← Chapters

အခန်း ၂၂၃+၂၂၄

Vol. 23 Ch. 223+234

အခန်း ၂၂၃+၂၂၄

Vol. 23 Ch. 223+234

အပိုင်း ၂၂၃ + ၂၂၄

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

ပင်လယ်ပြင်ထက်မှ တိုက်ပွဲသည်လည်း ပြီးဆုံးသွားလေပြီ။

ကွေ့မိသားစု၏ သင်္ဘောများမှာ ပြာအတိ မီးလောင်ကျွမ်းသွားကြသည်။ ရေတပ်သား နှစ်ထောင်ကျော်မှာလည်း အစအနမကျန် သုတ်သင်ခြင်း ခံလိုက်ရ၏။

ထို့အပြင် လွတ်မြောက်သွားသူ မရှိစေရန်အတွက် ဆိုမိသားစုနှင့် မြို့စားကြီး ကျိထင်၏ စစ်သည်တော်များမှာ အရပ်ရပ်၌ လိုက်လံရှာဖွေ သတ်ဖြတ်ရန် ကျောက်စရစ်ကျွန်းပေါ်သို့ တက်ရောက်လာခဲ့ကြသည်။

အကယ်၍ ဤတိုက်ပွဲသာ အခြားတစ်နေရာ၌ ဖြစ်ပွားခဲ့လျှင် တစ်ယောက် နှစ်ယောက်ခန့် လွတ်မြောက်သွားနိုင်ကောင်း သွားနိုင်လိမ့်မည်။ သို့သော် ဤနေရာသည် သဲသောင်ပြင်များ ဝန်းရံထားသည့် ကျွန်းတစ်ကျွန်း ဖြစ်သောကြောင့် ခြေလှမ်းတိုင်းက ရှင်းလင်းသည့် အမှတ်အသားများကို ချန်ရစ်ခဲ့ရာ ခြေရာဖျောက်ရန်မှာ လုံးဝ မဖြစ်နိုင်ချေ။

ထို့အတွက်ကြောင့် ကျွန်းပေါ်သို့ အသည်းအသန် ကူးခတ်လာနိုင်သည့် လူနည်းစုလေးပင်လျှင် ချွင်းချက်မရှိ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။

ရလဒ်အနေဖြင့် ကွေ့မိသားစု၏ ရေတပ်အင်အားမှာ လုံးဝဥဿုံ ပျက်စီးသွားခဲ့လေပြီ။ သူတို့အနေဖြင့် ကျောက်စရစ်ကျွန်းအား မကြာခင်အချိန်အတွင်း ထပ်မံ ခြိမ်းခြောက်နိုင်တော့မည် မဟုတ်ချေ။

ထို့အပြင် ရေတပ်သားများ၏ တပ်မှူးဖြစ်သူ ကွေ့ချင်းကျုံးမှာလည်း ဆိုလွန်၏ သုံ့ပန်းဖြစ်သွားရပြီး ရဲတိုက်ထဲ၌ ပိတ်လှောင်ခြင်း ခံထားရသည်။

ကွေ့ရှင်းဖူ အိမ်ပြန်ရောက်လာပြီး ဤသတင်းကို ကြားလိုက်ရပါက သွေးအန်ရပေလိမ့်မည်။

**--**--**--**--**--**--**--**

ဆိုလွန်က မြို့စားကြီး ကျိထင်၏ အနားသို့ နောက်တစ်ကြိမ် ချဉ်းကပ်သွားကာ ကိုးဆယ်ဒီဂရီ ခါးညွတ်၍ ရိုသေစွာ ပြောလိုက်၏။ "ကျွန်တော်တို့ရဲ့ အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် မြို့စားကြီးခင်ဗျာ။ မြို့စားကြီးသာ မရှိရင် ကျွန်တော်ရဲ့ ကျောက်စရစ်ကျွန်းကတော့ လုံးဝ ပျက်စီးသွားလောက်ပါပြီ။"

