အခန်း ၁၃၈
Vol. 14 Ch. 138
အခန်း (၁၃၈) မျက်နှာပန်းလှဖို့ သိပ်အရေးပေးလွန်းတယ်
စုယွမ်က ပြုံး၍ ပြောဆိုလိုက်သည်။
"တိုက်ဆိုင်လိုက်တာ… ငါလည်း အကူအညီတောင်းဖို့ မက်ဆေ့ခ်ျ ပို့ထားတယ်… သူတို့က အရမ်း မြန်မြန် ရောက်လာကြတယ်"
ဤစကားကို ကြားချိန်တွင် ဝမ်ဖူကွေက လှောင်ပြောင်လိုက်ပြီးနောက် ယုံကြည်မှုအပြည့်ဖြင့် ပြောဆိုလိုက်ပေ၏။
"မင်းလား… မင်းက ဘယ်သူ့ကို ခေါ်နိုင်မှာမို့လို့လဲ… ငါ့ဦးလေးက ခေါင်းဆောင် ကွ… သူရောက်လာတာနဲ့ မင်း အထဲဝင်ရမယ့် အလှည့်ပဲ… နားလည်လား"
"မင်းလို ကောင်စုတ်လေးက ဒီမှာ ငါ့ကို ရိုက်ရဲတယ်ပေါ့… မင်းက ဆက်ပြီး မိုက်ရဲသေးတယ်ပေါ့… မင်းလို တောသားတစ်ယောက်က ဘာများလဲ… သခင်လေး ဝမ်ဖြစ်တဲ့ ငါ့ကို မင်းက စိန်ခေါ်နိုင်တယ်လို့ ဘာကများ ထင်သွားစေတာလဲ"
"မင်းလို လူမျိုးက ကိုယ့်ကိုယ်ကိုယ် လူလို့ ခေါ်နေသေးတယ်ပေါ့… မင်းက ဘယ်လို လူမျိုးတွေကိုများ ခေါ်နိုင်မှာမို့လို့လဲ"
"ပြီးတော့ ခင်ဗျားတို့… ခင်ဗျားတို့ အဖိုးကြီး အဖွားကြီးတွေ… ခုနက အရမ်းကို မောက်မာပြီး ဒီတောသားအတွက် ဝင်ပြောပေးနေတာ မဟုတ်ဘူးလား… အခုကျတော့ ဘာဖြစ်သွားပြီလဲ… ဘာလို့ ဘာမှမပြောကြတော့တာလဲ"
"ခင်ဗျားတို့ အဖိုးကြီး အဖွားကြီးတွေ ကြောက်သွားပြီလား… ဒီနေ့ ဘယ်သူမှ ဒီကနေ ထွက်မသွားရဘူး… ဒီတောသားအတွက် ဝင်ပြောပေးရဲမှတော့ ခင်ဗျားတို့လည်း နောက်ဆက်တွဲ ပြဿနာတွေကို ခံစားရမှာပဲ"
"နောက်တစ်ခါ စည်းကမ်းမဲ့တဲ့ စကားတစ်ခုခု ပြောချင်ရင် သခင်လေးဖြစ်တဲ့ ငါနဲ့ တွေ့မတွေ့ သေချာကြည့်ထားတာ ပိုကောင်းမယ်… ကျန်းချန် တစ်မြို့လုံးမှာ သခင်လေး ဝမ်ဖြစ်တဲ့ ငါ့ကို ဘယ်သူက ထိရဲလို့လဲ"
ဝမ်ဖူကွေက ကြီးစိုးလွှမ်းမိုးစွာ ပြောဆိုလိုက်သော်လည်း ဤအချိန်တွင် ၎င်း၏ နာမည်အရင်းကို ပြောခြင်းက အနည်းငယ် မသင့်လျော်ဟု ခံစားရသဖြင့် နာမည်ဝှက်တစ်ခုကို အစားထိုး အသုံးပြုလိုက်လေ၏။
စောင့်ကြည့်နေသူများသည် ဤစကားများကို ကြားလိုက်ရချိန်တွင် စကားပြောရန် အနည်းငယ် ကြောက်ရွံ့သွားကြလေသည်။ သူတို့သည် ဝမ်ဖူကွေအား အလွန်အမင်း သဘောမကျသော်လည်း ၎င်းမှာ တကယ်ပင် တန်ခိုးဩဇာရှိသူ တစ်ဦးဖြစ်ရာ ၎င်းကို စော်ကားရန် မတတ်နိုင်ကြချေ။
သေချာပေါက် သူတို့သည် အဆိုးရွားဆုံး အခြေအနေတွင် မရှိကြပေ။ တကယ်တမ်း ကံဆိုးမှုအကြောင်း ပြောရမည်ဆိုပါက ဤလူငယ်လေးသည် သေချာပေါက် အကျဉ်းထောင်ထဲသို့ ရောက်သွားရမည် ဖြစ်ချေ၏။
ထိုပါးရိုက်ချက် နှစ်ချက်တည်းနှင့်ပင် ကိုယ်ထိလက်ရောက် ကျူးလွန်မှုအဖြစ် သတ်မှတ်ရန် လုံလောက်နေပြီ ဖြစ်သည်။ ထို့အပြင် ထိုလူ၏ ဦးလေးမှာ အဖွဲ့ခေါင်းဆောင် ဖြစ်ပေရာ အကယ်၍ သူရောက်ရှိလာပါက လူငယ်လေးအား ချက်ချင်း ဖမ်းဆီးခေါ်ဆောင်သွားမည် ဖြစ်ပေ၏။
အကယ်၍ သူ့အား အမြန်ထွက်သွားရန် ပြောခဲ့စဉ်က ထွက်သွားပါက မည်သည့်အရာမျှ ဖြစ်လာမည် မဟုတ်သဖြင့် ဤသည်မှာ သူကိုယ်တိုင် ဖန်တီးခဲ့သော ပြဿနာပင် ဖြစ်ချေသည်။
သို့သော် ဤလူငယ်လေးသည် သွေးဆူလွယ်ပြီး လူအုပ်ကြီးရှေ့တွင် မျက်နှာအပျက်မခံလိုသဖြင့် အလျှော့မပေးဘဲ ပါးနပ်မှုကင်းမဲ့စွာ ပြုမူခဲ့ရာ နောက်ဆုံးတွင် ပြဿနာများဆီသို့ ဦးတည်သွားစေခဲ့လေပြီ။
"သခင်လေး ကို ကျွန်တော် ကာကွယ်ပေးမယ်"
ရုတ်တရက် ထွက်ပေါ်လာသော အသံတစ်ခုက ထိုနေရာတွင် ရှိနေသူအားလုံးကို လန့်ဖြတ်သွားစေခဲ့သည်။ ဝမ်ဖူကွေသည် သူ သတိမထားမိလိုက်ဘဲ အရှေ့သို့ ရောက်ရှိလာသော အကန်းကြီးအား ရွံရှာဖွယ် အကြည့်ဖြင့် ကြည့်လိုက်ပေ၏။
"သခင်လေး… စိတ်ချပါ… ကျွန်တော် ဒီမှာ ရှိနေသရွေ့ ဒီလူတွေက သခင်လေးကို လက်တစ်ဖျားလေးတောင် ထိခွင့်မပြုဘူး"
အကန်းကြီး၏ ကြွက်သားများ တောင့်တင်းနေပြီး ၎င်း၏ မျက်လုံးများထဲတွင် ခိုင်မာသော ဆုံးဖြတ်ချက်များ ပြည့်နှက်နေလေသည်။
အမှန်တကယ်တော့ ၎င်းသည် သတိလစ်သွားသယောင် ဟန်ဆောင်နေခဲ့ပြီး အိပ်ပျော်လုနီးပါး ဖြစ်သွားခဲ့ခြင်းပင်။ ဝမ်ဖူကွေက အကူအညီတောင်းရန် ဖုန်းခေါ်ဆိုနေသည်ကို ၎င်း ကြားလိုက်ရသည်။ ၎င်း အတည်ပြုပြီးနောက် ချက်ချင်းထကာ ဟန်ဆောင်ပန်ဆောင် ပြုမူနေခြင်းသာ ဖြစ်ချေ၏။
"ဟုတ်တယ် အကန်းကြီး… ဒီနှစ်ယောက်ကို ရိုက်ပစ်လိုက်… မဟုတ်ရင် သူတို့ ထွက်ပြေးသွားလိမ့်မယ်"
ဝမ်ဖူကွေက စုယွမ်အား လက်ညှိုးထိုးကာ ပြောဆိုလိုက်သည်။
"ပြဿနာမရှိဘူး… ငါက သတိလက်လွတ်ဖြစ်သွားပြီး မရှောင်လိုက်နိုင်တာ… အခု ဘာပြောပြော အလကားပဲ… မင်းတို့နှစ်ယောက်စလုံးကို သတ်ပစ်မယ်"
အကန်းကြီးက ကြမ်းတမ်းစွာ ပြောဆိုလိုက်သော်လည်း ၎င်း၏ လက်များကမူ လှုပ်ရှားခြင်း မရှိခဲ့ချေ။
"ဒီမှာ ဘယ်သူ ပြဿနာရှာနေတာလဲ ဆိုတာ ကြည့်လိုက်ရအောင်"
ထိုအချိန်မှာပင် ယူနီဖောင်းဝတ် ရဲအရာရှိ အနည်းငယ် အလျင်အမြန် ဝင်ရောက်လာကြပြီး ခေါင်းဆောင်ဖြစ်သူသည် တည်ကြည်လေးနက်သော အမူအရာဖြင့် လျှောက်ဝင်လာခဲ့လေ၏။
စောင့်ကြည့်နေသူများသည် ထိုအမျိုးသားကို ချက်ချင်း မှတ်မိသွားကြပေသည်။ သူကား ဝမ်ဖူကွေ ပြောဆိုခဲ့သော ခေါင်းဆောင် ဦးလေးပင် ဖြစ်ချေ၏။
"စုယွမ်လို့ ခေါ်တဲ့ လူငယ်လေးတော့ အခု လုံးဝ ပြီးသွားပြီပဲ"
အဖွဲ့ခေါင်းဆောင်ဝမ်သည် စုယွမ်ဘက်သို့ တည်ကြည်လေးနက်စွာ ကြည့်လိုက်ရာ သူ့ကို ချက်ချင်း မြင်တွေ့သွားခဲ့သည်။ ဝမ်ဖူကွေမှာမူ သူ့ကို ကျောပေးထားသဖြင့် အစပိုင်းတွင် သတိမထားမိခဲ့ချေ။
စုယွမ်ကို မြင်လိုက်ရချိန်တွင် အဖွဲ့ခေါင်းဆောင်ဝမ်သည် ကြီးစိုးလွှမ်းမိုးသော ဟန်ပန်ဖြင့် အနားသို့ တိုးသွားခဲ့ပြီး သူ၏ လက်သည် အိတ်ကပ်ထဲတွင် တစ်စုံတစ်ရာကို ရှာဖွေနေပုံရပေ၏။
ဤလုပ်ရပ်က လူတိုင်းကို လန့်ဖြတ်သွားစေခဲ့သည်။ သူတို့သည် ဤလူငယ်လေးအား လက်ထိပ်ခတ်တော့မည်ဟု ထင်မှတ်နေကြလေသည်။
ဤသည်မှာ အလွန် ကြေကွဲဖွယ် ကောင်းလှပေသည်။ တစ်ခဏတာ ရဲတင်းမှုကြောင့် ဤကဲ့သို့သော စိတ်ဆင်းရဲဖွယ် အခြေအနေမျိုးသို့ ရောက်ရှိသွားခဲ့ရလေပြီ။
ဤအရာက မိမိတွင် အရည်အချင်း မရှိပါက အကြံဉာဏ်များကို နားထောင်သင့်ပြီး မဟုတ်ဘဲနှင့် ဟန်မဆောင်သင့်ကြောင်း ပြသနေပေ၏။
စုယွမ်အား ဤခမ်းနားကြီးကျယ်သော အမျိုးသားက လက်ထိပ်ခတ်မည်ကို စောင့်ကြည့်ရန် လူတိုင်း ပြင်ဆင်နေကြစဉ် ကပ္ပတိန်၏ တည်ကြည်လေးနက်သော မျက်နှာအမူအရာမှာ ပျောက်ကွယ်သွားပြီး အပြုံးတစ်ခုဖြင့် အစားထိုးသွားသည်ကို အံ့အားသင့်စွာ တွေ့ရှိလိုက်ရတော့သည်။
"ဟမ်… ဘာတွေ ဖြစ်နေတာလဲ… ပြုံးပြီးတော့ လူဖမ်းတာမျိုး ငါ တစ်ခါမှ မမြင်ဖူးဘူး"
အသက်ကြီးပိုင်း အမျိုးသမီးက နားမလည်နိုင်စွာဖြင့် မေးမြန်းလိုက်၏။
"မင်းက နားမလည်ပါဘူး… ဒါကို ပျော်ပျော်ရွှင် ဥပဒေစိုးမိုးရေး လုပ်တယ်လို့ ခေါ်တာလေ"
အသက်ကြီးပိုင်း အမျိုးသားသည်လည်း နားမလည်နိုင်ဖြစ်နေသော်လည်း ဤရှင်းပြချက်ကို ပေးလိုက်လေသည်။
သို့သော် နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့သောအရာက သူတို့ကို အနည်းငယ် တွေဝေသွားစေခဲ့ပေ၏။
အဖွဲ့ခေါင်းဆောင်ဝမ်သည် အိတ်ကပ်ထဲမှ သကြားလုံးတစ်လုံးကို ထုတ်ယူကာ စုယွမ်ထံသို့ တိုက်ရိုက် ကမ်းပေးလိုက်လေသည်။
လူတိုင်းသည် လုံးဝ ဆွံ့အသွားခဲ့ကြပြီး သူတို့၏ မျက်လုံးများထဲတွင် နားမလည်နိုင်မှုများ ပြည့်နှက်နေတော့၏။
"ဒါက ဘာအဓိပ္ပာယ်လဲ… မဖမ်းခင် သကြားလုံး အရင်ဝေပေးတာလား"
အမျိုးသမီးသည် မေးခွန်းများ ပြည့်နှက်နေခဲ့ပေသည်။
"ဒါက… အချိုတည်းပြီး ဥပဒေစိုးမိုးရေး လုပ်တဲ့ ပုံစံသစ်လို့ ခေါ်နိုင်မလားပဲ"
အသက်ကြီးပိုင်း အမျိုးသားက ထပ်မံ ရှင်းပြရန် ကြိုးစားလိုက်၏။ အဓိကအားဖြင့် သူသည် ဤကဲ့သို့သော အခြေအနေမျိုးကို တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးသဖြင့် ဘာမှန်းမသိသောကြောင့်ပင် ဖြစ်ချေသည်။
"ညီလေး စု… ဒီမှာ ပြဿနာတစ်ခုခု ရှိနေတယ်လို့ မင်း ပြောထားတာ မဟုတ်ဘူးလား… ငါကတော့ ပြာပြာသလဲနဲ့ ပြေးလာခဲ့ရတာ၊ မင်းကတော့ ဘာမှ ဆုံးရှုံးသွားပုံ မရပါလား"
"မင်း ပြောတဲ့ ပြဿနာရှာတဲ့လူက ဘယ်မှာလဲ"
အဖွဲ့ခေါင်းဆောင်ဝမ်က နားမလည်နိုင်စွာဖြင့် မေးမြန်းလိုက်သည်။ သူသည် စုယွမ်နှင့် သူ၏တူ ဖြစ်သူ လူနှစ်ဦးထံမှ အကြောင်းကြားစာ ရရှိထားခဲ့ခြင်း ဖြစ်ပေ၏။
အဖွဲ့ခေါင်းဆောင်ဝမ်သည် သူ၏တူဖြစ်သူ ပြောနေသည့်စကားများကိုပင် နားမထောင်တော့ဘဲ စုယွမ်၏ နံဘေးသို့ အလျင်အမြန် ပြေးသွားခဲ့လေသည်။
"အဖွဲ့ခေါင်းဆောင်ဝမ်… အဲ့ဒီလူပဲ… သူ့မှာ ခေါင်းဆောင်ဦးလေး တစ်ယောက်ရှိတယ်တဲ့… ခင်ဗျားက သူ့ကို ရင်ဆိုင်ရဲလား မရဲဘူးလား ဆိုတာတော့ ကျွန်တော် မသိဘူး"
စုယွမ်က သကြားလုံးကို ယူရင်း ပြုံးကာ ပြောဆိုလိုက်၏။
"ဟွန်း… လူမြင်ကွင်းမှာ ပြဿနာရှာတဲ့ ဘယ်သူ့ကိုမဆို ငါက မရင်ဆိုင်ရဲစရာ မရှိဘူး"
အဖွဲ့ခေါင်းဆောင်ဝမ်က တည်ကြည်လေးနက်စွာ ပြောဆိုလိုက်ပြီးနောက် ပတ်ဝန်းကျင်ကို လှည့်ကြည့်ကာ ကြမ်းတမ်းသော ရုပ်ရည်ရှိသည့် အကန်းကြီးထံသို့ သူ၏ အကြည့်များကို ရပ်တန့်လိုက်လေသည်။