အခန်း (၂၃၇-၂၃၈)
Vol. 23 Ch. 237-238
အခန်း (၂၃၇) အမှန်တရား ပေါ်ပေါက်လာခြင်း
ဝူကျိရှန်းသည် ထိုလူများကို နန်းတွင်းဆေးရုံ၌ ထိန်းသိမ်းထားသည့် အချိန်တွင် ကျောက်ပင်တိန့်အား လူခေါ်၍ ၎င်းတို့၏ နေအိမ်များကို ဝင်ရောက်ရှာဖွေခိုင်းလိုက်ခြင်းဖြစ်၏။
ပုံမှန်လုပ်ထုံးလုပ်နည်းအရ ခိုင်လုံသော သက်သေမရှိဘဲ နေအိမ်များကို ဝင်ရောက်ရှာဖွေပိုင်ခွင့် ဝူကျိရှန်းတွင် မရှိချေ။ထိုသို့လုပ်ဆောင်ခြင်းမှာ စွန့်စားရာ ရောက်လှသည်။
အကယ်၍ နန်းတွင်းဆေးရုံမှ အရာရှိများက သိရှိပြီး တားဆီးပိတ်ပင်ပါက နောက်ဆက်တွဲ ပြဿနာများပေါ်ပေါက်လာနိုင်၏။
မလိုလားအပ်သော ပြဿနာများကို ရှောင်ရှားရန်အတွက် ဝူကျိရှန်းသည် ၎င်းတို့အား နန်းတွင်းဆေးရုံ၌ပင် သောင်တင်အောင် လုပ်ထားခဲ့ခြင်း ဖြစ်သည်။
ငွေလဲကောင်တာ ဆိုသည်မှာ မင်မင်းဆက် အလယ်နှင့် နှောင်းပိုင်းတွင်မှ ပေါ်ပေါက်လာသော ဘဏ္ဍာရေး အဖွဲ့အစည်းများ ဖြစ်ကြ၏။ ဟုန်ဝူမင်းဆက် ကာလတွင် ငွေစုစာအုပ် ကဲ့သို့သော ငွေစက္ကူများ မရှိသေးချေ။ အကျင့်ပျက် အရာရှိအများစုသည် အမြောက်အမြားရှိသော ငွေသားများကို ၎င်းတို့၏ နေအိမ်များ၌သာ ဝှက်ထားတတ်ကြရာ ထိုအချက်က အမှုစစ်ဆေးရာတွင် များစွာ အထောက်အကူ ဖြစ်စေခဲ့သည်။
ခိုးရာပါ ငွေကြေးများနှင့် အဖိုးတန် ပစ္စည်းများကို ရှာဖွေခြင်းမှာ နန်းတွင်းကိုယ်ရံတော် တပ်ဖွဲ့၏ အထူးကျွမ်းကျင်မှု ဖြစ်ပြီး ခေါင်းတလားထဲတွင် ငွေဝှက်ထားသည့် ကလေးကစားစရာ အကွက်မျိုးမှာ ၎င်းတို့အတွက် ရှာဖွေရန် အလွန် လွယ်ကူ၏။
"သမားတော်ကြီးချီ၊ သင်က အဆင့်ရှစ်ပဲရှိတဲ့ အောက်ခြေ နန်းတွင်းသမားတော်တစ်ယောက် ဖြစ်တယ်၊ သင့်ရဲ့ လစဉ်လစာက ဆန်ကြမ်းခြောက်တင်း၊ ကောက်ပဲသီးနှံရောရာ တစ်တင်း၊ အဝတ်အထည်နှစ်လိပ်၊ ပိုးထည်နှစ်ထုပ်နဲ့ ငွေစက္ကူ၊ ကြေးပြား အနည်းငယ်ပဲ ရတာ ဖြစ်တယ်၊ သင်က မစားမသောက်ဘဲ စုဆောင်းရင်တောင် ဒီလောက်အထိ ချမ်းသာလာနိုင်ပါ့မလား"
ငြင်းကွယ်မရသော သက်သေများ ရှေ့မှောက်သို့ ရောက်လာသောအခါ သမားတော်ကြီးချီသည် ထိတ်လန့်တုန်လှုပ်သွားပြီး ချွေးစေးများ ပျံလာသော်လည်း ငြင်းဆိုရန် ကြိုးစားနေသေး၏။
"ကျွန်တော်မျိုး... ကျွန်တော်မျိုး... ဒီငွေတွေက အကျင့်ပျက် ခြစားလို့ ရလာတာ မဟုတ်ပါဘူး၊ ဒါက... ဒါက ဘိုးဘွားစဉ်ဆက်ကတည်းက လက်ဆင့်ကမ်းလာတဲ့ မိသားစုပိုင် ပစ္စည်းတွေပါ..."
"သမားတော်ကြီးချီ၊ ငါက သင့်ကို အကျင့်ပျက် ခြစားတယ်လို့ မစွပ်စွဲရသေးပါဘူး"
"ဒါက ဘိုးဘွားပိုင် ပစ္စည်း ဟုတ်၊ မဟုတ် ဆိုတာကို ငါ့ကို ပြောပြနေဖို့ မလိုဘူး၊ နန်းတွင်းကိုယ်ရံတော် တပ်ဖွဲ့က အရာရှိတွေကိုပဲ သွားပြောလိုက်ပါတော့"
ကျောက်ပင်တိန့်က လက်ဟန်ပြလိုက်ပြီး
"ဒီလူကို ဖမ်းခေါ်သွားစမ်း"
နန်းတွင်းကိုယ်ရံတော်များသည် အကျဉ်းသားများအပေါ် ဝူကျိရှန်းကဲ့သို့ ပျော့ပျောင်းစွာ ဆက်ဆံမည် မဟုတ်ချေ။ သမားတော်ကြီးချီ ထံမှ ငွေများ၏ အရင်းအမြစ်ကို ဖော်ထုတ်ရန် ၎င်းတို့တွင် နည်းလမ်းပေါင်း ရာချီ၍ ရှိသည်။
သူခိုးစိတ်က သံလိုမာပေမဲ့ ဥပဒေကတော့ မီးဖိုလို ရက်စက်တယ် ဟူ သောဆိုရိုးရှိ၏။ နန်းတွင်းကိုယ်ရံတော် တပ်ဖွဲ့၏ စစ်ဆေးခြင်းကို ခံရပြီးလျှင် ဘယ်သူမှမပြောဘဲ နေနိုင်မည်မဟုတ် ချေ။
သမားတော်ကြီးချီ နန်းတွင်းကိုယ်ရံတော်များ၏ ဆွဲခေါ်ခြင်းကို ခံလိုက်ရချိန်တွင်အနီးနားရှိ လူတိုင်း၏မျက်နှာများ သွေးဆုတ်ကုန်ကြသည်။
"လူကြီးမင်းတို့၊ အခြေအနေက ဒီအထိ ရောက်လာပြီဆိုတော့ ငါ့ကို ပြောစရာ စကား မရှိကြတော့ဘူးလား"
ဝူကျိရှန်း၏ လေသံသည် ပိုမို တင်းမာကာ အေးစက်လာ၏။
"နန်းတွင်းဆေးရုံမှာ အတူတူ အလုပ်လုပ်ခဲ့ကြတဲ့ သံယောဇဉ်ကို ငဲ့ညှာတဲ့အနေနဲ့ မင်းတို့ ကိုယ်တိုင် ရှေ့ထွက်ပြီး အပြစ်ကို ဝန်ခံမယ်ဆိုရင် ငါက သက်ညှာပေးဖို့ စဉ်းစားပေးနိုင်တယ်၊ ဒါက မင်းတို့အတွက် နောက်ဆုံး အခွင့်အရေးပဲ"
ဝူကျိရှန်း၏ စကားကို လူတိုင်း နားလည်ကြသော်လည်း မည်သူမျှ စကားမဆိုကြဘဲ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်မြဲ တိတ်ဆိတ်နေ၏။
လွန်ခဲ့သော နှစ်များအတွင်း လူတိုင်းသည် နန်းတွင်းဆေးရုံ၌ ငွေကြေး အမြောက်အမြား ရှာဖွေခဲ့ကြပြီး ဖြစ်ရာ မိမိတို့၏ ရာဇဝတ်မှု ပေါ်ပေါက်သွားပါက ပျက်စီးခြင်းသို့ ရောက်ရမည်ကို သိကြသည်။
ပြစ်ဒဏ် လျှော့ပေးသည် ဆိုလျှင်ပင် ပေါ့ပါးသော ပြစ်ဒဏ် ဖြစ်လာလိမ့်မည် မဟုတ်ပေ။
နန်းတော်၏ ဥပဒေနှင့် ပြစ်ဒဏ်များ မည်မျှ ပြင်းထန်သည်ကို လူတိုင်း ကောင်းစွာ သိကြသဖြင့် လျှော့ပေါက် ဟု ဆိုသည်မှာလည်း အသက်ပျောက်ရန်သာ ရှိ၏။
မည်သို့ပင် ဖြစ်စေ သေရမည် ဖြစ်ရာ တောင့်ခံထားသည်က ပိုကောင်းပေလိမ့်မည်။
သမားတော်ကြီးချီက မိမိတို့ကို ထည့်မပြောသရွေ့ မျှော်လင့်ချက် အနည်းငယ် ရှိနေသေးသည်။
လူတိုင်းက တိတ်ဆိတ်နေရန်သာ တညီတညွတ်တည်း ရွေးချယ်လိုက်ကြ၏။
ထိုအမူအရာသည် ဝူကျိရှန်း၏ စိတ်ထဲတွင် ရှိသော နောက်ဆုံး သနားညှာတာမှုကို လုံးဝ ကွယ်ပျောက်သွားစေသည်။
"ဘယ်သူမှ ပြောစရာမရှိရင်လည်း စောင့်ကြည့်ကြတာပေါ့"
သန်းခေါင်ယံအချိန်ခန့်တွင် နန်းတွင်းကိုယ်ရံတော်များသည် သမားတော်ကြီးချီ၏ ဖြောင့်ချက်ကို ရရှိခဲ့ပြီ ဖြစ်၏။
ကျန်ရှိသော ကိစ္စရပ်များမှာ အလွန် ရိုးရှင်းလှရာ ထိုဖြောင့်ချက်အရ လူဖမ်းရုံသာ ရှိတော့သည်။
"သမားတော်ကြီးဝေ၊ သမားတော်ကြီးပိုင်၊ ဘဏ္ဍာရေးမှူးကျန်း..."
ဝူကျိရှန်းက လူတစ်ယောက်၏ အမည်ကို ခေါ်လိုက်တိုင်း နန်းတွင်းကိုယ်ရံတော်များကထိုသူကို ဖမ်းဆီးလိုက်ကြ၏။
"ကျွန်တော်မျိုး အပြစ်မရှိပါဘူး"
"ကျွန်တော်မျိုး အပြစ်မရှိပါဘူးဗျာ"
နန်းတွင်းကိုယ်ရံတော်များ၏ ဆွဲခေါ်ခြင်းကို ခံရသူတိုင်းသည် မိမိတို့တွင် အပြစ်မရှိကြောင်း အစွမ်းကုန် အော်ဟစ်ကြသဖြင့် ၎င်းတို့၏ စူးရှသော အသံများသည် ညဉ့်သန်း ခေါင်ယံတွင် ထပ်ခါတလဲလဲ ပဲ့တင်ထပ်နေ၏။
နန်းတွင်းကိုယ်ရံတော်များသည် မည်သို့မျှ တုန်လှုပ်ခြင်း မရှိဘဲ ထိုသူများကို ကုန်းပေါ်သို့ ဆွဲတင်ခြင်းခံရသည့် ငါးများကဲ့သို့ လွယ်ကူစွာပင် ဖမ်းဆီးခေါ်ဆောင်သွားကြသည်။
မတရားပါဘူးဟူသော အော်ဟစ်သံများသည် တဖြည်းဖြည်း ဝေးကွာသွားခဲ့ပြီ ဖြစ်ရာ ကျန်ရစ်သူ လူတိုင်းမှာ သတ်ဖြတ်ခြင်း ခံရတော့မည့် ဝက်ကြီးများကဲ့သို့ ကြောက်ရွံ့တုန်ရင်နေကြ၏။
ဝူကျိရှန်း တစ်ယောက်သာ ခံစားချက် ကင်းမဲ့နေဆဲ ဖြစ်သည်။ဖမ်းဆီးခံထားရသူများထဲမှတစ်ယောက်၏ ထွက်ဆိုချက် ရရှိပြီးပါက အခြားလူအချို့ကို ထပ်မံ ဖော်ထုတ်နိုင်မည် ဖြစ်ပြီး ထိုမှတစ်ဆင့် အခြားသူများကို ဆက်တိုက် ဖော်ထုတ်နိုင်မည် ဖြစ်ရာ မကြာမီ လူတိုင်း ပါဝင်ပတ်သက်သွားရပေလိမ့်မည်။
ထိုမြင်ကွင်းသည် ထိတ်လန့်ဖွယ် ကောင်းလှပြီး နန်းတွင်းဆေးရုံတစ်ခုလုံး တိတ်ဆိတ်အေးစက်နေကာ လေထုသည် အသက်ရှူရကျပ်မတတ် တင်းမာနေ၏။
ရာထူးကြီးငယ်မရွေးလူတိုင်းမှာ ကြောက်ရွံ့လွန်းသဖြင့် ဝတ်စုံများပင် ချွေးများဖြင့် စိုရွှဲနေကြပြီ ဖြစ်သည်။
ရှဲ့ထျန်းယင်း တစ်ယောက်သာ တည်ငြိမ်နေပြီး သူ၏ ရှေ့မှောက်တွင် ဖြစ်ပျက်နေသော ကိစ္စရပ်များသည် သူနှင့် မသက်ဆိုင်သကဲ့သို့ ရှိနေ၏။ သူသည်ဝတ်စုံကို အေးဆေးစွာ သပ်ရပ်အောင် ပြုပြင်ရင်း သူ၏ ဆောင်ပုဒ်ကိုပင် ရွတ်ဆိုနေသေးသည်။
"အကျိုးကျေးဇူးကို စဉ်းစားချင်ရင် အရင်ဆုံး အဆိုးဂယက်ကို ထည့်တွက်ရမယ်၊ အောင်မြင်မှုကို မျှော်လင့်ရင် အရင်ဆုံး ကျရှုံးမှုကို ထည့်တွက်ရမယ်"
သူ၏ စကားကို မည်သူမျှ နားမလည်ကြချေ။ လူတိုင်း ဇဝေဇဝါဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြစဉ် ရှဲ့ထျန်းယင်းသည် ရှေ့သို့ တစ်လှမ်း တိုးထွက်လာခဲ့၏။
ယခုအချိန်တွင် ရှဲ့ထျန်းယင်းသည် ယခင်ကထက်ပင် ပိုမို တည်ငြိမ်နေပုံရသည်။
"ကျူးကော့လျန် ပြောတာ မှန်ပါတယ်၊ အကျိုးကျေးဇူးကို စဉ်းစားရင် အရင်ဆုံး အဆိုးဂယက်ကို ထည့်တွက်ရမယ် ဆိုတာ တကယ့်ကို ပညာရှိစကားပဲ၊ ငါက ဒီလိုအခြေအနေမျိုးနဲ့ ရင်ဆိုင်ရမယ်ဆိုတာ ကြိုတင် တွက်ချက်ထားခဲ့ပေမဲ့ ဒီလောက်အထိ မြန်မြန်ဆန်ဆန် ရောက်လာလိမ့်မယ်လို့တော့ မထင်ထားမိဘူး"
သူသည် ပေါ့ပေါ့ပါးပါး စကားပြောနေသကဲ့သို့ ကြောက်ရွံ့ခြင်း အလျဉ်းမရှိဘဲ သူ၏ အမြဲတမ်း အပြုံးအတိုင်း ပြုံးလျက် ပြောလိုက်၏။
"အကြီးအကဲဝူ၊ ငါလည်း နန်းတော်ရဲ့ အရာရှိကြီးတစ်ယောက်လို့၊ ဥပဒေအရ အပြစ်မရှိသေးခင်အထိ အဆင့်ငါးအရာရှိတစ်ယောက် အဖြစ် ရှိနေသေးတာဆိုတော့ ကုလားထိုင်တစ်လုံး တောင်းဆိုရင် အလွန်အကျွံ ဖြစ်သွားမလား"
"ရပါတယ်"
ဝူကျိရှန်းက လူတစ်ယောက်အား ကုလားထိုင်တစ်လုံး ယူလာပေးရန် အမိန့်ပေးလိုက်၏။
ရှဲ့ထျန်းယင်းသည် သန့်ရှင်းနေသည့်ကုလားထိုင်ပေါ်မှဖုန်မှုန့်များကို သေချာစွာ ခါထုတ်လိုက်သည်။သူ၏ လုပ်ရပ်မှာ အဓိပ္ပာယ် တစ်စုံတစ်ရာ မရှိဘဲ မိမိကိုယ်ကို စိတ်အေးချမ်းအောင် လုပ်ဆောင်သည့် အမူအရာမျှသာ ဖြစ်ပေလိမ့်မည်။
သူသည် သေးငယ်သော ကိစ္စတစ်ခုကို ပြောဆိုနေသကဲ့သို့ ပေါ့ပါးသော လေသံဖြင့် စကားဆို၏။
"အကြီးအကဲဝူ၊ ဒီလောက်အထိ အားစိုက်နေဖို့ မလိုပါဘူး၊ အရာရှိရှန့်က ပြစ်ဒဏ်ကြောက်လို့ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တာ မဟုတ်ဘူး၊ ငါကိုယ်တိုင် သူ့ကို လည်ပင်းညှစ် သတ်ခဲ့တာ"
ရှန့်ချူရုံသည် ပြစ်ဒဏ်ကြောက်၍ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့ခြင်း မဟုတ်ဘဲ သူတစ်ပါးလက်ချက်ဖြင့် သေဆုံးခဲ့ခြင်း ဖြစ်သည်ကို ဝူကျိရှန်း သိထားသော်လည်း ရှဲ့ထျန်းယင်းကမြန်မြန်ဆန်ဆန် ဝန်ခံလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် အနည်းငယ် အံ့ဩသွားမိ၏။
၎င်းမှာ နန်းတွင်းအရာရှိတစ်ဦးကို သတ်ဖြတ်ခဲ့သည့် ရာဇဝတ်မှု ဖြစ်ပါလျက် သူက ပွင့်လင်းစွာ ဝန်ခံလိုက်ခြင်း ဖြစ်သည်။
ရှဲ့ထျန်းယင်း၏ လေသံသည် တည်ငြိမ်နေဆဲ ဖြစ်ရာ ခရီးဝေး နှင်လာခဲ့သော ခရီးသည်တစ်ဦးသည် နောက်ဆုံးတွင် မိမိသွားလိုသော ပန်းတိုင်သို့ ရောက်ရှိသွားသကဲ့သို့ ရှိ၏။ သူသည် ခေါင်းကို အနည်းငယ် ငုံ့လိုက်ပြီး မိမိကိုယ်ကိုယ် ရေရွတ်နေသကဲ့သို့ ပြောလိုက်သည်။
"နန်းတွင်းဆေးရုံအတွင်းက အကျင့်ပျက် ခြစားမှု အားလုံးကို ငါသိတယ်၊ ငါကိုယ်တိုင်လည်း အဲဒီထဲမှာ ပါဝင်ပတ်သက်ခဲ့တာပဲ"
ဤကဲ့သို့အမှုမျိုးသည် အမြဲတမ်းအထက်နှင့်အောက် ပူးပေါင်းကြံစည်မှု မျိုးသာဖြစ်လေ့ရှိသည့်အတွက်ရှဲ့ထျန်းယင်း ပါဝင်ပတ်သက်နေခြင်းကိုဝူကျိရှန်းသည် အံ့ဩခြင်း မရှိပေ။
သူသည် သေသည်အထိ ငြင်းဆိုကာ မိမိကိုယ်ကို အပြစ်မှလွတ်အောင် ကြံစည်လိမ့်မည်ဟု ထင်ထားခဲ့သော်လည်း မိမိ၏ ရာဇဝတ်မှု အားလုံးကို ကိုယ်တိုင် ရှေ့ထွက် ဝန်ခံလိမ့်မဟုတ်ဟုသာမျှော်လင့်ထားခြင်းဖြစ်သည်။
"အကြီးအကဲရှဲ့၊ သင်က ဘာဖြစ်လို့ ဒီလိုကိစ္စမျိုးကို လုပ်ခဲ့ရတာလဲ၊ နန်းတော်ရဲ့ ဥပဒေတွေက ဘယ်လောက်အထိ ပြင်းထန်တယ်ဆိုတာ မသိဘူးလား"
"နန်းတော်ရဲ့ ဥပဒေတွေကို ငါ ကောင်းကောင်း သိတာပေါ့"
ရှဲ့ထျန်းယင်းသည် ကုလားထိုင်ပေါ်တွင် သက်တောင့်သက်သာရှိသော အမူအရာဖြင့် မှီထိုင်လိုက်ပြီး သူနှင့် မသက်ဆိုင်သည့် သာမန်ကိစ္စတစ်ခုကို ပြောနေသကဲ့သို့ ဆိုလိုက်၏။
"ဒါပေမဲ့ ငါက လောဘဇော တက်ခဲ့မိတယ်၊ ငါ ငွေတွေ အများကြီး ရခဲ့တာ၊ ငွေတွေမှ အများကြီးပဲ"
*********
အခန်း (၂၃၈) အသက်ပျောက်ခြင်း
နန်းတော်၏ ဥပဒေများသည် ပြင်းထန်လှပြီး နောက်ဆက်တွဲ အကျိုးဆက်များမှာလည်း အလွန် ကြီးမားလှသည်ကို ကောင်းစွာ သိပါလျက်နှင့် ၎င်းတို့သည် နည်းလမ်းမျိုးစုံသုံး၍ ငွေကြေးအလွဲသုံးစားပြုခဲ့ကြသည်။
ထို့ ကြောင့်ဝူကျိရှန်းကရှဲ့ထျန်းယင်းအား
"သင်ကနန်းတော်ရဲ့အပြစ်ဒဏ်ကိုသိရက်နဲ့ဘာလို့ဒီလိုလုပ်ရတာလဲ၊အပျော်
အပါးရှာချင်လို့လား"
"ပျော်ပါးတာ ဟုတ်လား"
ရှဲ့ထျန်းယင်းက နှာခေါင်းရှုံ့ကာ မထီမဲ့မြင် ပြုလိုက်၏။
"အာရုံခံစားမှုတွေနောက် လိုက်ပြီး ပျော်ပါးဖို့ဆိုတာ ငါ အလိုရှိတဲ့ အရာမဟုတ်ဘူး"
ရှဲ့ထျန်းယင်းသည် အမှန်တကယ်ပင် အလွန် ရိုးရှင်းသော လူတစ်ယောက် ဖြစ်သည်။ ယနေ့တိုင်အောင် သူသည် ထိုခြံဝင်းငယ်လေးထဲတွင် တစ်ယောက်တည်း နေထိုင်ဆဲ ဖြစ်ပြီး နေ့စဉ် မိမိ၏ ဟင်းသီးဟင်းရွက်စိုက်ခင်းကို ပြုစုပျိုးထောင်ကာ ကိုယ့်အားကိုယ်ကိုးပြီး ရိုးရှင်းသော ဘဝကို ဖြတ်သန်းနေ၏။ သူ၏ ထံတွင် ရှေးခေတ် ပညာရှိကြီးများ၏ စိတ်ဓာတ်မျိုး ရှိနေခဲ့သည်။
"ငါ ရခဲ့တဲ့ ငွေတွေအားလုံးကို ဟင်းသီးဟင်းရွက်စိုက်ခင်းရဲ့ အောက်မှာ ဝှက်ထားခဲ့တာ၊ စုစုပေါင်း ငွေတစ်သိန်းခြောက်သောင်းသုံးထောင်နှစ်ရာတစ်ဆယ့်ခြောက်လျန် ရှိတယ်"
ရှဲ့ထျန်းယင်းက စိတ္တဇဝေဒနာရှင်တစ်ဦးကဲ့သို့ မိမိကိုယ်ကို ရေရွတ်လိုက်၏။
"ဒါပေမဲ့ ငါ အဲဒီထဲက တစ်ပြားတစ်ချပ်မှ မသုံးခဲ့ဘူး၊ ငါ့ကိုယ်ပေါ်က အဝတ်အစားနဲ့ ငါ့ပါးစပ်ထဲက အစားအစာတွေက နန်းတွင်းကရတဲ့ လစာတွေချည်းပဲ၊ သန့်ရှင်းရိုးသားပါတယ်"
သူသည် ငွေကြေး အမြောက်အမြားကို အလွဲသုံးစားလုပ်ခဲ့သော်လည်း တစ်ပြားတစ်ချပ်မျှ မသုံးဘဲ ဆင်းရဲနွမ်းပါးသော ပုံစံဖြင့်သာနေထိုင်ခဲ့၏။အမှန်တကယ်ပင် နားလည်ရန် ခက်ခဲလှသည်။
"သင်က ငွေတွေကို အလွဲသုံးစားလုပ်ပေမဲ့ မသုံးဘဲ ဟင်းသီးဟင်းရွက်စိုက်ခင်းအောက်မှာ မြှုပ်ထားတယ်၊ ဒါဆို ဘာလို့ ဆက်ပြီး အဂတိလိုက်စားနေတာလဲ"
ကျောက်ပင်တိန့်က ဝင်မေးလိုက်၏။
"ဘာလို့လဲဆိုတော့ ငါက ဆင်းရဲမှာကိုကြောက်လို့ပဲ"
ထိုသို့ပြောလိုက်စဉ် ခေါင်းငုံ့ထားသော ရှဲ့ထျန်းယင်းသည် ရုတ်တရက် ခေါင်းမော့လာ၏။ သူ၏ မှေးမှိန်နေသော မျက်ဝန်းများသည် ချက်ချင်းဆိုသလို တောက်ပလာပြီး သူ၏ အမူအရာသည်လည်း ပြောင်းလဲကာ ကျောကို မတ်မတ် ဆန့်လိုက်သည်။
"ဆင်းရဲရမှာကို ကြောက်တာလား။ မဟုတ်နိုင်ဘူး။သင်က ဆင်းရဲရမှာကို ကြောက်တယ်ဆိုရင်ဒီငွေ တွေကိုစည်းစိမ်ခံတဲ့နေရာမှာဘာလို့မသုံးတာလဲ"
ထိုမေးခွန်းကို မဖြေကြားမီ ရွှေထျန်းယင်း၏ မျက်နှာသည် သိသိသာသာ ပျက်ယွင်းသွားပြီး မကျေနပ်မှု၊ စိတ်ဓာတ်ကျမှုနှင့် အရှုံးမပေးလိုမှုတို့ ရောပြန်းနေသဖြင့် ရက်စက်ကြောက်မက်ဖွယ် ကောင်းနေ၏။ သို့သော်လည်း သူသည် ချက်ချင်း တည်ငြိမ်မှုကို ပြန်လည် ရရှိသွားပြီး ဝူကျိရှန်း၏ ရှေ့မှောက်တွင် တည်ငြိမ်ရင့်ကျက်သော ရှဲ့ထျန်းယင်းပြန်ဖြစ်သွား၏။
"ငါ ဟုန်ဝူမင်းဆက် အစောပိုင်းနှစ်တွေကတည်းကနန်းတွင်းဆေးရုံကို ရောက်ခဲ့တယ်ဆိုတာ မင်းတို့ သိမှာပါ၊ အဲဒီအချိန်တုန်းက ငါက ငယ် တရားဝင်ရာထူးတောင် မရှိတဲ့ အောက်ခြေ လက်ထောက်တစ်ယောက်ပဲ ဖြစ်ခဲ့တာ"
"ငါ့မှာ ဘာရာထူးမှ မရှိခဲ့ပေမဲ့ နန်းတွင်းဆေးရုံကို ဝင်ခွင့်ရတာက ကြီးမားတဲ့ ဂုဏ်သိက္ခာ ဖြစ်ခဲ့ပြီး ငါက မိသားစုတစ်ခုလုံးရဲ့ ဂုဏ်ယူစရာ ဖြစ်ခဲ့တယ်"
သူ၏ လေသံသည် တဖြည်းဖြည်း တည်ငြိမ်လာ၏။ သူသည် လွန်ခဲ့သော နေ့ရက်များကို ပြန်လည် အမှတ်ရနေသကဲ့သို့ ခေါင်းကို အနည်းငယ် မော့လိုက်သည်။
"အဲဒီတုန်းက ငါက ကြိုးစားအားထုတ်ခဲ့ပြီး တစ်ပြားတစ်ချပ်မှ မတရား မယူခဲ့ဘူး၊ ငါ့ရဲ့ လစာက နည်းပေမဲ့ ဖြတ်သန်းလို့ ရခဲ့ပါတယ်၊ ဟုန်ဝူ ခုနစ်နှစ်မြောက်အထိပေါ့..."
