အခန်း (၂၃၃-၂၃၄)
Vol. 23 Ch. 233-234
အခန်း ၂၃၃ - နယ်ရုပ်ကို စတေး၍ အကွက်ရွှေ့ခြင်း
သခင်လေးကျင်း အိမ်သို့ ပြန်ရောက်သောအခါ ရှန့်ချူရုံသည် ဧည့်ခန်းမဆောင်ထဲတွင် ထိုင်နေသည်ကို တွေ့ရသဖြင့် အံ့ဩသွား၏။
"ဦးလေး... အာ... မဟုတ်ဘူး"
သခင်လေးကျင်းက အလျင်အမြန်ပင် ပြင်ပြောလိုက်သည် ။
"လူကြီးမင်းရှန့်... ဒီလောက် ညနက်နေပြီကို ဘာလို့..."
ရှန့်ချူရုံက ယခင်ကထက် ပိုမိုညင်သာစွာ ပြုံးလိုက်၏။
"ကျင်းအာ... မင်း ငါ့ကို ဦးလေးလို့ပဲ ခေါ်ပါ။ ဘာပဲပြောပြော ငါတို့က သွေးရင်းတွေပဲ။ ငါ့မှာ သားသမီးမရှိတော့ ငါ့တူဖြစ်တဲ့ မင်းကို ငါ့သားအရင်းလိုပဲ အမြဲသဘောထားခဲ့တာ"
သူ၏ ဦးလေးဖြစ်သူ စိတ်အခြေအနေ ကောင်းနေသည်ကို မြင်ရခဲသဖြင့် သခင်လေးကျင်းသည် လွန်စွာ ဝမ်းသာသွား၏။ သူက ရိုသေသော အမူအရာဖြင့် ချက်ချင်း ပြောလိုက်သည် ။
"ကျွန်တော် သိပါတယ် ဦးလေး။ ဦးလေး ကျွန်တော့်အပေါ် ဘယ်လောက်ကောင်းလဲဆိုတာ သိပါတယ်။ ကျွန်တော့်ကို သားအရင်းလို သဘောထားတာလည်း သိပါတယ်။ ဦးလေးရဲ့ ကျေးဇူးကို ကျွန်တော် အမြဲတမ်း အောက်မေ့နေမှာပါ"
"ကျေးဇူးတင်စရာ မလိုပါဘူး။ ငါတို့တွေက မိသားစုတွေပဲ။ ဒီလို အားနာစရာတွေ မလိုပါဘူး"
ရှန့်ချူရုံက သူ့ကို လက်ဟန်ပြလိုက်ပြီး
"ကျင်းအာ... ဒီနားကို လာ။ ငါ့ဘေးမှာ ထိုင်ဦး။ ဦးလေး မင်းကို သေချာ ကြည့်ပါရစေ"
သခင်လေးကျင်း၏ ငယ်ရွယ်သော မျက်နှာကို ကြည့်ရင်း ရှန့်ချူရုံသည် စိတ်မကောင်းစွာဖြင့် သက်ပြင်းချလိုက်၏။
"မင်းအမေက စောစောစီးစီး ဆုံးပါးသွားခဲ့တာ။ မင်းက ငါ့ရဲ့ တစ်ဦးတည်းသော မိသားစုပဲ"
"မင်းအမေ မဆုံးခင်မှာ မင်းကို ငါ့လက်ထဲ အပ်နှံခဲ့ပြီး မင်းကို သေချာ သွန်သင်ဆုံးမဖို့နဲ့ တောက်ပတဲ့ အနာဂတ် ရှိစေဖို့ တောင်းဆိုခဲ့တာ"
"ဒီနေ့ ကျင်းအာ အောင်မြင်နေတာတွေက ဦးလေးရဲ့ လမ်းညွှန်မှုနဲ့ ကူညီမှုတွေကြောင့်ပါ"
ရှန့်ချူရုံသည် သခင်လေးကျင်း
၏ စကားကို မကြားသကဲ့သို့ တစ်ယောက်တည်း ရေရွတ်နေ၏။
"မင်းအမေက ငါ့ရဲ့ အစ်မအရင်း ဖြစ်ပြီး ငါ့ကို ပြုစုပျိုးထောင်ပေးခဲ့တာ။ နှမြောစရာကောင်းတာက သူက အသက်တိုခဲ့တယ်။ ငါက သူ့ကျေးဇူးကို မင်းအပေါ်မှာပဲ ပြန်ဆပ်ခွင့်ရတော့တယ်"
"ကံဆိုးတာက ငါ မင်းကို သွန်သင်ဖို့ ပျက်ကွက်ခဲ့လို့ မင်းမှာ မကောင်းတဲ့ အကျင့်တွေ အများကြီး ရှိနေခဲ့ပြီ"
"မင်းက ပြည့်တန်ဆာအိမ်တွေကို သွားလာပြီး လေလွင့်ပျော်ပါးနေတဲ့ လူမိုက်တစ်ယောက် ဖြစ်နေတာ ငါ့အပြစ်ပဲ"
ရှန့်ချူရုံသည် သခင်လေးကျင်းကို ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်၏။
