← Chapters

အခန်း ၂၂၇+၂၂၈

Vol. 23 Ch. 227+228

အခန်း ၂၂၇+၂၂၈

Vol. 23 Ch. 227+228

အပိုင်း ၂၂၇ + ၂၂၈

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

ကျောက်စရစ်ကျွန်းပေါ်ရှိ ရဲတိုက်ငယ်လေးမှာ မြို့စားကြီး ကျိထင်ကဲ့သို့ လူအတွက်မူ အလွန်တရာ ကြမ်းတမ်းလွန်းလှသည်။ အသားမကျနိုင်သောကြောင့် ညအိပ်ရန်အတွက် သင်္ဘောကြီးပေါ်သို့သာ ပြန်သွားလိုက်၏။

ပင်ကိုယ်အားဖြင့် ပင်လယ်မူးတတ်သူ မဟုတ်လေရာ သင်္ဘောကြီးက လှုပ်ယမ်းနေသော်လည်းပဲ သက်တောင့်သက်သာပင် အနားယူနိုင်ခဲ့သည်။

ဆိုလွန်နှင့် ဆိုနင်ပင်းသည်လည်း သင်္ဘောပေါ်၌ မြို့စားကြီးနှင့်အတူ အတူတကွ ညစာ စားသောက်ကြ၏။

မြို့စားကြီး ကျိထင်က ဖော်ရွှေစွာ ပြောလာသည်။ "ဆိုလွန်... ငါ စဉ်းစားပြီးပြီ။ မင်းအတွက် ရွှေဒင်္ဂါး တစ်သိန်းခွဲကို အမြန်ရှာဖို့ဆိုတာ လုံးဝ မဖြစ်နိုင်သလောက်ပဲ။ မင်းကို ငါ့ဘက်ကနေ ငွေကြိုထုတ်ပေးပြီး ကူညီပေးပါ့မယ်။ ဒါကို ရင်းနှီးမြှုပ်နှံမှုတစ်ခုလို့ပဲ သဘောထားလိုက်ပါ။ ငါ့ဘက်က မင်းအတွက် ရွှေဒင်္ဂါး သုံးသောင်းအထိ ထုတ်ပေးနိုင်တယ်။"

ပိုင်ဆိုင်မှုမှာ ရွှေဒင်္ဂါး နှစ်သိန်းမှ သုံးသိန်းအထိ ရှိသော်ငြား မြို့စားကြီး၏ ကြွယ်ဝချမ်းသာမှု အများစုမှာ စီးပွားရေးလုပ်ငန်းများထဲ၌သာ လည်ပတ်နေခြင်း ဖြစ်၏။

အိမ်၌ ငွေသား အများအပြားကို သိမ်းဆည်းထားခြင်းမှာ မိုက်မဲမှုတစ်ခုဖြစ်ကြောင်း သူ သိထားသည်။ မကြာသေးမီက သူ၏ ရွှေဒင်္ဂါး ကိုးသောင်းခန့် ဓားပြတိုက်ခံလိုက်ရသေး၏။

ထို့အတွက်ကြောင့် လက်ရှိအချိန်၌ သူ၏ လက်ထဲ၌ ရွှေဒင်္ဂါး သုံးသောင်းပင် မရှိနေချေ။ ထိုငွေများကို သူ၏ ရွှေပွဲရုံမှ ထုတ်ယူရမည် ဖြစ်သည်။

သူ၏ ရွှေပွဲရုံမှာ တော်ဝင်မြို့တော် ရွှေပွဲရုံထက် အများကြီး သေးငယ်ရာ ပမာဏများပြားသည့် ငွေကြေးများကို အလွယ်တကူ ထုတ်ယူသုံးစွဲ၍ မရနိုင်ချေ။ ထို့အပြင် အတွင်းရှိ ငွေကြေးများမှာ ငွေအပ်နှံထားသူများ၏ ငွေများသာဖြစ်ပြီး သူ၏ ကိုယ်ပိုင်ငွေများ မဟုတ်ပေ။

