်ပင်တိန့်က ရယ်မောလိုက်၏။

"ဒီတစ်ကြိမ်တော့ ညီနောင်တွေအားလုံး အမှုတော်ထမ်းပြီး နန်းတွင်းဆေးရုံအမှုကနေ အကျိုးအမြတ် ရခဲ့ကြတယ်၊ နောက်ကျရင် ကျွန်တော်တို့ အားလုံး အမတ်မင်းကို သေသေချာချာ ဧည့်ခံပြီး သေရည်သောက်ကြတာပေါ့၊ ဒါမှ ရင်းနှီးသွားပြီး နောင်တစ်ချိန်မှာ အပြန်အလှန် စောင့်ရှောက်လို့ ရမှာ..."

"နောက်မှပဲ ပြောကြတာပေါ့"

ဝူကျိရှန်းက ပြုံးလျက် ပြောလိုက်သည်။

"ငါ မနက်ဖြန် မြောက်ပိုင်းက ယန်ကျိုးကို သွားရမယ်"

ကျောက်ပင်တိန့်သည် သူ ဘာသွားလုပ်မည်ကို ခန့်မှန်းမိပြီး ဖြစ်၏။

"မြောက်ပိုင်းစစ်ချီတပ်ဖွဲ့ကြီး ပြန်လာတော့မှာလား"

"ဟုတ်တယ်၊ မြောက်ပိုင်းစစ်ချီတပ်ဖွဲ့ကြီးက ပြန်လာတဲ့ ခရီးစဉ်ကို စတင်နေပြီ၊ အိမ်ရှေ့စံမင်းသားက စစ်သည်တွေကို ဆုလာဘ်ပေးဖို့ ယန်ကျိုးကိုသွားလိမ့်မယ်"

မြောက်ပိုင်းစစ်ချီမှုသည် နန်းတွင်းဆေးရုံ၏ အမှုထက် များစွာ ပိုမို အရေးကြီးလှ၏။ စစ်သည်ထောင်ပေါင်းများစွာ အောင်ပွဲခံ ပြန်လာကြသဖြင့် နန်းတော်သည် ထုံးစံအတိုင်း ရက်ရောသော ဆုလာဘ်များကို ပေးသနားပေလိမ့်မည်။

ထုံးစံအရ အိမ်ရှေ့စံမင်းသားသည် ဧကရာဇ်မင်းမြတ်၏ ကိုယ်စား စစ်သည်များကို ဆုလာဘ်ပေးရန် ယန်ကျိုးသို့ သွားရောက်ရမည် ဖြစ်သည်။

ဤကိစ္စသည် ဝူကျိရှန်းနှင့် မသက်ဆိုင်သော်လည်း အိမ်ရှေ့စံမင်းသားနှင့်အတူ လိုက်ပါရန်မှာ သူ၏ တာဝန် ဖြစ်၏။

ဧကရာဇ်မင်းမြတ် ခရီးထွက်တော်မူတဲ့အခါ နန်းတွင်းဆေးရုံ အရာရှိတွေ လိုက်ပါ အမှုထမ်းရသည်မှာ ခေတ်အဆက်ဆက် ရှိခဲ့သော စည်းကမ်း ဖြစ်ပြီး နန်းတွင်းဆေးရုံ၏ တာဝန်လည်း ဖြစ်သည်။

အိမ်ရှေ့စံမင်းသားသည် ကျူးယွမ်ကျန်း၏ ကိုယ်စား ယန်ကျိုးသို့ သွားရောက်ခြင်း ဖြစ်၏။ တစ်နည်းအားဖြင့် ၎င်းသည် တော်ဝင်ခရီးစဉ်တစ်ခု ဖြစ်ရာ ကိုယ်ရံတော် သမားတော်အချို့ကို ခေါ်သွားရမည်ဖြစ်၏။

