အခန်း ၃၃၁
Vol. 34 Ch. 331
အခန်း(331)
ရန်ရှောင်က စီးကရက်များကို ထုတ်ယူပြီး သူ့အတွက် တစ်လိပ် မီးညှိလိုက်ကာ ကျန်တစ်လိပ်ကို စုဝေ့ချင်းထံသို့ လှမ်းပေးလိုက်လေ၏။
စုဝေ့ချင်းက မငြင်းပယ်ဘဲ လက်ချောင်းများကြားတွင် ညှပ်ကိုင်ထားသော်လည်း မီးမညှိခဲ့ပေ။
အဝေးမှကြည့်လျှင်တော့ သူတို့က အပြင်ဘက်တွင် စီးကရက်သောက်နေသည့် ပုံစံမျိုး ဖြစ်နေခဲ့သည်။
စုဝေ့ချင်းက မည်သို့ပြောရမည်ကို မသိ ဖြစ်နေခဲ့လေ၏။
ရန်ရှောင်ကလည်း မတိုက်တွန်းခဲ့ပေ။
သူက ဤကဲ့သို့သော အခြေအနေမျိုးကို အကြိမ်ကြိမ် မြင်တွေ့ဖူးသောကြောင့် အချိန်ပေးရမည်ကိုနားလည်သည်။
သို့သော် စုဝေ့ချင်းက လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့ပြီး ရန်ရှောင်ကို ကြာရှည်စွာ မစောင့်ဆိုင်းစေခဲ့ပေ။
သူက လီရှန်း၏ အထက်တန်းကျောင်းတက်ချိန် ကာလများမှ စတင်ပြောခဲ့လေသည်။
ထို့နောက် ယနေ့ညနေက သူတို့က တိုက်ဆိုင်စွာ ဆုံတွေ့ခဲ့ကြသည့် အချိန်အထိ ဆက်လက်ပြောပြခဲ့သည်။
စုဝေ့ချင်းက စိတ်ပျက်စွာဖြင့် ပြုံးလိုက်မိသည်။
“..အဲဒီလူက ဘာတွေ တွေးနေလဲဆိုတာ ကျွန်တော် မသိတော့ဘူး၊ သူက ကျွန်တော့်ဇနီးအပေါ် ဘာလို့ ဒီလောက်တောင် စွဲလမ်းနေရတာလဲ၊
မင်းသိတဲ့အတိုင်းပဲ.. သူက အနာဂတ် တောက်ပလာမဲ့ တက္ကသိုလ်ကျောင်းသား တစ်ယောက်ပဲလေ၊
ကျောင်းမှာ စိတ်တူကိုယ်တူ လက်တွဲဖော်တစ်ယောက် ရှာတာက ပိုပြီး မကောင်းဘူးလား”
“ဒါပေမဲ့ ရှောင်လီကလည်း အဲဒီလူက သူမကို သဘောကျနေတယ်လို့ မခံစားရဘူးလို့ ပြောခဲ့တာလား”
ရန်ရှောင်က နှုတ်ခမ်းကို ဖိလိုက်မိပြီး မျက်မှောင်ကြုတ်လိုက်မိသည်။
သူသည်လည်း အတွေးနက်သွားရသည်။
စုဝေ့ချင်း၏ စကားများအရ ထိုလူက ထူးဆန်းလွန်း၏။
လောကကြီးတွင် ဤမျှအထိ ဇွဲကောင်းလွန်းသော သံယောဇဉ်မျိုးက အမှန်တကယ်ပဲ ရှိနိုင်ပါမည်လား။
တစ်ဖက်လူက အိမ်ထောင်ကျပြီးသားဖြစ်နေလျှင်ပင် လက်မလျှော့ဘဲ လာရောက်ပတ်သက် နှောင့်ယှက်နေသေးသည်လား။
ဤသို့ကြည့်မည်ဆိုလျှင် ထိုလူက ရှောင်လီ့ကို အလွန်သဘောကျနေခြင်းမျိုး ဟုတ်ချင်မှဟုတ်ပေလိမ့်မည်။
အကယ်၍ အမှန်တကယ်သာ သဘောကျပါက တဖက်လူ၏ အိမ်ထောင်ရေးကို လာရောက်နှောင့်ယှက်သည့် လုပ်ရပ်မျိုးကို အဘယ်ကြောင့် လုပ်ပါမည်နည်း။
