← Chapters

အခန်း ၁၈

Vol. 2 Ch. 18

အခန်း ၁၈

Vol. 2 Ch. 18

အပိုင်း ၁၈

ထိုအချိန်တွင် ယွီမြောင်ဟွာနှင့် စနစ်တို့၏ စိတ်ချင်းဆက်သွယ် ပြောဆိုနေမှုမှာ ဆက်ရှိနေဆဲ ဖြစ်သည်။ တစ်စုံတစ်ဦးက ကြားနိုင်သည်ကို သူမ မသိရှိသဖြင့် သူမသည် မည်သည့်ကန့်သတ်ချက်မှမထားဘဲ ပြောဆိုနေ၏။

[ပထမဆုံးအနေနဲ့ အိမ်ရှေ့မင်းသားကိုတော့ စာရင်းထဲက ပယ်လိုက်မယ်]

[ဟမ်... ဘာလို့ အိမ်ရှေ့မင်းသားကို ပယ်တာလဲ။ သူက အဲဒီလောက် ကြည့်ကောင်းတာကို!]

ခဏမျှ ဖေးလင်ယွဲ့သည် စနစ်၏ ပြောစကားကို သဘောတူမိသွားသည်။ အမှန်စင်စစ် သူ၏ အိမ်ရှေ့မင်းသားမှာ ထူးချွန်ထက်မြက်သူဖြစ်ပြီး လူသားများထဲတွင် အဖိုးတန်ဆုံးသော ဖီးနစ်ငှက်ကဲ့သို့ပင် ဖြစ်၏။ ယွီမြောင်ဟွာက ဘာကြောင့် သူ့ကို အရင်ဆုံး ပယ်လိုက်ရသနည်း။ အိမ်ရှေ့မင်းသား၏ အဆင့်အတန်းက မြင့်မားလွန်းသဖြင့် အရှုပ်အထွေးများ ဖြစ်မည်ကို စိုးရိမ်သောကြောင့်လားဟု သူ တွေးတောမိသည်။

[ဘာလို့လဲဆိုတော့ သူက ငါ့ရဲ့အရင်ဘဝမှာ ငါအရူးအမူး ကြိုက်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်နဲ့ တူနေလို့ပဲ။ ဟုတ်ပါတယ်၊ အိမ်ရှေ့မင်းသားက အဲဒီလူထက် အများကြီး ပိုကြည့်ကောင်းပြီး ယဉ်ကျေးတယ်။ ဒါပေမဲ့ အဲဒီအနုပညာရှင်က မိန်းမတွေအများကြီးနဲ့ ပတ်သက်နေတဲ့ လူယုတ်မာပဲ၊ မိန်းကလေးတစ်ယောက်ကို ကိုယ်ဝန်ရအောင် လုပ်ပြီး ဖျက်ချခိုင်းခဲ့တယ်၊ ပြီးတော့မှ သူသုံးခဲ့တဲ့ ပိုက်ဆံတွေကို ပြန်ပေးဖို့ စာရင်းတွေပို့ပြီး တောင်းဆိုခဲ့သေးတယ်! မင်းယုံနိုင်လား။ အိမ်ရှေ့မင်းသားရဲ့ မျက်နှာကို ကြည့်လိုက်တိုင်း အဲဒီလို အမှိုက်ကောင်အတွက် ငါဖြုန်းခဲ့တဲ့ ပိုက်ဆံတွေကိုပဲ သတိရနေတယ်—ငါ့ရဲ့ ပင်ပင်ပန်းပန်း ရှာထားတဲ့ ပိုက်ဆံတွေ! အဲဒီအစား ခရီးသွားဖို့ သုံးခဲ့ရင် ပိုတန်အုံးမှာ!]

[ကျန်တဲ့သူတွေလဲ မဖြစ်ဘူး—ဘယ်သူမှ ငါ့အကြိုက် မဟုတ်ဘူး။ ငါ့အကြိုက်က ဘယ်လိုမျိုးလဲဆိုတာတော့ တွေ့တဲ့အခါမှ ငါပြောပြမယ်]

တစ်စုံတစ်ဦးကို တကယ်တမ်း လိုက်ရန် သူမတွင် သတ္တိမရှိသော်လည်း ပုံစံကြည့်ရုံမျှဖြင့် ဘာမှမဖြစ်နိုင်ဟု သူမ ယူဆလေသည်။

ယွီမြောင်ဟွာ၏ မရည်ရွယ်ဘဲ ထွက်လာသော စကားများက ဖေးလင်ယွဲ့ကို နောက်တစ်ကြိမ် တုန်လှုပ်သွားစေပြန်သည်။

"အဟွတ်၊ အဟွတ်—!"