ဆိုလွန်နှင့် ဆိုနင်ပင်းတို့သည်လည်း တွက်ချက်မှုများကို ကြိုတင် လုပ်ဆောင်ထားပြီး ဖြစ်သည်။

မြို့စားကြီး ကျိထင်က သူ၏ အခြား ဆားချက်လုပ်ငန်း နှစ်ခုမှ ဆားချက်ကျေးကျွန် ငါးထောင်ကို ပြောင်းရွှေ့ပေးခဲ့လျှင်ပင် နောက်လာမည့် သုံးလအတွင်း ဆားကွင်း အသစ် မူ တစ်သောင်းခန့်ကိုသာ သူတို့ ဖော်ထုတ်နိုင်မည် ဖြစ်၏။ သူတို့၏ လက်ရှိ ဆားကွင်းများနှင့် ပေါင်းလိုက်လျှင် စုစုပေါင်း မူ နှစ်သောင်းသာ ရှိလာဦးမည် ဖြစ်သည်။

ဆောင်းဦးရာသီ ကုန်ဆုံးကာ ဆောင်းရာသီသို့ ဝင်ရောက်လာပြီ ဖြစ်သောကြောင့် ပင်လယ်လေ ပြင်းထန်ပြီး နေရောင်ခြည် ကောင်းကောင်းရနေသော်လည်း ဆားထုတ်လုပ်မှုမှာ အနည်းနှင့် အများတော့ အတိုင်းအတာတစ်ခုအထိ နှေးကွေးသွားရမည်သာ။

ထို့အတွက်ကြောင့် လာမည့် ခြောက်လအတွင်း သူတို့၏ အများဆုံး ထုတ်လုပ်နိုင်စွမ်းမှာ ဆားကျင်း သန်းနှစ်ဆယ်ခန့်သာ ရှိမည် ဖြစ်၏။ ထိုဆားများကို ရောင်းချပါက ရွှေဒင်္ဂါး နှစ်သောင်းခန့် ရရှိမည် ဖြစ်သည်။ ဆိုလွန်၏ တစ်ဝက်ဝေစုမှာ ရွှေဒင်္ဂါး တစ်သောင်းခန့်သာ ဖြစ်၏။

များပြားလှသည့် ပမာဏ ဖြစ်သော်ငြား လိုအပ်နေသည့် ရွှေဒင်္ဂါး တစ်သိန်းခွဲနှင့် ယှဉ်လျှင်မူ အလှမ်းဝေးနေဆဲပင်။

အစွမ်းကုန် ထုတ်လုပ်နိုင်လျှင်ပင် ကျောက်စရစ်ကျွန်းမှ တစ်နှစ်စာ ဆားထွက်ရှိမှုမှာ ရွှေဒင်္ဂါး ငါးသောင်းဖိုးခန့်သာ ရှိဦးမည် ဖြစ်သည်။ ဆားကျင်း သန်းရာချီပြီး ထွက်ရှိရန်မှာ အလုပ်သမား သောင်းချီနှင့် ဆားကွင်း သိန်းချီတို့ကို လိုအပ်မည်ဖြစ်ရာ နှစ်နှစ်မှ သုံးနှစ်အထိ အချိန်ယူရပေလိမ့်မည်။

နေရောင်ခြည်ဖြင့် ဆားရည်ကို အငွေ့ပျံစေသည့် ဆိုလွန်၏ နည်းလမ်းမှာ အံ့မခန်း ဖြစ်သော်ငြား ရွှေဒင်္ဂါး တစ်သိန်းခွဲ ရရှိရန်အတွက်မူ အနည်းဆုံး သုံးနှစ်ခန့် အချိန်ယူရဦးမည် ဖြစ်၏။