တစ်ဖက်အမျိုးသမီး၏ ခင်ပွန်းဖြစ်သူက သိရှိသွားပါက သူ့ဇနီးအပေါ် သံသယဝင်လာမည်ကို စိုးရိမ်နေသင့်သည်မဟုတ်ပါလား။
သို့မဟုတ် ထိုအခြေအနေက ဟဲထန်၏ ရည်ရွယ်ချက် ဖြစ်နေသည်လား။
ယခုကဲ့သို့ ခေတ်ကာလတွင် လူတိုင်းက ဥပဒေကိုလိုက်နာပြီး ရိုးသားစွာသာ နေထိုင်ကြလေသည်။
ဤမျှအထိ သတ္တိကောင်းလွန်းသော အရူးတစ်ယောက်က မည်သည့်နေရာကနေ ပေါ်လာရသနည်း။
သာမန်အမျိုးသားတစ်ဦးက ဟဲထန်လုပ်သကဲ့သို့ လုပ်လိမ့်မည်မဟုတ်ပေ။
အထူးသဖြင့် ဟဲထန်က တက္ကသိုလ်ဝင်ခွင့်ရရှိထားသော ပညာတတ်တစ်ဦး ဖြစ်နေခဲ့သည်။
တစ်ဖက်လူ၏ ဂုဏ်သိက္ခာကို ငဲ့ကွက်ခြင်းမရှိသည့် ဤကဲ့သို့ ပတ်သက်နှောင့်ယှက်မှုမျိုးတွင် ပညာတတ်တစ်ဦး၏ အရိပ်အယောင်အနည်းငယ်မျှပင် ရှာမတွေ့နိုင်ပေ။
“အမှန်အတိုင်းပြောရရင် ကျွန်တော်နဲ့ ကျွန်တော့်ဇနီးက သူ့ကို တကယ်ကြောက်နေခဲ့ကြတယ်၊
သူ အိမ်ထောင်ကျသွားတယ်လို့ ကြားတုန်းက အတော်လေး စိတ်အေးသွားခဲ့ရသေးတယ်၊
ဒါပေမဲ့ သူ့ဇနီးက မနှစ်ကပဲ ဆုံးသွားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ”
စုဝေ့ချင်းက လက်ချောင်းများကြားမှ စီးကရက်ကို ကစားနေမိပြီး စိတ်မသက်မသာဖြစ်မှုကို ဖြေဖျောက်ရန်အတွက် စီးကရက်ကိုမီးညှိပြီး ဖွာလိုက်ချင်စိတ်များ ဖြစ်ပေါ်လာရသည်။
“ဒါက အတော်လေး ထူးဆန်းတယ်၊ နောက်ပြီး သူလက်ထပ်ခဲ့တဲ့ ဇနီးက ရှန်းရှန်းရဲ့ အတန်းဖော်ဖြစ်နေသေးတယ်၊
အဲဒီမိန်းကလေးက အရင်တုန်းက ရှန်းရှန်းကို သူတို့နဲ့အတူ ကျေးလက်ဒေသကို လိုက်ခဲ့ဖို့ မကြာခဏ တိုက်တွန်းခဲ့တဲ့သူလေ”
ရန်ရှောင်အနေဖြင့် ဤအကြောင်းကို ရထားပေါ်တွင်ရှိနေချိန်ကတည်းက စုဝေ့ချင်း ပြောပြခဲ့ဖူးသည်ကို ကြားခဲ့ရလေသည်။
လီရှန်းက အတန်းဖော်များ၏ လှည့်ဖြားမှုကြောင့် ကျေးလက်ဒေသသို့ လိုက်သွားလုနီးပါးဖြစ်ခဲ့ရ၏။
သို့သော် သူရဲကောင်းဖြစ်သည့်မိခင်က သူမအတွက် အလုပ်တစ်ခုကို ချန်ထားပေးခဲ့သောကြောင့် ထိုအကြံကို လက်လျှော့ခဲ့ခြင်းပင်။
“အဲ့ဒီ ကျောင်းသူလေးက ဆုံးသွားပြီလား”
ရန်ရှောင်တစ်ယောက် စီးကရက်ကိုတစ်ဖွာ ရှိုက်လိုက်ရင်း တစ်စုံတစ်ခုက မှားယွင်းနေကြောင်းကို ထက်မြက်စွာ ရိပ်မိလိုက်လေသည်။
“ဟုတ်တယ်၊ ကံဆိုးတာပဲလားတော့မသိဘူး၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ကျင်းပမယ်လို့ မကြေညာခင် နှစ်လအလိုမှာပဲ သူမက ရေထဲကို ပြုတ်ကျသွားခဲ့တာ၊
မင်းသိတဲ့အတိုင်း ပင်းချန်မှာ ဆောင်းရာသီက စောစောရောက်ပြီး အပူချိန်ကလည်း နှိမ့်တယ်လေ၊
သူ ရေထဲကို ကျသွားတာနဲ့ အအေးမိပြီး အိပ်ရာထဲမှာ နှစ်လလောက် လဲနေခဲ့ပြီးမှ ဆုံးသွားတာ၊
သူဆုံးပြီး ရက်ပိုင်းအကြာမှာပဲ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲက ကျင်းပတယ်”
“ဒါဆိုရင် အဲဒီ ဟဲမျိုးရိုးက အခုထိ သူ့ဇနီးအတွက် ဝမ်းနည်းပူဆွေးဆဲကာလမှာရှိနေသေးတာပဲမလား”
“အမှန်ပဲ”
ဤခေတ်ကာလတွင် အမျိုးသားများအနေဖြင့် ဇနီးသည်အတွက် ရှေးရိုးစွဲဝတ္တရားအတိုင်း ဝမ်းနည်းခြင်း ဝတ်ပြုစောင့်ထိန်းရန်အတွက် မလိုတော့ဟု ထင်ရလေသည်။
သို့သော် မိသားစုအများစုကတော့ ရှေးရိုးဓလေ့များကို လိုက်နာကြဆဲဖြစ်ပြီး အနည်းဆုံး တစ်နှစ်၊ နှစ်နှစ်ခန့် စောင့်ဆိုင်းပြီးမှသာ အောင်သွယ်ပေးသည်ကို လက်ခံခြင်းနှင့် အိမ်ထောင်ပြုခြင်းတို့ကို ပြုလုပ်ကြလေ၏။
ဟဲထန်ကဲ့သို့ အလျင်စလိုဖြစ်နေသူမျိုးကို တွေ့ရခဲလွန်းသည်။
“ကျွန်တော်လည်း မြို့တော်မှာ ဘယ်သူ့ကိုမှမသိတော့ ဒီကိုပဲရောက်လာခဲ့မိတာ”
စုဝေ့ချင်းက စိတ်မသက်မသာဖြင့် ပြုံးလိုက်မိလေ၏။
“သူက ကျွန်တော့်ဆီကို ဦးတည်လာတာဆိုရင် ကိစ္စမရှိပေမဲ့ အခုက ကျွန်တော့်ရဲ့ဇနီးဆီကို ဦးတည်နေတာလေ၊
ကျွန်တော်တို့အနေနဲ့ ရှန်းရှန်းကို ဂရုစိုက်လို့ရပေမဲ့ သူက စုရှောင်လော်ဆီကိုပါ ရောက်ဘာမှာကို စိုးရိမ်မိတယ်၊
ဒါကြောင့် ဒီရက်ပိုင်း စုရှောင်လော်ကို ကျောင်းကနေ ကြိုပေးဖို့ မင်းကို ဒုက္ခပေးရဦးမယ်၊
အနီးအနားကိုလည်း သေချာလေး သတိထားပေးပါဦး”
“ကိစ္စမရှိပါဘူး၊ အခု ရှောင်လီက ကျွန်တော့်အဘိုးရဲ့ အနှစ်သက်ဆုံး ကျောင်းသူတွေထဲက တစ်ယောက် ဖြစ်နေပြီ၊
အဘိုးက သူမကို အရမ်း တန်ဖိုးထားတာ၊ နောက်ပိုင်းကျရင် သူမကို တပည့်အဖြစ်တောင် မွေးစားရင် မွေးစားဦးမှာ၊ ဒါဆိုရင် ကျွန်တော်တို့က မိသားစုတွေဖြစ်သွားကြပြီမလား”
ရန်ရှောင်အနေဖြင့် သူ၏အဘိုးက လီရှန်းအပေါ် မည်မျှအထိ စိတ်ကျေနပ်မှုရှိသည်ကို သိရှိထားပေ၏။