သူသည် နောက်တစ်ကြိမ် အပြင်းအထန် ချောင်းဆိုးမိပြန်သည်။

အရင်ဘဝ ဟုတ်လား။ ဒါဆို ယွီမြောင်ဟွာမှာ သူမရဲ့ အရင်ဘဝက မှတ်ဉာဏ်တွေ ရှိနေတာပေါ့။ ပြီးတော့ သူမက အိမ်ရှေ့မင်းသားနဲ့ တူတဲ့လူတစ်ယောက်ကို အသည်းအသန် ကြိုက်ခဲ့ဖူးတာလားဟု သူ အံ့သြစွာ တွေးမိ၏။

ဧကရာဇ်တစ်ဦးအနေဖြင့် ဖေးလင်ယွဲ့သည် လက်တွဲဖော်များစွာ ထားရှိခြင်းကို ပြဿနာဟု မမြင်ချေ။ သို့သော် ယွီမြောင်ဟွာဘပြောပြချက်အရ ထိုအမျိုးသားမှာ သူမ၏ ပိုက်ဆံများကို သုံးစွဲခဲ့သည့်အပြင် အခြားအမျိုးသမီးများကိုလည်း ကိုယ်ဝန်ရစေခဲ့ပြီး ပြန်လည်ပေးဆပ်ရန် တောင်းဆိုခဲ့သည်မှာ တကယ်ကို ယုတ်မာလွန်းလှသည်။ ထိုမှတ်ဉာဏ်ကြောင့် သူမ ဒေါသထွက်နေသည်မှာ မဆန်းလှပေ။

အိမ်ရှေ့မင်းသား၊ အိမ်ရှေ့မင်းသား... မင်းရဲ့ အရင်ဘဝက ဘယ်လိုဖြစ်လို့ အဲဒီလိုလူစားမျိုး ဖြစ်နေရတာလဲ။

သူ၏ မြည်တမ်းမှု ကြားထဲတွင် ဖေးလင်ယွဲ့ရုတ်တရက် သတိပြုမိသွားသည်—

မဟုတ်သေးပါဘူး၊ အဲဒါက အိမ်ရှေ့မင်းသားရဲ့ အရင်ဘဝ မဟုတ်ပါဘူး။ ယွီမြောင်ဟွာက အိမ်ရှေ့မင်းသားက အဲဒီလူထက် အများကြီး ပိုသာတယ်လို့ အတိအလင်း ပြောခဲ့သည်။

"ခမည်းတော်၊ သမားတော်ကြီး ကျန်းကို စမ်းသပ်ခိုင်းသင့်တယ် ထင်ပါတယ်"

သူ၏ စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် ဖေးလင်ယွဲ့သည် သားဖြစ်သူအား စိတ်ပျက်သလိုလို၊ ရှုပ်ထွေးသလိုလို အကြည့်မျိုးဖြင့် ကြည့်ရင်း သက်ပြင်းချလိုက်သည်။ "မလိုပါဘူး။ လည်ချောင်းထဲ လေဝင်သွားပြန်လို့ပါ။ စိတ်ပူစရာ မရှိပါဘူး"

အာ... နှမြောစရာကောင်းလိုက်တာ။

အကယ်၍ တစ်စုံတစ်ဦးကို ရွေးချယ်ရမည်ဆိုပါက—ဆုလာဘ်များကသာ ထိုက်တန်မည်ဆိုလျှင်—အိမ်ရှေ့မင်းသား ဖြစ်နေသည်ကိုသာ သူ ပိုနှစ်သက်မိပေလိမ့်မည်။

ဒီညတော့ မစ်ရှင်အသစ်တွေ ထပ်မပေါ်လောက်တော့ဘူးဟု သူ ယုံကြည်ကာ ယွီမြောင်ဟွာထံမှ အကြည့်ကို လွှဲလိုက်သည်။

ဖေးချီယန်သည် သူ၏ ခမည်းတော်၏ အကြည့်ကြောင့် ဇဝေဇဝါ ဖြစ်သွားသော်လည်း၊ ဧကရာဇ်က အမြန်ပင် အကြည့်လွှဲသွားသဖြင့် သူ၏ သိချင်စိတ်ကိုသာ ဖိနှိပ်ထားလိုက်ရလေတော့သည်။

စောစောက သူ၏ ခမည်းတော်သည် ယွီကျဲယွီရှိရာဘက်သို့ အထပ်ထပ် ကြည့်နေခဲ့ပုံရ၏။

ဖေးချီယန်သည် အသာအယာ ကြည့်လိုက်ပြီး ဘာမှမဟုတ်သလိုမျိုး ဟန်ဆောင်ကာ အကြည့်ပြန်လွှဲလိုက်သည်။

ထိုခဏတာ အကြည့်လေးကပင် ယွီကျဲယွီ၏ ပုံရိပ်သည် သူ၏ စိတ်ထဲတွင် စွဲထင်သွားစေရန် လုံလောက်ခဲ့၏။

သူမသည် ငြင်းမရလောက်အောင်ပင် ထူးခြားလှပသူ ဖြစ်လေသည်။ သို့သော် နန်းတွင်းကိုယ်လုပ်တော်ဆောင်များတွင် အလှအပဆိုသည်မှာ အဆန်းမဟုတ်ချေ။ သူမကို အခြားသူများနှင့် ကွဲပြားစေသည်မှာ သူမ၏ မျက်နှာတွင် ရှိနေသော တက်ကြွလန်းဆန်းသည့် အလှတရားပင် ဖြစ်ပြီး ၎င်းက သူမကို မေ့မရနိုင်အောင် ဖြစ်စေသည်။

သို့သော် သူ့ကို ပို၍ စိတ်ဝင်စားသွားစေသည်မှာ ဤအချက် ဖြစ်သည်—

သူမကို မြင်ဖူးသည်မှာ ပထမဆုံးအကြိမ် ဖြစ်သော်လည်း သူမ၏ မျက်နှာမှာ တစ်နေရာရာတွင် တွေ့ဖူးသလိုမျိုး ရင်းနှီးနေခြင်း ဖြစ်၏။

သူမ၏ ဆွေမျိုးတစ်ဦးဦးနှင့် ဆုံခဲ့ဖူးတာလားဟု သူ တွေးတောမိသည်။

ဖေးချီယန်သည် သူ၏ အတွေးများကို အမြန်ပင် ဖြတ်တောက်လိုက်လေတော့သည်။

တော်ဝင်မိသားစု၏ ပွဲတော်ကို တရားဝင် စတင်လိုက်ပြီ ဖြစ်၏။

…

နန်းတွင်း အခမ်းအနားများနှင့် နှိုင်းယှဉ်လျှင် တော်ဝင်မိသားစု ပွဲတော်မှာ ပို၍ လွတ်လပ်ပေါ့ပါးသည်။ နန်းတွင်းအစေခံများက ကောင်းမွန်လှသော ဟင်းလျာများကို အစီအရီ လာရောက်ချပေးကြ၏။

ဧကရာဇ်၏ အထူးညွှန်ကြားချက်ကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်၊ ယွီကျဲယွီ၏ စားပွဲပေါ်တွင် သူမ အကြိုက်ဆုံး ဟင်းလျာများဖြင့် ပြည့်နှက်နေသည်။ နန်းဆောင်မှ မထွက်ခွာမီ မုန့်အနည်းငယ် စားလာခဲ့သဖြင့် သူမမှာ မဆာသော်လည်း ငါးကျပ်တိုက်နှင့် ဝိုင်ဖြင့် နှပ်ထားသော ကြက်သားအနည်းငယ်ကို မြည်းစမ်းကြည့်လိုက်သည်။

နန်းတွင်း တေးဂီတဌာနမှ ဖျော်ဖြေရေးသမားများမှာ တစ်ဦးပြီးတစ်ဦး စင်ပေါ်သို့ တက်လာကြသည်။

အကများ၊ ရိုးရာသီချင်းများ၊ တူရိယာတီးခတ်မှုများ၊ ကာယဗလပြကွက်များ... ယွီကျဲယွီသည် မျက်လှည့်ပြကွက်တစ်ခုကိုပင် မြင်တွေ့ခဲ့ရသည်။ ဖျော်ဖြေမှုတိုင်းမှာ အပြစ်ပြောစရာမရှိအောင် ကောင်းမွန်လှသဖြင့် သူမနှင့် စနစ်တို့မှာ စိတ်ဝင်တစား ကြည့်ရှုနေကြ၏။

အထူးသဖြင့် ဓားအကမှာ သူမ၏ စိတ်ကို ဆွဲဆောင်သွားခဲ့သည်—ခုန်ပျံခြင်း၊ လှည့်ပတ်ခြင်းနှင့် လှုပ်ရှားမှုတိုင်းမှာ လွယ်ကူလှပနေပြီး အင်အားနှင့် နူးညံ့မှုကို ပေါင်းစပ်ထားသည့် ပုံစံမှာ တကယ်ကို ရင်သပ်ရှုမောစရာ ဖြစ်လေသည်။

[စနစ်၊ နင် အဲ့ဒါကို မှတ်တမ်းတင်ထားလား]

[သေချာတာပေါ့!]

[ကောင်းပြီ။ အားတဲ့အခါမှ ငါ ပြန်ကြည့်မယ်]

ကျေနပ်သွားသော ယွီကျဲယွီသည် ဖျော်ဖြေသူအား နောက်ပိုင်းတွင် ဆုလာဘ်ပေးရန် ချင်းလျိုကို ညွှန်ကြားရန် ဆုံးဖြတ်လိုက်သည်။ သူမ၏ အရင်ဘဝက ထိုကဲ့သို့သော ကမ္ဘာ့အဆင့်မီ အရည်အချင်းမျိုးကို အွန်လိုင်းတွင်သာ ကြည့်ခဲ့ရဖူးပြီး ယခုကဲ့သို့ အနီးကပ် မြင်တွေ့ခွင့် ရသည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်၏။

ယွီမြောင်ဟွာသည် ပျော်ရွှင်စွာ ကြည့်ရှုနေစဉ် ဖေးလင်ယွဲ့၏ အသံကို ကြားလိုက်ရသည်။ "ယွီကျဲယွီ ဒီဓားအကကို ကြိုက်ရဲ့လား"

ရုတ်တရက် အမေးခံရသဖြင့် ယွီမြောင်ဟွာသည် သတိပြန်ဝင်လာပြီး ခပ်ပါးပါး ပြုံးကာ ပြန်ဖြေလိုက်၏။ "ဒီကိုယ်လုပ်တော်ကတော့ ဒီဓားအကကို အရမ်းကောင်းတယ်လို့ ထင်ပါတယ်—ရဲရင့်တဲ့ ဂုဏ်သတ္တိနဲ့ လျင်မြန်တဲ့ အလှတရားတွေ ပေါင်းစပ်နေတာပါ "

စိတ်ထဲတွင်မူ သူမသည် စနစ်ကို မညည်းညူဘဲ မနေနိုင်ချေ။

[အား... အရှင်မင်းကြီးက ကကွက်ကိုပဲ အာရုံစိုက်ရမယ့်အစား ဘာလို့ ငါ့ကိုပဲ လာမေးနေတာလဲ။ ဒီနေ့ရဲ့ အဓိကလူက ငါမှ မဟုတ်တာ]

[ဒါက Host အပေါ် သူ ဘယ်လောက် ဂရုစိုက်တယ်ဆိုတာကို သက်သေပြနေတာပဲ! သူ့မျက်လုံးထဲမှာ Host ပဲ ရှိတယ်။ ဒီလောက် မျက်နှာသာပေးခံနေရတာဆိုတော့၊ အခုဆိုရင် အားလုံးရဲ့ ရင်ထဲမှာ စွဲကျန်သွားလောက်ပြီ။ ဒီမစ်ရှင်လေးကတော့ အောင်မြင်သွားပြီလို့ ပြောလို့ရတာပေါ့]

ဖေးလင်ယွဲ့က အေးအေးဆေးဆေးပင် မိန့်ကြားလိုက်သည်။ "ယွီကျဲယွီက သဘောကျတယ်ဆိုမှတော့၊ ဒီဖျော်ဖြေသူကို မင်းရဲ့ နန်းဆောင်ဆီကို ပို့ခိုင်းလိုက်မယ်"

ယွီမြောင်ဟွာသည် သဘာဝကျစွာပင် ကျေးဇူးတင်သောအားဖြင့် ဦးညွှတ်လိုက်၏။

ဖေးလင်ယွဲ့၏ လုပ်ရပ်ကြောင့် သူမသည် ပွဲတော်တွင် နောက်တစ်ကြိမ် အာရုံစိုက်ခံရသူ ဖြစ်လာပြန်သည်။

မင်းသမီးကျားယန်သည် သူမ၏ သမီးဖြစ်သူအား "ကောလာဟလတွေက အမှန်ပဲ" ဟု တိုးတိုးလေး ပြောလိုက်၏။

သူတို့သည် ယွီကျဲယွီအပေါ်ထားရှိသော ဧကရာဇ်၏ မျက်နှာသာပေးမှုကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။ ဧကရာဇ်သည် သူမထံမှ အကြည့်ကို ခဏမျှပင် မခွာနိုင်လောက်အောင် ဖြစ်နေပြီး အိမ်ရှေ့မင်းသားကို ပေးလေ့ရှိသော အာရုံစိုက်မှုများထက်ပင် ပိုနေသည်။

သူမကဲ့သို့ မင်းသမီးတစ်ပါးအနေဖြင့် ကိုယ်လုပ်တော်များ၏ မျက်နှာသာကို ရယူရန် မလိုအပ်သော်လည်း၊ ဧကရာဇ်၏ အချစ်တော်နှင့် မိတ်ဆွေဖြစ်ထားခြင်းက ဆိုးကျိုးမရှိနိုင်ချေ။

မင်းသမီးကျားယန် ဆုံးဖြတ်ချက် ချလိုက်သည်မှာ—ကွမ်ကျွီ နန်းဆောင်အတွက် ပေးပို့မည့် နှစ်သစ်ကူးလက်ဆောင်များကို နောက်ထပ် ၃၀ ရာခိုင်နှုန်း တိုးမြှင့်လိုက်ရန် ဖြစ်၏။

ထိုကဲ့သို့ တွေးတောနေသူမှာ သူမတစ်ဦးတည်း မဟုတ်ချေ။

အခြား ကိုယ်လုပ်တော်များမှာမူ စိတ်မအေးနိုင်ကြချေ။ သူတို့သည် ဧကရာဇ်နှင့် ယွီကျဲယွီတို့၏ အချစ်ဇာတ်လမ်းထဲတွင် နောက်ခံလူများသဖွယ် ဖြစ်နေသည်ဟု ခံစားနေရသည်။

သူတို့၏ အကြည့်များမှာ မိဖုရားခေါင်ကြီးနှင့် အိမ်ရှေ့မင်းသားတို့ထံသို့ မကြာခဏ ရောက်ရှိသွားပြီး သူတို့ စိတ်ဆိုးနေသည့် အရိပ်အယောင်များ ရှိမရှိ စူးစမ်းနေကြသည်။ သို့သော် မိဖုရားခေါင်ကြီးမှာမူ အပြုံးမပျက်ဘဲ တည်ငြိမ်နေပြီး အိမ်ရှေ့မင်းသားမှာလည်း အတွေးထဲ နစ်ဝင်နေကာ ဝိုင်ခွက်ကိုသာ ကိုင်ထားလေသည်။ နှစ်ဦးလုံးမှာ မကျေနပ်သည့် အရိပ်အယောင် လုံးဝ မပြကြချေ။ ကိုယ်လုပ်တော်များက စိတ်ထဲမှ အံ့သြနေကြသည်မှာ—ဒီနှစ်ယောက်က တကယ်ကို စိတ်ထိန်းနိုင်ကြတာပဲ ဟူ၍ ဖြစ်၏။

မိဖုရားခေါင်ကြီးသည် စိတ်ထဲမှ ကြိတ်၍ တွေးနေသည်မှာ 'သူတို့က ငါ့ကို ဘာလို့ ကြည့်နေကြတာလဲ။ မိဖုရားခေါင်ကြီးတစ်ယောက်အနေနဲ့ ကိုယ်လုပ်တော်တစ်ယောက်နဲ့ အပြိုင်အဆိုင် မျက်နှာသာရအောင် လုပ်နေဖို့ မလိုဘူး၊ အဲဒါက လှောင်စရာပဲ ဖြစ်မှာ။ ဧကရာဇ်က သူနှစ်သက်တဲ့သူကို အလိုလိုက်လို့ ရပါတယ်၊ ငါ့ရဲ့ ရာထူးကို မထိခိုက်သရွေ့ပေါ့' ဟူ၍ ဖြစ်သည်။

ထို့အပြင် ယွီကျဲယွီကြောင့်ပင် ဟဲ မိသားစုသည် ကျောက်သကြားများ ရောင်းချခွင့်ကို ရရှိခဲ့ပြီး ဖေးချီယန် အတွက် ရန်ပုံငွေ အခက်အခဲ မရှိစေရန် အာမခံချက် ရရှိခဲ့ခြင်း ဖြစ်သည်။

ထိုအချက်ကြောင့်ပင် သူမသည် ယွီကျဲယွီအပေါ် ကျေးဇူးတင်စိတ် ရှိနေ၏။

ထို့ကြောင့် မိဖုရားခေါင်ကြီးသည် စားပွဲပေါ်ရှိ ပိန်းဥဟင်းလျာကို ညွှန်ပြလိုက်သည်—၎င်းမှာ ကြက်သားနှင့် ပိန်းဥနုနုလေးများကို သုံး၍ ချက်ပြုတ်ထားသော သူမ၏ မိခင်ဘက်မှ ဆွေမျိုးများ၏ အထူးဟင်းလျာပင် ဖြစ်၏။

"ဒါကို ယွီကျဲယွီဆီ ပို့လိုက်ပါ"

မနက်ခင်း နှုတ်ဆက်ချိန်များတွင် ယွီကျဲယွီသည် ပိန်းဥပါသော ဟင်းလျာများကို အထူးနှစ်သက်ကြောင်း သူမ သတိပြုမိခဲ့ခြင်း ဖြစ်သည်။

ထိုဟင်းလျာမှာ ယွီမြောင်ဟွာရှေ့သို့ ရောက်ရှိလာပြီး သူမသည် လူအများ၏ အကြည့်အောက်တွင်ပင် အေးအေးလူလူ စားသုံးနေ၏။

ဒီလိုမျိုး ခဏခဏ ကြုံရရင်တော့ သူမရဲ့ စိတ်ဓာတ်က သံမဏိလို ခိုင်မာလာတော့မှာပဲဟု သူမ တွေးမိသည်။

ဧကရာဇ်ရော မိဖုရားခေါင်ကြီးပါ သူမကို အသည်းအသန် အလိုလိုက်နေကြသည် မဟုတ်ပါလား။

ဓားကသမားကို နန်းတွင်းအစေခံများက ခေါ်ဆောင်သွားပြီးနောက် နောက်ထပ် ဖျော်ဖြေမှုများ စတင်ခဲ့သည်။ နောက်ထပ် ပြကွက်များမှာလည်း အလွန်ပင် လှပလှပေသည်။

ပွဲတော်ပြီးဆုံးခါနီးတွင် ကိုယ်လုပ်တော်ကျောက်၏ နူးညံ့သောအသံ ထွက်ပေါ်လာခဲ့သည်။ "နန်းတော်ထဲကို ရောက်ကတည်းက ဒီကိုယ်လုပ်တော်ဟာ အားလုံးရဲ့ ကြင်နာမှုတွေကို ခံယူခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒီကျေးဇူးကို ပြန်ဆပ်ဖို့ နည်းလမ်းမရှိခဲ့ဘူး။ ဒါကြောင့် ဒီနေ့အတွက် ကျွန်မ ကကွက်တစ်ခု ပြင်ဆင်လာခဲ့ပါတယ်"

သူမ၏ တောက်ပသော မျက်ဝန်းများမှာ မိဖုရားခေါင်ကြီးထံသို့ ရောက်ရှိသွားသည်။ သူမ၏ မျက်နှာတစ်ဝက်ကို ပုဝါပါးလေးဖြင့် ဖုံးအုပ်ထားသော်လည်း ၎င်းက သူမ၏အလှကို ဖုံးကွယ်မထားဘဲ ပို၍ပင် ဆွဲဆောင်မှုရှိစေခဲ့သည်။

ဘာပဲဖြစ်ဖြစ် လူတွေရဲ့ စိတ်ကူးက ပိုပြီး ပြည့်စုံတဲ့အရာတွေကို ဖန်တီးတတ်သည် မဟုတ်ပါလား။

မိဖုရားခေါင်ကြီးက နွေးထွေးစွာပင် ပြောလိုက်သည်။ "ကိုယ်လုပ်တော်ကျောက်ရဲ့ အကက တစ်ခါက ငါ့ကို မှင်သက်သွားစေခဲ့ဖူးတယ်။ ဒီနေ့လည်း နောက်ထပ် အလှတရားတွေကို မြင်ရဦးမှာပေါ့"

ဖေးလင်ယွဲ့က ခေါင်းငြိမ့်ပြလိုက်၏။

ကိုယ်လုပ်တော်ကျောက်သည် စင်ပေါ်သို့ လှပစွာ တက်လှမ်းလာခဲ့သည်။ သူမနှင့်အတူ ပါလာသူမှာ နန်းတွင်းဂီတဌာနမှ တူရိယာတီးခတ်သူတစ်ဦးဖြစ်ပြီး ရုပ်ရည်မှာ သာမန်သာဖြစ်သော်လည်း အမူအရာမှာ ခန့်ညားလှပေသည်။

တေးဂီတသံ ထွက်ပေါ်လာသည်နှင့်အမျှ ကိုယ်လုပ်တော်ကျောက်သည် ကခုန်ခြင်းကို စတင်လိုက်သည်။

ယွီမြောင်ဟွာအနေဖြင့် ထိုအကပုံစံကို မသိသော်လည်း ၎င်းမှာ ငြင်းမရလောက်အောင်ပင် ရင်သပ်ရှုမောစရာ ကောင်းလှသည်။ လှုပ်ရှားမှုတိုင်းမှာ တိကျလှပနေပြီး သူမ၏ ပုံစံမှာ လန့်သွားသော ငန်းအုပ်ကလေးကဲ့သို့ပင် လှပနေ၏။

ကခုန်နေစဉ် လမ်းခုလတ်မှာပင် လိပ်ပြာများမှာ သူမထံသို့ ပျံသန်းလာကြတော့သည်။

သူမသည် နူးညံ့လှပသော အကကွက်များကို ဆက်၍ကခုန်နေစဉ် လိပ်ပြာတစ်ကောင်မှာ သူမ၏ ဆံပင်ပေါ်တွင် လာရောက်နားနေသည်ကိုပင် သတိမထားမိလိုက်ချေ။

ကခုန်ခြင်း ပြီးဆုံးသွားသည့်အခါ သူမသည် ယဉ်ကျေးစွာ ဦးညွှတ်လိုက်သည်—ထိုအချိန်တွင် နောက်ထပ် လိပ်ပြာတစ်ကောင်မှာ သူမ၏ မျက်နှာဖုံးပုဝါပေါ်တွင် လာနားလိုက်သဖြင့် သူမ၏ အလှတရားမှာ ပြည့်စုံသွားခဲ့ရသည်။

ကိုယ်လုပ်တော်ကျောက်က အံ့သြသွားဟန် ဆောင်လိုက်သည်။ "အို... ချန်ချဲ့ မသိလိုက်ပါဘူး..." သူမ ရှက်သွေးဖြာသွားသည်။ "ချန်ချဲ့ရဲ့ မလျော်ကန်မှုကို ခွင့်လွှတ်ပေးပါ"

"ဒါဟာ ဒဏ္ဍာရီထဲက 'လိပ်ပြာများဆင့်ခေါ်ခြင်း' ပဲ ဖြစ်ရမယ်!" ရှန်ကွေ့ဖေးက အံ့သြတကြီး ပြောလိုက်သည်။ "ကိုယ်လုပ်တော်ကျောက်က နှစ်ပေါင်း ၃၀၀ ကျော် ပျောက်ကွယ်နေတဲ့ အကကို ပြန်ဖော်ထုတ်နိုင်ခဲ့တာပဲ! တကယ့်ကို အရည်အချင်းရှိတာပဲ။ ကောင်းကင်ဘုံက အကမျိုးဖြစ်လို့ လိပ်ပြာတွေတောင် လာနားရတာပေါ့"

ကိုယ်လုပ်တော်ကျောက်က နှိမ့်ချစွာဖြင့် "ရှန်ကွေ့ဖေးက ကျွန်မကို ချီးမွမ်းလွန်းနေပါပြီ။ ကျွန်မကတော့ ရော့လန်ရဲ့ အကူအညီနဲ့ ရှေးဟောင်းစာအုပ်တွေကို တွေ့ရှိခဲ့တဲ့ ကံကောင်းမှုလေးပဲ ရှိတာပါ"

ဖေးလင်ယွဲ့ ခေါင်းငြိမ့်လိုက်၏။ "ကောင်းတယ်။ မင်းကို ဆုလာဘ် ပေးရမယ်"

ကိုယ်လုပ်တော်ကျောက်သည် တကယ်ကိုပင် ကြိုးစားထားခြင်း ဖြစ်လေသည်။

သူမသည် မျက်လွှာချလိုက်ပြီး ပြောလိုက်သည်။ "ကျွန်မရဲ့ ဖျော်ဖြေမှုက အရှင်မင်းကြီးနဲ့ မိဖုရားကြီးတို့ကို စိတ်ကျေနပ်စေတယ်ဆိုရင် ကျွန်မ လေ့ကျင့်ခဲ့ရတာတွေက တန်ပါတယ်။ ဒါပေမဲ့ ရော့လန်သာ မရှိရင် ဒီအကက ဒီလောက်အထိ ပြည့်စုံမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်မရဲ့ ဆုလာဘ်အစား ရော့လန်ကို နန်းတွင်းဂီတဌာနကနေ လွတ်မြောက်ခွင့်ပေးဖို့ တောင်းဆိုချင်ပါတယ်"

မျက်နှာသာပေးရန် တိုက်ရိုက်တောင်းဆိုခြင်းမှာ အကြံကြီးလွန်းသည်ဟု ထင်ရပေလိမ့်မည်။ ရော့လန်၏ လွတ်မြောက်မှုကို တောင်းဆိုပေးခြင်းအားဖြင့် သူမသည် သစ္စာရှိသော အကပညာရှင်တစ်ဦးကို ရရှိမည့်အပြင် သူမ၏ စိတ်ကောင်းစေတနာကိုလည်း လူတိုင်းမြင်အောင် ပြသနိုင်မည် မဟုတ်ပါလား။

သူမသည် သာမန် ကိုယ်လုပ်တော် တစ်ဦးအဖြစ် နေထိုင်ရန် နန်းတော်ထဲသို့ ရောက်ရှိလာခြင်း မဟုတ်ချေ။ သူမ၏ ရည်မှန်းချက်မှာ ထိုထက်မက မြင့်မားလှပေသည်။

[Host ရေ... သူက Host ရဲ့ အာရုံစိုက်မှုတွေကို လုယူနေပြီ! အကယ်၍ ဧကရာဇ်ကသာ သူ့တောင်းဆိုချက်ကို လက်ခံလိုက်ရင် Host က ထူးခြားတဲ့သူ ဖြစ်တော့မှာ မဟုတ်ဘူး! မစ်ရှင် ရှုံးသွားလိမ့်မယ်!]

ယွီမြောင်ဟွာမှာမူ ဘာမှမဖြစ်သလိုပင် တည်ငြိမ်နေ၏။

[သူ့ကိုပဲ ပေးလိုက်ပါစေ။ သူ ကတာ တကယ် လှတာပဲကို]

[အဲဒီလိပ်ပြာတွေက အမွှေးအိတ်တွေနဲ့ မြှူထားတာ! ပြီးတော့ သူကိုယ်တိုင် ကကွက်ဖော်တာလဲ မဟုတ်ဘူး!]

ဆုလာဘ်များ ဆုံးရှုံးရတော့မည်ကို စိုးရိမ်သဖြင့် စနစ်မှာ ထိတ်လန့်သွားပြီး အမှန်တရားကို ရှာဖွေရန်အတွက် စွမ်းအင်များကို သုံးစွဲနေတော့သည်။

[ရည်မှန်းချက်ရှိတာနဲ့ ပါးနပ်တာက အပြစ်မှ မဟုတ်တာ။ သူမ နည်းလမ်းတွေ သုံးခဲ့ရင်တောင် သူမ တကယ် ကြိုးစားခဲ့တာပဲ။ ငါတို့အနေနဲ့ ရှုံးနိမ့်မှုကို ယဉ်ယဉ်ကျေးကျေး လက်ခံသင့်ပါတယ်]

သူမ၏ စနစ်မှာ သူ့ Host ၏ ပေါ့ပေါ့ပါးပါး နေတတ်သော အမူအရာကြောင့် လုံးဝပင် ဆွံ့အသွားရလေသည်။

[အား... ငါ့ရဲ့ စွမ်းအင်တွေ...!]

[ကဲပါ... ရော့၊ ဒါ ငါ့ဆီက အမှတ် ငါးခု ပါတဲ့ လက်ဆောင်အိတ်။ မငိုနဲ့တော့]

ယွီမြောင်ဟွာသည် စနစ်၏ ညည်းညူသံများကို မကြားချင်သဖြင့် စောစောက ရရှိထားသော အမှတ်များကို ပေးလိုက်သည်။

ကိုယ်လုပ်တော်ကျောက်က လှည့်ကွက် သုံးထားမှန်း သူမ သိသည်—ဒါပေမဲ့ ဘာဖြစ်လဲ။ ဘယ်သူ့ကိုမှ မထိခိုက်သလို လူတိုင်းလည်း အလှတရားကို ခံစားခဲ့ရသည် မဟုတ်ပါလား။ သူမမှာ အပေါ်တက်လှမ်းနိုင်မည့် အရည်အချင်းရှိလျှင် သူမအတွက် ကောင်းမွန်သောအရာပင် ဖြစ်၏။

ယွီမြောင်ဟွာသည် ဘာမှထပ်မစဉ်းစားတော့ဘဲ လက်လွှတ်လိုက်သည်။

သို့သော် ဖေးလင်ယွဲ့ကမူ ထိုဆုလာဘ်ကို လက်လွှတ်ရန် အစီအစဉ် မရှိချေ။

လူတစ်ယောက်ကို လက်ဆောင်ပေးမယ် ဟုတ်လား။ ယွီကျဲယွီရဲ့ အာရုံစိုက်မှုကို လုယူမယ် ဟုတ်လား။ ဒါကို လက်ခံလို့ မရဘူး! သူသည် ယွီမြောင်ဟွာကိုသာ ဤည၏ အတောက်ပဆုံးသော ကြယ်တစ်ပွင့် ဖြစ်စေရမည်။ ကိုယ်လုပ်တော်ကျောက်သည် ဆုလာဘ်ကို တောင်းနေခြင်း မဟုတ်ဘဲ သူ၏ အသက်ကို တောင်းနေခြင်းနှင့် တူနေသည်ဟု သူ ထင်မြင်မိ၏။

ခဏမျှ တန့်သွားပြီးနောက် သူက အစေခံတစ်ဦးကို ညွှန်ကြားလိုက်သည်။ "ရော့လန်ရဲ့ ပိုင်ဆိုင်မှု စာချုပ်ကို သွားယူချေ"

ရော့လန်သည် ကျေးဇူးတင်စွာဖြင့် ဦးတိုက်လိုက်၏။

ကိုယ်လုပ်တော်ကျောက်၏ မျက်ဝန်းများမှာ မျက်ရည်များဖြင့် ဝေ့သီသွားသည်။ "အရှင်မင်းကြီး..."

ထို့နောက် ဖေးလင်ယွဲ့က ဆက်၍ မိန့်လိုက်သည်။"ရော့လန်က အကစီစဉ်တာမှာ ကျွမ်းကျင်ပြီး ရှေးဟောင်းအကတွေကိုလဲ တတ်မြောက်ထားတယ်လို့ ငါကြားတယ်။ ကွမ်ကျွီ နန်းဆောင်မှာ အဲဒီလို အရည်အချင်းရှိတဲ့သူ လိုအပ်နေတာပဲ"

သူ၏ အကြည့်မှာ ရော့လန်ထံသို့ ရောက်ရှိသွားသည်။ "ရော့လန်၊ မင်း ကွမ်ကျွီ နန်းဆောင်ကို သွားဖို့ လိုလားရဲ့လား"

ရော့လန်မှာ ခေတ္တမျှ မှင်သက်သွားပြီးနောက်မှ ပြန်ဖြေလိုက်၏။ "ဒီအစေခံမလေး လိုလားပါတယ်"

ကိုယ်လုပ်တော်ကျောက်၏ မျက်နှာမှာ ဖြူလျော်သွားခဲ့သည်။ သူမက ကပြဖျော်ဖြေခဲ့သည်ဖြစ်ရာ ဧကရာဇ်က ဘာကြောင့် ရော့လန်ကိုမှ ကွမ်ကျွီ နန်းဆောင်ကို ပို့ရသနည်း။

ကွမ်ကျွီ နန်းဆောင်... သူမ ဘာပဲလုပ်လုပ် ဧကရာဇ်ရဲ့ အာရုံစိုက်မှုက ထိုနေရာမှာ နေထိုင်သူဆီမှာပဲ ရှိနေတာလား။

ထိုအချိန်တွင် ကိုယ်လုပ်တော်ကျောက်သည် ရှု့ဖေး အကျဉ်းချခံရစဉ်က ခံစားခဲ့ရမည့် ခါးသီးမှုများကို ရုတ်တရက် နားလည်သွားခဲ့လေသည်။

ထိုအတောအတွင်း ဘာမှမလုပ်ဘဲ ဆုလာဘ် ရရှိသွားသော ယွီမြောင်ဟွာ - ???

ဘာတွေ ဖြစ်သွားတာလဲ။

[နေအုံး... ဘာလို့ သူက ငါ့ဆီ ရောက်လာတာလဲ။ ဒါက ငါနဲ့ ဘာဆိုင်လို့လဲ]

[ဟာ... မစ်ရှင်က တကယ်ပဲ အောင်မြင်သွားပြီ!! ဒါကတော့ အထင်အရှား မျက်နှာသာပေးမှုပဲ! ငါ အခုမှ နားလည်တော့တယ်—ဧကရာဇ်ကသာ မင်းကို ချစ်ရင် မင်းက အမြဲတမ်း အာရုံစိုက်မှု အလယ်ဗဟိုမှာ ရှိနေမှာပဲ]

[ဂုဏ်ယူပါတယ် Host၊ အဓိက မစ်ရှင် ၁.၄ ကို ပြီးမြောက်သွားပါပြီ—Host ဟာ ပွဲတော်မှာ အတောက်ပဆုံးသူ ဖြစ်ခဲ့ပြီး လူတိုင်းရဲ့ ရင်ထဲမှာ "နန်းတွင်းမှာ အတုမရှိ မျက်နှာသာပေးခံရသူ" ဆိုတဲ့ အမြင်ကို ချန်ထားနိုင်ခဲ့ပါတယ်]

ဆုလာဘ်များ ရရှိလာသည်ကို မြင်ရသဖြင့် ဖေးလင်ယွဲ့သည် ဝမ်းသာသွားခဲ့သည်။ ယွီမြောင်ဟွာမှာမူ... သူမ စနစ်အား ပေးခဲ့သော လက်ဆောင်အိတ်ကို ဒေါသတကြီးဖြင့် ပြန်လည် သိမ်းဆည်းလိုက်လေတော့သည်။

ငါးဆားနယ် ကိုယ်လုပ်တော်

All Chapters