မြို့စားကြီး ကျိထင်က ရယ်မောလျက် ပြန်ပြောသည်။ "ငါတို့ရဲ့ အကျိုးစီးပွားချင်းက အတူတူပဲလေ။ ဒီလောက်အထိ ယဉ်ကျေးနေဖို့ မလိုပါဘူး။"

ထို့နောက် သူက ညင်သာစွာ သက်ပြင်းချရင်း ပြောလိုက်ပြန်သည်။ "ဆိုလွန်... ငါတို့ ဒီတစ်ကြိမ် လုပ်လိုက်တဲ့ ကိစ္စက သိပ်ကို ကြီးမားလွန်းတယ်။ အကျိုးဆက်တွေကလည်း အတော်လေး ပြင်းထန်လိမ့်မယ်။"

ဆိုလွန် ခေါင်းညိတ်လိုက်၏။ နယ်စားပဒေသရာဇ်တစ်ဦးနှင့် တော်ဝင်မြို့စားကြီးတစ်ဦး၏ စစ်တပ်တို့ ထိပ်တိုက်တွေ့ဆုံခဲ့ကြပြီး ဒေသခံစစ်တပ်တစ်ခုလုံးကို လုံးဝ ချေမှုန်းပစ်ခဲ့ခြင်း ဖြစ်သည်။

ဤဖြစ်ရပ်က ဘုရင့်နိုင်ငံတစ်ခုလုံးကို သေချာပေါက် ထိတ်လန့်ဖွယ်ရာ အုတ်အော်သောင်းနင်း ဖြစ်သွားစေပေလိမ့်မည်။ အစိုးရနှင့် တော်ဝင်မိသားစုတို့သည်လည်း ထိုနိုင်ငံရေး မုန်တိုင်း၏ ပြင်းထန်သော ရိုက်ခတ်မှုကို အပြည့်အဝ ရင်ဆိုင်ရတော့မည် ဖြစ်၏။

မြို့စားကြီး ကျိထင်မှာ ဘုရင်မင်းမြတ်၏ မျက်နှာသာပေးခြင်းကို ခံထားရသူ ဖြစ်သော်လည်းပဲ ထိုမုန်တိုင်း၏ ဗဟိုချက်၌ ရှိနေခြင်းက သူ့ အတွက် အလွန် နေရခက်စေပေလိမ့်မည်။

မြို့စားကြီး ကျိထင်က လေးနက်စွာ ပြောသည်။ "အကယ်၍ အထဲမှာ ကြီးမားတဲ့ အကျိုးအမြတ်သာ မပါဝင်နေရင် ငါ ဒါကို လုပ်မှာ မဟုတ်ဘူး။ လုပ်ဖို့တောင် မဝံ့ရဲပါဘူး။ ငါ့ရဲ့ အရိုးအိုကြီးတွေက ထိုမုန်တိုင်းဒဏ်ကို ခံနိုင်ပါ့မလားဆိုတာ တကယ်ကိုပဲ စိုးရိမ်မိတယ်။"

ဆိုလွန်က ရိုသေစွာ ပြောလိုက်၏။ "မြို့စားကြီး သေချာပေါက် ခံနိုင်ရည်ရှိမှာပါ။"

မြို့စားကြီး ကျိထင်က ပြန်ပြောသည်။ "မျှော်လင့်ရတာပဲ။ ဒါပေမဲ့ ငါတို့ အပြင်လူတွေဆီ ပေးမဲ့ သတင်းစကားကိုတော့ တညီတညွတ်တည်း ဖြစ်အောင် လုပ်ရမယ်။ ငါ အရှေ့ပင်လယ်ထဲမှာ အပန်းဖြေ သင်္ဘောစီးနေတုန်း ကွေ့မိသားစုရဲ့ ရေတပ်သားတွေက ငါ့ကို ရုတ်တရက် လာရောက် တိုက်ခိုက်ခဲ့တာလို့ပဲ ပြောကြမယ်။"

