← Chapters

အခန်း ၁၄၉

Vol. 15 Ch. 149

အခန်း ၁၄၉

Vol. 15 Ch. 149

အခန်း (၁၄၉) အခြေအနေများကို ပြောင်းလဲပစ်ရန် အခွင့်အရေး

"ရှောင်ယွန်း မင်းမောင်းလာတဲ့ကားက ယွမ်နှစ်သန်းကျော်တောင် တန်တယ်ပေါ့..." ဦးလေးချန်နှင့် အခြားသူများက အံ့အားသင့်စွာဖြင့် ပြောလိုက်ကြပေ၏။

"ဟုတ်တယ် သွားရေးလာရေးအတွက်လောက်ပဲဆိုတော့ အရမ်းဈေးကြီးတာ ဝယ်စရာမလိုပါဘူး..." စုယွမ်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။

ဤပေါ့ပေါ့ပါးပါး စကားလုံးများကို အခြားသူများ ကြားလိုက်ရချိန်တွင် ဗာဆိုင်းကဲ့သို့သော ကြီးကျယ်ခမ်းနားသည့် အရာတစ်ခုအဖြစ် ထင်မှတ်သွားကြလေ၏။

"အရမ်းဈေးကြီးတာ ဝယ်စရာမလိုပါဘူးတဲ့... ကြားကြသေးလား ဒါက လူပြောတဲ့စကားရော ဟုတ်ရဲ့လား..." လူအများ၏ စိတ်ထဲတွင် တွေးလိုက်မိကြပေသည်။

တစ်စုံတစ်ယောက်က ညည်းတွားလိုက်၏။ "ဒီလောက်ဆိုရင်ကို လုံလောက်အောင် ဈေးကြီးနေပါပြီကွာ ပိုဈေးကြီးတာဝယ်ရင် ပိုပြီးတော့တောင် ပေးရဦးမှာ..."

"စောစောက မင်းကားကို မြင်လိုက်တုန်းက ယွမ်ငါးသိန်း ခြောက်သိန်းလောက်တန်တဲ့ အဆင့်မြင့်ကားလို့ ထင်နေခဲ့တာ ယွမ်သုံးသန်းနီးပါးလောက် တန်တဲ့ကားဖြစ်နေမယ်လို့ မထင်ထားခဲ့ဘူး..."

"ရှောင်ယွန်း မင်းကတော့ တကယ်ကို အောင်မြင်နေပြီပဲ မင်းအတွက် ငါ တကယ်ကို ဝမ်းသာပါတယ်ကွာ မင်းက ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ ယွမ်နှစ်သန်းကျော်တန်တဲ့ကားကိုတောင် ဝယ်နိုင်နေပြီ..."

"ဒီပတ်ဝန်းကျင်က ရွာတွေထဲမှာ ရှောင်ယွန်းလောက် အောင်မြင်တဲ့သူ ဘယ်သူရှိလို့လဲ..."

ဦးလေးချန် သက်ပြင်းချလိုက်ပြီး အားလုံးကလည်း သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်ကြပေ၏။ မကြာသေးမီ နှစ်များအတွင်း မည်သည့်မိသားစု၏ သားသမီးကမျှ ယွမ်နှစ်သန်းကျော်တန်သော ကားတစ်စီးကို ဝယ်ယူနိုင်ကြောင်း သူတို့ မကြားဖူးခဲ့ကြချေ။ ယွမ်သိန်းဂဏန်းအနည်းငယ်တန်သော BMW ကားတစ်စီး ဝယ်ယူနိုင်ခြင်းကပင် အတော်လေး နာမည်ကြီးနေပြီ ဖြစ်သည်။

