← Chapters

အခန်း ၁၄၃

Vol. 15 Ch. 143

အခန်း ၁၄၃

Vol. 15 Ch. 143

အခန်း (၁၄၃) ကံကောင်းခြင်းကြီးဆီသို့ ပြေးလွှားသွားခြင်း

ည ၇ နာရီချိန်တွင် စီစဉ်မှုအားလုံး ပြီးမြောက်သွားပြီဖြစ်ကာ တန်တစ်ရာရှိသော ကုန်စည်များ တင်ဆောင်ထားသည့် ကုန်တင်ကားကြီး ပေါ်လာမည့်အချိန်ကို သူတို့ စောင့်ဆိုင်းနေကြလေ၏။

သတင်းအချက်အလက်မှာ အမှန် အမှားဖြစ်ကြောင်းကို သူတို့ မသိရှိသောကြောင့် ညဈေးတန်းကို သူတို့ ပိတ်ပစ်၍ မရနိုင်ချေ။

ညဈေးတန်း၏ ပတ်ဝန်းကျင်၌ လူအများအပြား ချထားခြင်းက လူအများ၏ အာရုံကို လျင်မြန်စွာ ဆွဲဆောင်သွားပေသည်။

"ဒီမှာ ဘာတွေဖြစ်နေတာလဲ… အမှုကြီးတစ်ခုခုများ ရှိနေလို့လား…" မိန်းကလေးတစ်ဦးက တွေဝေစွာဖြင့် မေးလိုက်သည်။

"လမ်းရဲ့ တစ်ဖက်တစ်ချက်စီမှာ လူတွေအများကြီး ချထားတာဆိုတော့ အရက်မူးပြီး ကားမောင်းတဲ့သူတွေကို ဖမ်းနေတာများလား… ဒါပေမဲ့ ဒီလူတွေက ညဈေးတန်းအဝင်ဝမှာ အရက်မူးပြီး ကားမောင်းတာကို စစ်ဆေးနေတာက တော်တော်လေး ထူးဆန်းနေတယ်…" မျက်မှန်တပ်ထားသော ကောင်လေးတစ်ဦးက မှတ်ချက်ချလိုက်၏။

"ဟင်… အဲဒါတော့ မဟုတ်လောက်ဘူး… တကယ်လို့ အရက်မူးပြီး ကားမောင်းတာကို စစ်ဆေးရုံသက်သက်ဆိုရင် ညဈေးတန်းကို လာတာက သံသယဖြစ်စရာပဲ… ဒီလောက် ကြီးမားတဲ့ စစ်ဆင်ရေးကြီးကို မြင်နေရရင် ဘယ်သူမှ အရက်မူးပြီး ကားမောင်းလာဖို့ စွန့်စားမှာ မဟုတ်ဘူး… ပြီးတော့ အရက်မူးပြီး ကားမောင်းတာကို စစ်ဆေးတာက ယာဉ်ထိန်းရဲတွေရဲ့ အလုပ်လေ… ဒီလူတွေထဲမှာ ယာဉ်ထိန်းရဲ အနည်းငယ် ပါနေပေမဲ့ သူတို့အများစုက ယာဉ်ထိန်းရဲ မဟုတ်ကြဘူး…"

"ပြီးတော့… အဲဒီမှာ ရင်းနှီးနေတဲ့ လူနှစ်ယောက် ရှိတယ်… မင်းတို့ထဲက သတင်း မကြာခဏ ကြည့်တဲ့သူတွေ သူတို့ကို မှတ်မိလား…" နောက်ထပ် ကောင်လေးတစ်ဦးက ဆက်ပြောလိုက်ပေသည်။

"ဟား… အဲဒါက ကြီးမားတဲ့ လောင်းကစားရုံကြီးကို နှိမ်နင်းပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ လူကုန်ကူးသူကို ဖမ်းဆီးခဲ့တဲ့ အဖွဲ့ခေါင်းဆောင်ဝမ် မဟုတ်ဘူးလား… ပြီးတော့ မျက်မှန်တပ်ထားတဲ့ အဲဒီ သက်လတ်ပိုင်း အမျိုးသားက… ငါတို့ ကျန်းချန်ရဲ့ မြို့တော်ဝန်နဲ့ တူနေတယ်…" သတင်း မကြာခဏ ကြည့်လေ့ရှိသူ တစ်ဦးက အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။