"ငါ ငါ့အစ်မကို မျက်နှာပူမိတယ်"
ထိုသို့ ပြောနေစဉ် ရှန့်ချူရုံ၏ မျက်ဝန်းထဲတွင် မျက်ရည်အချို့ ဝဲလာ၏။
"ဦးလေးကို စိတ်ပျက်အောင် လုပ်မိတာ ကျင်းအာရဲ့ အပြစ်တွေပါ"
"ကဲပါ... ထားလိုက်ပါတော့။ ဒီအကြောင်းတွေကို ဆက်မပြော တော့ဘူး"
ရှန့်ချူရုံသည် မျက်ဝန်းထောင့်မှ စီးကျလာသော မျက်ရည်ကို အတင်းသုတ်ပစ်လိုက်၏။
"ငါ ခိုင်းထားတဲ့ ကိစ္စတွေကိုကော သေချာ လုပ်ခဲ့ရဲ့လား"
"ဦးလေး အပ်နှံထားတဲ့ ကိစ္စကို ကျင်းအာက ဘယ်လိုလုပ် ပျက်ကွက်ဝံ့ပါ့မလဲ"
မိဘကို အစွမ်းပြချင်သော ကလေးတစ်ဦးကဲ့သို့ သခင်လေးကျင်းက ဂုဏ်ယူစွာ ပြောလိုက်သည် ။
"အတွင်းရေးတွေကို သိနေတဲ့ သမားတော်တွေ အားလုံးကို ကျွန်တော် ရှင်းလင်းပစ်လိုက်ပြီ"
"လက်စလက်နကော ပြတ်ရဲ့လား။ သဲလွန်စတစ်ခုခု ချန်ထားခဲ့မိသေးလား"
"သူတို့အားလုံးကို အဆိပ်ခတ်ပြီး အလောင်းတွေကို ကျောက်တုံးတွေနဲ့ ချည်နှောင်ပြီးချင်ဟွိုင်မြစ်ထဲ ပစ်ချခဲ့တာ။ ဘယ်သူမှသိမှာမဟုတ်ဘူး"
"ကောင်းတယ်... ကောင်းတယ်။ မင်း တကယ် တော်တယ်"
ရှန့်ချူရုံက တိုးတိုးလေး ချီးကျူးလိုက်လိုက်၏။
"ကျင်းအာ လုပ်တဲ့ အလုပ်တွေက ငါ့ကို အမြဲတမ်း စိတ်အေးချမ်းစေတယ်"
"ငါတို့တွေ သက်သေအားလုံးကို ဖျက်ဆီးပစ်လိုက်ပြီ။ ဘယ်သူမှ အသက်ရှင်ကျန်ရစ်မှာ မဟုတ်ဘူး။ အခုဆို ဝူကျိရှန်း စုံစမ်းစစ်ဆေးမှာကို ကြောက်စရာ မလိုတော့ဘူး မဟုတ်လား"
"မကြောက်ပါနဲ့တော့။ မင်း ဘာကိုမှ ကြောက်စရာ မလိုတော့ဘူး။ ဘာကိုမှ မကြောက်ပါနဲ့တော့"
ရှန့်ချူရုံသည် စကားမပြောခင် ရေနွေးကရားကို ယူကာ လက်ဖက်ရည် နှစ်ခွက်ငှဲ့ပြီး တစ်ခွက်ကို သခင်လေးကျင်း၏ ရှေ့သို့ တွန်းပေးလိုက်၏။
သခင်လေးကျင်းသည် ဦးလေးဖြစ်သူ ကိုယ်တိုင် လက်ဖက်ရည် ငှဲ့ပေးသဖြင့် ဝမ်းသာအားရဖြစ်ကာ လက်ဖက်ရည်ခွက်ကို ကိုင်၍ သောက်ရန် ပြင်လိုက်သည် ။
"ခဏနေဦး..."
သခင်လေးကျင်းသည် လက်ဖက်ရည်သောက်ခြင်းကို ရပ်လိုက်ပြီး ရှန့်ချူရုံကို နားမလည်နိုင်သော အမူအရာဖြင့် ကြည့်လိုက်၏။
"ဦးလေး... ဘာကိစ္စ ရှိလို့လဲ"
ရှန့်ချူရုံသည် ခဏမျှ တွေဝေသွားပြီးအချိန်ခဏကြာမှ သက်ပြင်း ချကာ ပြောလိုက်သည် ။
"ဘာမှ မဟုတ်တော့ပါဘူး။ လက်ဖက်ရည် သောက်ပါ"
သခင်လေးကျင်းသည် မည်သည့်အရာကိုမျှ သံသယမဝင်ဘဲ လက်ဖက်ရည်ခွက်ကို ယူကာ တစ်ကျိုက်တည်း သောက်ချလိုက်၏။
သို့သော် ရှန့်ချူရုံကသူ့ ရှေ့ရှိ လက်ဖက်ရည်ခွက်ကိုမူ မတို့ထိပေ ။
"ဦးလေး... အခုဆို နန်းတွင်း ဆေးရုံမှာ အရာရာ အဆင်ပြေသွားပြီ မဟုတ်လား"
"အားလုံး ပြီးသွားပါပြီ... အားလုံး ပြီးသွားပါပြီ..."
