အခန်း ၁၆၀
Vol. 16 Ch. 160
အခန်း (၁၆၀) လုံးဝ အဆင့်မမီလွန်းဘူး
လူအုပ်ကြီးထံမှ အသံများကို ကြားလိုက်ရချိန်တွင် စုယွမ်သည် ရပ်တန့်လိုက်ပြီး သူမ၏ အနောက်မှ လျှောက်လာသော လူကို ကြည့်လိုက်၏။
မြင်တွေ့လိုက်ရသည်မှာ ထိုအမျိုးသမီးသည် အသက်ခြောက်ဆယ် နီးပါးရှိပြီ ဖြစ်သော်လည်း အသားအရေ ဖြူဖြူဖွေးဖွေးနှင့် ပြည့်ဖြိုးနေကာ လယ်ထဲတွင် တစ်ကြိမ်တစ်ခါမျှ အလုပ်မလုပ်ဖူးဘဲ ကောင်းကောင်းစား ကောင်းကောင်းသောက် နေထိုင်လာခဲ့သူမျိုး ဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။
ထို့အပြင် ဤသူသည် ကျန်းလီလီ ဖော်ပြခဲ့သကဲ့သို့ လမ်းမလျှောက်နိုင်ဘဲ အရိုးနှင့်အရေသာ ကျန်တော့သည့် ပုံစံမျိုး လုံးဝ မရှိခဲ့ချေ။
စုယွမ်၏ အမြင်တွင်မူ ဤအမျိုးသမီးသည် အလွန်တရာ သွက်လက်ဖြတ်လတ်နေပြီး ခန္ဓာကိုယ် အခြေအနေ အလွန်ကောင်းမွန်နေပေ၏။
ခဏတာ လမ်းလျှောက်ပြီးနောက် လျိုတအာသည် တံခါးပေါက်သို့ ရောက်ရှိလာခဲ့ပြီး ထိုနေရာတွင် ရပ်ထားသော ဇိမ်ခံကားနှစ်စီးကို မြင်တွေ့လိုက်ရသဖြင့် မျက်မှောင်ကြုတ်သွားလေသည်။
"ဒီကောင်နှစ်ကောင်က ဒီနှစ်တွေတလျှောက်လုံး သူတို့လိမ်ယူထားတဲ့ ပိုက်ဆံတွေ အကုန်လုံးကို သုံးပြီး ဒီကားနှစ်စီးကို ဝယ်လိုက်တာများလား"
လျိုတအာသည် ချက်ချင်းပင် မကျေမနပ် ဖြစ်သွားချေ၏။ အကယ်၍ ပိုက်ဆံများ အားလုံးကို ဤသို့ သုံးစွဲပစ်လိုက်ပါက သူမ အသက်ကြီးလာချိန်တွင် မိမိကိုယ်ကိုယ် မည်သို့ ထောက်ပံ့နိုင်မည်နည်း။
ထို့ကြောင့် လျိုတအာသည် ဒေါသထွက်သွားပြီး တံခါးဝတွင် ရပ်နေသော လူငယ်တစ်ဦးကို မြင်တွေ့လိုက်ရသဖြင့် အလျင်အမြန် လျှောက်သွားလိုက်သည်။
"ဟူး ငါတို့က ဒီကားကို ဝယ်မှာ မဟုတ်ဘူး အော်ဒါကို မြန်မြန် ဖျက်သိမ်းလိုက်ပါ" လျိုတအာသည် စုယွမ်အား ကားလာပို့သော အရောင်းဝန်ထမ်းတစ်ဦးအဖြစ် အထင်မှားသွားလေ၏။
ထိုအချိန်တွင် ကျန်းလီလီသည် စုယွမ် အထဲသို့ ဝင်မလာသေးသည်ကို သတိပြုမိသွားသဖြင့် အလျင်အမြန် ထွက်လာကာ နှုတ်ဆက်လိုက်ပေသည်။ "အင်း စုလေး မင်းက ဘာလို့ ဒီကို မရောက်သေးတာလဲ"
ကျန်းလီလီ စကားမဆုံးမီ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို တုန်ရီသွားစေသည့် လူတစ်ယောက်ကို ရုတ်တရက် မြင်တွေ့လိုက်ရချေသည်။
လျိုတအာ။ သူမ၏ မိခင်အရင်းပင်။
"ငါတို့ သူ့ကို အပန်းဖြေခရီး လွှတ်လိုက်တာ မဟုတ်ဘူးလား ဘာလို့ ဒီလောက်စောစော ပြန်ရောက်လာရတာလဲ"
"ငါ ခုလေးတင် သူ့ကို သေတော့မယ့်ပုံစံမျိုး ပြောထားခဲ့တာ တကယ်လို့ သူက ဒီမှာ ဒီလောက် တက်တက်ကြွကြွ ရပ်နေပြီး အားလုံးက သူ့ကို မြင်သွားရင် ငါ့ရဲ့ ပြောင်မြောက်လှတဲ့ အကြံအစည်ကြီး ပျက်စီးသွားမှာ မဟုတ်ဘူးလား"
ခဏတာမျှ ကျန်းလီလီသည် လျိုတအာ၏ မျက်လုံးများကို ကြည့်ရင်း လုံးဝ ကြက်သေသေသွားလေ၏။ သူမ မသိလိုက်ခင်မှာပင် သူမ၏ နဖူးထက်၌ ချွေးစေးများ ပြည့်နှက်နေပေပြီ။
"သူ ပြန်လာတာ မလာတာက အရေးမကြီးပါဘူး ဒါပေမဲ့ ဒီလို အရေးကြီးတဲ့ အချိန်ကျမှ ပြန်လာတာက အကြံအစည်ကို တမင်သက်သက် ဖျက်ဆီးနေတာ မဟုတ်ဘူးလား"
"ဒါ့အပြင် ချန်ဂန်းရဲ့ တူက ဒီမှာ ရပ်နေတာလေ တကယ်လို့ သူက သူမရဲ့ ကိုယ်ရေးအချက်အလက်ကို သိသွားရင် လူငယ်တစ်ယောက်ရဲ့ ဉာဏ်နဲ့ဆိုရင် သူက ငါ့ကို မြန်မြန်ဆန်ဆန် သံသယဝင်သွားလိမ့်မယ်"
ခဏတာမျှ ကျန်းလီလီသည် ပူအိုက်သော ဒယ်အိုးပေါ်မှ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ဘာလုပ်ရမှန်းမသိ ဖြစ်နေရချေသည်။
စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်နေပြီးနောက် ကျန်းလီလီသည် ရုတ်တရက် အကြံတစ်ခု ရသွား၏။ သူမသည် စုယွမ်အား ကြည့်ကာ ပြောလိုက်သည်။ "အင်း စုလေး မြန်မြန် အထဲဝင်ကြရအောင် ဒီမှာ နေအရမ်းပူတယ် နေလောင်ခံရလိမ့်မယ်"
ထိုသို့ပြောဆိုပြီးနောက် ကျန်းလီလီသည် စုယွမ်၏ အင်္ကျီလက်ကို ဆွဲကာ အထဲသို့ လျှောက်သွားလေသည်။
သူမ ခြေတစ်လှမ်းမျှ မလှမ်းရသေးမီ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသော လျိုတအာသည် ချက်ချင်းပင် မကျေမနပ် ဖြစ်သွားပေ၏။ သူမသည် ကျန်းလီလီအား စုယွမ်နှင့် ခွဲခွာသွားစေရန် လက်ကို ရိုက်ချလိုက်ပြီးနောက် ကျန်းလီလီ၏ မျက်နှာကို တိုက်ရိုက် ပါးချလိုက်တော့သည်။
ဖြန်း
ကျယ်လောင်ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာပြီး အားလုံးကို အံ့အားသင့်သွားစေခဲ့ကာ အထူးသဖြင့် ပါးရိုက်ခံလိုက်ရသော ကျန်းလီလီ၏ မျက်နှာထက်တွင် အံ့အားသင့်မှုနှင့် မယုံကြည်နိုင်မှုများ ပြည့်နှက်သွားလေ၏။
"ဘာ ဘာလုပ်တာလဲ" ကျန်းလီလီသည် သူမ၏ မျက်နှာကို ကာကွယ်ထားရင်း လျိုတအာအား အံ့အားသင့် တွေဝေစွာဖြင့် ကြည့်ကာ မေးလိုက်သည်။
"ဟမ် ငါက ဘာလုပ်ရမှာလဲ ငါက ဘာများ လုပ်နိုင်မှာမို့လို့လဲ"
လျိုတအာ၏ မျက်နှာထက်တွင် နာကြည်းမှုများ ပြည့်နှက်နေပေသည်။ သူမ၏ ပင်စင်လစာကို တစ်ဦးတည်း သိမ်းပိုက်ရန် သမီးဖြစ်သူ၏ အကြံအစည်အတွက် သူမ အလွန်တရာ ဒေါသထွက်နေခဲ့၏။
"မင်းက ငါ့ရဲ့ သမီးလိမ္မာလေးပဲ ဒီနှစ်တွေတလျှောက်လုံး ဒီလောက် ပိုက်ဆံတွေ အများကြီး စုထားတာတောင် မင်းတို့နှစ်ယောက်က အကုန်လုံးကို ကိုယ့်အတွက်ချည်းပဲ ယူချင်နေကြတာပေါ့"
" ငါ က အခုလေးတင် ပြန်ရောက်လာတာ.. ဒါနဲ့ တိုက်တိုက်ဆိုင်ဆိုင် လာကြုံရတာပဲ ဒါကို ကြည့်စမ်း ဒါက ဘာတွေလဲ"
လျိုတအာသည် ကားနှစ်စီးကို လက်ညှိုးထိုးပြကာ ဒေါသတကြီးဖြင့် ပြောလိုက်လေသည်။
"တကယ်လို့ မင်းတို့က ပိုက်ဆံတစ်ဝက်ကို ယူလိုက်ရင် ငါ ဘာမှပြောမှာ မဟုတ်ဘူး ဒါပေမဲ့ မင်းတို့က လုံးဝ မုန်းစရာကောင်းလွန်းတယ်"
"မင်းတို့က ငါ့ကို အပြင်ထွက်သွားအောင် လှည့်စားပြီးတော့ ကားဝယ်ဖို့ ပိုက်ဆံတွေ စသုံးနေကြတယ် တစ်ယောက်တစ်စီးစီပေါ့လေ မင်းတို့က တကယ်ပဲ အကြံအစည် ကောင်းကြတာပဲ"
"တကယ်လို့ ဒီနေ့ ငါသာ စောစော ပြန်မရောက်လာခဲ့ရင် မင်းတို့နှစ်ယောက် ထွက်ပြေးသွားကြတော့မှာမလား"
လျိုတအာသည် အမုန်းတရားများဖြင့် ဆူပွက်နေကာ သွားကြိတ်လိုက်ပြီးနောက် စုယွမ်အား ကြည့်ကာ ပြောလိုက်ပေ၏။ "ဝန်ထမ်းလေး ငါတို့က ဒီကားကို မလိုချင်ဘူး သူတို့ မင်းကို ပိုက်ဆံ ဘယ်လောက်ပေးခဲ့လဲ မင်း အဲဒါတွေ အကုန်လုံး ငါ့ကို ပြန်ပေးရမယ် တကယ်လို့ အဲဒီလိုမဟုတ်ရင်တော့ လျိုတအာက မင်းကို ဒီရွာကနေ လုံးဝ ထွက်သွားခွင့်ပြုမှာ မဟုတ်ဘူးဆိုတာကိုတော့ ငါ အာမခံတယ်"
ထိုသို့ပြောဆိုပြီးနောက် လျိုတအာသည် မြေပြင်ပေါ်သို့ ဖင်ထိုင်ချလိုက်ပြီး လူယုတ်မာတစ်ယောက်ကဲ့သို့ ပြုမူတော့သည်။
ဤမြင်ကွင်းကို မြင်တွေ့ရချိန်တွင် ကျန်းလီလီသည် ဒေါသတကြီးဖြင့် ခြေဆောင့်လိုက်လေ၏။ ဘာတွေ ဖြစ်နေတာလဲ။ ဤမျှ ကြီးမားသော နားလည်မှုလွဲမှားခြင်းမျိုးက မည်သို့ ဖြစ်ပေါ်လာနိုင်သနည်း။
လူများ ပိုမိုစုရုံးရောက်ရှိလာချိန်တွင် ကျန်းလီလီသည် မြေပြင်ပေါ်တွင် ထိုင်ကာ ကလေးဆိုးတစ်ယောက်ကဲ့သို့ ပြုမူနေသော လျိုတအာအား ဆွဲထူရန် အလျင်အမြန် သွားလိုက်ချေသည်။
"ဘာလုပ်နေတာလဲ အရှက်ကွဲအောင် ပြဿနာရှာနေတာလား ထပါတော့" ကျန်းလီလီသည် လျိုတအာအား ဆွဲထူရန် ကြိုးစားလိုက်သော်လည်း လျိုတအာမှာ ကိုယ်လုံးကိုယ်ပေါက် ကြီးမားပြီး သူမအနေဖြင့် မထချင်ပါက ကျန်းလီလီ တစ်ယောက်တည်း ဆွဲထူနိုင်မည် မဟုတ်ချေ။
"အို အားလုံးပဲ ရွာသူရွာသားတို့"
"လာကြည့်ကြပါဦး"
"ငါ့ရဲ့ ကျေးဇူးကန်းတဲ့ သမီးလေ"
"အို ငါက သူ့ကို အရမ်းကို ခက်ခက်ခဲခဲ ပြုစုပျိုးထောင်ခဲ့ရတာ သူ့ရဲ့ သေးခံတွေကို လဲပေးပြီး ထမင်းတစ်လုပ် ရေတစ်ခွက်ကအစ ဂရုစိုက်ခဲ့ရတာ ဒါက သူ့ရဲ့ ကျေးဇူးကန်းတဲ့ အပြုအမူအတွက် ရလဒ်ပဲ"
"သက်ကြီးရွယ်အိုတွေကို အနိုင်ကျင့်နေတာ ငါက အရမ်းကို သနားစရာကောင်းလိုက်တာ"
လျိုတအာသည် မြေပြင်ကို လက်သီးဖြင့် ထုနှက်လိုက်ပြီး မျက်ရည်များ စီးကျလာကာ သူမ၏ ဆံပင်များကို ဖွထားပြီး မြေပြင်ပေါ်တွင် အကြိမ်ကြိမ် လူးလှိမ့်နေတော့သည်။
ပတ်ဝန်းကျင်ရှိ လူများသည် လျိုတအာ ဤသို့ပြုလုပ်နေသည်ကို မြင်တွေ့ရချိန်တွင် လက်ညှိုးထိုးကာ တိုးတိုးတိတ်တိတ် ပြောဆိုလာကြပေ၏။ "လျိုတအာကို ကြည့်ပါဦး သူ ဘာလုပ်နေတာလဲ"
"ဟုတ်ပါရဲ့ သူတို့က အသက်ကြီးလာတာနဲ့အမျှ ပိုဆိုးလာတာပဲ အရှက်အကြောက်တောင် မရှိတော့ဘူးလား"
"ကိုယ့်ခြံထဲမှာ ကိုယ် ပြဿနာရှာပြီး ဘာလုပ်ချင်နေတာလဲ"
"ကျန်းလီလီက သူ့စုဆောင်းငွေတွေ အကုန်လုံး သုံးပစ်လိုက်တာကို မြင်တော့ လျိုတအာ အိမ်ပြန်ရောက်တဲ့အခါ ပြဿနာရှာတယ်လို့ ကြားတယ်"
"ဘာ အဲဒါ မဖြစ်နိုင်ပါဘူး လီလီက ချွေတာတတ်တဲ့သူ မဟုတ်ဘူးလား"
"တစ်ခုခုတော့ မှားနေပြီ တစ်ခုခု မှားနေပြီ ငါ ဒီမှာ တစ်ချိန်လုံး ရှိနေခဲ့တာ ကျန်းလီလီက လျိုတအာ ဆေးရုံရောက်နေပြီး အသက်မရှင်နိုင်တော့ဘူးလို့ ပြောခဲ့တယ်လေ"
"အခု လျိုတအာကို ကြည့်ရတာ သူက လုံးဝ အဆင်ပြေနေတာပဲ ကိုယ်လုံးကိုယ်ပေါက် ကြီးကြီးမားမားနဲ့ တက်တက်ကြွကြွ ရှိနေပြီး ဖျားနာနေတဲ့ လက္ခဏာ တစ်ခုမှတောင် မပြဘူး" လူလတ်ပိုင်း အမျိုးသားတစ်ဦးက တွေဝေစွာဖြင့် ပြောလိုက်သည်။
"ဟုတ်တယ် ငါလည်း အဲဒါကို ကြားတယ် ဘာကို ဆိုလိုတာလဲ"
"လျိုတအာက တကယ် တက်တက်ကြွကြွ ရှိနေတာပဲ သူ ဘာလုပ်နေတာလဲ" အားလုံးက ဝင်ရောက်ပြောဆိုလိုက်ကြချေသည်။
ကိစ္စရပ်များမှာ ခန့်မှန်း၍မရနိုင်သော အခြေအနေတစ်ခုအထိ ကြီးထွားလာပြီဖြစ်ကြောင်း မြင်တွေ့ရချိန်တွင် ကျန်းလီလီသည် စုယွမ်အား အလျင်အမြန် ပြောလိုက်၏။
"စုယွမ် မြန်မြန် အထဲဝင်ကြရအောင် ဒီလူက ရူးနေတာ သူ လျှောက်ပြောနေတာတွေကို နားမထောင်ပါနဲ့"
ကျန်းလီလီသည် စုယွမ်အား အိမ်ထဲသို့ ခေါ်သွင်းကာ အခြေအနေကို ဖြေရှင်းရန် မျှော်လင့်ချက်ထားနေချိန်တွင် စုယွမ်မှာ လုံးဝ တုန်လှုပ်သွားခြင်း မရှိခဲ့ပေ။
"ဟန်ဆောင်တာတွေကို ရပ်လိုက်တော့ ခင်ဗျားတို့ ဒီလိုလုပ်နေတာ နှစ်နှစ်တောင် ရှိနေပြီကို အခုထက်ထိ လုံးဝ မြင်မှန်မရသေးဘူးလား"
ဤစကားကို ကြားချိန်တွင် ကျန်းလီလီသည် ထိုနေရာတွင်ပင် အေးခဲသွားတော့သည်။