စိတ်ဝင်စားစရာ ကောင်းသည်မှာ နန်းတွင်းဆေးရုံ၌ အမှုကြီးတစ်ခု ဖြစ်ပွားခဲ့ပြီး လူအားလုံးကို ဖမ်းဆီးကာ ဆေးရုံတစ်ခုလုံးကို မွှေနှောက်ထားခဲ့သဖြင့် ဝူကျိရှန်းတွင် အဖွဲ့ကို ဦးဆောင်ရန် လူမရှိတော့ပေ။သူကိုယ်တိုင် မသွားလျှင်

ဘယ်သူမှမရှိတော့ပေ။

*********

အခန်း (၂၄၀) ပြိုလဲလုနီးပါး ဖြစ်ခြင်း

အိမ်ရှေ့စံမင်းသား ကျူးပြန်သည် ဧကရာဇ်ကျူးယွမ်ကျန်း၏ ကိုယ်စား စစ်သူကြီးများနှင့် စစ်သည်များကို ဆုလာဘ်ပေးရန် ယန်ကျိုးသို့သွရောက်ခြင်း ဖြစ်၏။ ဤသည်ကို သာမန်လူများက မင်းကြီးကိုယ်စား စစ်ဆေးခြင်းဟု ခေါ်ဆိုကြသည်။

ထုံးစံအရ ခရီးမထွက်ခွာမီ တရားဝင် ညီလာခံတစ်ခု ကျင်းပရမည် ဖြစ်၏။

ထိုညီလာခံသည် အခမ်းအနားတစ်ခုမျှသာ ဖြစ်သည်။ ကျူးယွမ်ကျန်းသည် ကျူးပြန်အား အိမ်ရှေ့စံသည် ဧကရာဇ်ပင် ဖြစ်သည် ဟူသော အဓိပ္ပာယ်ကို ဆောင်သည့် တော်ဝင်အဆောင်အယောင်များကို အပ်နှင်းပေလိမ့်မည်။

အမှန်တကယ်တွင် ကျူးပြန် အနေဖြင့် ဧကရာဇ်မင်းမြတ်၏ ကိုယ်စား ဆောင်ရွက်ခြင်းမှာ ဤအကြိမ်သည် ပထမဆုံး မဟုတ်ချေ။ လွန်ခဲ့သောနှစ်က အလယ်ပိုင်းမြို့တော်ဖြစ်သော ဖုန်းရန်သို့ ဆောင်းရာသီ ယဇ်ပူဇော်ရန် သွားရောက်ခဲ့စဉ်ကလည်း ကျူးပြန်သည် တော်ဝင်အဆောင်အယောင်များကို အသုံးပြု၍ ဘိုးဘွားများကို ပူဇော်ခဲ့ဖူး၏။

"ခမည်းတော်မ၊ သားတော် ခရီးထွက်ခွာဖို့ အသင့်ဖြစ်ပါပြီ၊ လမ်းညွှန်မှုပေးသနားဖို့ တောင်းခံပါတယ်"

အခြေအနေအများစုတွင် ဧကရာဇ်ထံမှ လမ်းညွှန်မှု တောင်းခံခြင်းမှာ ယဉ်ကျေးသော လုပ်ထုံးလုပ်နည်းမျှသာ ဖြစ်သည်။ မိမိ ဘာလုပ်ရမည်၊ မည်မျှအထိ လုပ်ဆောင်ရမည်ကို ကျူးပြန် ကောင်းစွာ သိရှိပြီးသားဖြစ်၏။ ကျူးယွမ်ကျန်း၏ လမ်းညွှန်မှု မပါရှိလျှင်ပင် သူသည် ကိစ္စရပ်များကို ပြည့်စုံအောင် ကိုင်တွယ်နိုင်စွမ်း ရှိသည်။