ရှန့်ချူရုံသည် ရင်ဘတ်ထဲရှိ လေအားလုံးကို မှုတ်ထုတ်လိုက်သကဲ့သို့ သက်ပြင်းကို အရှည်ကြီး ချလိုက်၏။
"ကျင်းအာ... မင်းမှာ ပုံမှန်ရက်တွေမှာ လိုချင်တဲ့ ဆန္ဒတစ်ခုခု ရှိလား"
"ကျင်းအာက ဦးလေးရဲ့ စောင့်ရှောက်မှုအောက်မှာ အဝတ်အစားနဲ့ အစားအစာ မပြတ်လပ်ခဲ့ပါဘူး။ အခုတင် အလွန် ကျေနပ်နေပါပြီ..."
ရှန့်ချူရုံက ညင်သာစွာ ပြုံးလိုက်၏။ "
"လူတိုင်းမှာ ဆန္ဒရှိကြတာပဲ။ မင်းမှာ ဘယ်လိုလုပ် မရှိဘဲ နေမှာလဲ"
"ကျင်းအာရဲ့ ဆန္ဒကတော့ ဦးလေး အသက် ရာကျော် ရှည်ပါစေဖို့ပါပဲ"
"မင်းက တကယ် သိတတ်တဲ့ ကလေးပဲ"
"သိတတ်ရုံတင် မဟုတ်ပါဘူး"
သခင်လေးကျင်း၏ ပြုံးနေသော မျက်နှာမှာ ကလေးတစ်ဦးနှင့် တကယ်တူလှသည် ။
"ကျင်းအာမှာ ရှိသမျှ အရာအားလုံးက ဦးလေးပေးထားတာ။ ဦးလေး အသက် ရာကျော်ရှည်မှသာ ကျင်းအာရဲ့ စည်းစိမ်ချမ်းသာတွေက အမြဲတည်တံ့မှာ"
"အဲဒါ အမှန်တရားပဲ"
"ဦးလေး... ဟင်"
သခင်လေးကျင်းသည် လေချဉ်တက်သကဲ့သို့ ထူးဆန်းသော အသံတစ်ခု ပြုလုပ်လိုက်၏။
"ကျွန်တော့် ဗိုက်ထဲက နည်းနည်း မအီမသာ ဖြစ်လာတယ်... ပြီးတော့ ခေါင်းလည်း နည်းနည်း မူးလာတယ်။ မူးယစ်နေသလိုပဲ။ ဒါပေမဲ့ ကျွန်တော် အရက်မသောက်ထားပါဘူး"
"ကျင်းအာ... မင်း မူးနေတာ။ တကယ် မူးနေတာ"
"ကျွန်တော် တကယ် အရက်မသောက်ရပါဘူး..."
သခင်လေးကျင်းသည် လေချဉ် နောက်တစ်ကြိမ် တက်လိုက်ပြန်၏။ သူသည် မျက်လုံးများကို အတင်းဖွင့်ရန် ကြိုးစားသော်လည်း သူ၏ အမြင်အာရုံများမှာ ဝေဝါးလာပြီး အိပ်ငိုက်လာ၏။
"ကျွန်တော် အိပ်ငိုက်လာပြီ။ တကယ် အိပ်ချင်လာပြီ။ ကျွန်တော် အိပ်ပျော်တော့မယ် ထင်တယ်။ ဦးလေး... ဘာလို့ မီးပိတ်လိုက်တာလဲ။ တအားမှောင်နေတယ်။ ဘာဖြစ်တာလဲ... ကျွန်တော် ကြောက်တယ်..."
"ဦးလေး မင်းရဲ့ ဘေးနားမှာ ရှိနေပါတယ်"
ရှန့်ချူရုံ၏ မျက်ဝန်းထဲမှ မျက်ရည်များ စီးကျလာတော့၏။ သူသည် သခင်လေးကျန့်၏ အမြင်အာရုံ ကွယ်ပျောက်သွားပြီ ဖြစ်ကြောင်း သိသဖြင့် သူ၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည် ။
"ဦးလေး မင်းရဲ့ ဘေးနားမှာ ရှိနေပါတယ်။ အိပ်ချင်ရင် အိပ်လိုက်တော့။ ဘာကိုမှ ကြောက်စရာ မလိုတော့ဘူး။ ဘာကိုမှ စိတ်ပူစရာ မလိုတော့ဘူး..."
ကလေးတစ်ဦးကို ချော့သိပ်နေသကဲ့သို့ ရှန့်ချူရုံသည် တိုးတိုးလေး ရေရွတ်ကာ သားချော့တေးကိုပင် ညည်းဆိုနေ၏။
"အိပ်တော့... ကျင်းအာ... အိပ်တော့... ကြောင်လည်း လာမယူဘူး... ခွေးလည်း လာမကိုက်ဘူး... ကျင်းအာ... မြန်မြန် အိပ်တော့..."
