အခန်း ၂၂၁+၂၂၂
Vol. 23 Ch. 221+222
အပိုင်း ၂၂၁ + ၂၂၂
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
သူမ မျက်စိဖြင့် မမြင်ရသော်လည်း မှန်ကန်စွာ ခန့်မှန်းနိုင်၏။ ရဲ့ကျင်းယွီက ဆိုနင်ပင်းကို ခေါ်ကာ တောင်ပေါ်သို့ ထွက်ပြေးသွားခြင်း ဖြစ်ရပေမည်။
ဆိုနင်ပင်းကို ဓားစာခံအဖြစ် ဖမ်းထားနိုင်သရွေ့ သူမအတွက် အသက်ရှင်နိုင်မည့် အခွင့်အရေး အနည်းငယ် ရှိနေသေး၏။ ဆိုနင်ပင်းကို အသုံးပြု၍ ဆိုလွန်အား ခြိမ်းခြောက်နိုင်သေးသည်။
အဘယ်ကြောင့်ဆိုသော် ထိုသောက်ရူးက သူ၏ အစ်မဖြစ်သူအပေါ်၌ ရူးသွပ်လောက်သည့် စွဲလမ်းမှုမျိုး ရှိနေသောကြောင့်ပင်။
မိသားစု၏ သိုင်းပညာရှင်ကို ခေါ်ဆောင်ကာ ကျောက်ဆောင်ကမ်းပါးယံကို အမြင့်ဆုံးအရှိန်ဖြင့် တက်သွားလိုက်၏။ ထင်ထားသည့်အတိုင်းပင် တောင်ထိပ်၌ ဆိုနင်ပင်းနှင့် ရဲ့ကျင်းယွီတို့ကို တွေ့လိုက်ရသည်။
ကွေ့ချင်းရှောင်းက လှောင်ပြောင်လိုက်သည်။ "အစ်မ ဆိုနင်ပင်း... မပြေးပါနဲ့။"
အမိန့်ကိုပင် စောင့်မနေဘဲ ဦးလေးဟု သူမ ခေါ်ဆိုသည့် အသက်အရွယ်ရနေပြီဖြစ်သော သိုင်းပညာရှင်က သူ၏ ဓားကို ဆွဲထုတ်ကာ ရဲ့ကျင်းယွီထံသို့ တိုက်ရိုက် ပြေးဝင်သွားလိုက်၏။
ထိုဦးလေး၏ သိုင်းပညာစွမ်းရည်မှာ အလွန်တရာ မြင့်မားလှသည်။ ရဲ့ကျင်းယွီကို ချက်ချင်းပင် ဖိနှိပ်ထားလိုက်ရာ ဆိုနင်ပင်းကို မကာကွယ်နိုင်တော့သည်အထိ လုံးဝ အရေးသာသွား၏။
ထို့နောက် ကွေ့ချင်းရှောင်းက သူမ၏ ဓားကို ဆွဲထုတ်လိုက်ပြီး ဆိုနင်ပင်းထံသို့ ဖြည်းညင်းစွာ ချဉ်းကပ်လာလိုက်သည်။
ဆိုနင်ပင်း နောက်သို့ ဆက်တိုက် ဆုတ်လိုက်ရာ ကမ်းပါးစွန်းသို့ အလျင်အမြန် ရောက်ရှိသွား၏။ သူမ အောက်သို့ ပြုတ်ကျတော့မည့် အနေအထားပင်။
ကမ်းပါးမှာ အလွန် မမြင့်မားလှသော်ငြား မီတာဒါဇင်ပေါင်းများစွာတော့ မြင့်နေဆဲပင်။ အကယ်၍ အားနည်းလှသည့် ဆိုနင်ပင်းသာ ပြုတ်ကျသွားပါက သေချာပေါက် သနားစဖွယ် သေဆုံးရမည်သာ။
ကွေ့ချင်းရှောင်းက အေးစက်စွာ ပြောလိုက်သည်။ "ခုန်ချလေ။ ဘာလို့ မခုန်ချတာလဲ။ နင့်မှာ ခုန်ချရဲတဲ့ သတ္တိရှိလို့လား။ သတ္တိမရှိဘူးဆိုရင်လည်း ငါ့ရဲ့ ဓားစာခံအဖြစ် လိမ္မာပါးနပ်စွာ အဖမ်းခံလိုက်စမ်းပါ။ ပြောစမ်းပါဦး... နင့်ရဲ့ မျက်လုံးနဲ့ သူ့ရဲ့ မျက်လုံးကို လဲဖို့ ငါက ဆိုလွန်ကို တောင်းဆိုရင် သူ သဘောတူမယ် ထင်လား။"
"သူက ငြင်းမယ်ဆိုရင် နင့်ရဲ့ ညာဘက်မျက်လုံးကို ငါကန်းအောင် လုပ်ပစ်မယ်။ သူသာ ငြင်းလိုက်ရင် နင့်အပေါ်ထားတဲ့ သူ့ရဲ့ ခံစားချက်တွေက အတုအယောင်တွေဆိုတာ သေချာသွားပြီပဲ။"
ထိုစကားကို ကြားလိုက်ရသောအခါ ဆိုနင်ပင်း၏ နူးညံ့လှသည့် ခန္ဓာကိုယ်လေးမှာ ပြင်းထန်စွာ တုန်ရီသွား၏။ ထိုကဲ့သို့ ဖြစ်လာမည်ကို ခွင့်ပြုမည့်အစား သေလိုက်ရသည်က ပိုကောင်းပေလိမ့်မည်။
ရုတ်တရက် သူမ၏ အမူအရာ ပြောင်းလဲသွားပြီး လှပသည့် မျက်လုံးများထဲ၌ အံ့ဩဝမ်းသာသွားသည့် အရိပ်အယောင်တစ်ခု တောက်ပသွားသည်။
ဆိုနင်ပင်းက ပျော်ရွင်စွာ ပြောလိုက်၏။ "ကွေ့ချင်းရှောင်း... စောင့်နေလိုက်။ နင့်ရဲ့ အဆုံးသတ် ရောက်လာတော့မယ်။"
ထို့နောက် သူမ နောက်သို့ ကိုင်းချကာ ကမ်းပါးပေါ်မှ တိုက်ရိုက် ခုန်ချလိုက်တော့၏။
တစ်ဖက်လူ အမှန်တကယ် ခုန်ချသွားသည်ကို ကွေ့ချင်းရှောင်း မယုံနိုင်ဖြစ်သွားရသည်။ သူမ ရှေ့သို့ တိုးသွားကာ ကမ်းပါးအောက်သို့ ငုံ့ကြည့်လိုက်၏။
ဆိုနင်ပင်း၏ နူးညံ့သည့် ခန္ဓာကိုယ်လေးက ပို၍ ပို၍ မြန်ဆန်စွာ ပြုတ်ကျသွားသည်။
သူမ မြေပြင်နှင့် ရိုက်မိကာ သေဆုံးရတော့မည့် အချိန်၌မှာပင်... ရုတ်တရက်.... နှင်းကဲ့သို့ ဖြူလွန်းနေသည့် ပုံရိပ်တစ်ခုက ရှေ့သို့ အလျင်အမြန် ပြေးထွက်လာကာ ပြုတ်ကျလာသည့် ဆိုနင်ပင်းကို ဖမ်းယူလိုက်၏။
ထိုပုံရိပ်က ပြုတ်ကျလာသည့် အရှိန်ကို လျှော့ချရန်အတွက် လေထဲ၌ပင် အကြိမ်အနည်းငယ် လည်ပတ်လိုက်သည်။
**--**--**--**--**--**--**--**
ဆိုနင်ပင်းကို ကယ်တင်လိုက်သူမှာ ဆံပင်နှင့် မုတ်ဆိတ်များ လုံးဝ ဖြူဖွေးနေသည့် မိန်းမစိုးအမတ်အိုကြီး တစ်ဦးပင်။
မိန်းမစိုးအမတ်အိုကြီးက ညင်သာစွာ ပြောလိုက်သည်။ "သခင်မလေးဆို... သခင်မလေးနဲ့ မောင်ဖြစ်သူကြားမှာ တကယ်ကိုပဲ စိတ်ချင်းဆက်သွယ်မှု ရှိတာပဲ။ သခင်မလေးကို ကယ်ဖို့အတွက် သူက ကျုပ်ကို ကြိုလွှတ်လိုက်တာ။"