သူက စုဝေ့ချင်းမှ အရှုပ်အထွေးများကိုသယ်ယူလာသည်ဟုမထင်ပါချေ။
ဆန့်ကျင်ဘက်အနေဖြင့် စုဝေ့ချင်းက သူ့ကို သူစိမ်းကဲ့သို့ မဆက်ဆံတော့ဟုသာ ခံစားရသည်။
စုဝေ့ချင်းက မျက်မှောင် ကြုတ်လိုက်သည်။
“ဒီလူက တကယ့်ကို မျှော့တစ်ကောင်လိုပဲ၊ ဘယ်လိုမှ ခါချလို့ မရနိုင်ဘူး ဖြစ်နေတယ်”
ရန်ရှောင်က သူ၏ပုခုံးကို ပုတ်ပေးလိုက်ပြီး မေးလိုက်လေသည်။
“ဒီကိစ္စကို ကျွန်တော် ကူညီပြီး စုံစမ်းပေးပါ့မယ်၊ ပြန်တဲ့အချိန်ကျရင် သတိထားဦး၊
မင်းတို့ အိမ်ဝန်းကြီးထဲမှာ ကလေးတစ်ယောက်တည်းနဲ့ နေတာဆိုတော့ နေရာက ကျယ်လွန်းနေတယ်၊
မင်းတို့အတွက် ခွေးတစ်ကောင်လောက် ရှာပေးရင် ဘယ်လိုလဲ”
“ဒါဆိုရင်တော့ အရမ်းကောင်းတာပေါ့”
ဤစကားကို ကြားသည့်အချိန်တွင် စုဝေ့ချင်းကလည်း ခွေးတစ်ကောင်ကို မွေးမြူခြင်းက ပို၍ကောင်းမွန်လိမ့်မည်ဟု ခံစားလိုက်ရလေ၏။
အနည်းဆုံးတော့ ပို၍ နိုးနိုးကြားကြားရှိပြီး တစ်စုံတစ်ရာ အသံဗလံရှိပါက သတိပေးနိုင်ပေလိမ့်မည်။
ရန်ရှောင်က ခေါင်းညိတ်ပြလိုက်ကာ ပေကျင်းစစ်ဌာနချုပ်သို့ သွားရောက်ပြီး သူ၏ ရဲဘော်ဟောင်းများထံမှ ခွေးကောင်းတစ်ကောင် တောင်းခံရန်အတွက် ချက်ချင်းပင် အစီအစဉ်ဆွဲလိုက်လေတော့၏။
တကယ်တမ်းတွင် သူသည်လည်း ခွေးမွေးချင်ခဲ့သော်လည်း သူ၏ အိမ်ဝန်းက သေးငယ်လွန်းသောကြောင့် ခွေးကို လွတ်လပ်စွာ ပြေးလွှားဆော့ကစား၍မရနိုင်ပေ။
စုဝေ့ချင်း၏ အိမ်ဝန်းကတော့ မတူညီပေ။ ဤအိမ်က အပိုင်းနှစ်ပိုင်းပါဝင်သော ပတ်လည်အိမ်ရာဝန်းမျိုး ဖြစ်သောကြောင့် ခွေးမွေးရန် အကောင်းဆုံးနေရာ ဖြစ်လေ၏။
အိမ်အပြင်သို့ ထွက်ရန်ပင်မလိုဘဲ နေ့စဉ် အိမ်ဝန်းထဲတွင် အနည်းငယ် ပတ်ပြေးရုံမျှဖြင့် လုံလောက်သော လေ့ကျင့်ခန်း ဖြစ်စေနိုင်သည်။
အကယ်၍ စုမိသားစုက ခွေးမွေးမည်ဆိုလျှင် သူလည်း ကူညီပြီး လေ့ကျင့်ပေးနိုင်၏။
“ကောင်းပြီ၊ ရက်နည်းနည်းအတွင်း မင်းဆီကို ခေါ်လာခဲ့ပေးမယ်၊
ဟဲထန်နဲ့ ပတ်သက်လို့ကတော့ ပင်းချန်က ကိစ္စတွေကို ကျွန်တော် စုံစမ်းကြည့်ဖို့ ကြိုးစားပါ့မယ်”
သူ၏ ဇနီးဟောင်း၏ သေဆုံးမှုက တိုက်ဆိုင်လွန်းပြီး သံသယဖြစ်စရာ ကောင်းလွန်းသည်ဟု သူ ခံစားနေရသည်။
