မြင့်မြတ်သောတမာန်တော်ရွေးချယ်ပွဲ
Vol. 45 Ch. 634
အနက်ရောင်စိမ့်တော၏ အလယ်ဗဟို နှလုံးသားနေရာတွင် အန္တရာယ်များကာ ကြမ်းတမ်းခက်ထန်သော ပတ်ဝန်းကျင်နှင့် အလုံးစုံ ကွဲပြားခြားနားနေသော အရပ်ဒေသတစ်ခု ရှိသည်။
ထိုနေရာသည် လူအများ စိတ်ကူးထားသလို ကြောက်မက်ဖွယ် မကောင်းပဲ ချမ်းမြေ့ငြိမ်းချမ်းကာ ကြည်နူးသာယာဖွယ်ကောင်းလှသည်။
အပြာရောင် မိုးသားများပေါ်တွင် ကြိုးကြာဖြူများ ပျော်ရွှင်စွာ မြည်တမ်းနေပြီး အံ့ဖွယ်တောင်တန်းများမှာလည်း ပေတစ်သောင်းကျော် မြင့်မားကာ ကောင်းကင်ဘုံအား လှေကားထိုးထားသည်။ ပတ်ဝန်းကျင်မှာ ဆိတ်ငြိမ်လျက်ရှိပြီး ကဗျာဆန်သော အငွေ့အသက်များက ဝန်းရံလို့နေသည်။ အံ့ဖွယ်တောင်တန်းများကြားတွင် ရှားပါးသော စိတ်ဝိဉာဉ်သားရဲများ နေထိုင်ကြပြီး စိတ်ဝိဉာဉ်ပန်းပင်နှင့် ဆေးပင်အမျိုးမျိုးမှာလည်း ကျယ်ပြောသော မြေပြင်များတွင် လှပစွာ ဖူးပွင့်နေပြီး နွေးထွေးကြည်လင်သော နေရောင်ခြည်အောက်တွင် ရစ်မူးဖွယ် ရောင်စဉ်အမျိုးမျိုး လွင့်ဖြာနေလျက် ရှိသည်။ အံ့ဖွယ်တောင်တန်းများထံမှ ရေတံခွန်များစွာ စီးကျနေသည်မှာ ငွေဖြူရောင် မြွေနဂါးများ ကောင်းကင်ထက်မှ ဆင်းသက်လာနေသလိုပင်။
သက်ရှိစွမ်းအင်များမှာလည်း တောက်ပသော ပိုးသားမျှင်များအလား မျောလွင့်နေပြီး ကောင်းကင်ထက်မှ ရောင်ခြည်နွေးနွေးမှာ မြေပြင်၏ အလှကို ကြွရွနေစေသည်။
ဤနေရာသို့ ရောက်ရှိလာသော မည်သူမဆို အိမ်မက်ဆန်သော မြင်ကွင်းများကြောင့် အံ့အားသင့်နေမိလောက်သည်။ အနက်ရောင်စိမ့်တောကဲ့သို့ ကြမ်းတမ်းခက်ထန်သော အရပ်မျိုးတွင် ယခုကဲ့သို့ ငြိမ်းချမ်းအေးမြသော နေရာတစ်ခု ရှိနေလိမ့်မည်ဟု မည်သူကမှ တွေးထင်ထားနိုင်မည် မဟုတ်ပေ။
................
အမြင့်ဆုံးသော အံ့ဖွယ်တောင်တန်းပေါ်၌....