ဗုန်းခနဲ အသံနှင့်အတူ သခင်လေးကျင်း၏ ဦးခေါင်းသည် စားပွဲပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားတော့၏။
နန်းတွင်းသမားတော်ကြီး ရှဲ့ထျန်းယင်းသည်ဆေးဝါးကျွမ်းကျင်သူဖြစ်သည်။ သူ ကိုယ်တိုင် ဖော်စပ်ထားသော 'ယစ်မူးအိပ်မက်' အဆိပ်မှာ အမှန်တကယ်ပင် ပြင်းထန်လှသဖြင့် သခင်လေးကျင်းသည် ခဏချင်းအတွင်းမှာပင် သေဆုံးသွားခဲ့၏။
ထိုအချိန်မှသာ သခင်လေးကျင်း၏ ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးအချို့ စီးကျလာပြီး စားပွဲထောင့်မှတစ်ဆင့် ကြမ်းပြင်ပေါ်သို့ ဖြည်းညှင်းစွာ စီးကျသွားတော့၏။
ရှန့်ချူရုံသည် သူ၏ လက်ကို ဆန့်ထုတ်ကာ အသက်ရှုခြင်း ရှိမရှိ စစ်ဆေးလိုက်ချိန်တွင်သူ၏မျက်နှာ၌ မျက်ရည်များ စီးကျနေပြီ ဖြစ်သည် ။ သူသည် သခင်လေးကျင်း၏ ဝိညာဉ်ကို စကားပြောနေသကဲ့သို့ ခေါင်းကို နည်းနည်း စောင်းကာ ပြောလိုက်၏။
"ကျင်းအာ... ဦးလေးကို စိတ်မဆိုးပါနဲ့။ ဦးလေးမှာလည်း အခြားနည်းလမ်း မရှိလို့ပါ။ တကယ်လို့ မင်းမသေရင် ဦးလေး သေရလိမ့်မယ်။ အဲဒီအချိန်ကျရင်လည်း မင်းရဲ့ အသက်လည်းချမ်းသာရမှာ မဟုတ်ဘူး..."
အေးစက်စပြုလာနေပြီသော သခင်လေးကျင်း၏ မျက်နှာကို နောက်ဆုံးအကြိမ် တို့ထိပြီးနောက် ဝမ်းနည်းမှုနှင့် နှမြောတသမှု အားလုံးမှာ ချက်ချင်း ကွယ်ပျောက်သွား၏။ ရှန့်ချူရုံသည် စားပွဲပေါ်ရှိ ဖယောင်းတိုင်ခုံကို ယူကာ စားပွဲခင်း၊ လိုက်ကာများနှင့် အခြား မီးလောင်လွယ်သော ပစ္စည်းများကို မီးရှို့လိုက်တော့၏။
ခဏချင်းအတွင်းမှာပင် မီးတောက်များ ပြင်းထန်စွာ လောင်ကျွမ်းလာခဲ့သည် ။
မီးမလောင်မှာ စိုးရိမ်သဖြင့် ရှန့်ချူရုံသည် ထင်းများကို ယူလာပြီး ပဲပိစပ်ဆီများကိုပါ ပက်ဖျန်းလိုက်၏။
မကြာမီပင် ထိုဇိမ်ခံစံအိမ်ကြီးမှာ မီးလျှံများအတွင်း နစ်မြုပ်သွားတော့၏။
လေထုထဲတွင် ပြင်းထန်သော အပူရှိန်နှင့် အသားလောင်ကျွမ်းသည့် အနံ့ဆိုးများ ပြည့်နှက်နေ၏။
သခင်လေးကျင်းသည် တစ်ချိန်က လျူဟန်လျန်၏ မိသားစုတစ်ခုလုံးကို မီးရှို့သတ်ဖြတ်ခဲ့ဖူးပြီး ယခုအခါတွင်မူ သူကိုယ်တိုင်လည်း မီးလျှံများအတွင်း ပြာအတိ ဖြစ်သွားခဲ့ရပြီ ဖြစ်သည် ။
အရာရာတိုင်း၊ အကြောင်းနှင့် အကျိုးတိုင်းမှာ ကြိုတင်သတ်မှတ်ထားပြီး ဖြစ်ပုံရ၏။
ထိုအချိန်တွင် မြို့တော်၏ အခြားတစ်ဖက်၌လည်း ကြီးမားသော မီးတောက်တစ်ခုသည် ဇီကူဆိုင်ဆီသို့ ဦးတည်ကာ ပြင်းထန်စွာ လောင်ကျွမ်းနေခဲ့၏။
*********
`
အခန်း ၂၃၄ - သားအဖကြားစကားများ
နောက်တစ်နေ့ ။
အိမ်ရှေ့စံမင်းသား ကျူးပြန်သည် ခစားဝင်ရန် နန်းတော်ထဲသို့ အလျင်အမြန် ဝင်လာချိန်တွင် ဧကရာဇ်မင်းမြတ် ကျူးယွမ်ကျန်းသည် နံနက်စာ သုံးဆောင်နေဆဲဖြစ်၏။
"အရင်ကဆို ပြန်အာက ချန်ရှီအချိန်ကုန်ခါနီးမှ ခစားဝင်လေ့ရှိတာ။ ဒီနေ့တော့ နာရီဝက်လောက် စောနေတယ်ဆိုတော့ တစ်ခုခု ရှိနေလို့ ဖြစ်ရမယ်"