သို့သော်လည်း ကျူးယွမ်ကျန်းက သူ့ကို အကြံပြုစကား အနည်းငယ် ဆို၏။

"ဒီတစ်ကြိမ် မြောက်ပိုင်းစစ်ချီမှုမှာ စစ်သည်တွေက တိုက်ပွဲပေါင်းများစွာမှာ သတ္တိရှိရှိ တိုက်ခိုက်ခဲ့ကြတယ်၊ အရာရှိတွေနဲ့ စစ်သည်တွေက အသက်ဘေးကို စွန့်စားခဲ့ကြတာ ဖြစ်လို့ နန်းတော်အနေနဲ့ ဆုလာဘ်တွေကို ရက်ရက်ရောရော ပေးရမယ်..."

ဤမြောက်ပိုင်းစစ်ချီမှုသည် အုတ်အော်သောင်းနင်း ဖြစ်ခဲ့သော်လည်း ကျူးယွမ်ကျန်းက လူတိုင်း ကြိုးစားခဲ့ကြတယ် ၊ ကောင်းကောင်း လုပ်နိုင်ခဲ့တယ် ဟူသော ဝေဝါးသည့် စကားများကိုသာ ဆိုခဲ့ပြီး စစ်ပွဲ၏ ရလဒ်ကိုမူ ထည့်သွင်းပြောဆိုခြင်း မရှိချေ။ ထိုသို့ဖြစ်ရသည့် အကြီးမားဆုံး အကြောင်းရင်းမှာ မြောက်ပိုင်းစစ်ချီမှုသည် အမှန်တကယ်တွင် ထင်သာမြင်သာရှိသော အောင်မြင်မှုတစ်စုံတစ်ရာ မရရှိခဲ့သောကြောင့် ဖြစ်၏။

မြောက်ပိုင်းစစ်ချီတပ်ဖွဲ့သည် မွန်ဂိုစစ်တပ်ကို အကြိမ်ကြိမ် အနိုင်ယူခဲ့ပြီး ဥူးဆာခန်၏ ကိုယ်ရံတော်တပ်ကိုပင် ပြင်းထန်စွာ ထိုးနှက်နိုင်ခဲ့သော်လည်း ဤသည်မှာ အရှုံးပေါ်သော ကိစ္စရပ် ဖြစ်သည်။

စစ်ပွဲဟူသည် အဆုံးမရှိသော တွင်းနက်ကြီးတစ်ခု ကဲ့သို့ ဖြစ်၏။ စစ်သည်သိန်းချီကို လမ်းကြောင်းသုံးခု ခွဲ၍ ရန်သူ့နယ်မြေအတွင်းသို့ လီထောင်ပေါင်းများစွာ နက်ရှိုင်းစွာ စစ်ချီခိုင်းခဲ့သဖြင့် ရိက္ခာလမ်းကြောင်းသည် အလွန် ရှည်လျားလှသည်။ ခြောက်လနီးပါး ပြင်းထန်စွာ တိုက်ခိုက်ခဲ့ရပြီးနောက် စပါး၊ မြက်ခြောက်နှင့် ငွေကြေး မည်မျှ ကုန်ဆုံးသွားခဲ့သည်ကို မသိနိုင်တော့ဘဲ မင်မင်းဆက်သည် ပြိုလဲလုနီးပါး အခြေအနေသို့ ဆိုက်ရောက်နေခဲ့ပြီ ဖြစ်၏။

ကျန်ရှိနေသော မြောက်ပိုင်းယွမ်အင်ပါယာကို အမြစ်ပြတ် မချေမှုန်းနိုင်သလို ထိရောက်စွာလည်း သိမ်းပိုက်နိုင်ခြင်း မရှိခဲ့ချေ။ စစ်ပွဲအတွင်း ရရှိခဲ့သော လူဦးရေနှင့် သတ္တဝါ အနည်းငယ်မှာ စစ်ပွဲအတွက် ကုန်ကျခဲ့သော ကြီးမားလှသည့် စရိတ်စကများနှင့် နှိုင်းယှဉ်လျှင် သွားကြားထိုးရန်ပင် မလောက်ချေ။