ထိုတောင်ထိပ်သည် ချွန်မြနေရမည့်အစား နတ်ဓားတစ်လက်ဖြင့် ပိုင်းဖြတ်ခံထားရသလို ဖြစ်နေသည်။ ပေထောင်ချီမျှရှိသော အနီရောင်ရုပ်ထုတစ်ခုကိုလည်း တွေ့မြင်နိုင်ပေသည်။
ထိုရုပ်ထုသည် ကျက်သရေရှိကာ စာပေလေ့လာလိုက်စားသူဟု ထင်မှတ်ရသည်။
၎င်း၏ညာဘက်လက်တွင် စာအုပ်တစ်အုပ်ရှိပြီး ဘယ်ဘက်လက်တွင် အရိုးခေါင်းတစ်ခုကို ဆွဲကိုင်ထားသည်။
ထိုအမျိုးသား၏ အဆင့်အတန်းမှာ ကြောက်မက်ဖွယ်ရာပင်။
သူသည် သွေးမျိုးနွယ်စု၏ ဘိုးဘေးဥသျှောင် သွေးမျိုးနွယ်စုခေါင်းဆောင် ဖြစ်သည်။
လက်ရှိအချိန်တွင် သွေးမျိုးနွယ်စုခေါင်းဆောင်ရုပ်ထုအနီးတွင် ထိတ်လန့်ဖွယ် အရှိန်အဝါများ ဖြာထွက်နေသော ပုဂ္ဂိုလ်ပေါင်း သုံးဆယ့်ခြောက်ဦးတိတိ ရှိနေသည်။
၎င်းတို့သည် ရွှေရောင်ဆံနွယ်နှင့် သွေးနီရောင် မျက်ဝန်းများ ပိုင်ဆိုင်ထားကြပြီး အနီရောင်ဝတ်စုံကိုသာ ဆင်မြန်းထားသည်။ တစ်ဦးချင်းစီ၏ အမူအရာမှာလည်း လေးနက်တည်ကြည်လို့နေသည်။
ဟင်းလင်းပြင်သို့အပြန် အဆင့်ရှိသူများကသာလျှင် ဤအံ့ဖွယ်တောင်တန်းပေါ် တက်ခွင့်ရှိသည်။
တောင်ထိပ်ပေါ်တွင် ကျောက်တုံးကျောက်ဆောင်များစွာရှိပြီး အနက်ရောင်ဝတ်စုံနှင့် သွေးမျိုးနွယ်စု ကျင့်ကြံသူများ ရှိနေကြသည်။ ကောင်းကင်ထက်တွင်လည်း အနက်ရောင်ဝတ်စုံနှင့် သွေးမျိုးနွယ်စု ကျင့်ကြံသူ သောင်းနှင့်ချီကာ ပျံဝဲနေကြလေသည်။
ထိုသွေးမျိုးနွယ်စု ကျင့်ကြံသူများသာ စုစည်းညီညွတ်နေပါက ထိုက်ချူကုန်းမြေပေါ်တွင် ပထမအဆင့် ဂိုဏ်းကြီးအဖြစ် ရပ်တည်နိုင်လောက်သည်။
သွေးမျိုးနွယ်စု၏ အင်အားကြီး ကျင့်ကြံသူများသည် ကြီးကျယ်သောအခမ်းအနားဖြစ်သည့် သွေးမျိုးနွယ်စု၏ မြင့်မြတ်သောတမာန်တော်ရွေးချယ်ပွဲအတွက် ဤနေရာသို့ ရောက်ရှိနေကြခြင်း ဖြစ်သည်။
မြင့်မြတ်သောတမာန်တော်သည် သွေးမျိုးနွယ်စုတွင် အလွန်မြင့်မားသော ရာထူးတစ်ခုဖြစ်ပြီး တာအိုပေါင်းစည်းခြင်းအဆင့်များနှင့်ပင် တန်းတူဆက်ဆံရသည်။ စင်စစ်တွင်မူ မြင့်မြတ်သောတမာန်တော်များ ရရှိသည့် ရင်းမြစ်များမှာ တာအိုပေါင်းစည်းခြင်းအဆင့်များထက်ပင် သာလွန်ပေသည်။
အဘယ့်ကြောင့်ဆိုသော် မြင့်မြတ်သောတမာန်တော်သည် သွေးမျိုးနွယ်စုခေါင်းဆောင်ကိုယ်တိုင် ရွေးချယ်ထားသော ဆက်ခံသူ ဖြစ်သောကြောင့်ပင်။