စုဝေ့ချင်းလည်း စိတ် သက်သာရာရသွားခဲ့လေ၏။ ရန်ရှောင်က ကူညီ ဆောင်ရွက်ပေးသရွေ့ အရာအားလုံး လမ်းကြောင်းမှန်ပေါ် ရောက်ရှိလာပေလိမ့်မည်။
သို့သော်…
သူက ရန်ရှောင်တစ်ဦးတည်းအပေါ်၌သာ လုံးဝ အားကိုးနေ၍ မဖြစ်ပေ။
သူ၏ ဖခင်ဖြစ်သူ စုဝေ့မင်ကိုလည်း ပြည်နယ်တွင် ကူညီပေးရန်အတွက် တောင်းဆိုရဦးမည်။
ဟဲထန်တွင် ယုတ်မာကောက်ကျစ်သော အရိပ်အယောင်များက လွှမ်းမိုးနေပြီး သူပြုလုပ်သမျှ အရာအားလုံးတွင်လည်း မရိုးသားသော ရည်ရွယ်ချက်များက ရှိနေပုံရလေ၏။
အတိုချုပ်ပြောရလျှင် စုဝေ့ချင်းက ထိုအမျိုးသားနှင့် ပတ်သက်၍ အလွန်ပင် စိတ်မသက်မသာ ဖြစ်မိသည်။
ဤသည်က အမှောင်ရိပ်ထဲတွင် ချောင်းမြောင်းနေသော ဆာလောင်မွတ်သိပ်နေသည့် တောဝံပုလွေတစ်ကောင်ကဲ့သို့ ရွံရှာဖွေကောင်းလွန်း၏။
စုဝေ့ချင်းက အလောတကြီး ပြန်မသွားခဲ့ပေ။ ထို့အစား သူက ရန်ရှောင်၏ ရုံးခန်းထဲတွင် ခေတ္တမျှ ထိုင်နေခဲ့သည်။
သူက စုရှောင်လော်တစ်ယောက် အိမ်စာများကို ပြီးစီး၍ သူမ၏ သူငယ်ချင်းများနှင့်အတူ ဆော့ကစားရန်အတွက် ကျောင်းလွယ်အိတ်ကို သိမ်းဆည်းနေသည့်အချိန်အထိ စောင့်ဆိုင်းနေခဲ့လေ၏။
ပြီးသွားမှသာ သူက ရုံးခန်းထဲတွင် စောင့်ဆိုင်းနေခဲ့ကြောင်းကို သူ၏ ချစ်လှစွာသော သမီးငယ်လေးကို သတိပေးသည့်အနေဖြင့် ချောင်းအသာဟန့်လိုက်လေ၏။
ဤမိန်းကလေးငယ်က အစမှအဆုံးတိုင် သူ ရှိနေခြင်းကိုပင် သတိမပြုမိခဲ့ဘဲ အိမ်စာလုပ်ရန်ကိုသာ အာရုံစိုက်နေခဲ့သည်။
သူမ၏ အာရုံစူးစိုက်နိုင်စွမ်းက အမှန်တကယ့်ကို မယုံကြည်နိုင်လောက်အောင် ကောင်းမွန်လွန်း၏။
“အဖေ”
စုရှောင်လော်က စုဝေ့ချင်း၏ အသံကို ကြားလိုက်ရသည့်အချိန်တွင် မျက်ဝန်းများက ချက်ချင်း တောက်ပလာခဲ့လေ၏။
သူမက သူမ၏ သူငယ်ချင်းများကို ချက်ချင်းပင် မေ့လျော့သွားခဲ့ပြီး ကျောင်းလွယ်အိတ်ကို ကျောပိုးလျက် စုဝေ့ချင်းထံသို့ ပြေးလာပြီး မေးမြန်းလိုက်လေ၏။
“အဖေ သမီးကို လာကြိုတာလား”
“ဟုတ်တယ် ပျော်လား”
စုဝေ့ချင်းက သူမ၏ခေါင်းလေးကို အသာပုတ်ပေးလိုက်လေသည်။
“ပျော်ပါတယ်၊ ဒါပေမဲ့..”
စုရှောင်လော်၏ မျက်နှာထက်တွင် အပြစ်တင်လိုသော အရိပ်အယောင်လေးတို့ ပေါ်ထွက်လာခဲ့ပြီး ပြောလိုက်လေသည်။
“အဖေက ကျောင်းပြေးခဲ့တာပဲ၊ အဖေက တကယ်ကို ကလေးဆိုးလေးပဲ”
*