သို့သော် ဆိုလွန်က ထိုငွေများကို သုံးလအတွင်း လိုအပ်နေခြင်း ဖြစ်သည်။ သိသာလှစွာပင် ဆိုလွန်သည်လည်း သူတို့ စိုးရိမ်နေကြသည့် ပြဿနာများကို ကြိုတင် စဉ်းစားထားပြီး ဖြစ်၏။

သူက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။ "မြို့စားကြီး... ကျွန်တော်တို့အနေနဲ့ တခြားနည်းလမ်းတစ်ခုကို သုံးပြီး ဆားတွေကို ရောင်းချလို့ ရပါတယ်။"

မြို့စားကြီး ကျိထင်၏ မျက်လုံးတို့က တောက်ပလာ၏။ "အသေးစိတ်ကို ငါ နားထောင်ချင်တယ်။"

ဆိုလွန်က လက်ဟန် အမူအရာ အပြည့်ဖြင့် ရှင်းပြလိုက်သည်။ "ကျွန်တော်တို့ ဆားလက်မှတ်တွေ ထုတ်ကြမယ်။ ထုတ်လုပ်ပြီးသား ဆားတွေကိုပဲ ရောင်းမှာ မဟုတ်ဘူး။ အနာဂတ်မှာ ထွက်လာမယ့် ဆားတွေကိုပါ ကြိုတင် ရောင်းချမယ်။ လူတွေက အဲဒီလက်မှတ်တွေကို သုံးပြီး နောက်မှ ဆားလာထုတ်ကြလိမ့်မယ်။"

"လက်မှတ်တစ်စောင်ကို ဆား ကျင်းတစ်ရာနဲ့ ညီမျှတယ်။ ပုံမှန်အားဖြင့် ဆားတွေကို ကုန်သည်တွေဆီ ရောင်းတဲ့အခါ တစ်ကျင်းကို ကြေးဒင်္ဂါး နှစ်ဆယ် ဈေးပေါက်တယ်။ ကျွန်တော်တို့ရဲ့ ဆားလက်မှတ်တွေကိုတော့ တစ်စောင်ကို ကြေးဒင်္ဂါး တစ်ထောင်ရှစ်ရာနဲ့ ရောင်းမယ်။ ဆိုလိုတာက တစ်ကျင်းကို ကြေးဒင်္ဂါး ဆယ့်ရှစ်ပြားအထိ ဈေးချရောင်းပေးမယ်။"

မြို့စားကြီး ကျိထင်၏ မျက်လုံးတို့က အရောင်လက်သွား၏။ သူ၏ ပေါင်ကို ရိုက်ချလိုက်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ "ဟုတ်ပြီ။ သူတို့က ဆားတွေကို လက်မှတ်တွေနဲ့ နောက်မှ လာထုတ်လို့ ရတယ်။ လက်ရှိအချိန်မှာ ငါတို့ဆီမှာ ဆား သိပ်မရှိသေးပေမဲ့ ဆားလက်မှတ်တွေကိုတော့ ငါတို့ လိုချင်သလောက် ရိုက်ထုတ်လို့ ရတာပဲ။"

ဆိုလွန်က မေးလိုက်၏။ "တစ်ကျင်းကို ကြေးဒင်္ဂါး နှစ်ပြား ဈေးလျှော့ပေးလိုက်ရင်ရော အဲဒါတွေက ရောင်းကောင်းပါ့မလား။"

မြို့စားကြီး ကျိထင်က အပြုံးဖြင့် ပြောလိုက်သည်။ "သေချာပေါက်ပေါ့။ ပြီးတော့ ငါ့ရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ရွှေပွဲရုံကို အာမခံအဖြစ် အသုံးပြုလို့ ရတယ်။ အဲဒါက ဒီဆားလက်မှတ်တွေရဲ့ တန်ဖိုးကို ခိုင်မာသွားစေလိမ့်မယ်။"