"မှောင်မှောင်မည်းမည်းထဲမှာ ငါလည်း သေချာမမြင်ရတာကြောင့် သူတို့ကို ပင်လယ်ဓားပြတွေလို့ ထင်မှတ်ခဲ့မိတာပေါ့။ ဒါကြောင့် ငါက ချက်ချင်း ပြန်လည်တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့ရင်းနဲ့ ကွေ့မိသားစုရဲ့ သင်္ဘောအုပ်စုကြီးတစ်ခုလုံး မတော်တဆ လုံးဝ ပျက်စီးသွားခဲ့ရတယ်လို့ပဲ ရေးကြမယ်။"

ဆိုလွန် ခေါင်းညိတ်လိုက်ပြီး ပြောသည်။ "နားလည်ပါပြီ ခင်ဗျာ။"

ကျိထင်က ထပ်လောင်း ပြောလိုက်၏။ "မင်း ဘာပဲလုပ်လုပ် ကျောက်စရစ်ကျွန်းအကြောင်းကို လုံးဝ ထုတ်မပြောနဲ့။ ကွေ့မိသားစုက မင်းရဲ့ကျွန်းကို တိုက်ခိုက်ခဲ့တာလို့လည်း မပြောနဲ့။ ပြီးတော့ ဇာတ်လမ်းရဲ့ ဘယ်နေရာမှာမဆို မင်းရဲ့ နာမည် လုံးဝ မပါစေနဲ့။ မင်းက လက်ရှိအချိန်မှာ အရမ်း အားနည်းလွန်းနေသေးတာကြောင့် ဒီလို မုန်တိုင်းမျိုးကို တောင့်ခံနိုင်ဖို့က လုံးဝ မဖြစ်နိုင်သေးဘူး။"

ဆိုလွန်က သဘောတူလိုက်သည်။ "ဟုတ်ကဲ့ပါ။"

လက်ရှိအချိန်၌ ဆိုလွန်အနေဖြင့် မီးရောင်အောက်မှ ပျောက်ကွယ်နေခြင်းက အကောင်းဆုံးပင်။ သူ၏ တစ်ခုတည်းသော ရည်မှန်းချက်မှာ မိုးထိအောင် များပြားလှသည့် ရွှေဒင်္ဂါးများကို ရှာဖွေရန် ၊ အင်အားတောင့်တင်းလှသော စစ်တပ်တစ်ခုကို စုဆောင်းရန်နှင့် သုံးလအတွင်း ထျန်းရွှေမြို့ကို ပြန်လည် သိမ်းပိုက်ရန်သာ ဖြစ်၏။

အကယ်၍ သူသာ လက်ရှိမုန်တိုင်းထဲ၌ ပါဝင်ပတ်သက်သွားပါက ဒုက္ခရောက်ရရုံတင်မကဘဲ ကပ်ဘေးကြီးတစ်ခုကိုပါ ရင်ဆိုင်ရပေလိမ့်မည်။

မြို့စားကြီး ကျိထင်က ဆိုလွန်အား ကြည့်ရင်း ပြောလိုက်သည်။ "ဉာဏ်ကောင်းတဲ့ လူတစ်ယောက်နဲ့ စကားပြောရတာ စိတ်ချမ်းသာတယ်။ ဒါပေမဲ့ မင်းက တကယ်ကို ရက်စက်တတ်တဲ့ ကောင်လေးပဲ။ ကွေ့မိသားစုရဲ့ ရေတပ်သား နှစ်ထောင်ကျော်ကို မျက်တောင်တစ်ချက် မခတ်ဘဲ သတ်ပစ်လိုက်တယ်။"

ဆိုလွန်က အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်၏။ "မြို့စားကြီးရဲ့ အကူအညီကိုမရှိဘဲ ကျွန်တော် လုပ်နိုင်မှာ မဟုတ်ပါဘူး"