ဤမြောက်ပိုင်းစစ်ချီမှု၏ နောက်ဆုံးအဆင့်တွင် မွန်ဂိုစစ်တပ်သည် ရှေ့တန်းမှ ထိပ်တိုက်တွေ့ဆုံသည့် တိုက်ပွဲပုံစံကို လုံးဝ စွန့်လွှတ်ခဲ့ပြီး မင်စစ်တပ်နှင့် အကြီးအကဲ တိုက်ပွဲများ ဆင်နွှဲခြင်း မရှိတော့ပေ။ ၎င်းအစား လျင်မြန်သော ပြောက်ကျားစစ်ဗျူဟာကို အသုံးပြု၍ မင်စစ်တပ်၏ ရိက္ခာလမ်းကြောင်းများကို ဖြတ်တောက်ကာ နှောင့်ယှက်ခဲ့သဖြင့် မင်စစ်တပ်ကို စစ်ပွဲအတွက် ပိုမိုကြီးမားသော တန်ဖိုး ပေးဆပ်စေခဲ့သည်။

တိုက်ပွဲသည် ဤအခြေအနေသို့ ရောက်ရှိလာသောအခါ နှစ်ဦးနှစ်ဖက်လုံးက ရန်သူကို အပြတ်အသတ် မချေမှုန်းနိုင်တော့သည်ကို သိရှိကြသဖြင့် ကျူးယွမ်ကျန်းသည်လည်း စစ်တပ်ကို ပြန်လည် ရုတ်သိမ်းရန်ကလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။

အပေါ်ယံကြည့်လျှင် မင်စစ်တပ်က နောက်တစ်ကြိမ် အဝေးစစ်ချီ တိုက်ခိုက်သဖြင့် မွန်ဂိုစစ်တပ်က ဆုတ်ခွာသွားခဲ့ရသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ ၎င်းတို့သည် ကြီးမားသော တန်ဖိုးကို ပေးဆပ်ခဲ့ရခြင်း ဖြစ်ပြီး ဤအောင်ပွဲသည် တိုင်းပြည်၏ အင်အားတစ်ခုလုံးကို ရင်းနှီး၍ ရယူခဲ့ရခြင်း ဖြစ်၏။

စစ်ပွဲဟူသည် စစ်မြေပြင်ထက်မှ ပြင်းထန်သော တိုက်ပွဲမျှသာ မဟုတ်သလို နန်းတော်အတွင်းမှ ဗျူဟာမြောက် တွက်ချက်မှုမျှလည်း မဟုတ်ချေ။ ၎င်းမှာ တိုင်းပြည်အင်အားကို ဘက်စုံမှ စမ်းသပ်ခြင်း ဖြစ်သည်။ ရှေ့တန်းကို ထိန်းသိမ်းခြင်း၊ စစ်ရိက္ခာများကို စုဆောင်း သယ်ယူခြင်းနှင့် တိုင်းပြည်အဆင့် လှုံ့ဆော်ခြင်း စသည်တို့သည် တိုင်းပြည်၏ စွမ်းအားကို များစွာ ကုန်ခမ်းစေ၏။

ကျူးယွမ်ကျန်းက သေတ္တာကြီးအချို့ကို ထုတ်ယူရန် အမိန့်ပေးလိုက်သည်။

"ဒီရွှေ၊ ငွေနဲ့ အဖိုးတန် ပစ္စည်းတွေက ရှေ့တန်းက စစ်သည်တွေအတွက် မိဖုရားခေါင်ကြီးနဲ့ မိဖုရားတွေက ပေးသနားတဲ့ ဆုလာဘ်တွေ ဖြစ်သလို ငါ့ရဲ့ ကိုယ်ပိုင်စုဆောင်းမှုထဲကနေ ပေးတဲ့ ပစ္စည်းတွေလည်း ဖြစ်တယ်..."