"ဘာ… ဒီရာထူးကြီး အရာရှိနှစ်ယောက်ကို ဘာကများ ခေါ်ယူလိုက်တာလဲ… ဒီမှာ ကြီးမားတဲ့ ကိစ္စတစ်ခုခု ဖြစ်နေတာများလား…"

"ဟုတ်တယ်… မြို့တော်ဝန်ကိုယ်တိုင်တောင် ရောက်လာတာဆိုတော့… ဘာတွေ ဖြစ်နေတာလဲ… ဒီမှာ ဘာတွေ ဖြစ်နေတာလဲ… တစ်နိုင်ငံလုံးက အလိုရှိနေတဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ရာဇဝတ်ကောင် ဖြတ်သွားမှာမို့လို့လား…"

လူအများအပြားမှာ ထိုအုတ်အော်သောင်းနင်း အခြေအနေကြောင့် အံ့အားသင့်နေခဲ့ကြ၏။ မြို့တော်ဝန်ကိုယ်တိုင် စကားတစ်ခွန်းမျှမပြောဘဲ ကြီးကြပ်နေခြင်းက ထိုကိစ္စသည် မည်မျှ ကြီးလေးကြောင်းကို ပြသနေပေသည်။

သူတို့ အံ့အားသင့်နေခဲ့ကြသော်လည်း မည်သည့်အရာ ဖြစ်လာမည်ကို မည်သူမျှ မသိရှိခဲ့ကြချေ။ သို့သော် ကြိုတင်အသိပေးချက် မရှိခဲ့သဖြင့် သူတို့ ညဈေးတန်းသို့ ညစာစားရန် သွားရောက်ခြင်းအပေါ် ထိခိုက်မှုရှိမည် မဟုတ်ဟုသာ ခန့်မှန်းရပေ၏။

ထို့ကြောင့် သူတို့သည် အများကြီး စဉ်းစားမနေတော့ဘဲ ဓာတ်ပုံအနည်းငယ် ရိုက်ကူးကာ ဗီဒီယိုတို ပလက်ဖောင်းများပေါ်သို့ တင်လိုက်ကြပြီး ညဈေးတန်းဆီသို့ ဦးတည်သွားကာ ညဘဝကို ခံစားရန် ပြင်ဆင်လိုက်ကြတော့သည်။

"အဖွဲ့ခေါင်းဆောင်ဝမ်… နေရာချထားမှုတွေ ပြီးသွားပြီလား… နောက်တစ်ခေါက် ထပ်စစ်ဆေးပါဦး… ဘာလိုအပ်ချက်မှ ရှိလို့ မဖြစ်ဘူး…" မြို့တော်ဝန်က အဖွဲ့ခေါင်းဆောင်ဝမ်အား ပြောလိုက်၏။

"နားလည်ပါပြီ… ကျွန်တော်တို့ သုံးကြိမ်တိုင်တိုင် စစ်ဆေးပြီး ငါးကြိမ်တိုင်တိုင် အလေးထား ပြောဆိုခဲ့ပါတယ်… အသေးစိတ် အချက်အလက်တိုင်းကို အရမ်း ဂရုတစိုက် စစ်ဆေးခဲ့ပြီး ဘာလစ်ဟင်းမှုမှ မရှိပါဘူး… အခု ကျွန်တော်တို့ အဲဒီတယွီကုန်တင်ကားကြီး ပေါ်လာဖို့ကို စောင့်ရုံပဲ…" အဖွဲ့ခေါင်းဆောင်ဝမ်က လေးနက်စွာ ပြောလိုက်သည်။

"အင်း… အဲဒါ ကောင်းတယ်…"

ယခုအချိန်သည် ည ၇ နာရီ မိနစ် ၂၀ ရှိပြီဖြစ်ကာ ၈ နာရီထိုးရန် မိနစ်လေးဆယ်သာ လိုတော့သဖြင့် အားလုံးသည် သတိကို အမြင့်ဆုံ၌ထားနေကြပေ၏။

ရှေ့ဘက်၌ ယာဉ်ထိန်းရဲအဖွဲ့တစ်ဖွဲ့သည် အရက်မူးပြီး ကားမောင်းခြင်းကို စစ်ဆေးနေခဲ့သည်။ သူတို့သည် ဖြတ်သန်းသွားသော ယာဉ်များကို မိနစ်နှစ်ဆယ်ခန့် စစ်ဆေးခဲ့သော်လည်း အရက်မူးပြီး ကားမောင်းသူ တစ်ဦးကိုမျှ ရှာမတွေ့ခဲ့ချေ။

ဤနေရာတွင် ဤမျှ ကြီးမားသော အရက်မူးပြီး ကားမောင်းသူများအား စစ်ဆေးသည့် စစ်ဆေးရေးဂိတ် ရှိနေသဖြင့် လူတိုင်း သိရှိနေလောက်ပြီး အကယ်၍ တစ်စုံတစ်ယောက်သည် အရက်မူးပြီး ကားမောင်းရန် သံသယရှိလျှင်ပင် အဖမ်းခံရမည်ကို စွန့်စား၍ ဤနေရာသို့ လာရဲမည် မဟုတ်ပေ။

ည ၇ နာရီ ၅၅ မိနစ် ရှိနေပြီဖြစ်သော်လည်း မည်သည့်အရာမျှ လုံးဝ ဖြစ်မလာခဲ့ချေ။

ဤနေရာရှိ ဝန်ထမ်းများသည် အနည်းငယ် ပေါ့လျော့မသွားဘဲ မနေနိုင်ခဲ့ကြပေ။ ဘာမှ မမှားယွင်းနေဘဲနှင့် သူတို့ ဤနေရာတွင် ဘာဆက်လုပ်နေကြမည်နည်း။

ညဈေးတန်းရှိ စားပွဲတစ်လုံးပေါ်တွင် ကင်းမွန်ကင်၊ ခေါက်ဆွဲအေးကင်၊ ဂျုံဘီယာ၊ ကြက်သွန်ဖြူ ဂုံးကင်နှင့် အကင်အချို့အပါအဝင် အရသာရှိသော ညဈေးတန်း အစားအစာမျိုးစုံ ရှိနေလေ၏။

လူတစ်စုသည် စားပွဲကိုဝိုင်းထိုင်လျက် ညဈေးတန်းအပြင်ဘက်သို့ ကြည့်နေကြသည်။ တာဝန်ကျနေသော ဝန်ထမ်းများ ထွက်မသွားကြသေးသည်ကို သူတို့ မြင်တွေ့နိုင်ပေ၏။

"ပြောစမ်းပါဦး… သူတို့တွေ ဒီမှာနေနေတာ တစ်နာရီနီးပါး ရှိနေပြီ… သူတို့ ဘာတွေလုပ်နေကြတာလဲ…" လူငယ်တစ်ဦးက တွေဝေစွာဖြင့် မေးလိုက်သည်။

"ငါ နားမလည်ဘူး… တကယ်လို့ ထွက်ပြေးနေတဲ့ တရားခံကို ဖမ်းတာဆိုရင်တောင် ဒီလောက်ကြီး ရုန်းရင်းဆန်ခတ် လုပ်ဖို့ မလိုပါဘူး…"

"ဘာပဲဖြစ်ဖြစ်… ဒါက ငါတို့အလုပ် မဟုတ်ပါဘူး… ငါတို့ ပုံမှန်အတိုင်းပဲ စားသောက်ကြတာပေါ့… ပြဿနာက ဘယ်လောက်ပဲ ကြီးကြီး ငါတို့ကို ထိခိုက်မှာ မဟုတ်ပါဘူး… အဲဒီလောက် အများကြီး စိုးရိမ်နေစရာ မလိုပါဘူး… လာ… အကင်လေး ဘာလေး စားလိုက်ပါဦး…" အသက်အနည်းငယ် ပိုကြီးသော အမျိုးသားတစ်ဦးက ဂရုမစိုက်စွာဖြင့် ပြောလိုက်၏။

သူတို့၏ စားပွဲသည် ညဈေးတန်းအဝင်ဝနှင့် အနီးဆုံးဖြစ်ပြီး အကယ်၍ တယွီကုန်တင်ကားကြီး တစ်ခုခုဖြစ်ခဲ့ပါက သူတို့သည် ပထမဆုံး ထိခိုက်ရမည့်သူများ ဖြစ်ကြောင်းကို သူတို့ မသိရှိခဲ့ကြချေ။

အချိန်ကား ည ၇ နာရီ ၅၇ မိနစ် ရှိနေပြီဖြစ်သည်။ မြို့တော်ဝန်သည် အနည်းငယ် စိုးရိမ်ပူပန်ပြီး သံသယအချို့ဖြစ်ပေါ်ကာ သူ၏ နာရီကို တစ်ချက်ကြည့်လိုက်လေ၏။

"အဖွဲ့ခေါင်းဆောင်ဝမ်… ည ၇ နာရီ ၅၇ မိနစ် ရှိနေပြီ… ဘာလို့ ဘာတစ်ခုမှ ဖြစ်လာမယ့် အရိပ်အယောင် မရှိသေးတာလဲ…"

အဖွဲ့ခေါင်းဆောင်ဝမ်က အချိန်ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

"သတင်းအချက်အလက်မှာ ၈ နာရီလို့ ပြောထားတယ်လေ… ငါတို့ နောက်ထပ် မိနစ်အနည်းငယ်လောက် စောင့်ရဦးမယ်… သူ့ရဲ့ သတင်းအချက်အလက်က ပုံမှန်ဆိုရင် စက္ကန့်ပိုင်းအထိ တိကျတယ်… မြို့တော်ဝန်… ငါတို့ ပေါ့လျော့နေလို့ မရဘူး…"

"မင်းပြောတာ မှန်တယ်… အဲဒါက အမှန်ပဲဖြစ်ဖြစ် အမှားပဲဖြစ်ဖြစ်… ဒီကိစ္စကို ငါတို့ ဂရုမစိုက်ဘဲ နေလို့မရဘူး… အဲဒီလိုမှ မဟုတ်ရင် အကျိုးဆက်တွေက ငါတို့နှစ်ယောက်စလုံး ခံနိုင်ရည်မရှိတဲ့ အရာမျိုး ဖြစ်သွားလိမ့်မယ်…" မြို့တော်ဝန်က လေးနက်စွာ ပြောလိုက်ပေသည်။

နောက်ထပ် တစ်မိနစ်ခွဲ ကုန်လွန်သွားခဲ့ပြီး ယခုအချိန်သည် ၇ နာရီ ၅၉ မိနစ် ၃၀ စက္ကန့် ရှိနေပြီဖြစ်၏။

သတင်းအချက်အလက်ပါ အချိန်သို့ နီးကပ်လာလေလေ မြို့တော်ဝန်နှင့် အဖွဲ့ခေါင်းဆောင်ဝမ်တို့သည် စိုးရိမ်ပူပန်မှုကို မခံစားဘဲ မနေနိုင်လေလေ ဖြစ်လာတော့သည်။

ရုတ်တရက် အနီရောင် တယွီ ကုန်တင်ကားကြီးတစ်စီးသည် ရှေးဟောင်း သားရဲကြီးတစ်ကောင်အလား သူတို့၏ မျက်လုံးရှေ့ တည့်တည့်၌ ပေါ်လာလေ၏။

အမှန်တကယ်ပင် ရောက်လာခဲ့ပြီဖြစ်သည်။ ဤကဲ့သို့သော ကားမျိုးကို မြို့ထဲသို့ အဘယ်ကြောင့် ဝင်ခွင့်ပြုထားရသနည်း။

ယခုအချိန်သည် ဤအရာအား တွေးတောနေရန် အချိန်မဟုတ်ချေ။ သေမင်းနှင့်တူသော ကုန်တင်ကားကြီးကို မြင်လိုက်ရချိန်တွင် ပထမဆုံး စစ်ဆေးရေးဂိတ်အား ချက်ချင်း တားဆီးရန် မြို့တော်ဝန်က လျင်မြန်စွာ အော်ဟစ်လိုက်ပေသည်။

အမိန့်ကို ကြားလိုက်ရချိန်တွင် ပထမဆုံး စစ်ဆေးရေးဂိတ်ရှိ လူသည် အတားအဆီးကို ချက်ချင်းချကာ သော့ခတ်လိုက်ပြီး ကားမောင်းသူ၏ သွေးတွင်း အရက်ပါဝင်မှုကို စမ်းသပ်ရန် ရှေ့သို့ တက်သွားလေ၏။

ဤစမ်းသပ်မှုက ပြင်းထန်သော သက်ရောက်မှုကို ဖြစ်စေခဲ့သည်။ အိပ်ပျော်နေသော ကားမောင်းသူသည် အရက်နံ့များ ထောင်းခနဲထွက်လာကာ ရုတ်တရက် နိုးလာပြီး ထိတ်လန့်သွားသည့်အလား ဝန်ထမ်းအား ကြည့်လိုက်သည်။ ထို့နောက် သူသည် စစ်ဆေးရေးဂိတ်ကို တည့်တည့်မောင်းနှင်ကာ ဖြတ်သန်းကြိတ်နယ်သွားတော့၏။

"မြို့တော်ဝန်… မြို့တော်ဝန်… ကုန်တင်ကားကြီး ဝင်လာပြီ… ကုန်တင်ကားကြီး ဝင်လာပြီ…" ဝန်ထမ်းက စကားပြောစက်ထဲသို့ စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။

မြို့တော်ဝန်နှင့် အဖွဲ့ခေါင်းဆောင်ဝမ်တို့သည် သူတို့ကို တားဆီးရန် အောက်ဘက်ရှိ စစ်ဆေးရေးဂိတ်များအား လျင်မြန်စွာ အမိန့်ပေးလိုက်သော်လည်း တယွီကုန်တင်ကားကြီးသည် သူတို့ကို မမြင်သည့်အလား စစ်ဆေးရေးဂိတ်များကို အရှိန်ဖြင့် ဖြတ်သန်းသွားခဲ့လေ၏။

၎င်းသည် မမြန်သော်လည်း ၎င်း၏ တန် ၁၀၀ အလေးချိန်က ခရုတစ်ကောင်၏ အမြန်နှုန်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော ဘီလူးကြီးတစ်ကောင် ဖြစ်စေခဲ့သည်။

စစ်ဆေးရေးဂိတ် ခြောက်ခုအနက် ငါးခုမှာ ကျိုးပေါက်သွားခဲ့ပြီဖြစ်ပြီး တယွီကုန်တင်ကားကြီးသည် ညဈေးတန်းအဝင်ဝနှင့် မီတာ ၁၀၀ သာ ကွာဝေးသော နောက်ဆုံး စစ်ဆေးရေးဂိတ်သို့ ပို၍ပို၍ နီးကပ်လာခဲ့ချေပြီ။

ခဏတာမျှ အားလုံးသည် အမြင့်မားဆုံး သတိထားနေခဲ့ကြပြီး အန္တရာယ်ရှိသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားတော့မည်ကို စောင့်ကြည့်နေခဲ့ကြသော်လည်း စွမ်းဆောင်နိုင်စွမ်း ကင်းမဲ့နေသည့် ခံစားချက်ကြောင့် သူတို့ ကူကယ်ရာမဲ့စွာဖြင့် စိုးရိမ်နေရုံသာ တတ်နိုင်ပေ၏။

ကုန်တင်ကားကြီးသည် ညွှန်ကြားချက်များကို လျစ်လျူရှုကာ ဈေးတန်းဆီသို့ တည့်တည့်ဦးတည်လာနေကြောင်း ညဈေးတန်းရှိ လူများ သတိပြုမိသွားကြသည်။ ရုတ်တရက် ညဈေးတန်းတစ်ခုလုံး ဆူညံကာ ရုန်းရင်းဆန်ခတ် ဖြစ်သွားပြီး လူအများအပြားမှာ အကြောက်တရားဖြင့် အေးခဲသွားကာ ကြောက်ရွံ့တုန်လှုပ်နေကြတော့၏။

ဝုန်းခနဲ အသံကြီး ထွက်ပေါ်လာ၏။

တယွီကုန်တင်ကားကြီးသည် ဆဋ္ဌမမြောက် စစ်ဆေးရေးဂိတ်အား ကြိတ်နယ်သွားခဲ့ပြီး ကားမောင်းသူက သူ၏ရှေ့ရှိ အဖြူရောင် အရက်ပုလင်းကို ကောက်ကိုင်ကာ မော့သောက်လိုက်လေသည်။ ထို့နောက် သူသည် ပြတင်းပေါက်ကိုဖွင့်၍ ပုလင်းကို အပြင်သို့ ပစ်ပေါက်လိုက်၏။

အားလုံး အေးခဲသွားချိန် ထိုအရေးကြီးသော အခိုက်အတန့်လေးတွင် အဖွဲ့ခေါင်းဆောင်ဝမ်သည် ထွက်ပေါက်တစ်ခုကို ရှာတွေ့သွားသည့်အလားပင်။ သူသည် သူ၏ စကားပြောစက်ကို မြေပြင်ပေါ်သို့ ပစ်ချကာ တယွီကုန်တင်ကားကြီးဆီသို့ အရူးအမူး ပြေးသွားတော့သည်။

"အဖွဲ့ခေါင်းဆောင်ဝမ်…" မြို့တော်ဝန်က ခြေဆောင့်ကာ စိတ်ပျက်လက်ပျက်ဖြင့် အော်ဟစ်လိုက်လေ၏။

နောက်တစ်ခဏတွင် အဖွဲ့ခေါင်းဆောင်ဝမ်သည် တယွီကုန်တင်ကားကြီး၏ ဘေး၌ ပေါ်လာပေ၏။

All Chapters