တစ်ချိန်တည်းမှာပင် ဆိုလွန်က သိုင်းပညာစွမ်းရည် မြင့်မားလှသည့် အခြားသော မိန်းမစိုးအမတ် သုံးဦးနှင့်အတူ အလျင်အမြန် ရောက်ရှိလာ၏။ သူက အထက်သို့ မော့ကြည့်ကာ ကမ်းပါးယံဆီသို့ အော်ဟစ်လိုက်သည်။
"ကျင်းယွီ... ခုန်ချလိုက်။"
ကမ်းပါးပေါ်၌ ထောင့်ကျပ်မိနေပြီး အန္တရာယ်များဖြင့် ဝန်းရံခံနေရသည့် ရဲ့ကျင်းယွီက အလျင်အမြန် နောက်ဆုတ်လိုက်ကာ တုံ့ဆိုင်းနေခြင်း မရှိဘဲ ခုန်ချလိုက်တော့၏။
ဆံပင်နှင့် မုတ်ဆိတ်များ ဖြူဖွေးနေသည့် မိန်းမစိုးအမတ်အိုကြီးက သူမကိုလည်း အလွယ်တကူ ဖမ်းယူလိုက်ပြန်သည်။
ဆိုလွန်က အစ်မဖြစ်သူ၏ အနားသို့ အရင်ဦးစွာ အပြေးအလွှား သွားလိုက်ပြီး သူမ ဘေးကင်းလုံခြုံကြောင်းကို အတည်ပြုလိုက်၏။ ထို့နောက် ကမ်းပါးပေါ်ရှိ ကွေ့ချင်းရှောင်းကို မော့ကြည့်လိုက်သည်။
သူက လှောင်ရယ်ကာ ပြောလိုက်၏။ "ငါ့ရဲ့ စေ့စပ်ထားသူဟောင်းလေး... မင်း ပြေးစရာလမ်း မရှိတော့ဘူး။ ခုန်ချလိုက်စမ်းပါ။ ငါ မင်းကို မဖမ်းဘူးလို့ အာမခံတယ်။"
ကွေ့ချင်းရှောင်းကမူ ကမ်းပါးထိပ်၌ ရပ်နေရင်း အောက်ဘက်ရှိ မိန်းမစိုးအမတ် သိုင်းပညာရှင် လေးဦးနှင့် ဆိုလွန်၏ မျက်နှာထက်ရှိ အေးစက်နေသည့် အမူအရာတို့ကို ငုံ့ကြည့်နေမိ၏။
ထိုသည်က အမှန်ပင်။ သူမ၌ ပြေးစရာလမ်း မရှိတော့ချေ။ သူမအနေဖြင့် ကမ်းပါးပေါ်မှ ခုန်ချကာ သတ်သေနိုင်သကဲ့သို့ ဆိုလွန်၏ ဖမ်းဆီးခြင်းကိုခံရပြီး အဆုံးမဲ့သည့် အရှက်ခွဲခံရမှုများကိုလည်း ခံစားရနိုင်သည်။
ယနေ့တွင် သူမ အလွန်အမင်း ပျော်ရွှင်စွာဖြင့် ရောက်လာခဲ့ခြင်း ဖြစ်၏။ ဤမျှ မျှော်လင့်ချက်မဲ့သည့် အခြေအနေမျိုးသို့ ရောက်သွားလိမ့်မည်ဟု သူမ တစ်ခါမှ မတွေးထားခဲ့ဖူးချေ။
ဆိုလွန်က အပြုံးတစ်ပွင့်နှင့်အတူ ပြောလိုက်သည်။ "ကွေ့ချင်းရှောင်း... မင်းမှာ သတ္တိရှိရင် ခုန်ချလိုက်။ ငါ မင်းကို မဖမ်းဘူးလို့ အာမခံတယ်။" သူ၏ အသံ၌ အေးစက်သည့် ရက်စက်မှုများဖြင့် ပြည့်နှက်နေ၏။
**--**--**--**--**--**--**--**
ကမ်းပါးထိပ်၌ ရပ်နေရင်း ကွေ့ချင်းရှောင်းတစ်ယောက် ဆိုလွန်၏ ရက်စက်သည့် အကြည့်များကို ငုံ့ကြည့်နေမိ၏။ သူမ၏ ရင်ထဲ၌ အိပ်မက်ဆန်သည့် နာကျင်မှုလှိုင်းတံပိုးကြီးတစ်ခုက ရိုက်ခတ်လာသည်။