ကျူးယွမ်ကျန်းက သူ၏ တူဖြင့် ပေါ့ပေါ့ပါးပါး ညွှန်ပြလိုက်၏။
"မင်းလည်း နည်းနည်း စားလိုက်ဦး"
"အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး"
မင်မင်းဆက်သည် ချင်မင်းဆက်နှင့်မတူဘဲ ရှုပ်ထွေးသော ကျင့်ဝတ်ထုံးစံများစွာ မရှိပေ ။ အထူးသဖြင့် ကျူးယွမ်ကျန်းနှင့် သားတော်ကျူးပြန်တို့ နှစ်ဦးတည်း ရှိနေချိန်တွင် ၎င်းတို့သည် 'မင်းနှင့်ကျွန်' စည်းကမ်းများကို ဘယ်တော့မှ မလိုက်နာဘဲ သာမန် သားအဖကဲ့သို့သာ နေထိုင်ကြ၏။
"ပြောစမ်း... ဘာကိစ္စလဲ"
"သားတော် ယင်ထျန်းဒေသ အုပ်ချုပ်ရေးရုံးက စစ်တပ်ကို စေလွှတ်ခွင့် ပြုဖို့ တောင်းခံချင်လို့ပါ"
အိမ်ရှေ့စံမင်းသား ကျူးပြန်သည် အုပ်ချုပ်ရေးအာဏာ အများစုကို လွှဲပြောင်းရယူထားပြီး ဖြစ်သော်လည်း စစ်အာဏာကိုမူ ဘယ်တော့မှ မတို့ထိပေ ။
အိမ်ရှေ့စံတစ်ဦးအတွက် စစ်အာဏာကို စွက်ဖက်ခြင်းသည် ကြီးမားသော တားမြစ်ချက်တစ်ခု ဖြစ်ပြီး ဧကရာဇ်၏ သံသယကို သေချာပေါက် ဖြစ်ပေါ်စေနိုင်၏။ အထူးသဖြင့် မြို့တော်ရှိ စစ်သားများကို စေလွှတ်ခြင်းမှာ အင်အားအနည်းငယ်သာ ဖြစ်သော်လည်း အလွန်အမင်း ထိလွယ်ရှလွယ်သော ကိစ္စဖြစ်သည် ။
"ယင်ထျန်းရုံးက စစ်တပ်ကို စေလွှတ်မယ် ဟုတ်လား"
ကျူးယွမ်ကျန်းက စားသောက်ခြင်းကို ရပ်လိုက်၏။
"ဘာဖြစ်လို့လဲ"
"မနေ့ညက ဝူကျိရှန်းက သားတော်ဆီ ညတွင်းချင်း လာရောက် အစီရင်ခံခဲ့ပါတယ်..."
အိမ်ရှေ့စံမင်းသား ကျူးပြန်က ဝူကျိရှန်း၏ အစီရင်ခံစာကို အကျဉ်းချုပ် ပြောပြလိုက်သည် ။
"ဒါပေမဲ့ သားတော်က အချိန်နောက်ကျနေပြီလို့ ယူဆတာကြောင့် ဒီကိစ္စကို ဒီနေ့အထိ ရွှေ့ဆိုင်းခဲ့တာပါ"
ညမိုးချုပ်သွားပြီးနောက်အမိန့်တော်မရှိဘဲ မည်သူမျှ နန်းတော်ထဲသို့ မဝင်ရဟူသော စည်းကမ်းမှာ မင်းဆက်တိုင်း၏ သံမဏိစည်းကမ်းဖြစ်ပြီး အိမ်ရှေ့စံပင်လျှင် လိုက်နာရ၏။
အတိအလင်း ထုတ်ပြန်ထားသော အမိန့်တော်မရှိလျှင် မည်မျှပင် အရေးကြီးသော ကိစ္စဖြစ်ပါစေ နန်းတော်ထဲသို့ မိမိသဘောဖြင့် မဝင်ရပေ။
နန်းတွင်း ဆေးရုံကိစ္စမှာ ဝူကျိရှန်းအတွက် အလွန်အရေးကြီးသော်လည်း အိမ်ရှေ့စံနှင့် ကျူးယွမ်ကျန်းကဲ့သို့သော ပုဂ္ဂိုလ်ကြီးများအတွက်မူ အရေးတကြီး ကိစ္စတစ်ခု မဟုတ်ပေ ။
အိမ်ရှေ့စံမင်းသား ကျူးပြန်သည် ဤကဲ့သို့သော ကိစ္စကြောင့် နန်းတော်၏ စည်းကမ်းကို ဖောက်ဖျက်မည် မဟုတ်ပေ ။
"နန်းတွင်းဆေးရုံမှာတောင် အဂတိလိုက်စားမှု ရှိနေတာလား"
ကျူးယွမ်ကျန်းသည် ဤကိစ္စအပေါ် ဒေါသတကြီး တုံ့ပြန်ခြင်း မရှိပေ ။ သူသည် အမျက်ဒေါသထက် စိတ်ပျက်လက်ပျက် ဖြစ်နေသော အမူအရာကိုသာ ပြသလိုက်၏။
"ငါက အရာရှိတွေကို ပြင်းထန်တဲ့ ဥပဒေတွေနဲ့ အုပ်ချုပ်ပြီး ဒုစရိုက်သမားတွေကို မြန်မြန်ဆန်ဆန် နှိမ်နင်းဖို့ မျှော်လင့်ခဲ့တာ။ ဒါပေမဲ့ ဒီခြစားတဲ့ အရာရှိတွေက သေရမှာကို လုံးဝမကြောက်ကြဘူး။ တစ်သုတ်ပြီး တစ်သုတ်ကို ကွပ်မျက်နေတာတောင်... သက်ပြင်းပဲ ချရတော့မယ်..."