စုဖူချန်၏ မိသားစုသည် အမှန်တကယ်ပင် နဂါးတစ်ကောင်ကို မွေးဖွားနိုင်ခဲ့လေပြီ။

စုဖူချန်၏ ပတ်ဝန်းကျင်ရှိ လူများသည် သူ့အား မနာလိုစွာဖြင့် ကြည့်ရှုလိုက်ကြပြီး စုယွမ်ထံမှ အကူအညီအချို့ ရရှိနိုင်ရန်အတွက် စုယွမ်သာ သူတို့၏သား သို့မဟုတ် တူဖြစ်ခဲ့လျှင် ကောင်းမည်ဟု တွေးတောနေကြပေ၏။

ချန်အာသည် အနည်းငယ် ရှက်ရွံ့သွားသကဲ့သို့ ခံစားလိုက်ရသဖြင့် သူ၏ မြေးအကြီးဆုံးကို ပွေ့ချီကာ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

ဤအချိန်၌ ချန်ချန်က လှမ်းပြောလိုက်လေ၏။ "ဒုတိယအစ်ကို ခုနကပဲ ဒီကားက သူဌေးကြီးမောင်းတဲ့ကားလို့ ပြောနေခဲ့တာ မဟုတ်ဘူးလား အခု အဲဒါက စုယွမ်မောင်းတဲ့ကားမှန်း သိသွားပြီဆိုတော့ ဘယ်လိုခံစားရလဲ..."

ဦးလေးချန် စကားပြောပြီးနောက် အားလုံးသည် ချန်အာအား ကြည့်လိုက်ကြပေသည်။

ထွက်သွားရမည်လား နေခဲ့ရမည်လားဆိုသည့် အကျပ်အတည်းထဲတွင် ချန်အာ ပိတ်မိသွားခဲ့ပြီး နောက်ဆုတ်လိုက်ခြင်းက ပို၍ပင် ရှက်စရာကောင်းပေလိမ့်မည်။ သူ နှစ်စက္ကန့်ခန့် စဉ်းစားလိုက်ပြီးနောက် ပြန်ပြောလိုက်၏။

"အဲဒီတော့ ဘာဖြစ်လဲ ငါက ဘာလုပ်ရမှာလဲ..."

"ရိုးရိုးသားသားပြောရရင် အခု ဒီကားကို မောင်းနေတဲ့သူတွေ အများကြီးပဲ မဟုတ်ဘူးလား ဒါက ကားတစ်စီးပါပဲ ဘာအဓိပ္ပာယ်မှ မရှိပါဘူး..."

"ပြီးတော့ စုယွမ် မင်းက ယွမ်နှစ်သန်းကျော်တန်တဲ့ကားကို မောင်းပြီး မင်းအဖေကိုကျတော့ ဒီလို အဆင့်နိမ့်တဲ့ကားကို ပေးထားတယ်ပေါ့..."

"အဲဒီတော့ မင်းလုပ်ရပ်ရဲ့ နောက်ကွယ်က အဓိပ္ပာယ်က ဘာလဲ..."

ချန်အာသည် မိမိကိုယ်မိမိ စကားပြောကောင်းသည်ဟု ခံစားလိုက်ရပြီး ဤတန်ပြန်မေးခွန်းက သူ့အား အနိုင်မခံအရှုံးမပေးနိုင်သော အနေအထားသို့ ရောက်ရှိသွားစေခဲ့ပေ၏။ ဤသည်မှာ စကားပြောဆိုမှု အနုပညာပင် ဖြစ်သည်။

"စုယွမ် မင်းက ကြွားဝါချင်လို့ ဒီလောက်ဈေးကြီးတဲ့ကားကို မောင်းတယ် ပြီးတော့ မင်းအဖေကိုကျတော့ ယွမ်နှစ်သိန်းတန်ကားကို ဝယ်ပေးတယ် မင်းအဖေက သားဖြစ်သူထက် ပိုညံ့တဲ့ကားကို မောင်းနေရတာ အဲဒါကို မိဘကျေးဇူးဆပ်တယ်လို့ မင်းထင်နေတာလား..." ချန်အာ၏ မျက်လုံးများထဲတွင် ထိုသို့သော အဓိပ္ပာယ်များ ပြည့်နှက်နေပေသည်။