မြို့စားကြီး ကျိထင်က ရယ်မောရင်း ပြောလိုက်သည်။ "မင်းလို ကောင်စုတ်လေးကတော့ တကယ်ကို မျက်နှာပြောင်ပြီး ရက်စက်တတ်တာပဲ။ ငါ မင်းကို သဘောကျတယ်။ ကဲ... သွားကြစို့ ၊ ငါတို့ရဲ့ ဆားကွင်းတွေကို သွားကြည့်ရအောင်။ မင်းပြောတဲ့ အံ့ဖွယ်အရာကို ငါလည်း မြင်ဖူးချင်သေးတယ်။ အကယ်၍ မင်းပြောသလောက် ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်လောက်တဲ့အထိ အစွမ်းမထက်ဘူးဆိုရင်တော့ မင်းကို အရှင်လတ်လတ် မြေမြှုပ်ပစ်မယ်။"

ဆိုလွန်က လမ်းပြသည့် အမူအရာ ပြုလုပ်ရင်း ပြောလိုက်သည်။ "ကြွပါ... ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ။"

......

လက်ရှိအချိန်၌ တိုက်ပွဲဖြစ်ပွားရာ နေရာအား သန့်ရှင်းရေး ပြုလုပ်ပြီး ဖြစ်သည်။ မြို့စားကြီး ကျိထင်၏ အဓိက စစ်တပ်ကြီးမှာ ကျောက်စရစ်ကျွန်းပေါ်သို့ ခြေချခြင်း မရှိသေးဘဲ ပင်လယ်ပြင်ရှိ သင်္ဘောကြီးများပေါ်၌သာ ရှိနေဆဲပင်။

ကျွမ်းကျင်ပညာရှင် အနည်းငယ်သာလျှင် မြို့စားကြီး ကျိထင်၏ အနောက်မှ အနီးကပ် လိုက်ပါလာကြသည်။

ဆိုလွန်က မြို့စားကြီး ကျိထင်အား ဆားကွင်းများဆီသို့ ဦးစွာ ခေါ်ဆောင်သွားပြီး လှည့်ပတ်ကြည့်ရှုရင်း ရှင်းပြပေးလိုက်သည်။

အရှေ့မှနေ၍ လမ်းပြရင်း ရှင်းပြနေပြီး မြို့စားကြီး ကျိထင်ကမူ သူ၏အနောက်မှ လက်နှစ်ဖက်ကို အနောက်ပစ်ကာ လိုက်ပါလာရင်း ခေါင်းကို ဆက်တိုက် ညိတ်နေ၏။

တစ်ချိန်တည်းမှာပင် ရိက္ခာများ ၊ ဟင်းသီးဟင်းရွက်များ ၊ သစ်သီးဝလံများ ၊ အရက်များနှင့် အသားများကို သင်္ဘောကြီးများပေါ်မှ ကုန်းပေါ်သို့ လှေငယ်များဖြင့် သယ်ယူပို့ဆောင်နေကြပြီး ရဲတိုက်ကြီးထဲသို့ ဆက်တိုက် သယ်ဆောင်သွားကြ၏။

အသံထွက်၍ မအော်ဟစ်ရဲကြသော်လည်းပဲ ကျောက်စရစ်ကျွန်းမှ ဆားချက်သူများနှင့် ဆိုမိသားစု၏ စစ်သည်တော်များမှာ ရင်ထဲ၌ အတိုင်းထက်အလွန် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြသည်။

ဤနေရာ၌ အနည်းဆုံး ရိက္ခာ ကျင်းသိန်းချီ၍ ရှိနေသည်။ သူတို့အား ခြောက်လကျော်အထိ ကျွေးမွေးရန် လုံလောက်လှ၏။ ထို့အပြင် သူတို့အနေဖြင့် ဆန်ပြုတ်ရည်ကျဲကျဲများကိုသာ သောက်နေရမည့်အစား နောက်ဆုံးတွင် ဗိုက်ပြည့်ဝအောင် ထမင်းကောင်းဟင်းကောင်းများကို စားသောက်နိုင်ကြတော့မည် ဖြစ်သည်။

လက်ထဲ၌ ရိက္ခာများ ရှိနေပြီဖြစ်သဖြင့် သူတို့၏ စိတ်များမှာ အေးချမ်းသွားကြရသည်။ အသားနှင့် ငါးများကို ရရှိတော့မည်ဆိုသည်ကိုမူ ပြောနေရန်ပင် မလိုတော့ချေ။ ကျောက်စရစ်ကျွန်း၏ ရှေ့ဆက်ရမည့် နေ့ရက်များမှာ အလွန်တရာ စည်ပင်ဝပြောလာတော့မည် ဖြစ်သည်။

