← Chapters

လူသားတွေဖန်တီးရအောင်

Vol. 45 Ch. 627

လူသားတွေဖန်တီးရအောင်

Vol. 45 Ch. 627

မျိုးနွယ်စုကိုးခုလုံးသည် ကမ္ဘာကြီးနှင့် နေသားတကျရှိပြီး ရှင်သန်နေထိုင်ရန် အကောင်းဆုံး စွမ်းရည်များ ပိုင်ဆိုင်ထားကြသောကြောင့် တီနာနှင့် အန်လင်းတို့မှာ လုပ်စရာဟူ၍ သိပ်မရှိတော့ပေ။

မျိုးနွယ်စုကိုးခု မွေးဖွားလာခြင်းသည် ကမ္ဘာကြီးအား ဆင့်ကဲတိုးတက်လာစေပြီး ကမ္ဘာတစ်ခုလုံး၏ သဟဇာတဖြစ်မှုကို ပြောင်းလဲလာစေသည်။

ဒိုင်နိုဆောများသည် ကမ္ဘာကြီးအား ကြီးစိုးနေဆဲ ဖြစ်ပါသော်လည်း မျိုးနွယ်စုကိုးခုကြောင့် ၎င်းတို့အပေါ် ကြီးမားသောဖိအားများ သက်ရောက်လာခဲ့သည်။

မျိုးနွယ်စုကိုးခုသည် မျိုးဆက်တစ်ဆက်ချင်းအလိုက် ပိုမိုအင်အားကောင်းလာပြီး ရှာဖွေလေ့လာရေး အားသန်သော မြွေဝိဉာဉ်ကလန်၊ တော်ဝင်သိုင်းကလန်နှင့် ကောင်းကင်လိပ်မျိုးနွယ်စုတို့ဆိုလျှင် အခြေခံကျသော ကျင့်ကြံရေးနည်းလမ်းများကိုပင် ရရှိနေကြလေပြီ။

တစ်ဖက်တွင်မူ ဒိုင်နိုဆောများမှာ ထိုမျှအထိ တိုးတက်မှု မရှိကြပေ။

ထိုသည်မှာ ဒိုင်နိုဆောများ၏ အသိဉာဏ် နိမ့်ပါးမှုကြောင့်ဖြစ်ကြောင်း အန်လင်း သိရှိနေသည်။ ၎င်းတို့သည် ဉာဏ်ရည်မြင့် သတ္တဝါများ မဟုတ်ကြသောကြောင့် ကျင့်ကြံရေးနည်းလမ်းများနှင့် အံ့ဖွယ်စွမ်းရည်များအား သင်ကြားတီထွင်နိုင်ခြင်း မရှိကြပေ။ ထို့ကြောင့် ၎င်းတို့မှာ ကိုယ်ပိုင်ခွန်အားကိုသာ မှီခိုကြရသည်။

ဒိုင်နိုဆောများထဲတွင် ပထမအဆင့်ဟု သတ်မှတ်ရလောက်အောင် အားကောင်းသူများ အနည်းငယ်သာရှိပြီး အရည်အသွေး နည်းပါးမှုအား အရေအတွက်ဖြင့်သာ အကာအကွယ် ယူထားရသည်။

ထိုအချိန်တွင် မျိုးနွယ်စုကိုးခု၌ စိတ်ဝိဉာဉ်ပျိုးထောင်ခြင်းအဆင့်များပင် ရှိနေပြီ ဖြစ်သည်။ ထိုသည်မှာ စွမ်းအင်ခြားနားမှုအား လွန်စွာကွာခြားသွားစေသည်။

မျိုးနွယ်စုကိုးခုမှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် အင်အားကြီးလာပြီး ဒိုင်နိုဆောများနှင့် စစ်ပွဲများစွာ ဖြစ်လာသည်။

ထိုစစ်ပွဲသည် ပိုင်နက်နှင့် ရင်းမြစ်များ ပိုင်ဆိုင်မှုကို ဆုံးဖြတ်ပေးလိမ့်မည်ပင်။

.............

တောင်ဘက်တောအုပ်ထဲ၌

အတောင်ပံနှင့် ဒိုင်နိုဆောများမှာ ဧရာမသစ်ပင်ကြီးထံ ပျံဝဲလာကြသည်။ ထိုတောအုပ်နှင့် သစ်ပင်ကြီးထံမှ အလွန်အားကောင်းသော သက်ရှိစွမ်းအင်များ ဖြာထွက်နေပြီး ၎င်းတို့အား ဆွဲဆောင်နေလေသည်။

ဒိုင်နိုဆောများသည် အကောင်ရေ တစ်ရာနီးပါးခန့် ရှိပါသော်လည်း ၎င်းတို့ရင်ဆိုင်ရမည့် ရန်သူမှာ ဗာမီလီယမ်ငှက် မျိုးနွယ်စု၏ အဖွဲ့ဝင် တစ်ဦးသာ ဖြစ်သည်။

များပြားလှသော အသံလှိုင်းများမှာ အဖြူရောင်မီးလျှံများ ဝန်းရံထားသည့်ငှက်ထံ ရောက်ရှိလာကြသည်။

ထိုငှက်သည် အနည်းငယ်ပင် ကြောက်ရွံ့ခြင်း မရှိပဲ စူးစူးရှရှ အော်မြည်ကာ အကန့်အသတ်မဲ့သော မီးတောက်မီးလျှံများကို ထုတ်လွှတ်လိုက်သည်။ မီးတောက်များသည် လေထဲတွင် ပေါက်ကွဲသွားပြီးနောက် မျက်လုံးအပြူးသား ဖြစ်နေသော ဒိုင်နိုဆောများကို လွှမ်းခြုံသွားတော့သည်။

နာနာကျင်ကျင် အော်ဟစ်သံများနှင့်အတူ ဒိုင်နိုဆောကင်တစ်ကောင်မှာ ကောင်းကင်ထက်မှ ဖုတ်ခနဲ ပြုတ်ကျသွားသည်။

ဗာမီလီယမ်ငှက်မှာ မထီမဲ့မြင် ပြုံးလိုက်ပြီးနောက် ဧရာမသစ်ပင်ကြီးထံသွားကာ အနားယူနေတော့သည်။

ကောင်းကင်ထက်တွင် ရှိနေသော အန်လင်းမှာ စစ်ပွဲအား စိမ်ပြေနပြေ ကြည့်ရှုနေပြီးနောက် ဘေးတွင်ရှိနေသော မိန်းမငယ်လေးအား လှည့်ကြည့်လိုက်သည်။

"မင်းချီဖူးတဲ့ ကလေးလေးလို့ မပြောရဘူး။ စိတ်ဝိဉာဉ်ပျိုးထောင်ခြင်း အဆင့်တောင် ရောက်နေပြီ။ မင်းတစ်ခုခုများ လုပ်ထားသေးလား။"

"ဟွန့်.....ငါ့ကို ဘယ်လိုနတ်သမီးမျိုး ထင်လို့လဲ။"

တီနာမှာ လက်သီးတပြပြနှင့် အန်လင်းအား မျက်စောင်းထိုးနေသည်။

အန်လင်းမှာ ကြောက်ချင်ယောင်ဆောင်ကာ အရှေ့တွင်ရှိနေသော ပုံရိပ်များအား ပြန်လည်ကြည့်ရှုလိုက်သည်။ ထိုပုံရိပ်များမှာ မျိုးနွယ်စုကိုးခုနှင့် ဒိုင်နိုဆောများကြားမှ တိုက်ပွဲများကို ပြသနေခြင်းဖြစ်ပြီး မျိုးနွယ်စုကိုးခုမှာ ပြီးပြည့်စုံစွာ အနိုင်ရကာ ဒိုင်နိုဆောများ အတုံးအရုန်း အမှောက်သိပ်ခံရလေသည်။

ဒိုင်နိုဆော အနည်းငယ်ကသာ စစ်ပွဲကို အနိုင်ရကြပါသော်လည်း ထိုသို့တိုက်ခိုက်အနိုင်ယူရန် အကောင်ရေများစွာ ဆုံးရှုံးခဲ့ရသောကြောင့် ဘာမှမထူးခြားလှပေ။

ဥပမာအားဖြင့် နဂါးမျိုးနွယ်စု အဖွဲ့ဝင် သုံးဆယ်မှာ ရေနေဒိုင်နိုဆော အကောင်တစ်ထောင်နှင့် တိုက်ခိုက်ရှုံးနိမ့်ခဲ့ပါသော်လည်း ရာနှင့်ချီသော ရန်သူများအား သတ်ဖြတ်နိုင်ခဲ့သေးသည်။

အရှေ့တွင် ဆိုထားဖူးသည့်အတိုင်း ဉာဏ်ရည်မြင့်တသာ ဒိုင်နိုဆောအချို့မှာ ကျောက်လက်နက်များ တီထွင်ထားကြပြီး ကာကွယ်ရေးလက်နက်များလည်း ပါဝင်သည်။

သို့သော် တော်ဝင်သိုင်းကလန်သည် ၎င်းတို့၏ သက်ရှိစွမ်းအင်အား ခန္ဓာကိုယ် မျက်နှာပြင်ပေါ် ရောက်ရှိစေကာ ခွန်အားမြှင့်လက်အိတ်များအဖြစ် အသုံးပြုနိုင်မည့်နည်းကို ဖန်တီးခဲ့ကြသည်။ ထိုသည်မှာ ကျောက်လက်နက်များ၊ ချပ်ဝတ်တန်ဆာများထက်ပင် ပိုမိုကောင်းမွန်ပြီး အရွယ်ရောက်ပြီးသား တော်ဝင်သိုင်းကလန် အဖွဲ့ဝင်တစ်ဦးသည် ခွန်အားမြှင့်လက်အိတ်ဖြင့်သာဆိုပါက ကာချာရိုဒွန်တိုဆောရပ်စ်ကိုပင် လက်သီးတစ်ချက်တည်းဖြင့် ဖျက်စီးနိုင်ပေသည်။

လက်နက်များ ခြားနားပုံကို ကြည့်ရုံမျှနှင့်ပင် ဉာဏ်ရည်မှာ မည်မျှအထိ ကွာခြားနေကြောင်း သိရှိနိုင်သည်။

တီနာသည် ဒိုင်နိုဆောများအား အခြေခံ သင်ကြားရေးစွမ်းရည် ပေးအပ်ထားပါသော်လည်း ထိုမျှအထိ ဆင့်ကဲတိုးတက်လာခြင်း မဟုတ်ပေ။ ဉာဏ်ရည်မြင့် သတ္တဝါအဖြစ်သို့ မရောက်ရှိမချင်း မည်မျှပင် ကြိုးစားနေပါစေ ယခုထက်ပို၍ တိုးတက်လာနိုင်မည်လည်း မဟုတ်တော့ပေ။

နယ်မြေပိုင်နက်စစ်ပွဲများမှာ နှစ်ဆယ်နှင့်ချီအောင် ကြာမြင့်ခဲ့သည်။

အဆုံးတွင်မူ ဒိုင်နိုဆောကောင်ရေမှာ စိုးရိမ်စရာ ကောင်းလောက်အောင် လျော့ကျလာပြီး ၎င်းတို့၏ ပိုင်နက်များလည်း သိမ်းပိုက်ခံလိုက်ရသည်။

ကမ္ဘာကြီးအား အုပ်စိုးခဲ့သော ဒိုင်နိုဆောများမှာ အစာကွင်းဆက်၏ ဒုတိယနေရာသို့ ကျဆင်းသွားရလေပြီ။

လောကကြီးအား ကြီးစိုးတော့မည့် ဧကရာဇ် အသစ်များမှာ ဉာဏ်ရည်မြင့်ကာ ပါရမီကောင်းသော မျိုးနွယ်စုကိုးခုပင် ဖြစ်သည်။

မျိုးနွယ်စုကိုးခု အသီးသီး နေရာယူလိုက်ကြပြီးနောက် ကမ္ဘာကြီးမှာ နောက်ထပ်တဖန် ပြောင်းလဲလာသည်။ သက်ရှိစွမ်းအင်များနှင့်အတူ ကောင်းချီးများလည်း ပိုမိုပြည့်လျှံလာလေသည်။

"အခု ကမ္ဘာကြီးက လူသားတွေ ဖန်တီးဖို့ အသင့်ဖြစ်နေပြီ။"

တီနာ၏ မြစိမ်းရောင် မျက်ဝန်းလေးများမှာ စိတ်လှုပ်ရှားမှုများနှင့် တောက်ပနေသည်။

အန်လင်းမှာလည်း လွန်စွာစိတ်လှုပ်ရှားသွားရသည်။

လူသားတွေကို ဖန်တီးတာ.....ဒါက တကယ်ကို အံ့သြစရာပဲ.....

လူသားတွေ ဘယ်ကလာလဲ ဘယ်သူမှ မသိကြဘူး....ဒါပေမယ့် ကမ္ဘာပေါ်က လူသားတွေကိုတော့ နွီဝါးက ဖန်ဆင်းခဲ့တာ ဖြစ်မှာပါ.....

နွီဝါးက ဘယ်လိုဖြစ်တည်မှုမျိုးလဲ..... သူမက ထိုက်ချူကုန်းမြေက တာအိုပေါင်းစည်းခြင်းအဆင့် အစစ်အမှန် နတ်ဘုရားတွေထက်တောင် သာလွန်သေးတယ်....သူမရဲ့ ကျင့်ကြံရေးအဆင့်ကို မပြောပြနိုင်ပေမယ့် ဖန်ဆင်းရှင် နတ်ဘုရားမအဖြစ် သတ်မှတ်ရင် လွန်မယ်မထင်ဘူး.....

တီနာသည်လည်း နွီဝါးကဲ့သို့ ဖန်ဆင်းတော့မည် ဖြစ်သောကြောင့် အန်လင်းမှာ တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ပေ။

"ငါတို့ဘာတွေ ပြင်ထားရဦးမလဲ။"

အန်လင်း မေးမြန်းလိုက်သည်။

"အင်း.....စိတ်ဝိဉာဉ်စွမ်းအင်တွေပါတဲ့ သစ်သားအမျိုးအစား အင်မော်တယ်ဆေးလုံးတော့ လိုရင်လိုလိမ့်မယ်။"

ထိုတောင်းဆိုချက်အား အန်လင်း ငြင်းပယ်လိုက်မည်ကို စိုးရိမ်သောကြောင့် တီနာ အနည်းငယ် စိတ်မသက်မသာ ဖြစ်နေသည်။

"ကိစ္စမရှိပါဘူး။"

အန်လင်း ချက်ချင်းပင် သဘောတူလိုက်သည်။

"တခြားရော..."

"အာ..."

အန်လင်း သဘောတူလာလိမ့်မည်ဟု မျှော်လင့်မထားသဖြင့် တီနာ ငေးငေးကြောင်ကြောင် ဖြစ်သွားရသည်။

"အခုကတော့ အဲ့ဒါပါပဲ။"

"ကောင်းပြီလေ။ အခုငါ့ကို ပြန်ထုတ်ပေးဦး။ မင်းအတွက် အင်မော်တယ်ဆေးလုံး သွားယူပေးမလို့။"

အန်လင်း တွေဝေခြင်းမရှိ တုံ့ပြန်လိုက်သည်။

တီနာမှာ ကျေးဇူးတင်သော မျက်ဝန်းများဖြင့် အန်လင်းအားကြည့်ကာ သူ၏မျက်ခုံးနှစ်ခုကြား နေရာအား လက်ဖြင့်ထောက်လိုက်သည်။

မူးနောက်နောက် ခံစားနှင့်အတူ အန်လင်းမှာ ကမ္ဘာကြီးထံ ပြန်ရောက်လာသည်။

တီနာသည်လည်း ပင်ပန်းနွမ်းနယ်နေဟန်ဖြင့် မျက်ဝန်းများကို ဖွင့်လိုက်သည်။

"ဘီလူးအန်လင်း....ငါခဏလောက် အိပ်လိုက်ဦးမယ်။ နင်ပြန်လာရင် နှိုးလိုက်နော်။"

"ကောင်းပြီ။"

အန်လင်းမှာ တုန်ရွှာနန်းတော်ထံ တဟုန်ထိုး ထွက်သွားတော့သည်။

လေးနာရီမျှ ကြာပြီးနောက် အဆင့်ငါး အင်မော်တယ်ဆေးလုံးနှင့်အတူ ပျော်ရွှင်မြူးထူးစွာ ပြန်လာခဲ့လေသည်။

ထိုအချိန်မှာပင် ရင်းနှီးနေသော ပုံရိပ်လေးအား တွေ့လိုက်ရသည်။

စုရှောင်လန်မှာ ခါးထောက်ထားပြီး အန်လင်းအား မျက်စောင်းထိုးနေသည်။

"အန်လင်း....နင်အတန်းတွေ ပျက်နေတာ တစ်လလောက်ရှိပြီ။ နှစ်ကုန်စာမေးပွဲတွေတောင် စတော့မယ်။ နင်ဘာလို့ အတန်းမတက်သေးတာလဲ။ ငါနင့်အတွက် ခွင့်မတိုင်ပေးနိုင်တော့ဘူး။"

"အာ....ကိုတို့အခု အရေးအကြီးဆုံး အခြေအနေကို ရောက်နေတာ။ အဲ့ဒါကြောင့် ကျေးဇူးပြုပြီးတော့ နောက်ရက်နည်းနည်းလောက် ခွင့်တိုင်ပေးပါဦး။"

အန်လင်း ခေါင်းကုတ်ကာ ရယ်ပြလိုက်သည်။

"အရေးအကြီးဆုံး အခြေအနေတဲ့လား....နင်ဘာတွေ လုပ်နေတာလဲ။"

စုရှောင်လန် သံသယ မျက်ဝန်းများနှင့် မျက်မှောင်ကျုံ့လိုက်သည်။

"တီနာနဲ့အတူ သက်ရှိတွေ ဖန်တီးနေတာလေ။"

အန်လင်း စိတ်လှုပ်ရှားစွာ တုံ့ပြန်လာသည်။

စုရှောင်လန် ဒယိမ်းဒယိုင် ဖြစ်သွားမိသည်။

"သက်.... သက်ရှိတွေ ဖန်တီးနေတာ...."

"ဟုတ်တယ်။ ဟားဟား.....မင်းမထင်ထားဘူးမို့လား။"

အန်လင်း ရယ်မောနေပါသော်လည်း မကြာမီပင် စုရှောင်လန်၏ အမူအရာကြောင့် ကျောရိုးတစ်ခုလုံး အေးစိမ့်သွားရသည်။

"အင်း... ငါမထင်ထားဘူး။"

စုရှောင်လန်မှာ မျက်နှာပျက်သွားပြီးနောက် တစ်စုံတစ်ခုကို တွေးလိုက်မိဟန်ဖြင့် မေးလာသည်။

"ဘယ်လိုများ သက်ရှိတွေ ဖန်တီးနေတာလဲ။"

"တီနာရဲ့ ကမ္ဘာထဲ ကို့ရဲ့အသိစိတ် ပြောင်းလို့ရတယ်ဆိုတာ မှတ်မိသေးလား။ အခု သူမရဲ့ကမ္ဘာက တော်တော်လေး တိုးတက်ပြီး လူသားတွေ ဖန်တီးလို့ ရတော့မယ်။ လူသားမျိုးနွယ်အသစ် ဖြစ်လာတော့မှာလေ။ စိတ်လှုပ်ရှားစရာ မကောင်းဘူးလား။"

စုရှောင်လန် စိတ်သက်သာရာ ရသွားသလို သက်ပြင်းချလိုက်သည်။

"အင်း....စိတ်ဝင်စားစရာ ကောင်းသားပဲ။"

"အဲ့ဒါဆိုလည်း နင့်ကို မနှောင့်ယှက်တော့ပါဘူး။ ခွင့်တစ်ပတ် ထပ်တိုင်ပေးထားမယ်။ အဲ့ဒါပြီးရင်တော့ နှစ်ကုန်စာမေးပွဲဆိုတော့ ငါလည်းကူညီပေးလို့ မရတော့ဘူး။"

စုရှောင်လန် စကားဆိုလိုက်သည်။

"ကျေးဇူးတင်ပါတယ် ကောင်းကင်နတ်မိမယ်ရှောင်လန်...."

အန်လင်းမှာ တာ့တာပြလိုက်ပြီးနောက် အခန်းထဲသို့ အလျင်အမြန် ဝင်လာလိုက်သည်။

"ဂါး....ငါ့ကို တစ်ချက်လေးတောင် ကြည့်မသွားဘူး။ လူသားတွေကို ဖန်တီးတာက အဲ့လောက်တောင် စိတ်ဝင်စားစရာ ကောင်းနေလို့လား။"

စုရှောင်လန် မကျေမနပ် ရေရွတ်လိုက်ပြီးနောက် သူမ၏ အိမ်သို့သာ ပြန်သွားလိုက်တော့သည်။

All Chapters