"ငါ ကောင်းကောင်း မှတ်မိသေးတယ်၊ အဲဒါ ဟုန်ဝူ ခုနစ်နှစ်မြောက်ရဲ့ တစ်ဆယ့်နှစ်လပိုင်း ဖြစ်တယ်၊ ငါ့အမေက ဖျားနာပြီး အိပ်ရာထဲလဲနေတာ ကြာပြီ၊ ဒါပေမဲ့ ငါ့မှာ အဖိုးတန်ဆေးတွေ ဝယ်ဖို့ ငွေမရှိဘူး၊ ဒါကြောင့် ငါက အမေ့ကို ကုဖို့ ဆေးဂိုဒေါင်ကနေ ဆေးဝါးအချို့ကို ခိုးယူခဲ့မိတယ်"
"ငါ့အမေက သိသွားတဲ့အခါ ငါခိုးလာတဲ့ ဆေးတွေကို မသောက်တဲ့အပြင် အလွန်အေးစက်တဲ့ ရာသီဥတုမှာ ငါ့ကို တစ်ညလုံး ဒူးထောက်ခိုင်းခဲ့တယ်..."
ရှဲ့ထျန်းယင်းသည် ထိုမေ့မရနိုင်သော အတိတ်များကို အေးဆေးစွာ ဆက်လက် ပြောပြနေ၏။ယခုအချိန်သည် အတိတ်ကို ပြန်ပြောင်းသတိရရမည့်အချိန်မဟုတ် သော်လည်းသူက ဂရုမစိုက်ချေ။ သူသည် ဘေးပတ်ဝန်းကျင်ရှိ လူတိုင်း ကြောက်ရွံ့ကြသော နန်းတွင်းကိုယ်ရံတော်များကို အာရုံမထားဘဲ မိမိ၏ အတိတ်ထဲတွင်သာ အလုံးစုံ နစ်မြုပ်နေ၏။
"ငါ့အမေက ငါ့ကို သင်ပေးခဲ့တယ်၊ လောဘတက်တာထက်စာရင် ဆင်းရဲပြီး ငတ်သေရတာက ပိုကောင်းတယ်၊ သိက္ခာက အသက်ထက် ပိုအရေးကြီးတယ်တဲ့"
"ဒါပေမဲ့ တစ်ဆယ့်လေးရက်အကြာမှာပဲ ငါ့အမေက ပြင်းထန်တဲ့ ရောဂါနဲ့ ဆုံးပါးသွားခဲ့တယ်"
ရှဲ့ထျန်းယင်း၏ လေသံမှာ တစ်ခြားသူများကိုပြောပြနေမျိုးမဟုတ်ဘဲ တစ်ယောက်တည်း ရေရွတ်နေခြင်း မျှသာ ဖြစ်၏။
ရိုးရှင်းသော စကားလုံးအချို့ဖြင့် မိခင်ဖြစ်သူ၏ ရိုးသားမှုကို ဖော်ပြလိုက်ခြင်း ဖြစ်သည်။
"ငါ့အမေ ဆုံးပါးသွားတော့ ငါ့မှာ တစ်ဦးတည်းသော ဆွေးမျိုး ဆုံးရှုံးသွားခဲ့ရတယ်၊ အဲဒီအချိန်တုန်းက ငါ့စိတ်ထဲမှာ နောင်တတွေနဲ့ ပြည့်နှက်နေခဲ့တာ"
ဤကဲ့သို့သော အခြေအနေတွင် ရှဲ့ထျန်းယင်း၏ ပေါ့ပါးသော ပြောဆိုမှုက ပိုမို ခြောက်ခြားဖွယ် ဖြစ်စေ၏။
"ငါက နောင်တရလွန်းလို့ ရင်ဘတ်ကို ထုပြီး ငိုကြွေးခဲ့ရတယ်၊ ငါ့ရဲ့ အူတွေပါ ပြတ်ထွက်မတတ် နောင်တရခဲ့ပေမဲ့ မထူးတော့ဘူး၊ ငါ့အမေကို ဘယ်တော့မှ ပြန်မတွေ့ရတော့ဘူး"
"ငါ နောင်တရတာက အဲဒီတုန်းက ဆေးဝါးတွေကို ပိုပြီး မခိုးခဲ့မိတာပဲ၊ မဟုတ်ရင် ငါ့အမေက အဲဒီဆိုးရွားတဲ့ ဆောင်းရာသီကို ဖြတ်ကျော်နိုင်ခဲ့လိမ့်မယ်"
"အဲဒီတုန်းက ငါက ငယ်သေးတော့ အမေပြောတဲ့ စကားက အကြွင်းမဲ့ အမှန်တရား၊ ချိုးဖောက်လို့မရတဲ့ စည်းကမ်းလို့ ထင်ခဲ့တာ"
ရှဲ့ထျန်းယင်း၏ မျက်နှာသည် တည်ငြိမ်နေဆဲ ဖြစ်ရာ အခြားသူတစ်ဦး၏ ပုံပြင်ကို ပြောပြနေသကဲ့သို့ ရှိ၏။
"ငါ့အမေရဲ့ ရိုးသားမှုက မြင့်မြတ်တာ မှန်ပေမဲ့ သူက သေသွားခဲ့ပြီလေ၊ အခုအချိန်မှာ ရိုးသားမှုက ဘာလုပ်လို့ရဦးမှာလဲ၊ ဖြောင့်မတ်မှုက ဘာအသုံးကျဦးမှာလဲ"
"နန်းတွင်းဆေးရုံမှာရှိတဲ့ လူအများကြီးထဲက ဘယ်သူက အဂတိမလိုက်စားဘဲ နေလို့လဲ၊ ဘယ်သူက ရိုးသားပါတယ်လို့ ပြောရင်းနဲ့ မချမ်းသာလာဘဲ နေလို့လဲ၊ ငါကတော့ တစ်ယောက်တည်း ကျန်ရစ်ပြီး အမေနဲ့ ထာဝရ ခွဲခွာခဲ့ရတယ်၊ သူတို့ကတော့ ချမ်းသာပြီး ပျော်ရွှင်နေကြတယ်..."
"နောက်ပိုင်းကျမှ ငါ တဖြည်းဖြည်း နားလည်လာတာက ဒီလောကမှာ အသက်ရှင်ဖို့ဆိုရင် ငွေနဲ့ အာဏာ မရှိလို့ မဖြစ်ဘူးဆိုတာပဲ"
"အဲဒီအချိန်ကစပြီး ငါက ငွေရနိုင်မယ့် နည်းလမ်းမှန်သမျှကို သုံးပြီး ရနိုင်သလောက် ရှာခဲ့တယ်..."
"သင်က နန်းတော်ရဲ့ ပြစ်ဒဏ်ကို မကြောက်ဘူးလား"
ကျောက်ပင်တိန့်က ကြားဖြတ် မေးလိုက်၏။
"ပြစ်ဒဏ် ဟုတ်လား၊ အဲဒီတုန်းက နန်းတွင်းဆေးရုံဘယ်အဖွဲ့ဝင်က ငါ့ထက် ပိုပြီး အဂတိမလိုက်စားဘဲ နေလို့လဲ၊ ပြီးတော့ သူတို့ထဲက ဘယ်သူက ပြစ်ဒဏ် ခံရလို့လဲ"
"ငါက အလွဲသုံးစားလုပ်ထားတဲ့ ငွေတွေကို သုံးပြီး အဆင့်ဆင့်က အရာရှိတွေကို လာဘ်ထိုးခဲ့လို့ မြန်မြန်ဆန်ဆန်ပဲ နန်းတွင်းသမားတော် ဖြစ်လာခဲ့တာ၊ ပြီးတော့ ငွေတွေကို ဆက်ပြီး အလွဲသုံးစားလုပ်ရင်း နန်းတွင်းဆေးရုံရဲ့ ဒုတိယအကြီးအကဲ ဖြစ်လာခဲ့တယ်၊ နောက်ဆုံးတော့ နန်းတွင်ဆေးရုံရဲ့ အကြီးအကဲ ဖြစ်လာခဲ့တာပဲ..."
"အခု သင်က နန်းတွင်းဆေးရုံတစ်ခုလုံးရဲ့ အမြင့်ဆုံး အကြီးအကဲ ဖြစ်နေပြီပဲ၊ ဘာလို့ မရပ်တန့်ခဲ့တာလဲ"
"ရပ်တန့်ရမယ် ဟုတ်လား၊ ငါက ဘယ်လိုလုပ် ရပ်တန့်နိုင်မှာလဲ၊ လောဘဇော တက်မိသွားပြီဆိုရင် ရပ်ချင်ရင်တောင် ရပ်လို့မရတော့ဘူး"
ရွှေထျန်းယင်းက မျက်လုံးများကို မှိတ်လျက် မိမိကိုယ်ကို ရေရွတ်၏။
"အမှန်တော့ ဒီလိုနေ့မျိုး ရောက်လာလိမ့်မယ်၊ ဒီလိုဆိုးရွားတဲ့ အခြေအနေနဲ့ ရင်ဆိုင်ရလိမ့်မယ်ဆိုတာ ငါ ကြိုသိပြီးသားပါ၊ ဒါပေမဲ့ ငါ လုံးဝ နောင်တမရဘူး"
ရှဲ့ထျန်းယင်းသည် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်၏။
"ငါက ငွေတွေ အများကြီး အလွဲသုံးစားလုပ်ခဲ့ပေမဲ့ ဘယ်တော့မှ စည်းစိမ်မခံခဲ့ဘူး၊ ဘာလို့လဲဆိုတော့ ငါက အဲဒီလိုအရာတွေကို လုံးဝ မထီမဲ့မြင် ပြုလို့ပဲ၊ ငါက ချမ်းသာတဲ့ ခံစားချက်ကိုပဲ သိချင်ခဲ့တာ၊ အဲဒီခံစားချက်က အလွန်ကောင်းတယ်၊ ဘာလို့လဲဆိုတော့ ဒီလောကက ဆင်းရဲသားတွေအတွက် ကမ္ဘာမဟုတ်လို့ပဲ၊ ဆင်းရဲသားတွေက ဒီမှာ အသက်မရှင်နိုင်ဘူး..."