သွေးမျိုးနွယ်စုခေါင်းဆောင် ရုပ်ထု၏ဘေးတွင် ဧကရာဇ် ရိတန်းရှိနေပြီး ရွေးချယ်ခံမည့်သူ သုံးဆယ့်ခြောက်ဦးအား စူးစမ်းကြည့်ရှုနေသည်။ ၎င်းထံမှ သွေးပင်လယ် တစ်ခုကဲ့သို့ ကျယ်ပြန့်သော အရှိန်အဝါများ ထွက်ပေါ်နေလေသည်။
အားနည်းသော ကျင့်ကြံသူများသာ ဧကရာဇ်ရိတန်းနှင့် အကြည့်ချင်း ဆုံသွားပါက ရူးသွပ်သွားပေလိမ့်မည်။
ထို့ကြောင့် ရွေးချယ်ခံ သုံးဆယ့်ခြောက်ဦးမှလွဲ၍ အခြားသော သွေးမျိုးနွယ်စု ကျင့်ကြံသူများမှာ ဧကရာဇ်ရိတန်းအား မကြည့်ရဲကြပေ။
"မြင့်မြတ်သောတမာန်တော်နေရာကို ဘယ်သူရသွားမယ်ထင်လဲ။"
အနက်ရောင်ဝတ်စုံနှင့် ကျင့်ကြံသူတစ်ဦးမှ မေးလိုက်သည်။
"ဘယ်သူဖြစ်နိုင်မှာလဲ။ ဧကရာဇ်ရိတန်းရဲ့သား လေဒင်ပဲ ဖြစ်မှာပေါ့။"
မိန်းမငယ်တစ်ဦးမှ လျင်မြန်စွာ တုံ့ပြန်ကာ တောင်ထိပ်ပေါ်ရှိ ချောမောခန့်ညားသော လူငယ်လေးအား ငေးမောကြည့်ရှုလိုက်သည်။
"သူက ဟင်းလင်းပြင်သို့အပြန် အထွဋ်အထိပ် အဆင့်ပဲ။ ကြားဖူးတာတော့ အဆင့်အတန်းမြင့်လေ သွေးမျိုးနွယ်စုခေါင်းဆောင်က အဲ့လူရဲ့ သွေးမျိုးဆက်ကို အသိအမှတ် ပြုလေပဲတဲ့။ အဲ့ဒါကြောင့် လေဒင်ကပဲ မြင့်မြတ်သောတမာန်တော် ဖြစ်လာမယ်လို့ထင်တယ်။"
ထိုမိန်းမငယ်လေးအနီးတွင် ရှိနေသော အမျိုးသားမှာ သဘောမတူပေ။
"အဆင့်ချင်းယှဉ်ရင် လေဒင်က ပထမ မဖြစ်နိုင်ဘူး။ အာဒါဆို ဟင်းလင်းပြင်သို့အပြန် အထွဋ်အထိပ် အဆင့်ကိုရောက်တာ ကြာလှပြီ။ ပြီးတော့ သူမက တာအိုသဘောတရားကိုလည်း ရှင်းရှင်းလင်းလင်း နားလည်နေပြီပဲ။ သူမက တာအိုပေါင်းစည်းခြင်း အဆင့်ရောက်ဖို့တောင် ခြေတစ်လှမ်းပဲ လိုတော့တယ်။ သူမက လေဒင်ထက်စာရင် မြင့်မြတ်သောတမာန်တော်ဖြစ်ဖို့ အခွင့်အရေး ရှိတယ်။"
"ဟွန့်....နင်ကဘာသိလို့လဲ။ လေဒင်ရဲ့ သွေးမျိုးဆက်ကမှ ပိုပြီးသန့်စင်တာ။"
"မင်းပြောတော့ အဆင့်အတန်းမြင့်လေ သွေးမျိုးနွယ်စုခေါင်းဆောင်က အသိအမှတ်ပြုလေဆို။ အခုကြ သွေးမျိုးဆက် သန့်စင်တာ ဖြစ်သွားပြန်ပြီလား။"
"ဟုတ်သားပဲ။ မင်းကသူ့သွေးကို မြည်းဖူးလို့လား။"
"ဟမ့်.....ကြည့်ရတာတော့ မြည်းဖူးမယ်ထင်တယ်။"
"ဟားဟားဟား....."