ဆိုလွန်က ထပ်လောင်း ပြောလိုက်၏။ "ကျွန်တော်တို့ အဲဒါတွေကို ပြန်ဝယ်ပေးမယ်လို့လည်း ကမ်းလှမ်းလို့ ရသေးတယ်။ ဆားလက်မှတ် တစ်စောင်ကို ကြေးဒင်္ဂါး တစ်ထောင်ရှစ်ရာနဲ့ ရောင်းမယ်ဆိုရင် ပြန်ဝယ်မယ့် ဈေးကို တစ်ထောင်ခုနစ်ရာ သတ်မှတ်ထားလို့ ရတယ်။ ဒီလိုနည်းနဲ့ဆိုရင် ကုန်သည်တွေအနေနဲ့ အရှုံးပေါ်မှာကို စိုးရိမ်စရာ မလိုတော့ဘူး။"

မြို့စားကြီး ကျိထင်က သဘောတူလိုက်သည်။ "ဒါတွေက ကျိန်းသေပေါက် ရောင်းကုန်မှာပဲ။ ငါက လောဘကြီးတယ်လို့ နာမည်ကြီးပေမဲ့ ငါ့ရဲ့ ဂုဏ်သတင်းကတော့ ခိုင်မာတယ်။ ငါတို့ အချိန်ဆွဲနေလို့ မရတော့ဘူး။ ဒီဆားလက်မှတ်တွေကို ထုတ်ဝေဖို့အတွက် တော်ဝင်မြို့တော်ဆီ ချက်ချင်း သွားကြရမယ်။"

ထို့နောက် မြို့စားကြီး ကျိထင် မျက်မှောင်ကျုံ့လိုက်၏။ "ပြဿနာတစ်ခု ရှိတယ်။ လက်မှတ်အတုတွေ မထွက်လာအောင် ငါတို့ ဘယ်လိုလုပ်ကြမလဲ။ ငါ့ရဲ့ ရွှေပွဲရုံကနေ အရင်တုန်းက ရွှေလက်မှတ်တွေ ထုတ်ဝေခဲ့ဖူးပေမဲ့ သိပ်မကြာခင်လိုက်ဘူး ဈေးကွက်ထဲမှာ အတုတွေ ပျံ့သွားခဲ့တယ်။"

"ငါတို့ရဲ့ စာရေးတွေကတောင် အတုအစစ်ကို မခွဲခြားနိုင်ခဲ့ကြဘူး။ အဲဒီကိစ္စရဲ့ နောက်ကွယ်မှာ ကျိလီနဲ့ ကျိနင်တို့ ရှိနေမှန်း ငါသိပေမဲ့ ငါ့ရဲ့ စွမ်းရည်က နိမ့်ကျနေတော့ ငါ့ဘက်ကပဲ အရှုံးကို တိတ်တိတ်လေး မြိုသိပ်ခံခဲ့ရတယ်။ ကျိလီနဲ့ ငါက သေခန်းပြတ် ရန်သူတွေ ဖြစ်နေရင်တောင်မှ သူ ထုတ်ဝေတဲ့ လက်မှတ်တွေကို ငါ့ရဲ့ ရွှေပွဲရုံက လက်ခံပေးနေရတုန်းပဲ။"

ထိုသည်မှာ အမှန်တကယ်ပင် အဖြစ်ဆိုးတစ်ခု ဖြစ်၏။ လောကရှိ မြို့စားများနှင့် အထက်တန်းလွှာအားလုံး၏ ထောက်ခံမှုကို ရရှိထားသည့် တော်ဝင်မြို့တော် ရွှေပွဲရုံ၌ အပြစ်အနာအဆာကင်းသည့် အတုအပကာကွယ်ရေး နည်းပညာ ရှိ​နေသည်။

ရလာဒ်အနေဖြင့် တော်ဝင်ရွှေပွဲရုံက ကမ္ဘာမြေရှိ ဗဟိုဘဏ်ကဲ့သို့ပင် လည်ပတ်နေတော့၏။

ဆိုလွန်က ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။ "စိတ်အေးအေးထားပါ။ အတုမလုပ်နိုင်အောင် ကာကွယ်ရမယ့် ကိစ္စကို ကျွန်တော့်ကိုသာ လွှဲထားလိုက်။ တော်ဝင်မြို့တော် ရွှေပွဲရုံရဲ့ နည်းလမ်းတွေကို ကျွန်တော် မသိပေမဲ့ ဆားလက်မှတ်တွေအတွက် ကျွန်တော့်ရဲ့ အတုအပကာကွယ်ရေး ဒီဇိုင်းကတော့ လုံးဝကို လုံခြုံစိတ်ချရလိမ့်မယ်။ သူတို့ ဘယ်တော့မှ ဖောက်ထွင်းနိုင်မှာ မဟုတ်ဘူး။"

ယခုအချိန်၌ ဆိုလွန်အား မြို့စားကြီး ကျိထင် ရာနှုန်းပြည့် ယုံကြည်နေလေပြီ။ အကယ်၍ ထိုသကောင့်သားက နေမင်းကြီး အနောက်ဘက်မှ ထွက်လာမည်ဟု ပြောခဲ့လျှင်ပင် ကျိထင်တစ်ယောက် နောက်နေ့မနက်၌ အနောက်ဘက်သို့ လှည့်ကြည့်မိပေလိမ့်မည်။

ဆိုလွန် အံ့ဖွယ်ကိစ္စများကို အများအပြား ဖန်တီးပြခဲ့ပြီး ဖြစ်သည်။ သူပြောသည်များက လုံးဝ ယုံကြည်ချင်စရာ တစ်စက်မှ မရှိသည့် အရာများ ဖြစ်ကြသော်လည်း အဆုံး၌မူ ထိုအရာများအားလုံးက အမှန်တကယ် ဖြစ်လာခဲ့ရသည်သာ။

မြို့စားကြီး ကျိထင်က သူ၏ ခွက်ကို မြှောက်လိုက်ရင်း ပြောလိုက်၏။ "ငါတို့ရဲ့ အနာဂတ်အတွက်...။"

ဆိုလွန်နှင့် ဆိုနင်ပင်းတို့သည်လည်း သဘောတူစွာဖြင့် သူတို့၏ ခွက်များကို မြှောက်လိုက်ကြသည်။

မြို့စားကြီး ကျိထင်က ဆိုနင်ပင်းကို ကြည့်လိုက်၏။ "သခင်မလေး ဆို... ငါ့လို လောကီဆန်တဲ့ လူတစ်ယောက်က ငွေကြေးအကြောင်း တစ်ညလုံး ပြောနေတာကို ထိုင်ပြီး နားထောင်ပေးတာ မင်းတကယ် သဘောထား ပြည့်ဝတာပဲ။"

ဆိုနင်ပင်းက ပြုံးလျက် ပြောလိုက်သည်။ "မြို့စားကြီးက ကျွန်မ တွေ့ဖူးသမျှထဲမှာ အထူးခြားဆုံး လူတစ်ယောက်ပါ။ မြို့စားကြီး ပြောတာကို နားထောင်ရတာ သဘောကျပါတယ်။"

ကျိထင်က အသံကျယ်ကြီးဖြင့် ရယ်မောလိုက်၏။ "မင်းရဲ့ ချီးကျူးစကားကြောင့် ငါ့ရဲ့ ဝတုတ်နေတဲ့ ခန္ဓာကိုယ်ကြီးက ပေါ့ပါးသွားသလိုတောင် ခံစားရတယ်။"

ထို့နောက် သူ အနည်းငယ် တုံ့ဆိုင်းသွားသည်။ "ပြီးရင် သခင်မလေးနဲ့ ဆွေးနွေးစရာ ကိုယ်ရေးကိုယ်တာ ကိစ္စလေး နည်းနည်း ရှိနေတယ်။ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။"