အဂတိလိုက်စားသောအရာရှိများအပေါ် ကျူးယွမ်ကျန်း၏ သဘောထားကို လူတိုင်း သိကြ၏။ သူသည် ဒုစရိုက်သမားများကို အပြစ်ပေးရန်အတွက် 'အရေခွံခွာ၍ မြက်ပင်စိုက်ခြင်း' ကဲ့သို့သော ရက်စက်သည့် နည်းလမ်းများကိုပင် အသုံးပြုခဲ့သည် ။ သို့သော် ခြစားသောအရာရှိ အရေအတွက်မှာ မြက်ပင်များကဲ့သို့ပင် ပယ်ဖျက်၍မရဘဲ ပိုမိုတိုးပွားလာနေဆဲ ဖြစ်၏။
ဟုန်ဝူမင်းဆက်အတွင်း ကြီးမားသော အမှုအခင်းများစွာကို ဖော်ထုတ်ခဲ့ပြီး လူပေါင်းသောင်းချီ ပါဝင်ပတ်သက်ခဲ့သည် ။ ထိုအရာများက ထိုခြစားသော အရာရှိများကို ဘာကြောင့် မခြောက်လှန့်နိုင်ရတာလဲ။
"ဒီအရာရှိတွေက လောဘကြီးပြီး ပြည်သူတွေကို နှိပ်စက်ကြတယ်။ သူတို့က မွေးရာပါ လောဘစိတ်ရှိပြီး ကြောက်ရွံ့ရမှန်း မသိကြဘူး။ အခုတော့ ငါ့ရဲ့ မျက်စိအောက်မှာတင် ငါ့အိမ်က အရာတွေကိုပါ လောဘတက်ပြီး သူတို့ အလိုရှိရာ လုပ်နေကြပြီ..."
သက်ပြင်းချပြီးနောက် ကျူးယွမ်ကျန်းသည် ရုတ်တရက် မျက်လုံးများ ပြူးကျယ်သွားပြီး ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ချက်ချင်း ထွက်ပေါ်လာ၏။ သူက ရက်စက်စွာ ပြောလိုက်သည် ။
"သူတို့ရဲ့ လည်ပင်းက ပိုမာသလား... ငါ့ရဲ့ ဓားက ပိုထက်သလားဆိုတာ ငါ ကြည့်ချင်သေးတယ်"
"အမိန့်တော် ထုတ်ပြန်လိုက်။ ကျင်းယီဝေအစောင့်တပ်ဖွဲ့ကို ဒီအမှုကို စုံစမ်းစစ်ဆေးဖို့ တာဝန်ပေးရမယ်။ ပါဝင်ပတ်သက်သူ မှန်သမျှကို ချွင်းချက်မရှိ ပြင်းထန်စွာ အပြစ်ပေးရမယ်"
ကျူးယွမ်ကျန်းသည် ခြစားသောအရာရှိများကို ချွင်းချက်မရှိ နှိမ်နင်းသည့် မူဝါဒကို အမြဲကိုင်စွဲထားသူ ဖြစ်ရာ ဤအမှုကို သေချာပေါက် စုံစမ်းစစ်ဆေးမည်မှာ အိမ်ရှေ့စံ၏ မျှော်လင့်ချက်အတိုင်း ဖြစ်သည် ။
သို့သော်လည်း……
ကျင်းယီဝေ အစောင့်တပ်ဖွဲ့ကို စေလွှတ်ပြီး အမှုကို စုံစမ်းစစ်ဆေးခိုင်းခြင်းမှာ မသင့်တော်ပေ ။
၎င်းသည် တရားရုံး၏ အမှုဖွင့်လှစ်ဆောင်ရွက်သည့် လုပ်ထုံးလုပ်နည်းများနှင့် များစွာ ကွဲလွဲနေ၏။
ယခုအခါ ဝူကျိရှန်းက သဲလွန်စတစ်ခုကို ဖော်ထုတ်ထားပြီးဖြစ်ရာ ၎င်းကိုသာ ဆက်လက် စုံစမ်းရုံ ဖြစ်သည် ။ ပုံမှန်အခြေအနေအရ စုံစမ်းစစ်ဆေးမှုကို တရားရေးရုံးက လုပ်ဆောင်သင့်သည်။ထိုသို့မဟုတ်လျှင် ယင်ထျန်းအုပ်ချုပ်ရေးရုံးသို့ လွှဲပြောင်းပေးနိုင်သည် ၊ သို့မဟုတ် အိမ်ရှေ့စံကိုယ်တိုင် လူစေလွှတ်၍ စုံစမ်းခိုင်းနိုင်သည်။
သို့သော်လည်း ကျင်းယီဝေ အစောင့်တပ်ဖွဲ့ကို စေလွှတ်၍ စုံစမ်းစစ်ဆေးခိုင်းလျှင် အမှု၏ သဘောသဘာဝ ပြောင်းလဲသွားလိမ့်မည်။
ကျင်းယီဝေ အစောင့်တပ်ဖွဲ့သည် ဧကရာဇ်အတွက်သာ သီးသန့်ဖြစ်သော လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ ဖြစ်ပြီး ကျူးယွမ်ကျန်း ကိုယ်တိုင်၏ ကိုယ်စားလှယ် ဖြစ်၏။
ယခုကနန်းတွင်း ဆေးရုံမှ အဂတိလိုက်စားမှုကိစ္စ သက်သက်သာ ဖြစ်သည် ။ ထိပ်တန်းအရာရှိကြီးများ ပါဝင်ပတ်သက်ခြင်း မရှိသကဲ့သို့ တရားရုံး၏ နိုင်ငံရေးအခြေအနေကိုလည်း ထိခိုက်စေမည် မဟုတ်ပေ။ ကျင်းယီဝေ အစောင့်တပ်ဖွဲ့ကို စေလွှတ်ရန် မလိုအပ်ဟု ထင်ရ၏။
"ဒါက လုံးဝ လိုအပ်တယ်"
ကျူးယွမ်ကျန်းက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည် ။
"ဒီအမှုကို ကျင်းယီဝေ အစောင့်တပ်ဖွဲ့ကပဲ စုံစမ်းစစ်ဆေးရမယ်"
"ခမည်းတော်... သားတော်ကို ရှင်းပြပေးပါဦး"
"ငါက အရာရှိတွေကို ပြင်းထန်တဲ့ ဥပဒေတွေနဲ့ အုပ်ချုပ်ခဲ့ပြီး လူအများကြီးကို ဒုက္ခရောက်စေခဲ့တယ်။ နှစ်ပေါင်းရာချီ ကြာရင်တောင်... ဒါက ဆက်ရှိနေဦးမှာပဲ။ ငါမရှိတော့တဲ့အခါ ငါ့နောက်မှာ 'ရက်စက်သူ' ဆိုတဲ့ စကားလုံးက ကျန်ရစ်ခဲ့လိမ့်မယ်။ သမိုင်းစာအုပ်တွေထဲမှာ ငါ့ရဲ့ပုံရိပ်က မတရားတဲ့ အာဏာရှင်တစ်ယောက်အဖြစ် သေချာပေါက် မှတ်တမ်းတင်ခံရလိမ့်မယ်"
သမိုင်းတစ်လျှောက်တွင် ဧကရာဇ်များသည် ၎င်းတို့၏ ကွယ်လွန်ပြီးနောက် ကျန်ရစ်မည့် နာမည်ဂုဏ်သတင်းကို အလွန်အမင်း တန်ဖိုးထားကြသည် ။ အကြောင်းမှာ ၎င်းတို့ လုပ်ဆောင်ခဲ့သမျှကို သားစဉ်မြေးဆက်က ဆုံးဖြတ်ကြမည် ဖြစ်သောကြောင့် ဖြစ်၏။
ကျူးယွမ်ကျန်း လုပ်ဆောင်ခဲ့သမျှကို ကြည့်လျှင် သူသည် 'အာဏာရှင်' တစ်ဦးအဖြစ် သေချာပေါက် မှတ်မိနေကြလိမ့်မည်။
သမိုင်းသည် သံမဏိကဲ့သို့ ခိုင်မာလှရာ ကျူးယွမ်ကျန်းသည် မိမိ၏ သမိုင်းဝင် အနေအထားကို အလွန်တိကျစွာ သိရှိထား၏။ သူသည် နာမည်ဆိုး ကျန်ရစ်ခဲ့မည်ကို သိထားသည် ။သို့သော် သူ ဂရုမစိုက်ပေ ။
"ဧကရာဇ်ဆိုတဲ့ ဘွဲ့ထူးက ဘာလဲ။ ငါက အဓိပ္ပာယ်မရှိတဲ့ ဘွဲ့ထူးတွေကို ဂရုမစိုက်ဘူး။ လက်တွေ့ကျတဲ့ အရာတွေကိုပဲ ငါလုပ်တယ်"
ကျူးယွမ်ကျန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သော်လည်း သူ၏ စကားလုံးတိုင်းမှာ အလွန်လေးနက်လှ၏။
"နောက်နှစ်ပေါင်းတစ်ရာကြာရင် လူတွေက ငါ့ကို အာဏာရှင်လို့ ပြောကြလိမ့်မယ်။ နောက်နှစ်ပေါင်းငါးရာကြာရင်လည်း ငါ့ကို အာဏာရှင်လို့ ဆဲဆိုကြဦးမှာပဲ။ နောက်နှစ်ပေါင်းတစ်ထောင်ကြာတဲ့အခါမှသာ အချို့လူတွေက ငါ့ရဲ့ စေတနာအမှန်ကို နားလည်ကြလိမ့်မယ်"
"နောင်လာနောက်သားတွေ နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ၊ ငါ့ကို ဘယ်လိုပဲ ဆုံးဖြတ်ကြပါစေ ငါလုပ်သင့်တာကိုပဲ ငါလုပ်မယ်။ အရေးမပါတဲ့ နာမည်ကျော်ကြားမှုတွေနောက်ကို ငါ ဘယ်တော့မှ လိုက်မှာမဟုတ်ဘူး"
"ခြစားတဲ့ အရာရှိတွေကို သေချာပေါက် ကွပ်မျက်ရမယ်။ မဟုတ်ရင် သူတို့က တိုင်းပြည်ကို ဖျက်ဆီးပြီး ပြည်သူတွေကို ဒုက္ခရောက်စေလိမ့်မယ်။ တကယ့် မိုက်မဲတဲ့ဘုရင်သာ း နာမည်ကောင်းအတွက် ခြစားတဲ့ အရာရှိတွေကို ခွင့်လွှတ်တတ်တာ"
"ငါက ငါ့ရဲ့ နာမည်ဂုဏ်သတင်းကို ဂရုမစိုက်ပေမဲ့ မင်းကတော့ အဲလိုလုပ်လို့ မရဘူး"
ထိုစကားကို ပြောလာသောအခါ ကျူးယွမ်ကျန်း၏ လေသံမှာ သိသိသာသာ နူးညံ့သွား၏။ သူသည် ရက်စက်သော 'အာဏာရှင်' မဟုတ်တော့ဘဲ သားသမီးအပေါ် နက်ရှိုင်းသော မေတ္တာရှိသည့် ဖခင်တစ်ဦး ဖြစ်သွား၏။
"သူတို့က ငါ့ကို အာဏာရှင်လို့ပဲ ခေါ်ခေါ်၊ လူသတ်သမားလို့ပဲ ပြောပြော၊ နာမည်ဆိုး အားလုံးကို ငါပဲ ခံယူမယ်။ မင်းအတွက်တော့ နာမည်ကောင်းပဲ ချန်ထားခဲ့မယ်"
ကျူးယွမ်ကျန်းသည် အိမ်ရှေ့စံ၏ နာမည်ကို သန့်ရှင်းစေရန်နှင့် ကျူးပြန်ကို 'ကရုဏာရှင်မင်းမြတ်' ဟူသော နာမည်ကောင်း ရရှိစေရန်အတွက် ကျင်းယီဝေ အစောင့်တပ်ဖွဲ့ကို စေလွှတ်၍ အမှုကို စုံစမ်းစစ်ဆေးခိုင်းခြင်း ဖြစ်၏။ ထိုအရာအတွက် အပြစ်အားလုံးကို သူကိုယ်တိုင် ခံယူရန် လိုလားသည် ။
"ခမည်းတော်... သားတော် ခမည်းတော်ရဲ့ စေတနာကို အပြည့်အဝ နားလည်ပါပြီ။ အလွန်လည်း ကျေးဇူးတင်မိပါတယ်"
"ငါ့ရဲ့ စေတနာက ကမ္ဘာပေါ်က ခြစားတဲ့ အရာရှိအားလုံးကို သတ်ဖြတ်ပြီး မင်မင်းဆက်အတွက် ငြိမ်းချမ်းသာယာတဲ့ ကမ္ဘာတစ်ခု ဖန်တီးပေးဖို့ပဲ။ ဒါမှသာ ငါ့ရဲ့ မင်မင်းဆက်က နှစ်ပေါင်းထောင်ချီ တည်တံ့ပြီး လမင်းကြီးလို တောက်ပနေမှာ..."
သူက တက်ကြွစွာ ပြောဆိုလိုက်သော်လည်း ကျူးယွမ်ကျန်းသည် သစ္စာတရားတစ်ခုကို နားလည်ထား၏။ ဘယ်တော့မှ မပျက်စီးသော မင်းဆက်ဟူ၍ မရှိသကဲ့သို့ ဘယ်တော့မှ မကျဆုံးသော အင်ပါယာဟူ၍လည်း မရှိပေ။
ထိုသဘောတရားကို သူ နက်ရှိုင်းစွာ နားလည်ထားသောကြောင့် ပြောဆိုရာတွင် လေသံမှာ နည်းနည်း လျော့ကျသွား၏။
"ငါ မျှော်လင့်ပါတယ်။ ငါ့ရဲ့ မင်မင်းဆက်ကြီး ထာဝရ တည်တံ့ပါစေလို့ မျှော်လင့်ပါတယ်..."
"ပြန်အာ... နန်းတွင်းဆေးရုံရဲ့ ကိစ္စတွေမှာ မင်း ဝင်မစွက်ဖက်ပါနဲ့။ ဝူကျိရှန်းကိုပဲ စုံစမ်းခိုင်းလိုက်။ ငါလည်း သူ ဘယ်လောက် အရည်အချင်း ရှိလဲဆိုတာ ကြည့်ချင်သေးတယ်"
ဝူကျိရှန်းအကြောင်း ပြောသောအခါ ကျူးယွမ်ကျန်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာ၏။
"ဒီဝူကျိရှန်းက အတော်လေး စွမ်းဆောင်နိုင်ပုံရတယ်။ သူ့ကို စွမ်းဆောင်ရည် ပြသဖို့ အခွင့်အရေး ပေးရမယ်"
"အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး"
*********