← Chapters

ကြယ်စင်လေးတွေဖန်တီးရအောင်

Vol. 45 Ch. 626

ကြယ်စင်လေးတွေဖန်တီးရအောင်

Vol. 45 Ch. 626

နဂါးမျိုးနွယ်စုသည် ကြက်သီးထရလောက်အောင် ရုပ်ဆိုးပါသော်လည်း အဆာလွန်ပြီး သေဆုံးသွားမည်ကို စိုးရိမ်သောကြောင့် တီနာမှာ ငါးပုစွန်များ ဖန်တီးပေးထားသည်။

အန်လင်းနှင့် တီနာတို့သည် မျိုးနွယ်စုများ အားလုံးထံ သွားရောက်လည်ပတ်ခဲ့ပြီး စိတ်ကျေနပ်စွာ ထွက်ခွာလာခဲ့ကြသည်။

ဘာသာစကားအတွက် ထိုက်ချူကုန်းမြေ စကားကိုပင် ၎င်းတို့၏စိတ်ထဲ ထည့်သွင်းပေးခဲ့သည်။

မတူညီသော စကားအမျိုးမျိုး ပြောဆိုနေကြပါက အဆင်မပြေ ဖြစ်လာနိုင်သောကြောင့်ပင်။

"အခုက ကြယ်တွေဖန်တီးရမယ့် အချိန်ပဲ။"

တီနာ ပြုံးကာပြောလိုက်သည်။

အန်လင်း ကြောင်တောင်တောင် ဖြစ်သွားရသည်။

"ကြယ်တွေဖန်တီးမလို့ ဟုတ်လား။ အခုလည်း ကြယ်တွေရှိနေတာပဲလေ။"

"အော်...ဒီကမ္ဘာပေါ်က ကြယ်တွေအားလုံး အတုတွေချည်းပဲ။ ညဉ့်ကာလတွေမှာ ကောင်းကင်ကြီး ဖင်ပြောင်သလို ဖြစ်နေမှာစိုးလို့ ထည့်ပေးထားတာ။ နင်ပြောတော့ တောင်ပံနက်မျိုးနွယ်စုက ကြယ်တွေရဲ့ အစွမ်းကို စုပ်ယူဖို့ လိုတယ်ဆို။ အဲ့ဒါကြောင့် ကြယ်အစစ်တွေ ဖန်တီးရအောင်လေ။"

တီနာ ရှင်းပြလိုက်သည်။

"အဓိပ္ပါယ် မရှိတာ။ ငါကြယ်တွေရဲ့ စွမ်းအင်ကို ခံစားနေရတယ်လေ။"

အန်လင်း နားမလည်နိုင် ဖြစ်နေသည်။

"နင်မြင်နေရတာတွေရော၊ ခံစားနေရတာတွေရော အားလုံးက ငါ့စိတ်အလိုကျပဲ။ ဘာပဲဖြစ်ဖြစ် သူတို့က အတုတွေဆိုတဲ့ အမှန်တရားကိုတော့ ပြောင်းပစ်လို့ မရဘူး။ ဟုတ်သားပဲ....လ ကအစ အတုကြီးလေ။"

တီနာ ပြုံးကာပြောလိုက်သည်။

အန်လင်း: "........."

ထိုစကားကြောင့် အန်လင်း မျက်ခုံးနှိပ်နေရသည်။

"အဲ့ဒါဆို မသ်းဘယ်လိုလုပ်မှာလဲ။ ကောင်းကင်မှာရှိတဲ့ ကြယ်တစ်လုံးဆီက စွမ်းအင်တွေ အများကြီး ပေါင်းစပ်ထားတဲ့ ကြယ်လုံးကြီးတွေပဲ။ ပြောရရင် ကြယ်တွေအားလုံးက နေမင်းတွေကြီးပဲ။ ကောင်းကင်အပြည့် ကြယ်တွေဖန်တီးဖို့ဆိုတာ တွေးကြည့်လို့တောင် မရဘူး။ ပြီးတော့ အဲ့ကြယ်တွေထားဖို့ အာကာပြင်ရော လုံလုံလောက်လောက် ရှိရဲ့လား။"

တီနာမှာ သေးသွယ်သော လက်ညှိုးလေးအား ခါရမ်းကာ အဓိပ္ပါယ်ပါပါ ပြုံးလိုက်သည်။

"ကြယ်တွေအားလုံးက နေတွေပဲလို့ နင့်ကိုဘယ်သူပြောလဲ။ နေရဲ့အလင်းရောင်က အာကာသထဲ အကန့်အသတ်မရှိ ခရီးဆန့်ပြီး အပြင်ဘက် အာကာသဆီက အစွမ်းတွေ စုပ်ယူပြီးတော့ ကြယ်တွေရဲ့ အစွမ်းကို ဖန်တီးလို့ရတယ်လေ။"

"ပြီးတော့ တခြားနည်းလမ်း တစ်ခုလည်းရှိတယ်။ ကြယ်တွေရဲ့အစွမ်းကို ကြယ်တွေဖန်တီးဖို့အတွက် စွမ်းအင်ရင်းမြစ်အနေနဲ့သုံးပြီး ကြယ်တွေရဲ့အစွမ်းနဲ့ ပေါင်းစည်းပြီးတော့ နည်းနည်းဝေးဝေးမှာ ချိတ်ထားလိုက်မယ်လေ။"

"အဲ့လိုလုပ်ပြီးရင်တော့ မြေပြင်ကနေ ကီလိုမီတာ ငါးရာအကွာကို ရောက်လာတဲ့ သက်ရှိမှန်သမျှ အားနည်းသလို ခံစားရမယ်ဆိုပြီး လောကနိယာမ ထားထားရမယ်။ သူတို့အစွမ်းက ငါ့ထက်မသာသေးသမျှ ဒီကမ္ဘာကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။"

"ဒါပေမယ့် ငါက ဖန်ဆင်းရှင် နတ်ဘုရားမဆိုတော့ သူတို့ငါ့ထက် သာစရာ မရှိပါဘူး။ ဟီးဟီး....သူတို့ တဖြည်းဖြည်းနဲ့ လောကနိယာမတွေကို အသားကျသွားလိမ့်မယ်။"

"တချို့ ဉာဏ်ရည်မြင့် သတ္တဝါတွေကတော့ နည်းပညာပစ္စည်းတွေ ဒါမှမဟုတ် အံ့ဖွယ်အစွမ်းတွေနဲ့ ကမ္ဘာကြီးကို လေ့လာနိုင်လိမ့်မယ်။ ပြီးတော့ အာကာသထဲမှာရှိတဲ့ ကြယ်တွေက နေတွေပဲဆိုတာ သိလာလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် အဲ့ဒါတွေက ငါသူတို့ကို မြင်စေချင်တာတွေပဲ။ အာကာသကြီးက အဆုံးမရှိ ကျယ်ဝန်းတယ်ဆိုတဲ့ မှားယွင်းတဲ့အတွေးကို သူတို့ကိုပေးထားပြီး လှုပ်ရှားမှုတွေကို ကန့်သတ်ပစ်မယ်။"

တီနာမှာ စကားပြောနေရင်း ပိုမိုစိတ်လှုပ်ရှားလာပြီး အန်လင်းမှာမူ သူ၏ဘဝအား ပြန်လည်တွေးတောလာမိသည်။

အတုတွေ....အားလုံးက အတုတွေပဲ.....

ကြယ်တွေကလည်းအတု....လကလည်းအတု....ဒီကမ္ဘာကြီးကလည်းအတုပဲ.....

ထိုအတွေးကြောင့် သူ၏ကမ္ဘာမြေအား တွေးမိကာ အန်လင်း၏ ကျောရိုးတစ်ခုလုံး အေးစိမ့်သွားရသည်။

အရာအားလုံးက နွီဝါးမြင်စေချင်တဲ့အတိုင်း ပုံရိပ်ယောင် သက်သက်ပဲလား.....အာကာသ တစ်ခုလုံးကို ဘယ်သူကမှ မသွားဖူးတာ...အဲ့ဒါတွေက အစစ်ဟုတ်မဟုတ် ဘယ်သူသိမှာလဲ....

ပြီးတော့ ထိုက်ချူကုန်းမြေရောပဲ....

အန်လင်းမှာ မကောင်းသော ခံစားချက်များ ဖြစ်ပေါ်လာသောကြောင့် ကမ္ဘာကြီးအား ကြည့်ရှုချင်စိတ်ပင် မရှိတော့ပေ။

"ဟူး....ကြယ်စွမ်းအင်တွေ ပါဝင်တဲ့ တစ်ခုခုကို ရှာရမယ်။ ဘာမှမရှိပဲ ဖန်တီးနိုင်မှာ မဟုတ်ဘူး။"

တီနာ သက်ပြင်းချလိုက်သည်။

အန်လင်း၏စိတ်ထဲသို့ အတွေးတစ်စ ဝင်ရောက်လာသည်။

"ချစ်ခြင်းမေတ္တာသစ်ပင်ကနေ ရလာတဲ့ ချစ်ခြင်းမေတ္တာသစ်သီး နှစ်လုံးရှိသေးတယ်။ အဲ့မှာ ကြယ်စင်တွေရဲ့ အစွမ်းတွေ ပါဝင်နေတယ်။ အလုပ်ဖြစ်လောက်တယ်မလား။"

တီနာ ပျော်ရွှင်သွားလေသည်။

"ကောင်းတာပေါ့။ ဒီကနေ အရင်ထွက်သွားရအောင်။"

ဝှစ်.....

မူးနောက်နောက် ခံစားချက်နှင့်အတူ အန်လင်းမှာ ထိုက်ချူကုန်းမြေပေါ် ပြန်လည်ရောက်ရှိလာသည်။

တီနာမှာ မျှော်လင့်ချက်များ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် အန်လင်း၏လက်အား လွှဲရမ်းလိုက်သည်။

"ဘီလူးအန်လင်း....ချစ်ခြင်းမေတ္တာသစ်သီးက ဘယ်မှာလဲ.....ငါကြည့်ချင်လို့။"

အန်လင်းသည် သိုလှောင်လက်စွပ်ထဲမှ ချစ်ခြင်းမေတ္တာသစ်သီးအား ထုတ်ပေးလိုက်ပြီးနောက် တီနာမှာ အသုံးပြု၍ရကြောင်း အတည်ပြုလိုက်သည်။

တီနာသည် သူမ၏ ကမ္ဘာထဲမှ ကြယ်အတုများအား အစစ်များနှင့် အစားထိုးလိုက်လေသည်။

မျိုးနွယ်စုကိုးခုလုံးမှာလည်း အရွယ်ရောက်လာပြီဖြစ်ပြီး ၎င်းတို့၏ မျိုးဆက်သစ်များအား မွေးဖွားကြတော့မည်ပင်။

နဂါးမျိုးနွယ်စု၏ ပထမမျိုးဆက်မှာ နဂါးကြေးခွံများ ထွက်လာပြီး ခန္ဓာကိုယ်မှာလည်း ကြီးမားလာသောကြောင့် ပင်လယ်ဘုရင်များ ဖြစ်နေကြပြီ ဖြစ်သည်။

၎င်းတို့အားလုံးသည် ကောင်းကင်နှင့်မြေပြင်၏ ဝိဉာဉ်စွမ်းအင်များအား ခန္ဓာကိုယ်နှင့် ပေါင်းစည်းနိုင်ကြသည်။ တစ်နည်းဆိုသော် နဂါးများသည် တာအိုခန္ဓာအဆင့်များအတိုင်း ကျင့်ကြံနိုင်မည်ဖြစ်ပြီး ရေများကို ထိန်းချုပ်ရာတွင်လည်း လွန်စွာကောင်းမွန်သောကြောင့် ရေနေဒိုင်နိုဆောများသည်ပင် ၎င်းတို့အား မယှဉ်နိုင်ပေ။

တော်ဝင်သိုင်းကလန်မှာမူ စစ်သည်တော်များ ဖြစ်သောကြောင့် ၎င်းတို့၏ပိုင်နက် ချဲ့ထွင်ရန်သာ အမြဲကြိုးစားနေကြသည်။

၎င်းတို့တစ်ဦးချင်းစီသည် စစ်ဗျူဟာများနှင့် ပက်သတ်၍ လွန်စွာထူးချွန်ကြသည်။ အရွယ်ရောက်ပြီးသော တော်ဝင်သိုင်းကလန် ကျင့်ကြံသူများဆိုလျှင် အကြီးမားဆုံးသော ထရန်နိုဆောရပ်စ်(ရက်စ်)များအား ရှာဖွေသတ်ဖြတ်ကာ တိုက်ပွဲစွမ်းရည်ကို ပြသကြသည်။

တော်ဝင်သိုင်းကလန်၏ စွမ်းအားအကြီးဆုံး ကျင့်ကြံသူများဆိုလျှင် မီတာဆယ်နှင့်ချီသော ထရန်နိုဆောရပ်စ်(ရက်စ်)များကိုပင် လက်သီးတစ်ချက်တည်းဖြင့် သတ်ပစ်နိုင်ပြီး တာအိုခန္ဓာ အထွဋ်အထိပ် အဆင့်များနှင့်ပင် နှိုင်းယှဉ်နိုင်နေပြီ ဖြစ်သည်။

လွတ်လွတ်လပ်လပ် နေထိုင်သွားလာကြသော မျိုးနွယ်စုများမှာ ကောင်းကင်လိပ်မျိုးနွယ်စုနှင့် ကျင်းရှန်းငါးမျိုးနွယ်စုတို့ပင်။ ၎င်းတို့သည် ကမ္ဘာကြီး၏ ထူးခြားဆန်းကြယ်မှုများ ရှာဖွေရသည်ကို နှစ်သက်ပြီး ကြယ်များကို ငေးမောကြည့်ရှုကာ ၎င်းတို့တည်ရှိနေမှုကို မေးခွန်းထုတ်တတ်ကြသည်။

၎င်းတို့သည် သဘာဝကြီးအား စူးစမ်းလေ့လာပြီး မှော်ကျင့်စဉ်များကိုပါ တီထွင်ခဲ့ကြသည်။

အလွယ်ကူဆုံး ဘဝကို ရရှိထားသူများမှာမူ မြွေဝိဉာဉ်ကလန်ဟု ဆိုနိုင်သည်။ ၎င်းတို့သည် သက်ရှိသတ္တဝါများ၏ ခံစားချက်များကို အာရုံခံနိုင်သောကြောင့် အားလုံးနှင့် ကောင်းစွာဆက်သွယ်နိုင်ကြသည်။ ထို့ကြောင့် သက်ရှိသတ္တဝါများ အားလုံးသည် မြွေဝိဉာဉ်မျိုးနွယ်စုအား နှစ်သက်ကြပြီး ၎င်းတို့ထံတွင် လက်အောက်ငယ်သားများစွာ ရှိနေတတ်သည်။ ၎င်းတို့သည်လည်း ထင်မှတ်မထားရလောက်အောင် အင်အားကြီးသော မျိုးနွယ်စုအဖြစ် သတ်မှတ်နိုင်သည်။

ပျင်းရိစရာ အကောင်းဆုံးမှာ ကျောက်တုံးမျိုးနွယ်စုများပင်။ ၎င်းတို့သည် သိပ်မလှုပ်ရှားကြပဲ ကျောက်ရုပ်များသဖွယ် ရှိနေတတ်ကာ မြေပြင်မှ စွမ်းအင်များ စုပ်ယူခြင်း သို့မဟုတ် ကမ္ဘာကြီး၏ စည်းချက်ကို နားထောင်ခြင်းများ ပြုလုပ်နေတတ်သည်။

၎င်းတို့၏ ခန္ဓာကိုယ်ပေါ်တွင် မြက်များပေါ်ကာ အကောင်ငယ်များ ချီးတက်ပါနေစေကာမူ မလှုပ်မယက်သာ ရှိနေကြသည်။

မျိုးဆက်သစ်များ မွေးဖွားရန် ကြိုးစားသော အချိန်မှသာ လှုပ်ရှားကြလေသည်။ ထိုအချိန်သို့ရောက်လျှင် အချိန်တစ်မိနစ်လုံးလုံး မရပ်မနား ပါ့ပါပါးကြသည်။

ငြီးငွေ့ဖွယ် အကောင်းဆုံး မျိုးနွယ်စုဆိုလျှင် တောင်ပံနက်မျိုးနွယ်စုအား ညွှန်ပြရပေလိမ့်မည်။ ၎င်းတို့သည် နေ့တာတစ်ခုလုံး အိပ်စက်ကြပြီး ညအချိန်မှသာ ကြယ်ရောင်ခံရန် ထွက်လာလေ့ ရှိသောကြောင့် ပျင်းရိဖွယ် ကောင်းလွန်းလှသည်။

တောင်ပံနက်မျိုးနွယ်စုသည် ကျွန်းမျောကြီးပေါ်တွင် နေထိုင်ကြသောကြောင့် ၎င်းတို့ကိုယ်၎င်းတို့ ကောင်းကင်တမာန်တော်များအဖြစ် ခေါ်ဆိုတတ်ကြသည်။ တခါတရံ ကုန်းနေသတ္တဝါများအား ငုံ့ကြည့်ကာ ၎င်းတို့စောင့်ရှောက်ပေးရမည့်သူများဟု ထင်တတ်ကြသည်။

စည်းများဘောင်များ ကန့်သတ်မထားသော မျိုးနွယ်စုမှာ ဗာမီလီယမ်ငှက်များ ဖြစ်သည်။ ၎င်းတို့အားလုံးသည် မည်သည်ကိုမှ ဂရုမစိုက်ပဲ ကုန်းမြေတလျှောက် ပျံသန်းသွားလာသောကြောင့် တီနာသည်ပင် ၎င်းတို့မျိုးပွားရေးအတွက် စိတ်ပူလာမိသည်။ ဗာမီလီယမ်ငှက်များသည် မျိုးဆက်ပြန့်ပွားရေးအပေါ် အနည်းငယ်ပင် အလေးမထားကြသောကြောင့် အားလုံးမှာ FAကောင်များ ဖြစ်နေကြဆဲပင်။

အဆိုးဆုံး အခြေအနေ ဖြစ်လာပါက တီနာသည် ၎င်းတို့အား မျိုးပွားရန် ဖိအားပေးရတော့မည် ဖြစ်သည်။

အန်လင်းမှာ ဗာမီလီယမ်ငှက် မျိုးနွယ်စုအား အလွန်အားကျမိသည်။ တာအိုလက်တွဲဖော်ရှာရန် စိုးရိမ်နေစရာ မလိုအပ်ပဲ ဖန်ဆင်းရှင် နတ်ဘုရားမမှ စီစဉ်ပေးမည် မဟုတ်လော။

ခက်ခဲကြမ်းတမ်းသော ဘဝအား ရရှိထားသူများမှာ စစ်မှန်မိစ္ဆာ မျိုးနွယ်စုပင်။

၎င်းတို့သည် ဆိုးရွားသော ပတ်ဝန်းကျင်တွင် ရှင်သန်ရပြီး သန္ဓေပြောင်းသားရဲများနှင့် အမြဲလိုလို ရင်ဆိုင်နေရတတ်သည်။ ထို့ကြောင့် ၎င်းတို့၏ တိုက်ပွဲစွမ်းရည်နှင့် ရှင်သန်လွတ်မြောက်ရေးစွမ်းရည်မှာ အလွန်ကောင်းမွန်နေသည်။ ထိုသို့ဆိုးရွားသော ပတ်ဝန်းကျင်တွင် အခြေချနေရသည်မှာ တီနာ၏ သဘောထားကြောင့်ဟု ဆိုနိုင်သည်။

"စစ်မှန်မိစ္ဆာမျိုးနွယ်စုက အစစ်အမှန်မိစ္ဆာတွေလေ။ သူတို့ကို ပျော်ပျော်ရွှင်ရွှင် နေခိုင်းစရာလား။"

တီနာမှာ ထိုသို့စကားဆိုခဲ့သည်။

အန်လင်းမှာ စစ်မှန်မိစ္ဆာမျိုးနွယ်စုအပေါ် သနားစိတ်ပင် ဖြစ်မိရသည်။

ဖန်ဆင်းရှင် နတ်ဘုရားမသည် ဆုံးဖြတ်ချက်ချရာတွင် ဘက်လိုက်ပါက မည်သို့ခံစားရမည်နည်း။

စစ်မှန်မိစ္ဆာများသည်လည်း ထိုအချက်အား အမှန်အတိုင်း သိရှိသွားပါက ကျေနပ်ကြလောက်မည် မဟုတ်ပေ။

၎င်းတို့သည် တိုက်ပွဲစွမ်းရည်နှင့် ရှင်သန်လွတ်မြောက်ရေးစွမ်းရည်များအပြင် အချက်အပြုတ်လည်း အတော်ကောင်းမွန်သည်။

အရာအားလုံးကို ချက်ပြုတ်စားသောက်နိုင်ကြပြီး သန္ဓေပြောင်းသားရဲများသည်ပင် ဟင်းအိုးထဲရောက်မည့် ကံကြမ္မာမှ မလွတ်မြောက်နိုင်ကြပေ။

ထိုသည်မှာ ရှင်သန်နေထိုင်ရသော ပတ်ဝန်းကျင်ကြောင့်ပင် ဖြစ်ပေလိမ့်မည်။

အချို့သော အကြောင်းပြချက်များကြောင့် အန်လင်းမှာ ရှောင်ယန်အုတ်ဂူမှ ထူးဆန်းသော ပုံရိပ်များကို ပြန်လည်မြင်ယောင်လာမိသည်။

ထိုနေရာတွင်လည်း ဟင်းချက်တတ်သော မိစ္ဆာငယ်လေး ရှိခဲ့သည်။

တိုက်ဆိုင်မှုသက်သက်ပဲလား.....

(စာရေးသူ​ဆီမှာ စာစဥ် ၄၇ ထိရနေပါပြီရှင့်။ အားပေးချင်တယ်ဆိုရင် Telegramမှာ ယွီရှင်း လို့ရိုက်ရှာပြီး ပေါ်လာတဲ့ channelမှာ လာအားပေးနိုင်ပါတယ်။ fbမှာဆိုလည်း ငါလေးကကျင့်ကြံသူအတုလို့ ရိုက်ရှာလိုက်ပါနော်။)

All Chapters