ချန်အာ ဤမျှ အရှက်မဲ့လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြချေ။ ဤကဲ့သို့သော စကားမျိုးကို သူ မည်သို့ ပြောထွက်ရက်သနည်း။

"ချန်အာ အဲဒါက ဆင်ခြေပေးနေတာ မဟုတ်ဘူးလား ငါတို့ တောသူတောင်သားတွေက ဘယ်လိုကားမျိုးမောင်းမောင်း ဘာကွာခြားသွားမှာမို့လို့လဲ ဒီကားက နေရာကျယ်ကျယ်ဝန်းဝန်းရှိပြီး ခွန်အားလည်း အပြည့်ရှိတယ်ဆိုတော့ ရွေးချယ်မှုကောင်းတစ်ခု မဟုတ်ဘူးလား ပိုသင့်တော်တဲ့ပစ္စည်းကိုဝယ်ဖို့ ပိုက်ဆံနည်းနည်းပဲသုံးတာက ပိုက်ဆံကို ပညာသားပါပါ သုံးတတ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ..." ဦးလေးချန်က အလျင်အမြန် ပြန်လည်ချေပလိုက်လေ၏။

ဤစကားကို ကြားလိုက်ရချိန်တွင် ထိုနေရာရှိ လူအားလုံးက သဘောတူခဲ့ကြသော်လည်း ချန်အာကမူ ပြုံးလျက် သူ၏ခေါင်းကို ခါရမ်းလိုက်ပြီး ဦးလေးချန်၏ စကားကို သဘောမတူကြောင်း ရှင်းလင်းစွာ ပြသလိုက်ပေသည်။

"ဟမ် ငါ့ကားက မင်းကားတန်ဖိုးရဲ့ ဆယ်ပုံတစ်ပုံလောက်ပဲ ရှိတာ တကယ်လို့ ဒါက ရှေးခေတ်ကာလသာဆိုရင် ဒါဟာ မိဘကို မရိုသေတဲ့ ပြင်းထန်တဲ့ ရာဇဝတ်မှုဖြစ်ပြီး ထောင်ဒဏ်အထိ အပြစ်ပေးခံရနိုင်တယ်..."

"ရိုးရိုးသားသားပြောရရင် တကယ်လို့ ငါ့သားကသာ ဒီလိုကားမျိုးကို မောင်းမယ်ဆိုရင် ငါတို့ မိသားစုရဲ့ ဘတ်ဂျက်နဲ့ ကိုက်ညီအောင် သူ့ကို အနည်းဆုံး ယွမ် ခုနစ်သိန်း ရှစ်သိန်းလောက်တန်တဲ့ ကားတစ်စီးတော့ ဝယ်ပေးရမှာပဲ..."

"တချို့လူတွေက ချမ်းသာပေမဲ့ တကယ်တမ်းကျတော့ သူတို့ မိသားစုအပေါ် အရမ်း နှမြောကြတယ် ငါကတော့ အဲဒီလို လူမျိုးတွေကို အထင်သေးတယ်..." ချန်အာက ဆက်ပြောလိုက်လေ၏။

သူ၏စကားများက ထိုနေရာရှိ လူအားလုံးအား သူ အပြင်းအထန် နေမကောင်းဖြစ်နေသကဲ့သို့ ခံစားရစေခဲ့သည်။ သူသည် အခြားသူများကို မနာလိုဖြစ်နေခြင်းသာ မဟုတ်ဘူးလော။ သူ၏ အဆက်မပြတ် ရေရွတ်နေမှုများမှာ အမှန်တကယ်ပင် ပျို့အန်ချင်စရာ ကောင်းလှပေ၏။

ဤစကားကို ကြားလိုက်ရချိန်တွင် စုယွမ်နှင့် စုဖူချန်တို့သည် အချင်းချင်း အကဲခတ်ကြည့်ရှုလိုက်ကြပြီး အတော်လေး ရယ်စရာကောင်းကြောင်း ခံစားလိုက်ရသည်။

သူတို့၏ ရယ်မောနေသော မျက်နှာများကို မြင်လိုက်ရသဖြင့် ချန်အာက ထပ်မံ ပြောဆိုလိုက်လေ၏။ "ဖူချန် မင်းက ငါနဲ့မတူဘဲ ကလေးကို ကောင်းကောင်း မပြုစုပျိုးထောင်တတ်ဘူးဆိုတာ တစ်ချက်ကြည့်လိုက်တာနဲ့ သိနိုင်တယ် အဲဒါကြောင့် မင်းကလေးက ပိုက်ဆံရှိပေမဲ့ မင်းအတွက် မသုံးချင်တာ တကယ်လို့ ငါ့သားသာဆိုရင် ဟွန့် သူ အဲဒီလို အလုပ်မျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး..."

ချန်အာသည် သူတစ်ယောက်တည်း ဆက်လက် စကားပြောနေခဲ့ပြီး စကားပြော မကျွမ်းကျင်သော ချန်ချန်မှာမူ လောလောဆယ် ပြန်လည်ချေပရန် စကားရှာမတွေ့ခဲ့ချေ။ ချန်အာ မှားယွင်းနေကြောင်း သူ သိရှိသော်လည်း ချန်အာလောက်တော့ သူ အရှက်မမဲ့ပေ။

ထိုစဉ် လူငယ်အချို့ တိုက်တိုက်ဆိုင်ဆိုင် ဖြတ်သန်းသွားကြ၏။ ဤကားနှစ်စီးကို မြင်လိုက်ရချိန်တွင် သူတို့ ချက်ချင်းပင် ညို့ယူဖမ်းစားခံလိုက်ရပြီး ရှေ့သို့ ဆက်မသွားနိုင်တော့ချေ။ တစ်စီးမှာ G-Wagon ဖြစ်ပြီး အခြားတစ်စီးမှာ Lexus ဖြစ်သည်။ ဤကားများသည် ယောကျာ်းစစ်စစ်များ မောင်းနှင်သည့်ကားများ ဖြစ်ပြီး သူတို့၏ အိပ်မက်မက်ရသော ကားများပင် ဖြစ်ပေ၏။

"ဘုရားရေ ဒါက ဘယ်သူ့ G-Wagon လဲ ငါ ရွာကို အခုမှ ပြန်ရောက်တာ အဆောက်အဦ ဖျက်သိမ်းရေးနဲ့ ပတ်သက်ပြီး ဘာမှမကြားမိပါဘူး..." လူငယ်တစ်ဦးက ရေရွတ်လိုက်သည်။

"ဒီ G-Wagon က ယွမ်နှစ်သန်းကျော်လောက် တန်ရမယ် မဟုတ်လား..." အခြားလူငယ်တစ်ဦးက မေးလိုက်၏။

"ဦးလေးချန်ဇီ ခင်ဗျားလည်း ဒီမှာရှိနေတာပဲ ဒါတွေက ဘယ်သူ့ကားတွေလဲ Lexus က အခု အွန်လိုင်းမှာ အရမ်းရေပန်းစားနေတာ အဲဒါ ကျွန်တော့်ရဲ့ အိပ်မက်ကားပဲ တကယ်လို့ ကျွန်တော့်မှာသာ ပိုက်ဆံရှိရင် အဲဒီကားတစ်စီးလောက် တကယ် ဝယ်ချင်တယ်..." ရွှဲ့ဇီဟုခေါ်သော လူငယ်လေးက ပြောလိုက်လေသည်။

ချန်အာသည် ဤအခွင့်အရေးကို အသုံးချကာ စုယွမ်၏ မိသားစုအား အထင်သေးအောင် လုပ်ဆောင်ချင်နေခဲ့၏။ "ဟားဟား လူလေး မင်းတို့ မိသားစုအတွက် ယွမ်နှစ်သိန်းလောက် ရှာဖို့က လွယ်ပါတယ်.... မဟုတ်ဘူးလား မင်းအတွက် ကားတစ်စီးဝယ်ပေးဖို့ မင်းအဖေကို ပြောလို့ရတာပဲ အလောတကြီး လုပ်စရာမလိုပါဘူး..."

သို့သော် ဤစကားကို ကြားလိုက်ရချိန်တွင် ရွှဲ့ဇီ ဟုခေါ်သော လူငယ်လေးက သူ၏ခေါင်းကို ဖြည်းညင်းစွာ ခါရမ်းလိုက်ပြီး ပြန်ပြောလိုက်သည်။ "ဒုတိယဦးလေး ကျွန်တော့်အဖေက ယွမ်နှစ်သိန်း ရှာနိုင်ရင်တောင် သူက ကျွန်တော့်အတွက် ယွမ်နှစ်သိန်းတန် ကားတစ်စီး ဝယ်ပေးမှာ မဟုတ်ဘူးလေ.."

"ပြီးတော့ တကယ်လို့ ဒီကားက ယွမ်နှစ်သိန်းတန်တယ်ဆိုရင် ရှိသလောက် အကုန်လုံးကို ကျွန်တော် ယူမယ်..."

"ဒီ Lexus က ယွမ် တစ်သန်းကျော် တန်တယ် အခု အဲဒါကို ဝယ်ဖို့ဆိုရင် ငွေပိုတောင်ပေးရဦးမှာ..."

"ကျွန်တော့်အဖေက ကျွန်တော့်ကို ဝယ်ပေးဖို့နေနေသာသာ ယွမ်နှစ်သိန်းတန် ကားတစ်စီးကိုတောင် မမောင်းနိုင်သေးဘူး.. သူက ယွမ်နှစ်သိန်းတန် ကားတစ်စီးကိုတောင် မဝယ်နိုင်သေးတာ ယွမ်တစ်သန်းတန်တဲ့ ထိပ်တန်း အဆင့်မြင့်ကားကို ဝယ်ဖို့ဆိုတာ ဝေလာဝေးပဲ..." ရွှဲ့ဇီ က ရှင်းပြလိုက်လေ၏။

သူပြောသည်ကို ကြားပြီးနောက် အားလုံးမှာ နောက်တစ်ကြိမ် အလွန်အမင်း အံ့အားသင့်သွားကြရပေသည်။

ဤအနက်ရောင်ကားသည် ယွမ် နှစ်သိန်း သုံးသိန်းတန် ကားတစ်စီး မဟုတ်ဘဲ ယွမ် တစ်သန်းတန် အဆင့်မြင့်ကားတစ်စီး ဖြစ်နေပေ၏။

စုယွမ် ချမ်းသာသွားပြီးနောက် သူသည် ဖခင်ဖြစ်သူအတွက် ယွမ်သန်းချီတန်သော အဆင့်မြင့်ကားတစ်စီးကို တိုက်ရိုက် ဝယ်ယူပေးခဲ့သည်။ သူ မည်မျှပင် ချမ်းသာနေမည်နည်း။

ထို့အပြင် ဤမျှ အဆင့်မြင့်သောကားကို မောင်းနှင်နေသည့်တိုင် သူသည် ဟန်ရေးပြလိုသော အရိပ်အယောင်မျှ မပြသဘဲ အလွန် နှိမ့်ချနေဆဲပင်။ ချန်အာ၏ စကားများကို နားထောင်ရင်း သူသည် လုံးဝ ဒေါသမထွက်ခဲ့ဘဲ အလွန်အမင်း နှိမ့်ချနေခဲ့လေသည်။

သူတို့ ချမ်းသာနေခြင်းမှာ အံ့သြစရာတော့ မဟုတ်ချေ။

"လူချောလေး မင်းဆိုလိုတာက ဒီကားက ယွမ်တစ်သန်း တန်တယ်ပေါ့..." ချန်ချန်းက ထပ်မံ မေးမြန်းလိုက်၏။

"ယွမ်တစ်သန်း မဟုတ်ဘူး ယွမ်တစ်သန်းကျော်တယ် ယွမ်တစ်သန်းနဲ့ ဒီကားမော်ဒယ်ကို ဝယ်လို့မရဘူး..." ရွှဲ့ဇီက ရှင်းပြလိုက်သည်။

"အို... သဘောပေါက်ပြီ... သဘောပေါက်ပြီ..." ချန်ချန်းမှာ ပို၍ပင် အံ့အားသင့်သွားခဲ့သော်လည်း သူ အလျင်အမြန် တည်ငြိမ်သွားခဲ့ပေ၏။ စုယွမ်တွင် ယွမ်နှစ်သန်းကျော်တန်သော ကားများရှိနေချိန်၌ ဖခင်ဖြစ်သူအတွက် ယွမ်တစ်သန်းကျော်တန်သော ကားတစ်စီး ဝယ်ပေးခြင်းမှာ ယုတ္တိရှိပြီး ပုံမှန်သာ ဖြစ်ပေသည်။

ဤအချိန်တွင် ချန်အာသည် မြေကြီးထဲသို့ တိုးဝင်သွားရန် အက်ကြောင်းတစ်ခု ရှာတွေ့နိုင်ပါစေဟုသာ ဆန္ဒပြုနေမိတော့၏။ ဘုရားရေ စုယွမ်က တကယ်ပဲ အဲဒီလောက် ချမ်းသာနေတာလား။

ဖခင်ဖြစ်သူအတွက် ယွမ်သန်းချီတန်တဲ့ အဆင့်မြင့်ကားတစ်စီးကို သူ ဘယ်လိုလုပ် ဝယ်ပေးရက်ရတာလဲ။

စုဖူချန်က အလုပ်ကြမ်းသမား ဖြစ်ဖို့ ကံပါလာတာလေ အဲဒီလို ကားမျိုးကိုတောင် သူ သေချာ မောင်းနိုင်ပါ့မလား...

ခဏတာမျှ ချန်အာသည် အလွန်အမင်း မနာလိုဖြစ်သွားရလေသည်။ အဘယ်ကြောင့် သူ၏သားက စာမေးပွဲ မအောင်မြင်ခဲ့ဘဲ စုဖူချန်ကမူ ထိုကားကို မောင်းနှင်နိုင်ရသနည်း။

"ဘယ်လိုလဲ ဒုတိယအစ်ကို ရှောင်ယွန်းက တော်တော်လေး မိဘကျေးဇူးသိတတ်တယ် မဟုတ်လား ယွမ်သိန်းဂဏန်းလောက်တန်တဲ့ကားကို ဝယ်မယ့်အစား ယွမ်တစ်သန်းတန် အဆင့်မြင့်ကားကို စီစဉ်ပေးခဲ့တာလေ..." ချန်ချန်းက ပြောလိုက်သည်။

"ဟားဟားဟား..." အားလုံးက ရယ်မောလိုက်ကြပြီး ချန်အာအား ကြည့်လိုက်ကြပေ၏။

ချန်အာ၏ မျက်နှာမှာ ပြာနှမ်းသွားတော့သည်။ ယနေ့တွင် သူ လုံးဝ မျက်နှာပျက်ခဲ့ရချေပြီ။ ရုတ်တရက် သူ၏ ရင်ခွင်ထဲရှိ မြေးအကြီးဆုံးကို သူ သတိထားမိသွားပြီး ထိုအခိုက်အတန့်၌ အခြေအနေများကို ပြောင်းလဲပစ်ရန် အခွင့်အရေးတစ်ခုကို သူ ခံစားလိုက်ရလေသည်။

All Chapters