အခန်း ၃၃၂
Vol. 34 Ch. 332
အခန်း(332)
စုရှောင်လော်က သေချာပေါက် မှတ်မိနေခဲ့သည်။
သူမ၏ ဖခင်က ယနေ့ညတွင် ကိုယ်ပိုင်စာကြည့်ချိန် ရှိနေသည် မဟုတ်ပါလား။
“အဖေ ကျောင်းမပြေးပါဘူး၊ အဖေ ဆရာ့ဆီမှာ ခွင့်တိုင်ခဲ့တာ”
စုဝေ့ချင်းက သူ့၏ အပြစ်ကင်းစင်မှုကို လျင်မြန်စွာပင် ကာကွယ်ပြောဆိုလိုက်ရလေ၏။
သူက သူ၏ အဖိုးတန် သမီးငယ်လေးကို လမ်းမှားသို့ အရောက်မခံနိုင်ပေ။
စုရှောင်လော်က ထက်မြက်လွန်းသောကြောင့် ကောင်းမွန်သောအရာများကို လျင်မြန်စွာ သင်ယူနိုင်သကဲ့သို့ လမ်းမှားသို့လည်း လွယ်ကူစွာ ရောက်ရှိသွားနိုင်သည်။
သူက ပုံစံကောင်းကို မပြနိုင်လျှင်ပင် ပုံစံဆိုးကိုတော့ မပြခံနိုင်ပေ။
ဤစကားကို ကြားသည့်အချိန်တွင် စုရှောင်လော်၏ မျက်နှာလေးက ချက်ချင်းပင် ဝင်းပသွားခဲ့လေသည်။
သူမ၏ လက်လေးများကို ဆန့်ထုတ်ပြီး ဖခင်ဖြစ်သူ၏ ခြေထောက်ကို ဖက်တွက်လျက် ပြောလိုက်လေ၏။
“ဒါဆိုရင် သမီးတို့ အမေ့ကို သွားကြိုကြရအောင်လေ”
သူမ၏ မိခင်က ယနေ့ ကျောင်းဆင်းချိန် အတော်လေး စောမည်ကို သူမ မှတ်မိနေခဲ့သည်။
“ကောင်းပြီ၊ ဒါဆိုရင် သမီးရဲ့ အမေ့ကို သွားကြိုကြတာပေါ့”
စုဝေ့ချင်းက ခန္ဓာကိုယ်ကိုညွှတ်ပြီး စုရှောင်လော်ကို ပွေ့ချီလိုက်လေသည်။
ထို့နောက် ရန်ရှောင်ကို နှုတ်ဆက်လိုက်လျက် ပြောလိုက်လေ၏။
“ရဲဘော်ရန်၊ ဒါဆိုရင် အဲဒီကိစ္စကို မင်းကိုပဲ အပ်ခဲ့ပါတော့မယ်၊ ကျွန်တော်တို့ သွားလိုက်ပါဦးမယ်”
“ပြဿနာမရှိပါဘူး၊ ကျွန်တော် မှတ်ထားလိုက်ပါ့မယ်”
ထို့နောက်တွင် စုဝေ့ချင်းက စုရှောင်လော်ကို ပွေ့ချီ၍ ထွက်ခွာသွားခဲ့လေ၏။
သူ ထွက်သွားသည်နှင့် ရုံးခန်းထဲရှိ တခြားလူများက ချက်ချင်းပင် စိတ်လှုပ်ရှားစွာ မေးလာကြလေ၏။
“ရှောင်ရန်၊ အဲ့ဒါ ရဲဘော်ရှောင်လီရဲ့ ခင်ပွန်းလား”
“ဟုတ်ပါတယ်”
“အိုး.. ရှောင်ရန် ငါက မင်းနဲ့ ရဲဘော်ရှောင်လီတို့ တွဲနေကြတာ ထင်နေတာ.. ဒါကြောင့် မင်းက သူမရဲ့ ကလေးကိုပါ အရင် ကူထိန်းပေးနေတယ်လို့ထင်တာ”
သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးက သက်ပြင်းချလိုက်ရင်း ပြောလိုက်လေသည်။
သူမက ရှောင်ရန်ကဲ့သို့ ကောင်းမွန်သော အမျိုးသားတစ်ဦးက ကလေးတစ်ယောက်ရှိသည့် အမျိုးသမီးကို သဘောကျနေသည်ဟု တွေးမိကာ မကြည်မလင်ဖြစ်နေခြင်းပင်။
တကယ်တမ်းတွင် ထိုအမျိုးသမီးတွင် ခင်ပွန်းရှိနေပြီး၊ ရန်ရှောင်က ကလေးကို ကြိုပို့ရန်အတွက် ကူညီပေးနေခြင်းသာ ဖြစ်နေခဲ့သည်။
ရန်ရှောင်က ခပ်တိုးတိုး ရယ်မောလိုက်ပြီး ပြောလိုက်လေ၏။