ဆိုနင်ပင်း အံ့အားသင့်သွားပြီး ဆိုလွန်ကို အလိုအလျောက် လှမ်းကြည့်လိုက်မိ၏။

မြို့စားကြီး ကျိထင်မှာ မိန်းမကြိုက်သူအဖြစ် နာမည်ကြီးသော်ငြား အတင်းအဓမ္မ လုပ်ဆောင်လေ့မရှိသူအဖြစ်လည်း လူသိများသည်။ သို့သော်လည်း လောက၌ အကြီးမားဆုံးသော အပျော်အပါးမက်သူကြီး တစ်ယောက်ဖြစ်နေလေရာ သူ၏ တောင်းဆိုမှုက သူမကို စိုးရိမ်ထိတ်လန့်သွားစေ၏။

ဆိုလွန်က စိတ်အေးစေရန် ခေါင်းညိတ်ပြလိုက်သည်။ "အစ်မ... စိတ်အေးအေးထားပါ။ မြို့စားကြီးက တကယ် စကားပြောချင်ရုံ သက်သက်ပါ။"

ဆိုလွန်သည်လည်း ဖြစ်ပျက်နေသည့် ကိစ္စများနှင့် ပတ်သက်၍ အကြမ်းဖျင်းအားဖြင့် ရိပ်မိနေပြီး ဖြစ်သည်။

**--**--**--**--**--**--**--**

မြို့စားကြီး ကျိထင်၏ စာကြည့်ခန်းထဲ၌ မိန်းမစိုးအိုကြီး တစ်ယောက်က ဆိုနင်ပင်းကို လက်ဖက်ရည် ငှဲ့ပေးလိုက်သည်။

မြို့စားကြီး ကျိထင်က ဖြူဖွေးနေသည့် မျက်ခုံးမွေးများနှင့် သိုင်းပညာရှင်ဖြစ်သော မိန်းမစိုးအိုကြီးကို ပြောလိုက်၏။ "အဘိုးပိုင်... ဘယ်သူ့ကိုမှ အနားကို အကပ်မခံနဲ့။ ပြီးတော့ ခင်ဗျားလည်း ခိုးမနားထောင်နဲ့။"

အဘိုးပိုင်က ရိုသေစွာ ပြောလိုက်၏။ "နားလည်ပါပြီ။"

အဘိုးပိုင်က မီတာဆယ်ချီ ဝေးကွာသည့် နေရာသို့ ဆုတ်ခွာသွားပြီးနောက် ငြိမ်သက်စွာ ထိုင်နေလိုက်သည်။

ထို့နောက် သူ၏ စိတ်ဝိညာဉ်ကို အသုံးပြုကာ အကြားအာရုံကို ပိတ်ဆို့လိုက်ပြီး ပတ်ဝန်းကျင်ကို စောင့်ကြည့်ရန်အတွက် သူ၏ စိတ်ဝိညာဉ်စွမ်းအားများကို အပြင်ဘက်သို့ ဖြန့်ကြက်ထားလိုက်၏။ ခြင်တစ်ကောင် ဖြတ်ပျံသွားလျှင်ပင် သူ အာရုံခံမိပေလိမ့်မည်။

စာကြည့်ခန်းထဲ၌ ကျိထင်နှင့် နှစ်ယောက်တည်း ကျန်ရစ်နေခဲ့ရာ ဆိုနင်ပင်း၏ ရင်ထဲ၌ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေမိသည်။

မြို့စားကြီး ကျိထင်က ဝန်ခံလိုက်၏။ "အခု ငါ ပြောမယ့်စကားက အမှန်တကယ်တော့ ငါ့အတွက် ပြောထွက်ဖို့ အတော်လေး ခက်ခဲပါတယ်။"

ဆိုနင်ပင်းက ပြန်ပြောလိုက်သည်။ "မြို့စားကြီး... လွတ်လွတ်လပ်လပ်သာ ပြောပါ။ ကျွန်မ ကူညီနိုင်တဲ့ ကိစ္စရှိမယ်ဆိုရင် အစွမ်းကုန် ကူညီပေးပါ့မယ်။"

အပိုင်း ၂၂၇ + ၂၂၈ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters