အခန်း ၁၃၉
Vol. 14 Ch. 139
အခန်း (၁၃၉) ထောင်ထဲဝင်ဖို့သာ စောင့်နေလိုက်တော့
ပတ်ဝန်းကျင်ရှိ သက်ကြီးရွယ်အိုများသည် အဖွဲ့ခေါင်းဆောင်ဝမ်က စုယွမ်နှင့် အလွန်ရင်းနှီးနေသည်ကို မြင်လိုက်ရချိန်တွင် အံ့ဩသွားကြလေ၏။ သူတို့သည် အချင်းချင်း အကဲခတ်ကြည့်ရှုလိုက်ကြပြီး သူတို့၏ မျက်လုံးများထဲတွင် အံ့အားသင့်မှုများ ပြည့်နှက်နေပေသည်။
"ဘုရားရေ… ငါကပဲ လူပြက်ကြီး ဖြစ်နေခဲ့တာလား… ငါက သူတို့ကို ထွက်ပြေးဖို့ ပြောနေခဲ့ပေမဲ့ တကယ်တမ်းကျတော့ ရန်မိသားစုက ထွက်သွားဖို့ ဆန္ဒ လုံးဝ မရှိခဲ့ကြတာပဲ…"
"လက်ရှိအခြေအနေအရ ကြည့်ရတာ သူတို့နောက်ကွယ်မှာ သြဇာကြီးတဲ့ ကျောထောက်နောက်ခံတွေ ရှိနေတာပဲ… ဒီကောင်လေးနဲ့ ဟိုသခင်လေးဝမ်ဆိုတဲ့ကောင်ရဲ့ ခေါင်းဆောင်ဆို ဦးလေးပဲ … ဘယ်သူက ပိုအင်အားကြီးမလဲဆိုတာတော့ မသိသေးဘူး…"
"မင်းက ပြဿနာရှာနေတဲ့သူ မဟုတ်လား…"
အဖွဲ့ခေါင်းဆောင်ဝမ်က အကန်းကြီးအား တင်းမာသော အသံဖြင့် ပြောလိုက်၏။
ဤစကားကို ကြားလိုက်ရချိန်တွင် အဖွဲ့ခေါင်းဆောင်ဝမ်၏ ဩဇာတိက္ကမကြီးမားသော မျက်နှာကို မြင်လိုက်ရသဖြင့် အကန်းကြီး သည် ချက်ချင်းပင် ထိတ်လန့်သွားချေပြီ။ သူက သခင်လေးဝမ်ရှေ့တွင် အထင်ပေါ်ခံကာ မျက်နှာလိုမျက်နှာရ လုပ်ချင်ရုံသာ ဖြစ်သော်လည်း ယခုအခြေအနေမှာ အလွန်အမင်း ကြီးလေးသွားပုံပေါ်နေပေ၏။
အဖမ်းခံရမည်ဆိုသော အတွေးကြောင့် အကန်းကြီးသည် ယပ်တောင်တစ်ခုနှယ် လက်ကို အဆက်မပြတ် ဝှေ့ယမ်းကာ ကပျာကယာ ရှင်းပြလေသည်။
"ကျွန်တော် မဟုတ်ပါဘူး… ကျွန်တော် မဟုတ်ပါဘူး… ကျွန်တော် ဘာမှမလုပ်ခဲ့ပါဘူး… အထက်က အမိန့်ပေးတဲ့အတိုင်း လုပ်ခဲ့ရတာပါ… ကျွန်တော်က အလွန်ဆုံး ကြံရာပါလောက်ပဲ ရှိတာပါ… တကယ် ဘာမှမလုပ်ခဲ့ရပါဘူး…"
အကန်းကြီးသည် အရှုံးပေးလိုက်ချိန်တွင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ရုတ်တရက် ခံစားလိုက်ရ၏။ သခင်လေးဝမ်တွင်လည်း ခေါင်းဆောင်ဦးလေးတစ်ယောက် ရှိနေသည် မဟုတ်လော။
သခင်လေးဝမ်၏ သက်တော်စောင့်ဖြစ်သည့်အတွက် ထိုခေါင်းဆောင်ထံမှ အကာအကွယ်ကို သဘာဝကျစွာ ရရှိမည်သာ ဖြစ်ပေသည်။ အကယ်၍ သူသာ ဤမျှ အလွယ်တကူ နောက်ဆုတ်သွားမည်ဆိုပါက သူ့တွင် ကျောထောက်နောက်ခံ မရှိကြောင်း ရှင်းလင်းစွာ ပြသရာရောက်သွားမည်ဖြစ်ပြီး ဤလူများက သူ့ကို အထင်သေးကာ မျက်နှာပျက်ရပေလိမ့်မည်။
သခင်လေးဝမ်၏ လက်အောက်တွင် အလုပ်လုပ်ရာ၌ မျက်နှာပျက်ရခြင်းသည် အဆိုးရွားဆုံးအရာ ဖြစ်ပေ၏။
မျက်နှာပျက်သွားသည်နှင့် သခင်လေးဝမ်၏ အပြစ်ပေးခြင်းကို မလွဲမသွေ ခံရမည် ဖြစ်သည်။
ဤအရာကို တွေးမိချိန်တွင် သူသည် ဤမျှ သတ္တိကြောင်သူတစ်ယောက် မဖြစ်သင့်ကြောင်း အကန်းကြီး သဘောပေါက်သွားချေပြီ။
အဖွဲ့ခေါင်းဆောင်ဝမ်က ဤလူသည် အန္တရာယ်ရှိပုံပေါ်သော်လည်း တကယ်တမ်းတွင် အတော်လေး သတ္တိကြောင်ကြောင်း မြင်လိုက်ရသဖြင့် အကြွားအဝါပြောနေခြင်းသာဖြစ်ပြီး နောက်ကွယ်မှ ကြိုးကိုင်သူမဟုတ်ဟု ယူဆလိုက်သည်။ ထို့ကြောင့် သူက ပြောလိုက်၏။
"မင်းပြောတာလည်း ယုတ္တိရှိပါတယ်… မင်းရဲ့ပုံစံကို ကြည့်ရတာ ပြဿနာရှာရဲတဲ့သူမျိုး မဟုတ်ပါဘူး… နောက်ကွယ်က ညွှန်ကြားချက်သာ မရှိဘူးဆိုရင် မင်းမှာ သတ္တိရှိမှာ မဟုတ်ဘူး… ဒီတစ်ခါတော့ မင်းကို ဖမ်းမသွားတော့ဘူး…"
အဖွဲ့ခေါင်းဆောင်ဝမ်သည် စကားပြောဆိုပြီးနောက် နောက်ကွယ်မှ ကြိုးကိုင်သူ၏ အမည်ကို မေးမြန်းရန် ပြင်လိုက်သော်လည်း သူ စကားမဆုံးမီမှာပင် သူ၏ရှေ့ရှိ အကန်းကြီးက ဝင်ပြောလိုက်လေသည်။
"ဟမ်… တကယ်လို့ မင်းမှာ သတ္တိရှိရင် လာဖမ်းကြည့်လိုက်လေ…"
စောစောက သတ္တိကြောင်နေသော အမူအရာများ ပျောက်ကွယ်သွားပြီးနောက် အကန်းကြီးသည် လွန်စွာ မောက်မာသော သူတစ်ဦးအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားတော့၏။
သူသည် ခါးထောက်ကာ လူများကို အထက်စီးမှ ကြည့်နေပြီး အဖွဲ့ခေါင်းဆောင်ဝမ်ကို လုံးဝ ဂရုမစိုက်ကြောင်း သိသာထင်ရှားနေပေသည်။
ဤပုံမှန်မဟုတ်သော အခြေအနေကြောင့် ထိုနေရာရှိ လူအားလုံး လုံးဝ တွေဝေသွားကြရသည်။
စောစောကမှ နောက်ဆုတ်ပြီး သတ္တိကြောင်နေပုံပေါ်ခဲ့သော်လည်း ယခု ရုတ်တရက်ကြီး အဘယ်ကြောင့် ခက်ထန်သွားရသနည်း။
"ဒီကောင် ဘာဖြစ်သွားတာလဲ… သရဲပူးသွားတာလား…"
အကန်းကြီးသည် လူအုပ်ကြီးထံမှ သံသယဖြစ်ဖွယ် အကြည့်များကို သတိပြုမိသွားပြီးနောက် အဖွဲ့ခေါင်းဆောင်ဝမ်ကို တည့်တည့်စိုက်ကြည့်ကာ မောက်မာစွာ ပြောလိုက်၏။
"မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ… ငါ့ကို ဖမ်းနိုင်မယ် ထင်နေတာလား… မင်းမှာ အဲဒီလောက် အရည်အချင်းရော ရှိလို့လား…"
"ဟားဟား… ပွင့်ပွင့်လင်းလင်း ပြောရရင် မင်းက ငါ့ကို ရန်စဖို့ မတတ်နိုင်ပါဘူး… ငါ့နောက်ကွယ်က လူတွေက မင်း ရန်စနိုင်တဲ့လူတွေ မဟုတ်ဘူး…"
"ငါ မင်းကို အခွင့်အရေး တစ်ခုပေးမယ်… မင်းနောက်က ခွေးကောင်နှစ်ကောင်ကို ဖမ်းလိုက်… ဒါဆိုရင် ငါ ဘာပြဿနာမှ မရှာတော့ဘူး… အဲဒီလိုမှ မဟုတ်ရင်တော့… ဟားဟား…"
အကန်းကြီး၏ မျက်နှာအမူအရာသည် နောက်ပြောင်နေပြီး မောက်မာနေပေ၏။ ဤလူသည် အသံကျယ်လောင်လှသော ကပ္ပတိန်ဖြစ်သူ သခင်လေးဝမ်အား ရန်စရဲလိမ့်မည်ဟု သူ လုံးဝ မယုံကြည်ပေ။
အဖွဲ့ခေါင်းဆောင်ဝမ် လုံးဝ ဆွံ့အသွားရလေသည်။ ဤလူက သူ၏ရှေ့တွင် ဤကဲ့သို့သော စကားမျိုး ပြောဆိုလာလိမ့်မည်ဟု သူ တစ်ကြိမ်တစ်ခါမျှ မမျှော်လင့်ထားခဲ့ချေ။ ဤသည်မှာ သူ၏ ဩဇာအာဏာကို ခြေဖဝါးအောက်တွင် နင်းချေခံလိုက်ရသည့်အလားပင်။
ဤသည်မှာ ပေါ်တင် ရန်စလိုက်ခြင်းဖြစ်ပြီး အဖွဲ့ခေါင်းဆောင်ဝမ်နှင့် သူ၏အဖွဲ့အား အလွန်အမင်း ဒေါသထွက်စေခဲ့သည်။
"မင်းက အဲဒီလောက်တောင် ယုံကြည်မှု ရှိနေမှတော့… မင်းရဲ့ ယုံကြည်မှုက ဘယ်ကလာသလဲဆိုတာကိုရော ပြောရဲလား…"
အဖွဲ့ခေါင်းဆောင်ဝမ်က လေးနက်စွာ ပြောလိုက်၏။
"ဟမ်… ငါ ပြောလိုက်ရင် မင်းကို လန့်သေသွားစေမလားလို့တောင် စိုးရိမ်မိတယ်… ငါ့နောက်ကွယ်က လူတွေက မင်းလို အဆင့်နိမ့် ရဲအရာရှိလေးတစ်ယောက် ရန်စနိုင်တဲ့သူတွေ မဟုတ်ဘူး…"
"တကယ်လို့ မင်း အခု ငါပြောတဲ့အတိုင်း မလုပ်ဘူးဆိုရင် မင်းက ငါ့နောက်ကွယ်က လူတွေကို စော်ကားနေတာပဲ…"
"မင်းရဲ့ အသက်အရွယ်အရဆိုရင် ငါ့နောက်မှာ ရပ်နေတဲ့ ကပ္ပတိန်က မင်းရဲ့ အထက်လူကြီး ဖြစ်ရမယ်…"
"ငါ မင်းကို မေးမယ်… မင်း ကြောက်လား… မကြောက်ဘူးလား…"
အကန်းကြီးသည် ပတ်ဝန်းကျင်ရှိ လူများ၏ အကြည့်များကို လျစ်လျူရှုကာ သူ၏စကားကိုသာ ဆက်လက်ပြောဆိုနေလေသည်။
"ငါ့ရဲ့ တိုက်ရိုက် အထက်လူကြီး…"
အဖွဲ့ခေါင်းဆောင်ဝမ်က ရေရွတ်လိုက်သည်။ သူသည် ဒုတိယညွှန်ကြားရေးမှူးအဖြစ် တရားဝင် လျာထားခြင်း ခံထားရသူ ဖြစ်၏။ ဌာနတစ်ခုလုံးတွင် တာဝန်မထမ်းဆောင်ရသေးသူ တစ်ဦးတည်းသောသူမှာ သူ၏ အထက်လူကြီးသာ ဖြစ်သည်။
တစ်စုံတစ်ယောက်သော အဖွဲ့ခေါင်းဆောင်သည် သူ၏ အထက်လူကြီး ဖြစ်နေသည်ဟု ဤလူက မေးနေခြင်းလော။
"မင်းရဲ့ နာမည်ကို ပြောလိုက်ပါလား… ငါ ကြောက်မကြောက် ကြည့်ရသေးတာပေါ့…"
အဖွဲ့ခေါင်းဆောင်ဝမ်က ပြောလိုက်ပေသည်။
"ဟမ်… မင်းလို အဘိုးကြီးက တော်တော်လေး ခေါင်းမာတာပဲ…"
"အခေါင်းမမြင်သရွေ့ မျက်ရည်မကျဘူးဆိုတဲ့ အမျိုးပဲ…"
"ကောင်းပြီလေ… ဒါဆိုလည်း မင်းကို ရှင်းရှင်းလင်းလင်း ပြောပြလိုက်မယ်…"
"ကျန်းချန်မြို့က ဝမ်မိသားစုအကြောင်းကို မင်း သိလား…"
"ငါက ကျန်းချန်မြို့က ဝမ်မိသားစုရဲ့ သခင်လေးဝမ်ရဲ့ သက်တော်စောင့် အကန်းကြီးပဲ…"
"ငါ့ရဲ့ သခင်လေးဝမ်ရဲ့ ဦးလေးက မင်းတို့ ရဲစခန်းရဲ့ ခေါင်းဆောင်ဆိုတာ မင်းသိလား… ခေါင်းဆောင်ဆိုတာ မင်းလို သာမန်ရဲသားတစ်ယောက်နဲ့ ယှဉ်လို့ရတဲ့ ရာထူးမျိုး မဟုတ်ဘူးဆိုတာ မင်းသိလား…"
"အခုချက်ချင်း ငါ့ကို တောင်းပန်ပြီး ဒီကောင်နှစ်ကောင်ကို ချက်ချင်း ဖမ်းလိုက်… အဲဒီလိုမှ မဟုတ်ရင် ငါ့ရဲ့ အာဏာကို အသုံးပြုရလိမ့်မယ်…"
အကန်းကြီးက ဆက်လက် အမိန့်ပေးနေလေ၏။ယ
"မင်းမှာ ဘယ်လိုအာဏာမျိုး ရှိနေလဲ… ပြီးတော့ မင်းရဲ့ကားနောက်မှာ ဘယ်သူ ရပ်နေလဲဆိုတာ ငါ ကြည့်ချင်သေးတယ်…"
"မင်းတို့တွေ… ဥပဒေစိုးမိုးရေးကို ဆန့်ကျင်နေတဲ့ ဒီလူကို လက်ထိပ်ခတ်လိုက်ကြ…"
အဖွဲ့ခေါင်းဆောင်ဝမ်က ချက်ချင်း အမိန့်ပေးလိုက်သည်။
ခြိမ်းခြောက်နေသော ရဲအရာရှိများ ချဉ်းကပ်လာသည်ကို မြင်လိုက်ရချိန်တွင် အကန်းကြီးသည် အန္တရာယ်ကျရောက်နေပြီဟု ချက်ချင်း ခံစားလိုက်ရပြီး ရှေ့သို့ တိုးလာသော အဖွဲ့ကို ဘယ်ဝိုက်လက်သီးနှင့် ညာခြေကန်ချက်ဖြင့် တိုက်ခိုက်လိုက်တော့၏။
သို့သော် အကန်းကြီး၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အလွန်အားနည်းလှသဖြင့် နောက်တစ်စက္ကန့်မှာပင် ဖမ်းဆီးချုပ်နှောင်ခြင်း ခံလိုက်ရပေသည်။ သူက အကြိမ်အနည်းငယ် ရုန်းကန်ခဲ့သော်လည်း လွတ်မြောက်နိုင်ခြင်း မရှိခဲ့ချေ။
အကန်းကြီးသည် အလွန်အမင်း ထိတ်လန့်သွားကာ ကပျာကယာ အော်ဟစ်လိုက်လေသည်။
"မင်းတို့က ဘယ်လိုတောင် ရဲတင်းရတာလဲ…"
"သခင်လေးဝမ်… ကျေးဇူးပြုပြီး ကြွလာခဲ့ပါဦး…"
အကန်းကြီးသည် သူ၏ အနောက်ဘက်သို့ ယုံကြည်မှုအပြည့်ဖြင့် ကြည့်လိုက်၏။ ဝမ်ဖူကွေ့သည် တစ်ကိုယ်လုံးကို ဖုံးကွယ်ထားပြီး သူ၏မျက်နှာကို လက်များဖြင့် ကာကွယ်ကာ အသံတစ်သံမျှပင် မထွက်ရဲချေ။ သူသည် မည်သူ့ကိုမျှ သူ၏မျက်နှာအား မမြင်စေချင်သည့်အလား ခေါင်းကို အခြားတစ်ဖက်သို့ လှည့်ထားပေသည်။
"သခင်လေး… မြန်မြန် လှုပ်ရှားလိုက်ပါတော့… ဒီလူတွေက တော်တော် အကြောင်းမသင့်ဘူး… သခင်လေးကို စော်ကားနေသလိုပဲ… သူတို့က သခင်လေးရဲ့ ဦးလေးကို လုံးဝ အရှက်ခွဲနေတာပဲ…"
"မြန်မြန် ဖုန်းဆက်ပြီး သူ့ကို အမြန်လာဖို့ ပြောလိုက်ပါ… အဲဒီလိုမှ မဟုတ်ဘဲ သခင်လေးရဲ့ ဦးလေးသာ နောက်ကျသွားရင် ကိစ္စတွေ ရှုပ်ကုန်လိမ့်မယ်…"
အခြေအနေကို နားမလည်သေးသော အကန်းကြီးက ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။
အားလုံး၏ အံ့ဩသွားစေသည့်အရာမှာ သခင်လေးဝမ်သည် လုံးဝ လှုပ်ရှားခြင်း မရှိသည့်အပြင် သူ၏ ဖုံးကွယ်ထားသော မျက်နှာကို အနောက်ဘက်သို့ပင် လှည့်သွားခဲ့ခြင်း ဖြစ်ပေ၏။
အကန်းကြီးသည် အလွန်အမင်း ထိတ်လန့်သွားရသည်။ အမြဲတစေ ပုံရိပ်ကို ဂရုစိုက်တတ်သော သခင်လေးဝမ်က မည်သည့်အရာကို လုပ်ဆောင်နေကြောင်း သူ နားမလည်နိုင်ခဲ့ချေ။ အဘယ်ကြောင့် ဤမျှ တုံ့ဆိုင်းနေရသနည်း။ ဖုန်းတစ်ခေါ် ဆက်လိုက်ရုံဖြင့် အရာအားလုံး ပြေလည်သွားမည် မဟုတ်လော။
"အိုး… သခင်လေး… မြန်မြန်လုပ်ပါ…"
အကန်းကြီးက တိုက်တွန်းလိုက်သည်။
ပတ်ဝန်းကျင်ရှိ လူများသည်လည်း တွေဝေသွားကြ၏။ သခင်လေးဝမ်၏ စရိုက်အရဆိုလျှင် ဤမျှ တိတ်ဆိတ်နေမည် မဟုတ်ချေ။
တိတ်ဆိတ်ခြင်းသည် ရွှေဖြစ်သော်လည်း ရွှေများလွန်းနေခြင်းကလည်း ကောင်းသောအရာ မဟုတ်ပေ။
သို့တည်းမဟုတ်… ဤသခင်လေးဝမ်တွင် ကျောထောက်နောက်ခံ လုံးဝ မရှိခြင်းများလော။ သူက ဤနေရာတွင် ဟန်ရေးပြနေခြင်းသာလော။
အကန်းကြီးမှာ အလွန်အမင်း စိုးရိမ်ပူပန်နေလေပြီ။ သခင်လေးဝမ်ကမူ တိတ်ဆိတ်နေဆဲပင်။ ရုတ်တရက် သူ လှုပ်ရှားလိုက်ချိန်တွင် သူ၏ဖုန်းသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေ၏။ မျက်နှာပြင် ပွင့်နေပြီး ဖုန်းခေါ်ဆိုရန် ဂဏန်းနှိပ်သည့် မျက်နှာပြင် ပေါ်နေသည်။ 'ဒုတိယဦးလေး' ဆိုသော စကားလုံးများက အကန်းကြီး၏ မျက်လုံးထဲသို့ ဝင်ရောက်သွားတော့သည်။
"ဖယ်လိုက်ပါ သခင်လေး… သခင်လေးက သူတို့ကို မျက်နှာမပျက်စေချင်ပေမဲ့ ကျွန်တော်ကတော့ ဂရုမစိုက်နိုင်ဘူး… သခင်လေးကိုယ်စား ကျွန်တော် ဖုန်းဆက်ပေးမယ်… အဲဒီတော့ ဘေးကို ဖယ်နေလိုက်…"
အကန်းကြီးက အော်ဟစ်လိုက်သည်။
အဖွဲ့ခေါင်းဆောင်ဝမ်သည် တုံ့ဆိုင်းနေသော သခင်လေးဝမ်အား အတန်ကြာ အကဲခတ်ကြည့်ရှုနေပြီးနောက် ရင်းနှီးနေသည့် ခံစားချက်တစ်ခုကို ရရှိသွား၏။ ဤသည်ကို မြင်လိုက်ရချိန်တွင် သူက ပြောလိုက်သည်။
"သူ့ကို ဖုန်းဆက်ခိုင်းလိုက်…"
လူအုပ်ကြီးက ဤစကားကို ကြားလိုက်ရသဖြင့် အကန်းကြီးအား လွှတ်ပေးလိုက်လေသည်။ သူက ဖုန်းကို အလျင်အမြန် ကောက်ယူလိုက်ပြီး မောက်မာစွာ ပြောလိုက်၏။
"ငါ ဖုန်းဆက်ပြီးသွားရင် မင်းတို့အားလုံး ငါ့ကို မာစတာကန်းလို့ ခေါ်ရမယ်…"
"ထောင်ထဲဝင်ဖို့သာ စောင့်နေလိုက်တော့…"