လူသားအသစ်များ
Vol. 45 Ch. 628
အန်လင်း အခန်းထဲသို့ ပြန်ရောက်သောအခါ တီနာမှာ အိပ်ပျော်နေဆဲဖြစ်ကြောင်း တွေ့လိုက်ရသည်။
သူအနည်းငယ် တွေဝေသွားပါသော်လည်း စိတ်လှုပ်ရှားမှုကို ချုပ်တည်းကာ တီနာအား ဆက်လက်အနားယူစေလိုက်သည်။
တီနာ၏ ကမ္ဘာထဲ ဝင်ရောက်ရသည်မှာ သူ့အတွက် မပင်ပန်းလှပါသော်လည်း သူမသည် အချိန်စီးဆင်းမှုမှစ၍ အစစအရာရာ တာဝန်ယူထားရသောကြောင့် နွမ်းနယ်နေမည်မှာ သေချာသည်။
အချိန်အချို့ ကြာမြင့်သွားပြီးနောက် တီနာမှာ အိပ်ချင်မူးတူးနှင့် မျက်လုံးဖွင့်လာသည်။
"ဟင်....ဘီလူးအန်လင်း နင်ပြန်ရောက်နေပြီလား။ ဘာလို့ငါ့ကို မနှိုးတာလဲ။"
သူမသည် မထချင်သေးသည့်အလား ဝူးဝူးဝါးဝါး စကားပြောနေသည်။
"ငါလည်း ခုနလေးတင်မှ ပြန်ရောက်တာပါ။"
အန်လင်း ပြုံးပြကာ အင်မော်တယ်ဆေးလုံးအား လှမ်းပေးလိုက်သည်။
"ဒါက မင်းတောင်းဆိုထားတဲ့အတိုင်း စိတ်ဝိဉာဉ်စွမ်းအင်တွေပါတဲ့ သစ်သားအမျိုးအစား အင်မော်တယ်ဆေးလုံးပဲ။"
တီနာ ကျေးဇူးတင်နေသော အမူအရာဖြင့် အင်မော်တယ်ဆေးလုံးအား လက်ခံလိုက်သည်။
"အဲ့ဒါဆို လူသားတွေ ဖန်တီးရအောင်လေ..."
အန်လင်း အလွန်ပင် စိတ်လှုပ်ရှားနေသည်။
ဒီအချိန်ကို စောင့်နေရတာ တော်တော်ကြာသွားတယ်....
အန်လင်းမှာ တီနာနှင့်အတူ ကြေးမုံပြင်ကမ္ဘာထဲသို့ ဝင်ရောက်လာခဲ့သည်။
တီနာ၏ ပြီးပြည့်စုံသော မျက်နှာလေးမှာ လေးလေးနက်နက် ရှိနေသည်။
လူသားမျိုးနွယ်သည် မျိုးနွယ်စုကိုးခုကဲ့သို့ပင် ဉာဏ်ရည်မြင့် သတ္တဝါများ ဖြစ်သည်။
သို့သော် ၎င်းတို့မှာ ကွဲပြားခြားနားပေသည်။
မျိုးနွယ်စုကိုးခုလုံးသည် ဘဝသက်တမ်း၊ ခန္ဓာကိုယ်သန်မာမှု၊ ပင်ကိုယ်စွမ်းရည်နှင့် သွေးဆက်တို့တွင် လူသားများထက် အပြတ်အသတ် သာလွန်သည်။ မည်သို့ပင်ဆိုစေကာမူ လူသားများသည် မျိုးနွယ်စုကိုးခုထက် အားနည်းသည်ဟု မဆိုလိုပေ။
လူသားများတွင် မျိုးနွယ်စုကိုးခုထက် သာလွန်သော အရာတစ်ခု ရှိသည်။ ထိုသည်မှာ ဖန်တီးတီထွင်နိုင်စွမ်းပင်။
လူသားများသည် တီထွင်နိုင်စွမ်း အလွန်ကောင်းမွန်ပြီး ပတ်ဝန်းကျင်အား အသုံးချမှုတွင် မျိုးနွယ်စုကိုးခုထက် ပိုမိုသာလွန်သည်။
ကျင့်ကြံရေး၊ လက်နက်ပစ္စည်းများနှင့် နည်းပညာဆိုင်ရာများ အားလုံးတွင် လူသားများသည် မျိုးနွယ်စုကိုးခု မလုပ်နိုင်သည်များကို လုပ်ဆောင်နိုင်ကြသည်။ ထိုသည်မှာ ထိုက်ချူကုန်းမြေ၏ လူသားများထံမှ စံနမူနာ ယူထားခြင်းပင်။
အခြားသော မျိုးနွယ်စုများသည် ထိုအရာများအပေါ် အပြင်းအထန် ကြိုးစားကြပါသော်လည်း လူသားများမှာ လက်နက်သန့်စင်ခြင်းနှင့် နည်းပညာဆိုင်ရာ ကိစ္စရပ်များတွင် ထိပ်ဆုံး၌ ရပ်တည်နိုင်ကြသည်။ ကျင့်ကြံရေးအဆင့်တူသူများ အချင်းချင်း တိုက်ခိုက်ကြပါက လူသားများမှာ တီထွင်ဖန်တီးနိုင်စွမ်းများကြောင့် မျိုးနွယ်စုကိုးခုအား မကြာခဏဆိုသလို အနိုင်ရလေ့ ရှိသည်။
ထို့ကြောင့်ပင် တီနာမှာ မျိုးနွယ်စုကိုးခု အခြေတကျ ဖြစ်ပြီးမှ လူသားများအား ဖန်ဆင်းရန် ဆုံးဖြတ်ခဲ့သည်။ လူသားမျိုးနွယ်များ ဖြစ်တည်မလာမီ ကမ္ဘာတစ်ခုလုံး အသင့်ဖြစ်နေရန် လိုအပ်ပေသည်။
လူသားမျိုးနွယ်သည် အခြားသော မျိုးနွယ်စုများထက် ဉာဏ်ရည်ပိုမို မြင့်မားကြောင်းကိုလည်း တီနာကိုယ်တိုင် လက်ခံထားသည်။
ဤကမ္ဘာကြီး၏ ဖန်ဆင်းရှင် နတ်ဘုရားမအနေဖြင့် ထိုအချက်အား အလိုလို သိရှိနေသောကြောင့် ယခုအချိန်သည် လူသားများ ဖန်ဆင်းရန် အသင့်တော်ဆုံးဖြစ်ကြောင်း သိရှိနေသည်။
...........
တီနာနှင့် အန်လင်းတို့နှစ်ဦးမှာ ချီလော့မြို့၏ အနက်ရောင် မျှော်စင်ကြီးထံ ရောက်လာခဲ့ကြသည်။
တီနာသည် အင်မော်တယ်ဆေးလုံးအား သောက်သုံးခဲ့ပြီဖြစ်ပြီး အန်လင်းမှာ မည်သည့်ထူးခြားမှုမှ မတွေ့ရပါသော်လည်း ပြင်ပကမ္ဘာရှိ တီနာ၏ ခန္ဓာကိုယ်မှာ အသက်စွမ်းအင်များနှင့် တောက်ပနေလေပြီ။
"အလင်းလုံး ကိုးခုလိုလည်း လူသားတွေ ဖန်တီးဖို့အတွက် စွမ်းအင်ရင်းမြစ်တစ်ခု လုပ်ရမယ်။ အဲ့ဒါမှ အောင်မြင်နိုင်ခြေများမှာ။"
တီနာ အန်လင်းအားကြည့်ကာ မေးလိုက်သည်။
"နင့်ရဲ့သွေးတစ်စက်လောက် ယူလို့ရမလားဟင်။"
အန်လင်း စိတ်မသက်မသာ ဖြစ်သွားရသည်။
"ငါ့ရဲ့သက်ရှိအဆီအနှစ်ကို နမူနာယူမလို့လား။ မိတ္တူကူးသလိုတော့ ဖြစ်မသွားလောက်ပါဘူးနော်။ အဲ့လိုမဖြစ်ရင်တောင် လူသားတွေအားလုံးက ငါ့သွေးမျိုးဆက်ကို ပိုင်ဆိုင်သွားကြမှာပေါ့။ အဲ့လိုဆိုရင် ငါက ကမ္ဘာတစ်ခုလုံးစာ လူသားဆက်ခံသူတွေ ရှိတဲ့သူ ဖြစ်သွားမှာလား။"
ထိုအတွေးကြောင့် အန်လင်း တွန့်ပင်တွန့်သွားရသည်။
ထိုစကားကြောင့် တီနာ ဝါးခနဲနေအောင် ရယ်မောတော့သည်။
"နင်ထင်နေသလို မဟုတ်ပါဘူး ဘီလူးအန်လင်းရယ်။ လူသားတွေအကြောင်း သေသေချာချာ နားလည်အောင်ပဲ နင့်သွေးကို တောင်းတာပါ။ ဒီကမ္ဘာက ရင်းမြစ်စွမ်းအင်နဲ့ပဲ လူသားတွေကို ဖန်တီးမှာ။ အဲ့ဒါကြောင့် နင်နဲ့ဘာမှ ဆိုင်မှာမဟုတ်ဘူး။"
"ကောင်းပြီလေ။ အဲ့ဒါဆို အပြင်ကိုထွက်ပြီး ငါ့ဆီကနေ သွေးယူလိုက်။"
တီနာ၏ ရှင်းပြမှုကြောင့် အန်လင်း လက်ခံလိုက်ရသည်။
သို့သော် တီနာမှာ နှုတ်ခမ်းကလေးစူကာ ရပ်မြဲတိုင်း ရပ်နေလေသည်။
"ဘာဖြစ်လို့လဲ။"
"ငါကြိုးစားကြည့်ပြီးပြီ။"
တီနာ မကျေမနပ် စကားဆိုလာသည်။
"ဘီလူးအန်လင်း နင်ကတော်တော် အရေထူတာပဲ။ ငါဘယ်လိုမှ လုပ်လို့မရဘူး။ နင့်ဟာနင်ပဲလုပ်တော့။"
အန်လင်း: "....."
ထိုမှသာ သူသည် စစ်နတ်ဘုရားခန္ဓာ ပိုင်ဆိုင်ထားကြောင်း အမှတ်ရမိသွားသည်။ သူ့ထက် စွမ်းအင်သာလွန်သူများမှလွဲ၍ မည်သူကမှ ခွင့်ပြုချက် မရှိပဲ ခန္ဓာကိုယ်အား တစ်စုံတစ်ခုဖြစ်အောင် လုပ်နိုင်မည် မဟုတ်ပေ။
အန်လင်းမှာ ပြင်ပကမ္ဘာသို့ထွက်ကာ သွေးတစ်စက် ထုတ်ယူပြီးမှ တီနာ၏ ကမ္ဘာထဲ ပြန်လာခဲ့လိုက်သည်။
တီနာသည် အရာအားလုံး အသင့်ပြင်ထားပြီဖြစ်ပြီး ကောင်းကင်နှင့်မြေပြင်၏ မဟာတာအိုများနှင့်အတူ သက်ရှိစွမ်းအင်မှာလည်း အားကောင်းလို့နေသည်။ မရေမတွက်နိုင်သော သက်ရှိသတ္တဝါများမှာ မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို မသိရသောကြောင့် စိတ်မသက်မသာ ဖြစ်နေကြရသည်။
အန်လင်းမှာ တီနာ၏ လက်ချောင်းထိပ်မှ အလွန်သန့်စင်သော အလင်းလုံးနှစ်ခုကိုကြည့်ကာ အသက်ရှူသံများပင် မြန်ဆန်လာသည်။ ထိုအလင်းလုံးများထံတွင် မရေမတွက်နိုင်သော မျှော်လင့်ချက်နှင့် ဖြစ်နိုင်ခြေများ ပါဝင်နေလေသည်။
"သွားတော့...."
တီနာ လက်ညှိုးညွှန်လိုက်သည်နှင့် အလင်းလုံး နှစ်ခုမှာ မြေပြင်ထံ သက်ဆင်းပြီး ဥကြီးနှစ်ဥအဖြစ် ပြောင်းလဲသွားသည်။
ဝုန်း.....
ဥကြီးနှစ်လုံး ပေါ်လာသည်နှင့် ကမ္ဘာကြီး တစ်ခုလုံး ပြောင်းလဲလာကာ ကောင်းကင်တစ်ခုလုံး အလင်းတန်းများ ဖုံးလွှမ်းသွားပြီး အကန့်အသတ်မဲ့သော သက်ရှိစွမ်းအင်များ လွှမ်းခြုံသွားသည်။
မည်သို့ပင်ဆိုစေကာမူ အန်လင်းမှာ ထိုအရာများအား အာရုံမစိုက်နိုင်ပဲ မြေပြင်ကိုသာ ကြည့်ရှုနေသည်။
"ဘာလို့နှစ်ဥတည်းလဲ။"
တီနာ မျက်စောင်းထိုးလိုက်သည်။
"ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူရဲ့ သက်ရှိအဆီအနှစ် မရှိမှတော့ ဒီဥနှစ်လုံး ဖန်တီးနိုင်တာတောင် တော်တော်များနေပြီ။"
"အော်..."
အန်လင်း ခေါင်းညိတ်ကာ ဥနှစ်လုံးထံ သွားလိုက်သည်။
ဥများသည် အရွယ်ရောက်ပြီးသားလူ၏ ခါးတဝက်ခန့်ရှိပြီး နွေးထွေးချောမွေ့နေသည်။
တီနာသည်လည်း အန်လင်းဘေးသို့ ရောက်ရှိလာသည်။
"ဘီလူးအန်လင်း....လူသားတွေကို ပိုပြီးပြည့်စုံအောင် လုပ်ပေးသင့်လား။"
သူမ ရုတ်တရက် မေးမြန်းလာသည်။
"ဘယ်လိုမျိုးလဲ။"
"သူတို့ရဲ့ သိမြင်ခံစားမှုနဲ့ အသိဉာဏ်ကိုတော့ ထပ်မြှင့်ပေးလို့ မရဘူး။ ဒါပေမယ့် သူတို့ရဲ့ ခန္ဓာကိုယ် သန်မာမှုကိုတော့ တိုးတက်အောင် လုပ်ပေးနိုင်တယ်။ သူတို့ရဲ့ မျိုးဗီဇတွေ မြှင့်တင်ပေးလိုက်ရင် ဘယ်တော့မှ နာကျင်ဖျားနာရမှာ မဟုတ်တော့ဘူး။ အဲ့ဒါအပြင် သူတို့ရဲ့ ပုန်းကွယ်နေတဲ့ အရည်အချင်းတွေကိုပါ ဖော်ထုတ်ပေးလို့ ရသေးတယ်။ မွေးကတည်းက ဗဟုသုတ ကြွယ်ဝအောင်လည်း အချက်အလက်တွေကို သူတို့စိတ်ထဲ ထည့်ပေးထားလို့ရတယ်။"
စကားပြောနေရင်းပင် တီနာမှာ ပိုပိုစိတ်လှုပ်ရှားလာသည်။
ထိုစကားကြောင့် အန်လင်း တိတ်ဆိတ်သွားရသည်။
အဲ့ဒါက တကယ်ပဲ အကြံကောင်းလား....သက်ရှိတွေက ဆင့်ကဲပြောင်းလဲရတာ သဘာဝပေမယ့် အစတည်းက အားလုံးပြည့်စုံနေရင် ပိုပြီးလွယ်ကူသွားမှာလား....
သို့သော် အန်လင်းမှာ အကြောင်းပြချက် အချို့ကြောင့် သဘောမတူလိုပေ။
"နာကျင်ဖျားနာမှု မရှိရင် ဒုက္ခခံ၊ ပင်ပန်းခံချင်မှာ မဟုတ်တော့ဘူး။ အဲ့ဒါကြောင့် သူတို့ရဲ့ တာအိုနှလုံးသားကလည်း တိုးတက်ဖို့ မဖြစ်နိုင်တော့ဘူး။"
"ဗဟုသုတ အရမ်းကြွယ်ဝနေရင်လည်း သိချင်စိတ် နည်းသွားလိမ့်မယ်။ အဲ့ဒါအပြင် မွေးကတည်းက အစစအရာရာ သိနေရင် သူတို့အတွက် အကျိုးရှိမယ် ထင်တဲ့အရာပဲ လုပ်လိမ့်မယ်။ အဲ့အခါကြရင် တီထွင်ဖန်တီးနိုင်စွမ်းတွေ လျော့ကျသွားမှာပဲ။ သူတို့သာ အရမ်းပြည့်စုံနေရင် လူသားတွေ ဖြစ်နေမှာ မဟုတ်တော့ဘူး။ လိုအပ်ချက်တွေ ရှိနေတာကပဲ လူသားနဲ့ ပိုတူလိမ့်မယ်။"
အန်လင်းမှာ သူ၏အမြင်ကို ပြောပြနေပါသော်လည်း တီနာအား ဖိအားမပေးပေ။
ထိုကိစ္စအတွက် တီနာကိုသာ ဆုံးဖြတ်ခွင့် ပေးထားသည်။
တီနာ လေးလေးနက်နက် စဉ်းစားပြီးသည့်နောက် သူမ၏ အစီအစဉ်အား ပယ်ရှားလိုက်သည်။
"ထားလိုက်ပါတော့။ သဘာဝအတိုင်းပဲ ကြီးပြင်းခိုင်းတော့မယ်။ ထိုလူသားနှစ်ယောက်က ပထမဆုံး လူသားတွေဆိုတော့ ငါ့ရဲ့ကောင်းချီးကို ခံယူရလိမ့်မယ်။ ဒါပေမယ့် အကန့်အသတ်တော့ ရှိရမှာပေါ့။ အခက်အခဲတွေရှိမှ ဒီကမ္ဘာကြီးလည်း ပိုတိုးတက်မှာလေ။"
ထိုသို့ဖြင့် အချိန်စီးဆင်းမှုမှာ လျင်မြန်လာပြန်သည်။
လူသားနှစ်ဦးမှာ ဥမှပေါက်လာတော့သည်။
အလွန်ချစ်စဖွယ်ကောင်းကာ ကြွေရုပ်ကလေးလို ပြီးပြည့်စုံနေပြီး ကြည်လင်ဖြူဝင်းသော အသားအရေ၊ နက်မှောင်သော ဆံကေသာနှင့် မဟူရာ ပုလဲမျက်လုံးတို့အား ပိုင်ဆိုင်ထားသော ကလေးငယ်နှစ်ဦးကို တွေ့လိုက်ကြရသည်။
ထိုသည်မှာ ယောက်ျားလေးနှင့် မိန်းကလေးတို့ဖြစ်ပြီး အသက်သုံးလေးနှစ် အရွယ်ခန့်ရှိကာ ပတ်ဝန်းကျင်အား မျက်လုံးဝိုင်းလေးများဖြင့် စူးစမ်းလေ့လာနေသည်။
၎င်းတို့သည် ဖင်တုံးလုံးလေးများဖြစ်ကာ ခန္ဓာကိုယ်မှာ နတ်ဘုရားတစ်ပါး ဖန်ဆင်းပေးထားသလို ပြီးပြည့်စုံနေသည်။ မွေးဖွားစမှာပင် လမ်းလျှောက်နိုင်ကြပြီး ခန္ဓာကိုယ်မှ သန့်စင်သော အရှိန်အဝါများလည်း ဖြာထွက်နေသည်။
အန်လင်း ပါးစပ်အဟောင်းသား ဖြစ်နေသည်။
"သူတို့က ဘာလို့အဲ့လောက်ကြီးနေရတာလဲ။ နို့တောင်မလိုလောက်တော့ဘူး။"
"ဘီလူးအန်လင်း နင်ကဘာလို့ အရေးမကြီးတာတွေကိုပဲ အာရုံစိုက်နေတာလဲ။"
တီနာ ကိုယ့်နဖူးကိုယ်ရိုက်မိသည်။
"သူတို့ကို သွားချီရအောင်။"
အန်လင်း ဖင်တကြွကြွ ဖြစ်နေသည်။
တီနာသည်လည်း ထိုသို့ပင် တွေးတောနေသောကြောင့် အချိန်စီးဆင်းမှုအား ပုံမှန်ဖြစ်စေကာ အန်လင်းနှင့်အတူ လူသားလေးနှစ်ဦးထံ လျှောက်လှမ်းသွားလိုက်သည်။