"နင်.... နင်တို့နော်။"
မိန်းမငယ်လေး ဒေါသထွက်သွားရသည်။
ပတ်ဝန်းကျင်မှာ ရယ်မောသံများနှင့် အသက်ဝင်နေလေသည်။
အခြားသော လူအုပ်များကြားတွင်လည်း လေဒင်နှင့် အာဒါအကြောင်းသာ ဆွေးနွေးနေကြသည်။
ကျင့်ကြံရေး၊ အဆင့်အတန်းနှင့် သွေးမျိုးဆက်တို့ အားလုံးတွင် ၎င်းတို့နှစ်ဦးမှာ အခြားသူများထက် ပိုမိုသာလွန်သောကြောင့် ပရိသတ်များ၏ အာရုံစိုက်မှုကို ရရှိထားကြသည်။
ဧကရာဇ်ရိတန်းမှာ သားဖြစ်သူအား တစ်ချက်မျှ လှမ်းကြည့်လိုက်သည်။
ထိုအကြည့်သည် ရိုးရှင်းပါသော်လည်း သူ၏စိတ်ထဲတွင် မျှော်လင့်စောင့်စားမှုများ ရှိနေသည်။ လေဒင်သာ သွေးမျိုးနွယ်စုခေါင်းဆောင်၏ အသိအမှတ်ပြုခြင်းကို ခံရပါက အချိန်တိုအတွင်း ၎င်းတို့နှစ်ဦး၏ အဆင့်အတန်းမှာ တူညီလာမည်ဖြစ်ပြီး သားဖြစ်သူသည် သူ့ထက်ပင် သာလွန်သွားနိုင်သည်။
ထိုအချိန်သို့ရောက်လျှင် ၎င်းတို့သားအဖ၏ အင်အားကို ပေါင်းစည်းကာ သွေးမျိုးနွယ်စုအား ရွှေရောင်ခေတ်ထံ ခေါ်ဆောင်သွားနိုင်လိမ့်မည်။ ၎င်းတို့၏ ဒဏ္ဍာရီလာ အောင်မြင်မှုများမှာလည်း သမိုင်းတွင် ကျန်ရစ်ခဲ့မည် ဖြစ်သည်။
ဧကရာဇ်ရိတန်းမှာ အတွေးနှင့်ပင် စိတ်လှုပ်ရှားနေလေပြီ။
ဒီအချိန်ကို စောင့်နေရတာ တော်တော်ကြာသွားပြီပဲ....
လေဒင်မှာလည်း မရိုးမရွ ဖြစ်နေရသည်။ သူ၏တစ်ဦးတည်းသော ပြိုင်ဘက်သည် ကျင့်ကြံရေးကောင်းသော အာဒါဖြစ်ပြီး မည်သို့ပင်ဆိုစေကာမူ သူ့ထံတွင် ကောင်းမွန်သော ဖခင်တစ်ဦး ရှိသည်။
ဖခင်ဖြစ်သူ၏ သွေးမျိုးဆက်သည် လွန်စွာသန့်စင်သောကြောင့် သူ့ထံတွင်လည်း သွေးမျိုးနွယ်စုခေါင်းဆောင်၏ သွေးမျိုးဆက် အငွေ့အသက်မျှ ပါဝင်သည်။ ထို့ကြောင့် သူ၏သွေးမျိုးဆက်သည်လည်း သန့်စင်သည်ဟု ဆိုနိုင်ကာ သွေးမျိုးနွယ်စုခေါင်းဆောင်နှင့် ဆက်နွယ်မှုပင် ရှိနေသေးသည်။ ထို့ကြောင့် အာဒါထက်ပို၍ အောင်မြင်ရန် အခွင့်အရေး ရှိသည်။
အခြားသော သွေးမျိုးနွယ်စု ရွေးချယ်ခံများအား ထည့်တွက်နေစရာပင် မလိုပေ။
ယနေ့အခမ်းအနားသည် သူ၏အင်အားနှင့် မြင့်မားသော အဆင့်အတန်းအား သွေးမျိုးနွယ်စုများအားလုံး သိရှိအောင် ပြသရန်ပင် ဖြစ်သည်။
သွေးမျိုးနွယ်စု ရွေးချယ်ခံ သုံးဆယ့်ခြောက်ဦးထဲတွင် အန်လင်းနှင့် ရင်းနှီးကျွမ်းဝင်သူ သုံးဦးလည်း ပါဝင်နေသည်။
ထိုသည်မှာ ကတ်စီဒီ၊ မာလင်နှင့် တိုဘိယတို့ပင်။
ကတ်စီဒီသည် ပျင်းရိစွာဖြင့် ကောင်းကင်ကိုသာ ငေးမောကြည့်ရှုနေလျက် ရှိသည်။
ယခင်ကသာဆိုလျှင် လေဒင်အား လေးစားရိုသေစွာ ငေးကြည့်နေလောက်သည်။ လေဒင်သည် သွေးမျိုးနွယ်စု၏ ကြယ်ပွင့်လေးပင် မဟုတ်လော။
ယခုတွင်မူ လေဒင်သည် သခင်၏ သွေးတစ်စက်မျှပင် ဆွဲဆောင်မှု မရှိတော့ပေ။
သူမ၏ စိတ်ထဲတွင် သခင်၏ မြင့်မြတ်သွေးစက်များကသာ နေရာယူထားသည်။
ဟူး.....ဘယ်တော့မှ သခင့်ကို ပြန်တွေ့ရမှာလဲ......
ကတ်စီဒီ၏ လှပသော မျက်နှာလေးမှာ မိန်းမောနေပြီး သွေးနီရောင် မျက်ဝန်းလေးများထဲတွင် မျက်ရည်ပုလဲဥများ ရွှန်းလဲ့လို့နေသည်။ သူမသည် သွေးဆာနေခြင်းသာ ဖြစ်ပါသော်လည်း ကြည့်လိုက်ပါက ချစ်ခြင်းအတွက် လွမ်းဆွတ်တမ်းတနေသယောင် ထင်မှတ်ရလေသည်။
မြင့်မြတ်သောတမာန်တော်ရွေးချယ်ပွဲသည် မဖြစ်မနေ တက်ရောက်ရသော အခမ်းအနား ဖြစ်သောကြောင့်သာ လာခဲ့ရခြင်း ဖြစ်သည်။
မာလင်နှင့် တိုဘိယတို့မှာလည်း မပျော်ရွှင်ကြပေ။ သခင်ဖြစ်သူသည် အနက်ရောင်စိမ့်တောသို့ လာရောက်တော့မည်ဖြစ်ကြောင်း ၎င်းတို့သိရှိထားကြသောကြောင့် သခင်အတွက် အသက်စွန့် တိုက်ခိုက်ကာ မြင့်မြတ်သွေးစက်များကိုသာ လဲလှယ်ချင်နေကြသည်။ ဤနေရာတွင် ရှိနေရသည်မှာ အချိန်ဖြုန်းနေသလိုပင်။
ကောင်းကင်ထက်တွင် ကျယ်လောင်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာသည်။
ဝုန်း....
သွေးနီရောင် လှိုင်းများမှာ ကောင်းကင်တစ်ခုလုံးအား ဖုံးလွှမ်းသွားလေသည်။
သွေးမျိုးနွယ်စု ကျင့်ကြံသူများအားလုံးမှာ မူးနောက်နောက် ဖြစ်သွားသလို ခံစားလိုက်ကြရသည်။
သွေးနီရောင် လှိုင်းများထဲမှ အံ့ဖွယ်တာအိုအလင်းများ ဝန်းရံနေသော တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ထွက်ပေါ်လာကာ ဧကရာဇ်ရိတန်းအား ခေါင်းညိတ်ပြလိုက်သည်။
ဧကရာဇ်ရိတန်း ပြုံးကာခေါင်းညိတ်သည်။
"မြင့်မြတ်သောတမာန်တော်ရွေးချယ်ပွဲ စလိုက်ကြရအောင်။"