ဖခင်ဖြစ်သူ မရှိခိုက် စစ်တပ်အမိန့်ပေးတံဆိပ်ပြားကို ခိုးယူခဲ့သည်။ မိခင်ဖြစ်သူ ထူလင်းစီနှင့် ရေတပ်ကို ကွပ်ကဲသည့် တတိယအစ်ကိုတို့၏ ထောက်ပံ့မှုဖြင့် ဆိုလွန်အား လက်စားချေရန်အတွက် ကျောက်စရစ်ကျွန်းကို တိုက်ခိုက်ရန် ရေတပ်တပ်ဖွဲ့များကို ဦးဆောင်လာခဲ့၏။
လွယ်လွယ်ကူကူ အနိုင်ရမည်ဟု ထင်ထားခဲ့သည်။ ဆိုလွန်က လူထောင်ပေါင်းများစွာ ပါဝင်သည့် စစ်တပ်ကြီးတစ်ခုကို ခေါ်ဆောင်ကာ ပင်လယ်ထဲမှ ရုတ်တရက် ပေါ်လာလိမ့်မည်ဟု သူမ စိတ်ကူးဖြင့်ပင် ယောင်လို့ မတွေးမိခဲ့ချေ။
သူမ ဦးဆောင်လာသည့် ရေတပ်မှာ ကွေ့မိသားစု၏ ရေတပ်အင်အား တစ်ခုလုံးနီးပါး ဖြစ်ပြီး ယခုအခါ၌မူ သူမကြောင့် လုံးဝ အမြစ်ပြတ် သုတ်သင်ခံလိုက်ရလေပြီ။ သူမ၏ ဖခင် ပြန်လာသည့်အခါ အလွန်အမင်း ဝမ်းနည်းကြေကွဲရပေလိမ့်မည်။
ထို့အပြင် ဖခင်ဖြစ်သူက သူ မရှိချိန်၌ ကျွန်းအား မစဉ်းမစားဘဲ မတိုက်ခိုက်ရန် အတိအလင်း သတိပေးထားခဲ့သေးသည်။ သို့သော် ဒေါသများက သူမ၏ ဆင်ခြင်တုံတရားကို ဖုံးကွယ်သွားစေခဲ့၏။
တတိယအစ်ကိုအား တပ်များကို ဦးဆောင်ကာ လက်စားချေရန် ဖျောင်းဖျခဲ့မိရာ အကြီးအကျယ် ရှုံးနိမ့်ခြင်းဖြင့်သာ အဆုံးသတ်သွားခဲ့ရသည်။ ယခုအခါ၌မူ သူမကိုယ်တိုင်ပင် မျှော်လင့်ချက်မဲ့နေသည့် အခြေအနေထဲသို့ ပိတ်မိသွားခဲ့လေပြီ။
ဆိုလွန်က အောက်ဘက်မှနေ၍ နောက်တစ်ကြိမ် အော်ဟစ်လိုက်ပြန်သည်။ "ခုန်ချလိုက်။ ငါ မင်းကို မဖမ်းဘူးလို့ ကတိပေးတယ်။ မင်း ရုပ်ပျက်ဆင်းပျက် သေသွားတာကို ငါ ကြည့်ချင်တယ်။"
အကြောင်းရင်းကို မသိသော်လည်း ပင်လယ်လေပြေက ဆိုလွန်၏ အသံကို သူမ၏ နားထဲသို့ သယ်ဆောင်လာသောအခါ အထူးတလည် ရက်စက်လွန်းနေသည်ဟု ထင်ရ၏။
ကွေ့ချင်းရှောင်း သူမ၏ ရင်ထဲ၌ ရှင်းပြမတတ်သည့် ဝမ်းနည်းမှုတစ်ခုကို ခံစားလိုက်ရသည်။ သူမ အလွန်တရာ လှပလွန်းလှသောကြောင့် မည်သည့် အမျိုးသားမဆို သူမကို သနားကြင်နာတတ်ကြ၏။
သူမဘက်က အကြောင်းပြချက်မရှိ ရစ်တတ်လျှင်ဖြစ်စေ သို့မဟုတ် ဆိုးရွားသည့် အမှားတစ်ခုကို လုပ်မိလျှင်ဖြစ်စေ အခြားအမျိုးသားများက သူမကို အမြဲတမ်း ခွင့်လွှတ်ပေးတတ်ကြသည်။
သို့သော် လက်ရှိအချိန်၌မူ ဆိုလွန်၏ လေသံမှာ ရေခဲတမျှ အေးစက်နေပြီး အကြည့်များကလည်း လေသံထက်ပင် ပို၍ အေးစက်နေသေး၏။ သနားညှာတာမှု နည်းနည်းလေးမှကို မပြသချေ။ ပကတိ ရက်စက်မှုနှင့် ငြင်းပယ်မှုများသာ ရှိနေသည်။
သူမ ကမ်းပါးအောက်သို့ ငုံ့ကြည့်လိုက်၏။ အမြင့်မှာ မီတာခုနစ်ဆယ်ခန့် ရှိသည်။ အကယ်၍ သူမသာ ဤအမြင့်မှ ပြုတ်ကျသွားပါက အမှန်တကယ်ပင် ရစရာမရှိအောင် သေဆုံးရပေလိမ့်မည်။
ကြောက်ရွံ့နေမိသော်လည်း သေရမည်ကို ကြောက်နေခြင်း မဟုတ်ချေ။ သူမ ထိုကဲ့သို့ ကြမ်းတမ်းစွာ သေဆုံးသွားခဲ့လျှင် သူမ၏ ခန္ဓာကိုယ်လေး မည်မျှအထိ ရစရာမရှိအောင် ဖြစ်သွားမည်ကို ကြောက်လန့်နေမိခြင်းပင်။
ထို့အပြင် သူမ သေချင်စိတ် မရှိချေ။ အလွန်လှပပြီး အကောင်းဆုံးအရွယ်၌ ရှိနေသေးသည် မဟုတ်လော။
မိဘများနှင့် အစ်ကိုဖြစ်သူတို့၏ ချစ်ခြင်းမေတ္တာများဖြင့် သူမက အလွန်ပျော်ရွှင်သည့် ဘဝတစ်ခုကို ဖြတ်သန်းနေရဆဲပင်။
ယခုတော့ အရာအားလုံး ပျက်စီးသွားတော့မည်လော။ သူမ တကယ်ပဲ ဘဝ၏ အဆုံးသတ်ကို ရောက်နေပြီလော။
သူမ မသေချင်ပေ။
အနီးနားရှိ ဦးလေးက အသည်းအသန် ပြောလိုက်သည်။ "သခင်မလေး... သခင်မလေးကို ကာကွယ်ပေးပြီး ထွက်ပေါက်တစ်ခုကို ဖောက်ပေးပါ့မယ်။"
သူ၏ ဓားကောက်ကြီးကို ဝှေ့ယမ်းကာ ရန်သူအား သူနှင့်အတူ အသေခံ တိုက်ခိုက်မည့် ရည်ရွယ်ချက်အပြည့်ဖြင့် အရူးတစ်ယောက်ကဲ့သို့ ဆိုလွန်ထံသို့ ကမ်းပါးအောက်သို့ အပြင်းအထန် ပြေးဆင်းသွားတော့လိုက်၏။
"..." ဆိုလွန်၏ ဘေး၌ ရပ်နေသည့် ဆံပင်ဖြူမိန်းမစိုးအမတ်က သူ၏ လက်ထဲရှိ နူးညံ့လှသည့် ဗုဒ္ဓပန်းပွားကို ညင်သာစွာ ခါယမ်းလိုက်သည်။
ချက်ချင်းဆိုသလိုပင် နူးညံ့လှသည့် ဗုဒ္ဓပန်းပွားက သေစေနိုင်သည့် လက်နက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။ ထိုအရာက ဦးလေး၏ ခန္ဓာကိုယ်အား တိုက်ရိုက် ထိုးဖောက်သွားကာ သွေးသံရဲရဲ ဖြစ်သွားစေသည်။ ချက်ချင်းပင် မြေပြင်ပေါ်သို့ လဲကျသွားပြီး ပွဲချင်းပြီး သေဆုံးသွား၏။
ဤကမ္ဘာ၌ တာအို သို့မဟုတ် ဗုဒ္ဓဘာသာ မရှိသောကြောင့် ဤသည်က ဗုဒ္ဓပန်းပွားအား လက်နက်တစ်ခုအဖြစ် အသုံးပြုသည်ကို ဆိုလွန် ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။
ဦးလေးဖြစ်သူ သနားစဖွယ် သေဆုံးသွားသည်ကို မြင်လိုက်ရသောအခါ ကွေ့ချင်းရှောင်းတစ်ယောက် လန့်ဖျပ်ကာ အော်ဟစ်လိုက်မိ၏။ ဝမ်းနည်းသောကြောင့်တော့ မဟုတ်ပေ။ အလောင်းက ရစရာမရှိအောင် ဖြစ်နေသည်ကို မြင်ပြီး ကြောက်လန့်သွားခြင်းသာ ဖြစ်သည်။
သူမသည် ငယ်စဉ်ကတည်းက အချစ်ခံခဲ့ရသူဖြစ်သောကြောင့် တစ်ကိုယ်ကောင်းဆန်သူ ဖြစ်လာသည်ကို ရှောင်လွှဲ၍ မရနိုင်ချေ။ မိဘများ ၊ မိသားစုဝင်များနှင့် သူမနှင့်အတူ ကြီးပြင်းလာခဲ့သည့် လင်းအောင်းကိုသာ ဂရုစိုက်၏။
အခြားမည်သူ့ကိုမှ ခံစားချက် မရှိချေ။ သူမကို ကာကွယ်ရင်း သေဆုံးသွားသည့် မိသားစု သိုင်းပညာရှင်အပေါ်၌ပင် ခံစားချက်မရှိပေ။
ဆိုလွန်က ထပ်မံ၍ လှောင်ရယ်လိုက်ပြန်သည်။ "အခု မင်းဘက်မှာရှိတဲ့ တစ်ယောက်တည်းသောသူက သေသွားပြီ။ ကွေ့ချင်းရှောင်း... ခုန်ချလိုက်စမ်းပါ။ ငါ မင်းကို မဖမ်းဘူးလို့ ကတိပေးတယ်။ မင်း ရစရာမရှိအောင်ကို ပျက်စီးသွားအောင် လွှတ်ထားပေးမယ်။"
နူးညံ့ပြီး ကြင်နာတတ်သည့် ဆိုနင်ပင်းက ခေါင်းကိုသာ လွှဲထားလိုက်၏။ သူမက ကြည့်ရန် ငြင်းဆန်ပြီး ကွေ့ချင်းရှောင်းအတွက် သနားညှာတာပေးရန် တောင်းဆိုပေးမည့် ရည်ရွယ်ချက်လည်း မရှိချေ။
ကမ်းပါးပေါ်၌ တစ်ယောက်တည်း ရပ်နေရင်း ကွေ့ချင်းရှောင်းတစ်ယောက် မျှော်လင့်ချက်မဲ့ခြင်းထဲသို့ ကျဆင်းသွားရတော့သည်။
သူမ လင်ဟိုင်မြို့ ရှိရာဘက်သို့ လှမ်းကြည့်လိုက်ရာ သူမအား အလိုလိုက်ထားသည့် ဖခင်ဖြစ်သူ ကွေ့ရှင်းဖူ၏ မျက်နှာက စိတ်ထဲ၌ ဖြတ်ပြေးသွား၏။
"အဖေ... သမီး မသေချင်ဘူး။ သမီး မသေချင်ဘူး။"
ထို့နောက် သူမ အံကို တင်းတင်းကြိတ်လိုက်ကာ မီတာခုနစ်ဆယ် အမြင့်ရှိသည့် ကမ်းပါးပေါ်မှ အမှန်တကယ် ခုန်ချလိုက်၏။
စက္ကန့်အနည်းငယ် ကြာပြီးနောက်... "ဘန်းးးးး" သူမ၏ ခန္ဓာကိုယ်လေးက မြေပြင်နှင့် ရိုက်မိသွားကာ ဖုန်တလုံးလုံး ထလာသည်။
ဆိုလွန်က သူ၏ စကားအတိုင်း တည်၏။ အတည်ပေါက်ကြီး ရပ်ကြည့်နေခဲ့သည်။
အပိုင်း ၂၂၁ + ၂၂၂ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team