စကားပြောနေစဉ်မှာပင်ရှဲ့ထျန်းယင်းသည် သူ၏ ရင်ဘတ်အတွင်းမှ ကြွေပုလင်းငယ်တစ်ခုကို ရုတ်တရက် ထုတ်ယူကာ ပုလင်းဝမှ အနီရောင် ပိတ်စအဆို့ကို ဆွဲနှုတ်၍ ပါးစပ်သို့ တေ့လိုက်၏။
"သူ အဆိပ်သောက်တော့မယ်၊ တားကြစမ်း"
ကျောက်ပင်တိန့်ကလျင်မြန်စွာ လှုပ်ရှားခဲ့သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
ရှဲ့ထျန်းယင်းသည် သူကိုယ်တိုင် ဖော်စပ်ထားသော ဆေးရည်ကို သောက်လိုက်၏။ သူ၏ မျက်ဝန်းများ ပြူးကျယ်လာပြီး ယခင်ကကဲ့သို့ တည်ငြိမ်မှုများ မရှိတော့ချေ။ထို့နောက် သူသည် အမျက်ထွက်နေသော သားရဲတစ်ကောင်ကဲ့သို့ ကောင်းကင်ယံသို့ မော့၍ အော်ဟစ်လေတော့သည်။
"လူတိုင်းက အရာရှိ ဖြစ်ချင်ကြတယ်၊ အရာရှိ ဖြစ်တာက စည်းစိမ်နဲ့ ဂုဏ်သရေကို ရှာဖွေတာကလွဲလို့ ဘာမှမဟုတ်ဘူး၊ ငွေနဲ့ အာဏာမရှိတဲ့သူတွေက ဘယ်တုန်းကမှ အသက်ရှင်ခွင့် မရခဲ့ဘူး"
"အမြင့်ဆုံး မင်းစိုးရာဇာတွေကနေ အောက်ခြေ အရာရှိတွေအထိ ဘယ်သူက လောဘမတက်ဘဲ နေလို့လဲ"
"အပ်ခိုးတဲ့သူက အပြစ်ဒဏ်ခံရပြီး တိုင်းပြည်ကို ခိုးတဲ့သူကတော့ မင်း ဖြစ်တယ်၊ ဒါက လောဘရဲ့ သဘောတရားပဲ၊ ဒါက လောကရဲ့ သဘောတရားပဲ..."
ရှဲ့ထျန်းယင်းသည် ကောင်းကင်ကြီးကို တိုင်တည်နေသကဲ့သို့ လက်မောင်းများကို ရမ်းခါနေပြီး သူ၏ အော်ဟစ်သံသည်ပြင်းထန်လှ၏။
"ငါ့ကို ဘာလို့ အပြစ်တင်ရတာလဲ၊ တစ်လောကလုံးက အကျင့်ပျက်နေတာကို ငါတစ်ယောက်တည်း ဘာလို့ သန့်ရှင်းနေရမှာလဲ..."
ရူးသွပ်စွာ အော်ဟစ်နေသော ရှဲ့ထျန်းယင်းသည် ရုတ်တရက် လေချဉ်တစ်ချက် အကျယ်ကြီး တက်လိုက်၏။ထိုလေချဉ်တက်ခြင်းက သူ၏ ခန္ဓာကိုယ် စွမ်းအင်နှင့် စိတ်ဝိညာဉ် အားလုံးကို ကုန်ဆုံးသွားစေသကဲ့သို့ သူသည် ချက်ချင်းပင် ပျော့ခွေ လဲကျသွားတော့သည်။
သို့သော်သူ လဲကျသွားခြင်းမှာ အဆိပ်၏ အာနိသင်ကြောင့် မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ အလုံးစုံ ပြိုလဲသွားခြင်းကြောင့်သာ ဖြစ်သည်။အဆိပ်၏ပြင်းအားကထိုမျှမမြန်ဆန်ပေ။
"အကြီးအကဲဝူ၊ ငါ သေပြီးရင် နန်းတွင်းဆေးရုံမှာ ဘယ်သူမှ ကျန်မှာ မဟုတ်တော့ဘူး၊ လူအများကြီးရဲ့ သွေးတွေက မင်းရဲ့ ရာထူးတက်လမ်းအတွက် လမ်းခင်းပေးလိုက်တာပဲ၊ မင်းမှာလုံးဝ လောဘမရှိဘူးလို့ ငါမယုံဘူး၊ ဟားဟားဟား..."
ရှဲ့ထျန်းယင်းသည် ရူးသွပ်သွားသကဲ့သို့ ကျယ်လောင်စွာ ရယ်မောလိုက်၏။
"တစ်နေ့ကျရင် မင်းလည်း ငါ့ခြေရာအတိုင်း လိုက်လာရလိမ့်မယ်၊ ငါက မင်းကို မာရဏကမ္ဘာမှာ စောင့်နေမယ်၊ ဟားဟား..."
"ဆေးဝါး ဖော်စပ်တာပဲဖြစ်ဖြစ်၊ အဆိပ် ဖော်စပ်တာပဲဖြစ်ဖြစ်၊ ဒါက တိကျတဲ့ ပညာရပ်တစ်ခုပဲ"
ရူးသွပ်နေသော ရှဲ့ထျန်းယင်းသည် နောက်ဆုံးတွင် ငြိမ်သက်သွားခဲ့ပြီ ဖြစ်သည်။ သူသည် မှုန်ဝါးနေသော မျက်ဝန်းများဖြင့် ကောင်းကင်ကို စိုက်ကြည့်ကာ အချိန်ကို တွက်ချက်ရင်း မိမိ၏ ဝတ်စုံကို စနစ်တကျ ပြန်လည် ပြုပြင်လိုက်၏။
"အားလုံးပဲ ...ငါ အရင် သွားနှင့်မယ်..."
နောက်ဆုံး စကားသံ၏ ပဲ့တင်သံသည်လူတိုင်း နားထဲတွင် ရှိနေဆဲ ဖြစ်သော်လည်း ရှဲ့ထျန်းယင်းက နောက်ဆုံး ထွက်သက်ကို ရှုထုတ်သွားခဲ့ပြီ ဖြစ်သည်။
*********