ဤအရာအားလုံးကို သခင်လေး ဆိုလွန်က သူတို့ထံသို့ သယ်ဆောင်လာပေးခဲ့ခြင်းပင်။

ကောင်းကင်ထက်မှ ကျလာသည့်အလား စစ်တပ်တစ်ခုကို ခေါ်ဆောင်လာခဲ့ပြီး ကျောက်စရစ်ကျွန်းပေါ်ရှိ လူတိုင်းကို ကယ်တင်ပေးခဲ့သည်။ ထို့အပြင် မိုးထိအောင် များပြားလှသည့် စားနပ်ရိက္ခာများကိုလည်း ယူဆောင်လာပေးခဲ့သေး၏။ သူတို့အတွက်တော့ သခင်လေးသည် အမှန်တကယ်ပင် အရာရာကို တတ်စွမ်းနိုင်သူ ဖြစ်သည်။

ဆားချက်ကျေးကျွန်များ ဖြစ်စေ ၊ ဆိုမိသားစု၏ စစ်သည်တော်များ ဖြစ်စေ သူတို့အားလုံးက လှမ်းမြင်နေရသည့် ဆိုလွန်၏ ကျောပြင်ကို တောက်ပနေသည့် မျက်ဝန်းများ ၊ နက်ရှိုင်းလှသည့် လေးစားမှုများဖြင့် ငေးကြည့်နေမိကြတော့သည်။

သခင်လေး ဆိုလွန်သည် အမှန်တကယ်ပင် အရာရာကို တတ်စွမ်းနိုင်သူ ဖြစ်သည်။

**--**--**--**--**--**--**--**

ဆိုလွန်၏ ရှင်းပြချက်များမှာ အလွန်တရာ အသေးစိတ်လှသဖြင့် မြို့စားကြီး ကျိထင်ကလည်း အသေအချာကို အာရုံစိုက် နားထောင်နေခဲ့၏။

ရုတ်တရက် မြို့စားကြီး ကျိထင်က ပြောလိုက်သည်။ "ဆိုလွန်... နေလှန်းပြီး ဆားချက်တဲ့ မင်းရဲ့နည်းလမ်းရဲ့ တကယ့်ရလဒ်ကို ငါ မမြင်ရသေးပေမဲ့ မင်းကတော့ ဒါကို ဆားလုပ်ငန်းရဲ့ တော်လှန်ရေးတစ်ခုလို့ ထုတ်ပြောနေတာပဲ။ ထွက်ကုန်နဲ့ စွမ်းဆောင်ရည်က ဆယ်ဆမက ပိုများနိုင်တယ်လို့လည်း မင်းက ဆိုသေးတယ်။ မင်းက ငါ့ကို အဲလောက်အထိ အသေးစိတ် ရှင်းပြနေတော့ ငါက မင်းရဲ့နည်းလမ်းတွေကို လေ့လာမှတ်သားပြီး ကိုယ်တိုင်ပဲ ခိုးလုပ်မိမှာကို မစိုးရိမ်ဘူးလား။"

ဆိုလွန်က ပြန်ဖြေလိုက်သည်။ "ဒါက သဘာဝပဲလေဗျာ။ အကယ်၍ မြို့စားကြီးက ကိုယ်တိုင် လုပ်ဆောင်ဖို့ ဆုံးဖြတ်မယ်ဆိုရင်လည်း ကျွန်တော့်ဘက်က ဘာကန့်ကွက်မှုမှ ရှိမှာ မဟုတ်ပါဘူး။"

မြို့စားကြီး ကျိထင်က ဆိုလွန်အား ကြည့်ရင်း သက်ပြင်းချကာ ပြောလိုက်သည်။ "မင်းက တကယ်ကို ဉာဏ်ကောင်းတဲ့ လူတစ်ယောက်ပဲ။ မင်း ဘာကို လိုချင်လဲဆိုတာကိုလည်း အတိအကျ သိတယ်။ ပြီးတော့ ဘယ်အရာက အရေးအကြီးဆုံးလဲ ဆိုတာကိုလည်း မင်း ကောင်းကောင်း သဘောပေါက်တယ်။"

ကျောက်စရစ်ကျွန်းပေါ်၌ လက်ရှိအချိန်တွင် ဆားကွင်းပေါင်း ခြောက်ထောင်မှ ခုနစ်ထောင်မူခန့် ရှိနေသည်။

မြို့စားကြီး ကျိထင်မှာ မောဟိုက်လာသည်အထိ လမ်းလျှောက်ခဲ့ရပြီးနောက် နောက်ဆုံးတွင် ဆားပုံဆောင်ခဲကန်များ၏ နောက်ဆုံးတန်းဆီသို့ ရောက်ရှိလာ၏။

လွန်ခဲ့သည့်ညက ပြင်းထန်သော တိုက်ပွဲကြီး ဖြစ်ပွားခဲ့သော်ငြား ဆားချက်ကျေးကျွန်များမှာမူ နံနက်စောစောအချိန်၌ ဆားပုံဆောင်ခဲကန်များဆီမှ ဆားများကို လာရောက် သိမ်းဆည်းရဦးမည် ဖြစ်သည်။

အဆုံးမဲ့ ကျယ်ပြန့်လှသည့် ဆားပုံဆောင်ခဲကန်များတစ်လျှောက် ကျန်ရှိနေသော ဆားရည်များကို ဖောက်ထုတ်ပြီးနောက်တွင် ကန်များမှာ ထူထပ်လှသည့် ဆားအလွှာကြီးတစ်ခုဖြင့် ဖုံးလွှမ်းသွားသည်။

ဆားချက်ကျေးကျွန်များမှာ သစ်သားခြစ်ပြားများကို အသုံးပြုကာ ဆားများကို စုစည်းတွန်းတင်လိုက်ကြပြီး ဆားတောင်ပို့လေးများအဖြစ် စုပုံပေးလိုက်ကြ၏။

မျက်စိတစ်ဆုံး လှမ်းကြည့်လိုက်လျှင် ဆက်စပ်နေသည့် ကန်ပေါင်း ဒါဇင်ချီ သို့မဟုတ် ရာချီ၍ ရှိနေသည်။ ကန်တိုင်း ၊ ကန်တိုင်း၌လည်း လတ်ဆတ်လှသည့် ဆားပုံဆောင်ခဲများ စုပုံနေကြ၏။

မြို့စားကြီး ကျိထင်၏ မျက်လုံးထဲ၌မူ ဤအရာများသည် ဆားများ မဟုတ်ချေ၊ တောက်ပနေသည့် ရွှေဒင်္ဂါးများသာ ဖြစ်၏။ သူက ချက်ချင်းပင် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ "ဒီဆားတွေကိုသာ အကုန်လုံး စုပေါင်းလိုက်ရင် အနည်းဆုံးတော့ ကျင်း နှစ်သောင်း ဒါမှမဟုတ် သုံးသောင်းလောက် ရှိမှာပဲ။"

ဆိုလွန်က ပြုံးလျက် ပြောလိုက်သည်။ "ကျင်း ရှစ်သောင်းဝန်းကျင်လောက် ရှိဖို့ ပိုများပါတယ်။"

ကျိထင် အံ့ဩတုန်လှုပ်သွားရင်း မေးလိုက်၏။ "ရှစ်သောင်း ဟုတ်လား။ ကြာချိန်က ဘယ်လောက်လဲ။"

ဆိုလွန်က ဟိတ်ဟန်ဖြင့် လက်နှစ်ချောင်း ထောင်ပြလိုက်၏။ "နှစ်ရက်တောင် မပြည့်ဘူး။"

ကျိထင် လုံးဝ ဆွံ့အသွားရတော့သည်။ ဤသည်က ဆားကွင်း တစ်သောင်းမူပင် မပြည့်သေးသည့် နေရာမှ ထွက်ရှိလာသည့် ပမာဏသာ ရှိသေးသည်။

အကယ်၍ သူတို့သာ ဆားကွင်းပေါင်း သောင်းချီ သို့မဟုတ် တစ်သိန်းမူအထိ ချဲ့ထွင်လိုက်မည်ဆိုပါက တစ်နှစ်အတွင်း ဆား မည်မျှအထိ ထွက်ရှိလာနိုင်မည်နည်း။ ကျင်း သန်းတစ်ရာလော။ နည်းသေး၏။ ထို့ထက်ပင် ပိုမို များပြားနိုင်ပေလိမ့်မည်။

ထို့အပြင် ယခင် ဆားချက်သည့် နည်းလမ်းနှင့် နှိုင်းယှဉ်ပါက နေလှန်းပြီး ဆားထုတ်လုပ်ခြင်းမှာ ကုန်ကျစရိတ် မရှိသလောက်ပင် ဖြစ်နေသည်။ အကယ်၍ သူသာ အလိုရှိပါက နုလန်ဘုရင့်နိုင်ငံ၏ ဆားလုပ်ငန်းတစ်ခုလုံးကို လုံးဝ လက်ဝါးကြီးအုပ်ထားနိုင်မည် ဖြစ်သည်။

ထိုအချိန်ကျရောက်လာလျှင် သူ ငွေကြေး မည်မျှအထိ ရှာဖွေနိုင်မည်နည်း။

မြို့စားကြီး ကျိထင်၏ မျက်ဝန်းများမှာ လောဘစိတ်များဖြင့် ချက်ချင်း တောက်ပလာတော့သည်။ သူတို့အနေဖြင့် တစ်နှစ်လျှင် ရွှေဒင်္ဂါး နှစ်သိန်းကျော်ကို အလွယ်တကူ ရှာဖွေနိုင်မည် ဖြစ်၏။ သူ၏ ဝေစု ထက်ဝက်ဆိုလျှင်ပင် ရွှေဒင်္ဂါး တစ်သိန်း ဖြစ်ပေလိမ့်မည်။

ဤနေရာမှ နှစ်နှစ်အတွင်း ရှာဖွေနိုင်မည့် ငွေကြေးမှာ သူ၏ ဘဝတစ်သက်တာလုံး ကောင်းကောင်းမွန်မွန် နေထိုင်သွားရန်အတွက် လုံလောက်သည်ထက်ပင် ပိုနေသေးသည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း သူသည် အရှက်မရှိ ဖြတ်စားညှပ်စား လုပ်ဆောင်ခဲ့ပြီး မတရားသော နည်းလမ်းများဖြင့် ရွှေဒင်္ဂါး နှစ်သိန်းကျော်ကို ရှာဖွေခဲ့ကာ သူ၏ ဂုဏ်သိက္ခာကိုလည်း လုံးဝ ဖျက်ဆီးပစ်ခဲ့မိသည်။

သို့သော် ဆိုလွန်နှင့် တွေ့ဆုံပြီးချိန်မှစ၍ စစ်မှန်ပြီး ကြီးမားလှသည့် ချမ်းသာကြွယ်ဝမှု လမ်းကြောင်းပေါ်သို့ ရောက်ရှိလာလေပြီ။

အကယ်၍ သူသာ ရည်မှန်းချက် ကြီးကြီးထားမည်ဆိုပါက တစ်နိုင်ငံလုံးနှင့် ယှဉ်နိုင်လောက်သည့်အထိ ချမ်းသာကြွယ်ဝလာနိုင်ပြီး ချမ်းသာမှုအပိုင်း၌ ကျိလီတို့ မောင်နှမကိုပင် ယှဉ်ပြိုင်နိုင်ပေလိမ့်မည်။

ထို့နောက် ဆိုလွန်က သူ့အား ကုန်လှောင်ရုံကြီးဆီသို့ ခေါ်ဆောင်သွားသည်။

အပိုင်း ၂၂၃ + ၂၂၄ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters