သက်ရှိသတ္တဝါများအားလုံးအတွက်အနာဂတ်ဖန်တီးခြင်း
Vol. 45 Ch. 625
ဖန်ဆင်းရှင် နတ်ဘုရားများသည် ထိုမျှမထူးခြားဟု အန်လင်း ခံစားမိလာသည်။
သူ၏ဘေးတွင်ပင် ဖန်ဆင်းရှင် နတ်ဘုရားမတစ်ဦး ရှိနေသည် မဟုတ်လော။
အင်း....တီနာက ငါ့သားရဲပဲ....
ရုတ်ချည်းဆိုသလို အန်လင်းမှာ စိတ်ဖိစီးလာသည်။
တီနာက သောက်ရမ်းကြမ်းနေပြီး သူမသခင်ဖြစ်တဲ့ငါက ငချွတ်လေး ဖြစ်နေတယ်....ငါဘာလုပ်ရမလဲ.....
၎င်းတို့နှစ်ဦးအား နှိုင်းယှဉ်ရန် မဖြစ်နိုင်ကြောင်း အန်လင်း သိရှိလိုက်သည်။ သူသည် နှစ်တစ်သောင်းမျှ အပြင်းအထန် ကြိုးစားစေကာမူ ဖန်ဆင်းရှင် နတ်ဘုရားတစ်ပါး ဖြစ်လာမည် မဟုတ်ပေ။ ထိုသို့ဖြစ်နိုင်ရန် ကြိုးစားမှုသက်သက်နှင့် မည်သို့မှ မရနိုင်ပဲ ရှားပါးသော အခွင့်အရေးလည်း လိုအပ်သေးသည်။
ထိုအတွေးကြောင့် အန်လင်းမှာ တီနာနှင့် နှိုင်းမနေတော့ပေ။ သူသည် တီနာအား မှီခိုကာ သူမအတွက် အားပေးနေရန်သာ တွေးလိုက်သည်။
တီနာသည် ကုန်းမြေအသစ်ပေါ်ရှိ အခြားသော ကမ်းခြေတစ်ခုထံ အန်လင်းအား ခေါ်ဆောင်သွားပြီးနောက် ကောင်းကင်လိပ်ဥများ ထောင်နှင့်ချီ ဖန်တီးသည်။ ထို့နောက် ကောင်းကင်လိပ်မျိုးနွယ်စု၏ အကြီးအကဲဖြစ်သည့် ဟင်းလင်းပြင်သို့အပြန် အဆင့်ရှိသော ကွေ့ဝမ်အား ဆင့်ခေါ်ကာ ကောင်းကင်လိပ်များ အလွန်အမင်း အန္တရာယ်ရှိသော အခြေအနေမှလွဲ၍ လှုပ်ရှားနိုင်ခြင်း မရှိစေရန် ကန့်သတ်ပြီး ရုပ်ထုအဖြစ် ပြောင်းလဲလိုက်သည်။
"အင်း.....နဂါးမျိုးနွယ်စု ဖန်တီးရအောင်။ သူတို့ကို ပင်လယ်ထဲ ထားရင်ရော ဘယ်လိုလဲ။ သူတို့အတွက် ရေအောက်နန်းတော်တွေ ဆောက်ပေးရဦးမှာလား။ ဘယ်လိုအိမ်မျိုးကို သူတို့ကြိုက်တတ်လဲ။ အိုက်ရား.....တွေးစရာတွေ များလိုက်တာ။"
တီနာ ငြီးငြူနေသည်။
"နန်းတော်တွေဘာတွေ လုပ်ပေးနေစရာ မလိုပါဘူး။ သူတို့အတွက် ရေအောက်ချိုင့်ဝှမ်းတစ်ခုသာ လုပ်ပေးလိုက်။"
အန်လင်း အကြံပေးလိုက်သည်။
အန်လင်း၏ အကြံပေးချက်အတိုင်း နဂါးမျိုးနွယ်စု၏ အသိုက်အား ပင်လယ်အောက်ခြေရှိ ချောက်နက်တစ်ခုထဲတွင် ပြုလုပ်လိုက်သည်။
နဂါးမျိုးနွယ်စု၏ ခေါင်းဆောင်ရုပ်ထုသည် ဟင်းလင်းပြင်သို့အပြန် အဆင့်ရှိသော အော့ချန် ဖြစ်သည်။
"အခုက ကျောက်တုံးမျိုးနွယ်စုအတွက် အချိန်ပဲ။ ကျောက်တုံးဂိုလန်တွေအတွက် နေရာကောင်း ရှာတွေ့ထားတယ်။"
တီနာ ရယ်မောလိုက်သည်။
ကျောက်တုံးမျိုးနွယ်စုလား.....