မြောက်ပိုင်းစစ်ချီစရိတ်သည် အလွန် ကြီးမားလှသော်လည်း ကျူးယွမ်ကျန်း၏ ကိုယ်ပိုင်ငွေကြေး ကုန်ဆုံးရသည့်အထိတော့ မဟုတ်ချေ။ သို့သော်လည်း သူသည် နန်းတော်၏ အသုံးစရိတ်များကို တမင် လျှော့ချခဲ့ပြီး မိဖုရားများကိုလည်း စစ်သည်များအတွက် ငွေကြေး လှူဒါန်းခိုင်းခဲ့သည်။ အမှန်တကယ်တွင် ဤသည်မှာ ဟန်ပြလုပ်ဆောင်ခြင်းသာ ဖြစ်၏။ သူ၏ အဓိက ရည်ရွယ်ချက်မှာ ချင်မင်းသား၊ ကျင်းမင်းသားနှင့် ယန့်မင်းသားတို့ကို ပြသရန် ဖြစ်သည်။

ငါကိုယ်တိုင်နှင့် မိဖုရားများပင် ငွေကြေး ထည့်ဝင်ခဲ့ကြပြီ ဖြစ်ရာ သင်တို့ကဲ့သို့သော နယ်စားမင်းသားများကော ငွေကြေး စိုက်ထုတ်ရန် မလိုအပ်ဘူးလား။

ကျူးပြန်သည် ကျူးယွမ်ကျန်း၏ ဤလှည့်ကွက်ကို ကြိုတင် သိရှိပြီး ဖြစ်၏။ ၎င်းမှာ မြောက်ပိုင်းရှိ မင်းသားသုံးပါးအား ငွေကြေး အမြောက်အမြား စိုက်ထုတ်ခိုင်းပြီး စစ်ပွဲကြောင့် ဖြစ်ပေါ်လာသော အရှုံးပေါ်မှုကို ကာမိစေရန် ဖြစ်သည်။

"ကောင်းပြီ၊ ကောင်းပြီ၊ ငါ ပြောစရာရှိတာတွေ အကုန် ပြောပြီးပြီ၊ မင်း ယန်ကျိုးကို သွားနိုင်ပြီ"

ကျူးယွမ်ကျန်းသည် မူလကပင် စိတ်ရှည်တတ်သူ မဟုတ်သလို ဟန်ပြအခမ်းအနားများကို အလွန် မုန်းတီးသူ ဖြစ်ရာ အခမ်းအနားမြန်ဆန်စွာပင် အဆုံးသတ်လိုက်သည်။

အိမ်ရှေ့စံမင်းသား ကျူးပြန်သည် ထရပ်လိုက်ပြီး စကားအချို့ ပြောရန် အလှည့်တွင် ရုတ်တရက် ခြေချော်ကာ လဲကျလုမတတ် ယိမ်းထိုးသွားခဲ့၏။

ကျူးယွမ်ကျန်းသည် အသက်ကြီးရင့်နေပြီ ဖြစ်သော်လည်း ယခင်မြင်းစီး မြားပစ် ကျွမ်းကျင်သော ဝါရင့် စစ်သည်တော်တစ်ဦး ဖြစ်သည်။ သူသည် တော်ဝင်စည်းကမ်းများကို ဂရုမစိုက်တော့ဘဲ သူ၏ အသက်အရွယ်ထက် ပိုမို လျင်မြန်သော အရှိန်ဖြင့် ရှေ့သို့ အပြေးအလွှား လှမ်းကာ ယိမ်းထိုးနေသော အိမ်ရှေ့စံမင်းသားကို ဖမ်းထိန်းလိုက်ရင်းကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ပြန်အာ၊ မင်း ဘာဖြစ်တာလဲ"

ကျူးယွမ်ကျန်း၏ ရင်ခွင်ထဲတွင် လဲလျောင်းနေသော ကျူးပြန်၏ မျက်နှာသည် ရဲရဲနီနေပြီး ဖျားနာနေသော ပုံစံ ရှိ၏။ သူ၏ နဖူးပေါ်တွင် ချွေးစေးများ ပေါ်လာသည်။ သူက ကျူးယွမ်ကျန်း၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူ၏ လက်ဝါးမှာ ချွေးများဖြင့် စိုစွတ်နေ၏။

"ခမည်းတော်... သားတော် ဘာမှ မမြင်ရတော့ဘူး..."

သူသည် လွန်ခဲ့သော အခိုက်အတန့်ကပင် ကောင်းမွန်နေခဲ့သော်လည်း ရုတ်တရက် အားနည်းသွားပြီး မမြင်ရတော့ခြင်း ဖြစ်၏။

ကျူးယွမ်ကျန်းသည် ချက်ချင်းပင် စိုးရိမ်တကြီး ဖြစ်ကာ ဒေါသထွက်သွားပြီး လည်ချောင်းကွဲလုမတတ် အော်ဟစ်လေတော့သည်။

"နန်းတွင်းသမားတော်..."

ဝူကျိရှန်းသည် အပြေးအလွှား ရောက်ရှိလာခဲ့၏။

တစ်မိနစ်ပင် မပြည့်မီ အချိန်အတွင်း ကျူးပြန်၏ မျက်နှာသည် ရဲရဲနီနေရာမှ ကြောက်မက်ဖွယ် ကောင်းသော အနီပုပ်ရောင်သို့ ပြောင်းလဲသွားပြီး ပဲစေ့ခန့်ရှိသော ချွေးပေါက်ကြီးများ စီးကျလာသည်။

ဤအချိန်တွင် မည်သူမျှ စည်းကမ်းများကို ဂရုမစိုက်နိုင်တော့ချေ။ ဝူကျိရှန်းက ကျူးပြန်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ရာ သူ၏ သွေးခုန်နှုန်းမှာ မမှန်ဘဲ နှလုံးခုန်နှုန်းမှာ အလွန် မြန်ဆန်နေ၏။

မျက်နှာနီမြန်းခြင်း၊ နှလုံးခုန်မြန်ခြင်းနှင့် အမြင်အာရုံ ဝေဝါးခြင်း စသည့် လက္ခဏာများ ပေါင်းစပ်နေခြင်းမှာ အလွန် အန္တရာယ်များသော လက္ခဏာ ဖြစ်သည်။

ကံကောင်းသည်မှာ ကျူးပြန်သည် သတိရှိနေဆဲ ဖြစ်၏။

"အိမ်ရှေ့စံမင်းသား၊ ကျွန်တော့်စကားကို ကြားရလား"

"ကြားရတယ်၊ ဒါပေမဲ့ နားထဲမှာ အုန်းအုန်းမြည်နေသလိုပဲ..."

"ဝတ်စုံကို ချွတ်လိုက်ပါ"

ဤကဲ့သို့သော အခမ်းအနားတွင် ကျူးပြန်သည် တရားဝင် ဝတ်စုံကြီးကို ဝတ်ဆင်ထားရ၏။

အသက်ကြီးရင့်လှပြီ ဖြစ်သော ကျူးယွမ်ကျန်းသည် ယခင်က မရှိဖူးသော ပြတ်သားမှုကို ပြသလျက် ကျူးပြန်၏ ကော်လာကို ဆွဲဖြဲပစ်လိုက်ရာ သူ၏ ခွန်အားမှာ အံ့ဩဖွယ် ကောင်းလှ၏။

ဝူကျိရှန်းက စကားမဆိုဘဲ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး လက်မကို အနည်းငယ် ထွက်စေကာ ကျူးပြန်၏ ရင်ညွန့်နှင့် နံရိုးဆုံရာ နှလုံးတည်ရှိရာ နေရာကို လက်ဆစ်ဖြင့် ပြင်းထန်စွာ ဖိချလိုက်သည်။

"အား... နာတယ်..."

ပုံမှန်အားဖြင့် ထိုနေရာကို ပြင်းထန်စွာ ဖိလျှင် အနည်းငယ်သာ အောင့်တတ်သော်လည်း ကျူးပြန်၏ တုံ့ပြန်မှုက ပြင်းထန်လွန်းသဖြင့် ဝူကျိရှန်းသည် ဘာဖြစ်သည်ကို ကောင်းစွာ ရိပ်မိလိုက်ပြီ ဖြစ်၏။

"အိမ်ရှေ့စံမင်းသား၊ အောင့်ခံပြီး တစ်ကိုယ်လုံးကို လျှော့ထားပေးပါ"

"အရှင်မင်းကြီး၊ လက်ကို လွှတ်ပေးပါ"

ဝူကျိရှန်းသည် ကျူးပြန်၏ ခန္ဓာကိုယ် အထက်ပိုင်းကို ကျူးယွမ်ကျန်း၏ ရင်ခွင်ထဲမှ လွှဲပြောင်းယူလိုက်သော်လည်း သာမန်လူနာများကဲ့သို့ လှဲသိပ်ခြင်း မရှိဘဲ သူ၏ နောက်ကျောဘက်သို့ သွားကာ လက်နှစ်ဖက်ဖြင့် ခြေထောက်များကို အားဖြင့် ကွေးစေလျက် ကျူးပြန်အား ဆောင့်ကြောင့်ထိုင် အနေအထား ဖြစ်အောင် ကြိုးစားလိုက်၏။

သို့သော်လည်း ဤသည်မှာ လူတစ်ယောက်တည်း လုပ်ဆောင်နိုင်သော အရာ မဟုတ်ချေ။ ဝူကျိရှန်းက လူခေါ်ရန် ပြင်လိုက်စဉ် ကျူးယွမ်ကျန်းက သူ၏ ရည်ရွယ်ချက်ကို နားလည်သွားပြီး တုံ့ဆိုင်းခြင်းမရှိဘဲ ကျူးပြန်ကို နောက်ကနေ ပွေ့ချီကာ မတ်တပ်ရပ် အနေအထား ဖြစ်အောင် ကူညီပေးလိုက်သည်။

နောက်ဆုံးတွင် အဆင်ပြေသွားသဖြင့် ဝူကျိရှန်းသည် ကျူးပြန်၏ ရှေ့သို့ လာကာ ကျူးယွမ်ကျန်းနှင့် မျက်နှာချင်းဆိုင်လျက် ယခင်နည်းလမ်းအတိုင်း နှလုံးနေရာကို ဆက်တိုက် ဖိပေးလေတော့သည်။

ဝူကျိရှန်း၏ စနစ်တကျ ဖိပေးမှုအောက်တွင် ကျူးပြန်၏ မျက်နှာပေါ်ရှိ အနီပုပ်ရောင်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ဖြူလျော်သွားခဲ့၏။ မကြာမီ အချိန်အတွင်းမှာပင် ၎င်းသည် ပုံမှန်အတိုင်း သွေးရောင် ပြန်လည် လွှမ်းလာသည်။

ဆယ်မိနစ်ခန့် ကြာပြီးနောက် ကျူးပြန်သည် နောက်ဆုံးတွင် အသက်ကို ပြင်းပြင်းရှူထုတ်လိုက်ပြီး မှောင်မိုက်သော အခန်းတစ်ခုထဲမှ ထွက်လာခဲ့သကဲ့သို့ ရှိရာ တောက်ပသော နေရောင်ခြည်ကို လက်ဝါးဖြင့် ကာကွယ်လိုက်၏။ သူ၏ အမြင်အာရုံများ ပြန်လည် ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။

*********

All Chapters