← Chapters

အနက်ရောင်စိမ့်တော

Vol. 45 Ch. 633

အနက်ရောင်စိမ့်တော

Vol. 45 Ch. 633

အနက်ရောင်စိမ့်တောသည် ကိုးပြည်ထောင်၏ အနောက်တောင်ဘက်တွင် တည်ရှိပြီး ကျောက်မျက်တိုင်းပြည်မှ တစ်ရာ့ငါးဆယ် ကီလိုမီတာမျှသာ ကွာဝေးသည်။

အန်လင်းသည် စုရှောင်လန်အား အသံဖြင့် ဆက်သွယ်လိုက်ပြီးနောက် အတန်းသားများသည် ကျောက်မျက်တိုင်းပြည်သို့ ရောက်နေကြပြီဖြစ်ကြောင်း သိလိုက်ရသည်။

စုရှောင်လန်သည် အန်လင်းမှာ ကျင့်ကြံခြင်း အဆင့်တက်ရန်အတွက် သီးသန့်ကျင့်ကြံနေခြင်းဖြစ်ကြောင်း ဆရာဖြစ်သူကို ပြောပြပေးထားခဲ့ပြီး ဆရာမှာလည်း အမေးအမြန်းမရှိ လက်ခံပေးခဲ့သည်။ ကျောင်းတော်သည် ကျင့်ကြံရေးနှင့်ဆိုင်သော အကြောင်းကိစ္စများအပေါ် သက်ညှာပေးလေ့ရှိသည်။

အန်လင်းမှာ တပိုင်၊ ရှောင်ဇယ်နှင့် ရှောင်ချိုးတို့အား စုစည်းထားလိုက်သည်။ ထို့အပြင် တီနာကိုလည်း ဂရုတစိုက် ပွေ့ချီကာ တပိုင်အားစီး၍ ထွက်လာခဲ့လိုက်သည်။

ကျောက်မျက်တိုင်းပြည်သို့ ရောက်ရှိရန် ကျောင်းတော်၏ တည်နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါထံမှ သွားရမည် ဖြစ်သည်။

ကျောက်မျက်တိုင်းပြည်သည် အန်လင်းအတွက် အမှတ်ရစရာ နေရာတစ်ခုပင်။ အတိတ်ကာလ၌ ကျောက်မျက်တိုင်းပြည်၏ စုရှမြို့တော်တွင် စုရှောင်လန်နှင့် ပြန်လည်တွေ့ရှိခဲ့ပြီး တစ်ဦးနှင့်တစ်ဦး ချစ်ခြင်းမေတ္တာများ ဝန်ခံကာ ရိုးရှင်းသော ဘဝတစ်ခုတွင် အတူတကွ နေထိုင်ခဲ့ကြသည်။ ထို့အပြင် စုရှောင်လန်၏ ကျင့်ကြံရေးစွမ်းရည်များသည်လည်း ထိုနေရာတွင်ပင် ပြန်လည်ရရှိခဲ့သောကြောင့် စုရှမြို့တော်သည် ၎င်းတို့အတွက် မမေ့နိုင်စရာ နေရာတစ်ခုဟု ဆိုနိုင်သည်။

ယခုတစ်ကြိမ်တွင် အန်လင်း သွားရမည့်နေရာမှာ ကျောက်မျက်တိုင်းပြည်၏ ဟွမ်းချန်မြို့တော် ဖြစ်သည်။ ထိုမြို့တော်သည် အေးချမ်းဆိတ်ငြိမ်သော စုရှမြို့တော်နှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး သွေးမျိုးနွယ်စုနှင့် လူသားစစ်တပ်တို့၏ သွေးသံရဲရဲ တိုက်ခိုက်သတ်ဖြတ်မှုများ အမြဲလိုလို ပြည့်နှက်နေလျက် ရှိသည်။ ကိုးပြည်ထောင်နှင့် အနက်ရောင်စိမ့်တောတို့ကြားတွင် တည်ရှိနေသော ဟွမ်းချန်မြို့တော်အား စစ်မြေပြင်တစ်ခုနှင့်ပင် နှိုင်းယှဉ်နိုင်ပေသည်။

သွေးမျိုးနွယ်စုနှင့် ကိုးပြည်ထောင်ကြား စစ်ပွဲများ ဖြစ်ပွားလာရသည်မှာ သွေးမျိုးနွယ်စုကြောင့်ပင် ဖြစ်သည်။

သွေးမျိုးနွယ်စုသည် လူသားများ၏သွေးကို ဆာလောင်တောင့်တပြီး အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်ပစ်တတ်သောကြောင့် မျိုးနွယ်စု နှစ်ခုကြား ပဋိပက္ခများ ဖြစ်လာရသည်။

လူသားများ၏ မြို့တော်များကိုလည်း သွေးမျိုးနွယ်စုမှ သိမ်းပိုက်ခြယ်လှယ်ပစ်သည်။ လူသားများ၏အမြင်တွင် သွေးမျိုးနွယ်စုမှာ လူရေခြုံထားသော မကောင်းဆိုးဝါးများပင်။

သွေးမျိုးနွယ်စုသည် လူသားများကိုသာ ပစ်မှတ်ထားခြင်း မဟုတ်ပဲ ဉာဏ်ရည်မြင့် သတ္တဝါများအားလုံးကို အမဲလိုက်ကြသည်။

သွေးမျိုးနွယ်စု ကျင့်ကြံသူများသည် သွေးမရှိလျှင် မနေနိုင်သော မိစ္ဆာကောင်များအလား ဉာဏ်ရည်မြင့် သတ္တဝါများ၏သွေးကို စုပ်ယူစားသုံးကြသည်။ ၎င်းတို့သည် အသက်အန္တရာယ်အား ခြိမ်းခြောက်ခံရစေကာမူ သွေးအတွက် တိုက်ပွဲဝင်နေဦးမည်သာ။

စင်စစ်တွင်မူ ထိုက်ချူကုန်းမြေတွင် သွေးမျိုးနွယ်စုများ ရှိနေသေးသည်ကို အန်လင်း အံ့အားသင့်မိသည်။

၎င်းတို့၏ အလွန်ကောင်းမွန်သော အသက်စွမ်းအင်ကြောင့် သတ်ဖြတ်ရန် ခက်ခဲခြင်းလည်း ဖြစ်နိုင်သည်။

နောက်ထပ်အကြောင်းအရင်းတစ်ခုမှာ ၎င်းတို့၏ ပိုင်နက်သည် လွန်စွာညစ်ပေသောကြောင့် ဖြစ်လိမ့်မည်။ အနက်ရောင်စိမ့်တော အတွင်းပိုင်းသို့ ရောက်လာလေလေ ဝါးမြိုခံရနိုင်ခြေ များလေလေပင်။ အနက်ရောင်စိမ့်တော၏ ဗဟိုဒေသတွင် သဘာဝတာအိုသည်ပင် ဝါးမြိုခြင်း ခံရသည်ဟု အဆိုရှိကြသည်။ ထိုနေရာသည် ကြောက်မက်ဖွယ် ကောင်းလွန်းသောကြောင့် တာအိုပေါင်းစည်းခြင်းအဆင့် အစစ်အမှန် နတ်ဘုရားများသည်ပင် ရှောင်ရှားကြသည်။ ထို့ကြောင့်ပင် သွေးမျိုးနွယ်စုမှာ မင်းမဲ့စရိုက်ဆန်စွာ ကြီးစိုးနေကြခြင်း ဖြစ်သည်။

...........

ဟွမ်းချန်မြို့တော်၌

အနက်ရောင်မြေပြင်မှ ထိုးထွက်နေသော မြို့တော်နံရံကြီးမှာ မျက်စိတဆုံး ကြီးမားလွန်းလှသည်။

မြို့နံရံအား အဖြူရောင်ပြဒါးများ သုတ်လိမ်းထားသောကြောင့် နေရောင်အောက်တွင် တောက်ပြောင်နေကာ ကောင်းကင်နှင့်မြေပြင်အား ခြားနားပေးထားသော ရေတံခွန်ကြီးဟုပင် ထင်မှတ်ရပြီး ရင်သက်ရှုမောဖွယ် ဖြစ်နေသည်။

အင်မော်တယ်မန္တာန်များ ရွတ်ဖတ်ထားသော ပြဒါးသည် အားနည်းသော သွေးမျိုးနွယ်စု ကျင့်ကြံသူများအား ဖိနှိပ်နိုင်သည်ဟု ဆိုကြသည်။ ထို့ကြောင့်ပင် မြို့တော်တစ်ခုလုံးသည် အချိန်များစွာ အကုန်ခံကာ မြို့နံရံကြီးအား ပြဒါးသုတ်ထားရခြင်းပင်။

ကောင်းကင်ထက်၌.......

ကြီးမားသော အဖြူရောင်ခွေးကြီးသည် တိမ်လွှာများကြား ပျံသန်းနေပြီး လျှာတစ်လစ်ဖြင့် မြို့တော်တစ်ခုလုံးကို ငေးမောကြည့်ရှုနေသည်။

ရှောင်ချိုးသည်ပင် စိတ်လှုပ်ရှားနေသည်။

"အစ်ကိုကြီးအန်....ဒီမြို့က လွန်ခဲ့တဲ့ နှစ်နှစ်က သင်အန်းမြို့ထက် အများကြီး ပိုမိုက်တယ်နော်။"

"ဒါပေါ့....အဲ့တုန်းက ဦးနှောက်မရှိတဲ့ သန္ဓေပြောင်းသားရဲတွေကိုပဲ တိုက်ခိုက်ခဲ့တာလေ။ ဒီတစ်ခေါက်က အကြံပက်စက်တဲ့ ခြင်တွေကို ချရမှာ။ လုံးဝမတူဘူး။"

"အစ်ကိုကြီးအန်...ဒီမှာ အစ်ကိုကြီးရဲ့ လက်အောက်ငယ်သားတွေ ရှိတယ်မလား။ ကျွန်တော်တို့နဲ့ ဘယ်တော့တွေ့ပေးမှာလဲ.....ဝုတ်။"

တပိုင် ရွှင်မြူးစွာ မေးလိုက်သည်။

"သူတို့ကို ခဏလောက်တော့ ထားထားပေးရဦးမယ်။"

အန်လင်း ရှင်းပြလိုက်သည်။

"ကတ်စီဒီက ကောင်းကင်သွေးစက်ဂိုဏ်းရဲ့ ခေါင်းဆောင်ပဲ။ မာလင်ကတော့ သွေးဝိဉာဉ်ခန်းမရဲ့ ခန်းဆောင်သခင်လေ။ တိုဘိယကတော့ သွေးမျိုးနွယ်စု၊ အံ့ဖွယ်အဖွဲ့ချုပ်ရဲ့ မဟာအကြီးအကဲပေါ့။ သူတို့တစ်ယောက်ချင်းစီက သွေးမျိုးနွယ်စု ကျင့်ကြံသူတွေကြားမှာ နေရာရထားတဲ့သူတွေချည်းပဲ။ မဆင်မခြင် ခေါ်လိုက်ရင် အားလုံးအတွက် အဆင်မပြေ ဖြစ်သွားနိုင်တယ်။ အခြေအနေကိုကြည့်ပြီး လှုပ်ရှားကြတာပေါ့။"

အန်လင်းမှာ ရှင်းလင်းသော အစီအစဉ်အား ချမှတ်ထားပြီးဖြစ်ကာ ဖြည်းဖြည်းနှင့်မှန်မှန် ရှေ့ဆက်သွားရန် ဆုံးဖြတ်ထားသည်။

"အစ်ကိုကြီးအန်.....အစ်ကိုကြီးအန်...."

မြို့နံရံတွင် ရှိနေသော အတန်းဖော်များမှာ အန်လင်းအားတွေ့ကာ နှုတ်ဆက်လာကြသည်။

ပရိသတ် မိန်းကလေးများကြားတွင် ဆံပင်တိုတိုနှင့် မိန်းမငယ်လေးတစ်ဦး၊ ဗလတောင့်တောင့် လူငယ်တစ်ဦးနှင့် စာပေလိုက်စားသော အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။

အန်လင်းမှာ ယခင်နှစ်မှ အဖွဲ့သားများအား တွေ့လိုက်ရသောကြောင့် စိတ်လှုပ်ရှားသွားသည်။

"ဟေး.....လောင်ကျိပင်၊ မုန့်ထျန်း၊ ကျုံးရုံလျန်၊ စွန်းရှန့်လျန်....မတွေ့ရတာ ကြာပြီနော်။"

တပိုင် ဝံ့ကြွားစွာဖြင့် မြို့နံရံပေါ် ဆင်းသက်လိုက်သည်။

မုန့်ထျန်းမှာ တပိုင်ထံ အပြေးရောက်လာသည်။

"တပိုင်....နင်လျစ်လျူရှုတဲ့ အစာသွပ်ပေါက်စီတွေ မစားရတာ ကြာနေပြီ။ နင့်ဆီမှာ နည်းနည်းလောက်ရှိလား။"

"ရှိတာပေါ့။ ပေါက်စီတစ်လုံးကို စိတ်ဝိဉာဉ်ကျောက်တုံး တစ်သောင်းနော်...ဝုတ်။"

မုန့်ထျန်း နှုတ်ခမ်းအား ဖိကိုက်လိုက်သည်။

"တအားကပ်စေးနည်းတာပဲ။"

"အစ်ကိုကြီးအန် အတန်းမတက်တာ ကြာပြီနော်။ ဘာတွေအလုပ်များနေတာလဲ။"

ကျုံးရုံလျန် ယပ်တောင်အားဖြန့်ကာ မေးလိုက်သည်။

အန်လင်း လျှို့ဝှက်စွာပြုံးကာ တုံ့ပြန်သည်။

"ငါဘလား....ကမ္ဘာကြီးကို ဖန်တီးနေရလို့ အလုပ်ရှုပ်နေတာပါကွာ။"

ကမ္ဘာကြီးကို ဖန်တီးတာလား.....

အားလုံး မျက်လုံးအပြူးသားဖြစ်ကာ တိတ်ဆိတ်သွားသည်။

"အစ်ကိုကြီးအန်....ကမ္ဘာကြီးကို ဖန်တီးတယ်ဆိုတာ ဘာကိုပြောချင်တာလဲ။"

လောင်ကျိပင်မှာ စပ်စုလိုစိတ်အား ထိန်းမထားနိုင်တော့ပေ။

သူသည် ထိုစကားအား နားလည်မှု လွဲနေသလို ခံစားရသည်။

"ပြောတဲ့အတိုင်းပဲ....ကမ္ဘာကြီးကို ဖန်တီးနေတာပဲလေ။"

အန်လင်း လေးလေးနက်နက် အဖြေပေးလိုက်သည်။

သူ၏အဖွဲ့သားများမှာ အသက်ရှူသံများ ပြင်းထန်လာပြီး ပါးစပ်အဟောင်းသား ဖြစ်ကုန်သည်။

ကမ္ဘာကြီးကိုတောင် ဖန်တီးနိုင်တာလား.....ယီးပဲဟေ့....သေအောင်မိုက်တယ်ဟ....

အန်လင်း ဆက်ကြွားတော့မည့် အချိန်မှာပင် ကြည်လင်သော စကားသံတစ်ခု ထွက်ပေါ်လာသည်။

"အန်လင်း....နင်က ဒီကိုလာရကောင်းမှန်းတော့ သိသေးတယ်ပေါ့။"

အန်လင်း လှည့်ကြည့်လိုက်သာအခါ အနက်ရောင်ဝတ်စုံ ဆင်မြန်းထားသော လှပတင့်တယ်သည့် မိန်းမငယ်လေးတစ်ဦးကို တွေ့လိုက်ရသည်။

ဆရာကြီးဟန်ပန်များ ချက်ချင်းပင် ပျောက်ကွယ်သွားပြီး ခွေးပေါက်လေးအလား ထိုမိန်းမငယ်လေးထံသွားကာ ပတ်ချွဲနှပ်ချွဲ လုပ်တော့သည်။

"ကောင်းကင်နတ်မိမယ်ရှောင်လန်ကလည်း ကျွန်တော်မျိုးက ဘယ်လိုလုပ် လိုက်မလာပဲ နေရဲပါ့မလဲ။ ကျွန်တော်မျိုး ရှင်းပြပါ့မယ်နော်...နော်။"

ဆရာ့ဆရာကြီး အန်လင်းအား ပိုမိုလေးစားမိလာသော မုန့်ထျန်းတို့မှာလည်း စုရှောင်လန်အနား မရှက်မကြောက် အတင်းကပ်နေသည်ကိုကြည့်ကာ ကြောက်ရွံ့ရိုသေစိတ်များပင် ကွဲကြေသွားရသည်။

"အစ်ကိုကြီးအန်က ပြောင်းလဲသွားပြီပဲ။"

ကျုံးရုံလျန် သက်ပြင်းချမိသည်။

"မယက ဖြစ်သွားပုံရတယ်။"

မုန့်ထျန်း မျက်စောင်းထိုးနေသည်။

လောင်ကျိပင်လည်း ခေါင်းကုတ်နေရလေပြီ။

"အဲ့ဒါဆို ငါတို့ သူ့နောက်လိုက်ကြဦးမှာလား။"

"အရိုးဂေါက်ဂတ်နဲ့ ကုလားအုတ်က မြင်းထက်ကြီးတုန်းပဲတဲ့။"

စွန်းရှန့်လျန် အေးစက်စွာပြောသည်။

"ပြီးတော့ အစ်ကိုကြီးအန်က အရိုးဂေါက်ဂတ်နဲ့ ကုလားအုတ်လို အခြေအနေတော့ မဟုတ်သေးပါဘူး။ ကျောင်းသူရှောင်လန်ရှေ့ရောက်ရင်သာ ပေါတောတော၊ ဂေါက်တောက်တောက် ဖြစ်သွားရုံပါပဲ။"

ဆွေးနွေးမှုများ ပြီးဆုံးသွားပြီးနောက် ၎င်းတို့သည် အန်လင်းနောက်သို့ ဆက်လိုက်ရန်သာ ဆုံးဖြတ်လိုက်ကြသည်။

ပထမနှစ်တွင် ကံကောင်းထောက်မသောကြောင့် အန်လင်းနောက်သို့လိုက်ကာ ဆင်ဖြူတော်မှီ၍ ကြံစုပ်နိုင်ခဲ့ပြီး ခရမ်းကြယ်စင် အပျက်အစီးပုံမှ အမွေအနှစ်များ ဆက်ခံနိုင်ခဲ့ကြသည်။ ယခုတွင်မူ ၎င်းတို့အားလုံး စိတ်ဝိဉာဉ်ပျိုးထောင်ခြင်းအဆင့်သို့ ရောက်ရှိကာ ကျောင်းတော်၏ အင်မော်တယ် အဆင့်သတ်မှတ်ချက်တွင် အယောက်သုံးဆယ်ထဲ ပါဝင်နိုင်နေပြီပင်။

ထိုသည်မှာ ၎င်းတို့၏ ပါရမီကြောင့် ဖြစ်ပါသော်လည်း ယခုကဲ့သို့ လျင်မြန်စွာ တိုးတက်လာရခြင်းမှာ အန်လင်းကြောင့်ဖြစ်ကြောင်း မငြင်းဆိုနိုင်ပေ။

ထို့ကြောင့် ယခုတစ်ကြိမ်တွင်လည်း အစ်ကိုကြီးအန်၏ အမြှီးကိုသာ ခိုစီးရဦးမည်ပင် ဖြစ်တော့သည်။

(စာရေးသူဆီမှာ စာစဥ်၄၇ထိ ရနေပါပြီနော်။ အားပေးချင်တယ်ဆိုရင် Telegramမှာ ယွီရှင်း လို့ရိုက်ရှာလိုက်ပါရှင့်။ ယွီရှင်းChannelမှာ အမြဲအသစ်အသစ်တွေ အားပေးနိုင်ပါတယ်။ Facebookမှာဆိုလည်း ငါလေးကကျင့်ကြံသူအတုလို့သာ ရိုက်ရှာလိုက်ပါ။ တစ်ရက်၂ပိုင်း တင်ပေးတဲ့ gpလည်း ရှိပါတယ်။)

All Chapters