အန်လင်း မျက်မှောင်ကျုံ့မိသည်။
ထိုမျိုးနွယ်စုများ အားလုံးကို လွန်စွာရင်းနှီးသလို ဖြစ်နေသည်။
"နာလေး.....အခုကျနေတဲ့ အလင်းလုံး ပိုင်ရှင်တွေက ဘယ်သူတွေလဲ။"
"ကျောက်တုံးမျိုးနွယ်စုက မြင့်မြတ်ခေါင်းဆောင် ဖန်ယွဲ့၊ တောင်ပံနက်မျိုးနွယ်စုက ညမွှေးပန်းအကြီးအကဲ၊ တော်ဝင်သိုင်းကလန်မျိုးနွယ်စုက မြင့်မြတ်အကြီးအကဲ ဝူကျဲ၊ မြွေဝိဉာဉ်မျိုးနွယ်စုက အိမ်မက်ဝိဉာဉ်မြွေ၊ ဗာမီလီယမ်ငှက်မျိုးနွယ်စုက ဓားဇာမဏီအင်မော်တယ်နဲ့ စစ်မှန်မိစ္ဆာမျိုးနွယ်စုက ကောင်းကင်မကောင်းဆိုးဝါးတို့လေ....ဘာလို့မေးတာလဲ။"
တီနာ နားမလည်နိုင်ဟန်ဖြင့် မေးလာသည်။
(အရင်ဘာသာပြန်က နာမည်ပေးတာ တစ်ခုတည်းအတည်တကျမဖြစ်နေလို့ ညီမ အနည်းငယ် ပြင်ဆင်ထားပါတယ်။ ကျောက်မျိုးနွယ်စုမှ ကျောက်တုံးမျိုးနွယ်စု၊ သန့်စင်စစ်ပွဲမျိုးနွယ်စုမှ တော်ဝင်သိုင်းကလန်မျိုးနွယ်စု၊ ဟင်္သာငှက်မျိုးနွယ်စုမှ ဗာမီလီယမ်ငှက်မျိုးနွယ်စု အစရှိသဖြင့်ပါ။ အခုပြောင်းထားတဲ့ အမည်ကိုပဲ စာစဉ်အဆုံးထိ အတည်ယူပြီး ဆက်လက်ရေးသားသွားပါမယ်။)
"ထင်ထားတဲ့အတိုင်းပဲ။"
အန်လင်း လေးလေးနက်နက် တွေးတောလိုက်သည်။
"တိုက်ဆိုင်မှုပဲလားတော့ မသိဘူး။ ဒါပေမယ့် နယ်မြေစောင့်ရှောက်သူ မျိုးနွယ်စု ဆယ်ခုထဲက ကိုးခုရှိနေရတာလဲ။"
"နယ်မြေစောင့်ရှောက်သူ မျိုးနွယ်စု ဆယ်ခုက ဘာတွေလဲ။"
တီနာ အူကြောင်ကြောင် ဖြစ်နေသည်။
အန်လင်းသည် ရှောင်ယန်အုတ်ဂူမှ သိခဲ့ရသော အချက်အလက်များအား သူမကို ပြောပြလိုက်သည်။
တီနာ မျက်လုံးအပြူးသား ဖြစ်သွားရလေသည်။
"ဘုရားရေ....ဘယ်လိုတွေတောင် တိုက်ဆိုင်နေတာလဲ။ ဒါနဲ့ ဟာလာပြင်စိတ်ဝိဉာဉ်မျိုးနွယ်စုက ရှိမနေပါလား။"
အန်လင်း မျက်ခုံးနှိပ်နေမိသည်။
"ဘယ်လိုလုပ်သိမှာလဲ။ သူတို့ ဟာလာပြင်စိတ်ဝိဉာဉ်မျိုးနွယ်စု အကြီးအကဲ တစ်ယောက်ကို ပြန်ပေးမဆွဲနိုင်ခင် ငါတို့က ကိစ္စရှင်းလိုက်လို့များလား။"
"အား...."
တီနာ ရူးတော့မလို ဖြစ်သွားသည်။
"ဟာလာပြင်စိတ်ဝိဉာဉ်မျိုးနွယ်စုက အကြီးအကဲ တစ်ယောက်ကို ပြန်ပေးဆွဲချင်လိုက်တာနော်။ ငါ့မှာ OCDရှိတယ်။ ရူးတော့မှာပဲ။"
အန်လင်းမှာ တီနာ စိတ်ငြိမ်သွားအထိ အချိန်အတော်ကြာ ထိုင်စောင့်ပေးလိုက်ရသည်။
ထို့နောက် တောင်တန်းထူထပ်သော နေရာသို့သွားကာ ကျောက်တုံးမျိုးနွယ်စုဥများ ချခဲ့သည်။
တီနာသည် တောင်ပံနက်မျိုးနွယ်စုအတွက် ကောင်းကင်ထက်တွင် မျောနေသော ကျွန်းတစ်ခုလည်း ဖန်တီးပေးလိုက်သည်။
အန်လင်း စိတ်ရှုပ်သွားရသည်။
"တောင်ပံနက်မျိုးနွယ်စု နို့တိုက်သတ္တဝါမလား။ သူတို့က မိခင်ဗိုက်ထဲက မွေးလာသင့်တာလေ။ ဘာလို့ဥတွေ သုံးနေသေးတာလဲ။"
တီနာ ပြုံးကာတုံ့ပြန်သည်။
"ဥတွေက သားအိမ်လိုပဲ အလုပ်လုပ်တာလေ။ သူတို့ကို ကောင်းကောင်းကာကွယ်ပေးနိုင်တယိ။ တောင်ပံနက်မျိုးနွယ်စုရဲ့ ပထမမျိုးဆက်ကို ဖန်တီးဖို့ပဲ ဥတွေသုံးတာပါ။ နောက်မျိုးဆက်ကြရင် သူတို့ရဲ့ ပုံမှန်မျိုးပွားနည်းအတိုင်း ဆက်သွားလို့ရပြီ။"
တီနာမှာ အလိုရှိရာ ဖန်တီးနိုင်သောကြောင့် အန်လင်းအနေဖြင့် ပြောစရာ မရှိတော့ပေ။
မကြာမီပင် မြေဝိဉာဉ်ကလန်ဥများအတွက် ဝိဉာဉ်စွမ်းအင် အားကောင်းသော ရေကန်တစ်ခုကို ဖန်တီးခဲ့သည်။ တော်ဝင်သိုင်းကလန်ဥများအတွက် တိမ်စိုင်နှင့် မြူခိုးများ ဖုံးလွှမ်းနေသော တောင်ထိပ်တစ်ခုကို ရှာဖွေခဲ့သည်။ တောင်ဘက်ရှိ ကြီးမားသော သစ်ပင်ကြီးများကြားတွင် ဗာမီလီယမ်ငှက်ဥများ ထားရစ်ခဲ့ပြီး အနောက်ဘက်ရှိ သန္ဓေပြောင်းသားရဲများ ကြီးစိုးနေသော အနက်ရောင်ကုန်းမြေတွင် စစ်မှန်မိစ္ဆာမျိုးနွယ်စုဥများ ချန်ထားခဲ့သည်။
"အားလုံးပြီးသွားပြီ။ အခုဆက်ပြီး ရှင်သန်ဖို့ကတော့ သူတို့နဲ့ပဲ ဆိုင်တော့တယ်။"
တီနာ စိတ်လှုပ်ရှားစွာ လက်ခုပ်တီးနေသည်။
"ဒိုင်နိုဆောတွေကြောင့် သူတို့မျိုးမတုန်းသွားအောင်လည်း ဂရုစိုက်ဦး။"
အန်လင်း စနောက်လိုက်သည်။
"ဟွန့်...."
တီနာ နှုတ်ခမ်းလေးစူလာသည်။
"ငါရှိနေရင် ဘယ်သူမှ မျိုးမတုန်းပါဘူးနော်။"
အန်လင်း၏မျက်နှာ ရှုံ့မဲ့သွားရသည်။
"မင်းက ဖန်ဆင်းရှင် နတ်ဘုရားမကိုး။"
"ဒါပေါ့။"
တီနာ ရယ်မောကာ အချိန်အား မြန်လိုက်ပြန်သည်။
"သူတို့ဘာတွေ တိုးတက်လာမလဲ ကြည့်ရအောင်။"
ထိုစကားနှင့်အတူ ပုံရိပ်ကိုးခု ကောင်းကင်ပေါ် ရောက်ရှိလာသည်။ မျိုးနွယ်စုကိုးခုလုံးအား အေးအေးဆေးဆေး ကြည့်ရှုနိုင်ရန် လုပ်ပေးထားခြင်းပင်။
မကြာမီပင် ဉာဏ်ရည်မြင့်သော သတ္တဝါများ စတင်ပေါက်ဖွားလာသည်။
အန်လင်းသည် မျိုးနွယ်စုကိုးခုလုံး၏ ကလေးငယ်များကို ကြည့်ရှုလိုက်ပြီးနောက် ဗီမီလီယမ်ငှက်မျိုးနွယ်စုမှာ ချစ်စရာ အကောင်းဆုံးဟု ထင်မှတ်မိသည်။
ဗာမီလီယမ်ငှက် ကလေးငယ်များသည် နူးညံ့သော အဖြူရောင် တောင်ပံများ ပိုင်ဆိုင်ထားကြသောကြောင့် ချည်လုံးလေးများနှင့် ဆင်တူသည်။ ရွှေရောင်မီးလျှံများမှာလည်း ခန္ဓာကိုယ်အား ဝန်းရံထားပြီး မျက်လုံးဝိုင်းကြီးများမှာ တလက်လက် တောက်ပနေသောကြောင့် ပွေ့ဖက်ထားချင်စရာ ကောင်းလှသည်။
ထိုဗာမီလီယမ်ငှက်မျိုးနွယ်စုမှာ အစစ်အမှန် ဗာမီလီယမ်ငှက်များ မဟုတ်ကြပေ။ ၎င်းတို့သည် ဗာမီလီငှက် သွေးဆက်အား ပိုင်ဆိုင်ထားသော ပျံသန်းနိုင်သည့် သတ္တဝါများသာ ဖြစ်သည်။
ထိုက်ချူကုန်းမြေတွင် ဗာမီလီယမ်ငှက်၏ သွေးဆက်ပါဝင်သော သတ္တဝါများ မည်မျှကျန်ရှိဦးမည်ကို မသိနိုင်ပေ။ သို့သော် ဤကမ္ဘာပေါ်ရှိ ဗာမီလီငှက်မျိုးနွယ်စုတွင် ပါဝင်သည့် ဗာမီလီယမ်ငှက်သွေးဆက်မှာ အလွန်သန့်စင်လွန်းသောကြောင့် မြင့်မြတ်မီးတောက်များကိုပင် ထုတ်ဖော်နိုင်ကြသည်။
"ဟုတ်သားပဲ။ ဘီလူးအန်လင်း ဗာမီလီယမ်ငှက်မျိုးနွယ်စုက ပုံမှန်ဆို ဘာစားကြတာလဲ။"
တီနာ သိလိုစိတ်ပြင်းစွာ မေးလိုက်သည်။
အန်လင်း အနည်းငယ် တွေဝေသွားသည်။
"အင်း....ငါလည်း သိပ်တော့မသေချာဘူး။ ဒါပေမယ့် ငှက်အများစုက ပိုးကောင်ပဲ စားတာမလား။"
တီနာ၏ မျက်ဝန်းများ တောက်ပသွားကာ လက်ခုပ်တီးလိုက်သည်။
"အဓိပ္ပါယ်ရှိတယ်။"
ထိုသို့ဖြင့် ကောင်းကင်နှင့်မြေပြင်၏ မီးတောက်မီးလျှံများကို သုံးဆောင်သော ဗာမီလီယမ်ငှက် ကလေးငယ်များမှာ ဖန်ဆင်းရှင် နတ်ဘုရားမ၏ အတင်းအကြပ် ဖိအားပေးမှုနှင့်အတူ ပိုးကောင်များသာ စားရတော့သည်။
မျိုးနွယ်စုကိုးခုတွင် ဗာမီလီယမ်ငှက်များမှာ ချစ်စရာအကောင်းဆုံးဖြစ်ပြီး ရုပ်အဆိုးဆုံးမှာ နဂါးမျိုးနွယ်များပင်။
နဂါးမျိုးနွယ်စု ကလေးငယ်များမှာ ကြေးခွံများ မရင့်သန်သေးသောကြောင့် ရေထဲတွင် တွန့်လိမ်သွားလာနေသည်မှာ တီကောင်ကြီးများနှင့်သာ ဆင်တူနေသည်။
တီနာသည်ပင် ထိုမြင်ကွင်းကိုကြည့်ကာ ရွံရှာသွားရသည်။
ထို့နောက် တီနာနှင့် အန်လင်းတို့မှာ ဗာမီလီယမ်ငှက်များရှိရာသို့ သွားလိုက်ကြသည်။
ဧရာမသစ်ပင်ကြီးပေါ်တွင် ဗာမီလီယမ်ငှက် ကလေးငယ်များရှိသော အသိုက်ကြီးတစ်ခု ရှိသည်။
၎င်းတို့နှစ်ဦးမှာ ငှက်ပေါက်စလေးများအား ပျော်ရွှင်စွာ ပွေ့ချီလိုက်ကြသည်။
အန်လင်းသည် ဗာမီလီယမ်ငှက် ကလေးငယ်လေးအားချီပွေ့ထားရင်း ၎င်း၏အမွှေးအတောင်များမှာ လွန်စွာနူးညံ့ပြီး ရွှေရောင်မီးလျှံများမှာလည်း နွေးလောက်ရုံသာဖြစ်ကြောင်း သိလိုက်ရသည်။
"ပကျိ...ပကျိ...ပကျိ..."
ဗာမီလီငှက် ကလေးငယ်လေးမှာ အော်ဟစ်မြည်တမ်းနေသည်။
"ကလေးတွေကို အဲ့လိုမပွတ်ပေးရဘူးလေ။ ငါလုပ်တာကိုကြည့်။"
တီနာ စကားဆိုလိုက်သည်။
အန်လင်း လှမ်းကြည့်လိုက်သောအခါ တီနာသည် လက်မှအားကို ထိန်းထားကာ ဗာမီလီယမ်ငှက် ကလေးငယ်လေးအား ပုံစံတစ်မျိုးတည်းဖြင့် ပွတ်သပ်ပေးနေသည်ကို တွေ့လိုက်ရသည်။ ကလေးငယ်လေးမှာလည်း ပျော်ရွှင်မြူးထူးနေလေသည်။
တီနာမှာ ကလေးငယ်လေးကို ချော့မြူရင်း တောက်ပစွာ ရယ်မောနေသည်။ အဖြူရောင်ဝတ်စုံနှင့် တင့်တယ်လွန်းလှသော မိန်းမငယ်လေးမှာ ချစ်စဖွယ် ဗာမီလီယမ်ငှက် ကလေးငယ်လေးအား ပွေ့ချီနေသော မြင်ကွင်းသည် အေးချမ်းလွန်းလှသောကြောင့် အန်လင်းသည်ပင် ကူကယ်ရာမဲ့စွာ ငေးမောနေမိသည်။
နတ်သမီးငယ်လေးများသည် သက်ရှိများနှင့် ဆက်နွယ်မှု အားကောင်းသောကြောင့် ဗာမီလီယမ်ငှက် ကလေးငယ်လေးအား ချော့မြူတတ်သည်မှာ အံ့အားသင့်စရာ မရှိပေ။ သို့သော် အတွေးများစွာနှင့်အတူ အန်လင်း သက်ပြင်းချမိသည်။ ဖန်ဆင်းရှင် နတ်ဘုရားမ၏ ပွေ့ချီခြင်း ခံထားရဖူးသောကြောင့် ထိုကလေးငယ်လေးမှာ ဘဝတလျှောက်လုံး ကြွားမပြီးနိုင် ဖြစ်နေတော့မည်ပင်။
နဂါးမျိုးနွယ်စုကတော့.....
ယီးလား.....ဘယ်သူက တီကောင်ကြီးတွေကို ဖက်ချင်မှာလဲ....ရေထဲမှာပဲ နေပါစေ....