“ဘယ်လိုလုပ ဖြစ်နိုင်မှာလဲ၊ ရှောင်လီက ကျွန်တော့်အဘိုးရဲ့ ကျောင်းသူပါ၊
ပြီးတော့ ဝေ့ချင်းက ကျင်းဟွာတက္ကသိုလ်မှာ စာသင်နေတာ၊
အဲဒီဇနီးမောင်နှံနှစ်ယောက်က အရမ်း အလုပ်များကြတော့ ကလေးကို ကြိုပို့ပေးမယ့်သူ မရှိဘူးလေ၊
ဒါကြောင့် ကျွန်တော်က တစ်ယောက်တည်း ဘာမှလုပ်စရာမရှိတာနဲ့ ကျွန်တော့်အဖေက ကျွန်တော့်ကို အလုပ်တစ်ခု ပေးထားတာပါ”
အိုး။ အဖိုးရဲ့ ကျောင်းသူ ဖြစ်နေတာကိုး။
ဒါဆိုရင်တော့ ညီမအရင်းတစ်ယောက်ရှိနေသလိုပါပဲ။
ထိုအစ်မ၏ စိတ်ခံစားချက်က ချက်ချင်းပင် ကောင်းမွန်သွားခဲ့ပြီး ပြောလိုက်လေသည်။
“ဒါဆိုရင်တော့ ငါတို့ လမ်းထဲမှာ မင်းနဲ့ အသက်အရွယ်တူတဲ့ အမျိုးသမီးတစ်ယောက် ရှိတယ်၊ သူမကလည်း သူမရဲ့ လုပ်ငန်းခွင်မှာ စံပြအလုပ်သမားတစ်ယောက်ပဲ”
ရန်ရှောင်၏ အပြုံးများမှာ တောင့်တင်းသွားခဲ့လေ၏။
“…”
ကယ်ကြပါဦး။
ဤကဲ့သို့ အခြေအနေမျိုးကို ကြုံတွေ့ရသည်ထက်စာလျှင် အထင်လွဲခံရခြင်းက ပို၍ ကောင်းမွန်ပေဦးမည်။
စုဝေ့ချင်းကတော့ ရန်ရှောင်တစ်ယောက် မည်ကဲ့သို့သော ဝိုင်းရံပိတ်ဆို့မှုမျိုးနှင့် ရင်ဆိုင်နေရသည်ကို လုံးဝ မသိရှိခဲ့ပေ။
သူက စုရှောင်လော်ကို ဦးဆောင်လျက် လေ့ကျင့်ရေးစခန်းဆီသို့ လျှင်မြန်စွာ ဦးတည်သွားခဲ့လေ၏။
သူ စက်ဘီးကို အရှိန်သတ်၍ ရပ်လိုက်သည်နှင့် အထဲမှ လျင်မြန်စွာ ထွက်လာသော လီရှန်းကို မြင်တွေ့လိုက်ရသည်။
“အမေ”
စုရှောင်လော်တစ်ယောက် လီရှန်းကို လက်လှမ်းပြကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်လေသည်။
လီရှန်းက ရုတ်တရက်ခေါင်းမော့ကြည့်လိုက်လျှက် ထိုသားအဖနှစ်ဦးကို မြင်တွေ့လိုက်ရသောကြောင့် သူမ၏ မျက်နှာထက်တွင် လှပသော အပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။
စုဝေ့ချင်းက လီရှန်းကို ဟဲထန်နှင့် ဆုံတွေ့ခဲ့သည့် အကြောင်းကို ပြောပြခဲ့လေသည်။
လီရှန်းအနေဖြင့် ထိုပညာတတ်လူငယ်က ပေါ်ပေါက်လာကတည်းက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားခဲ့ပြီး ဖြစ်သောကြောင့် ဟဲထန် ထွက်ပေါ်လာခြင်းအပေါ် အံ့အားသင့်ခြင်း မရှိခဲ့ပေ။
သို့သော် ဤမျှအထိ လျင်မြန်စွာ ဖြစ်လာလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့သောကြောင့် ပို၍ ရွံရှာစက်ဆုပ်လာရကာ မျက်မှောင်ကြုတ်လိုက်မိသည်။
“ဒီလူက တကယ်ကို မျှော့တစ်ကောင်လိုပဲ၊ စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းလိုက်တာ”
“ကိုယ် ခုနတင်ပဲ ရန်ရှောင်ဆီ သွားခဲ့သေးတယ်”
စုဝေ့ချင်းက သူ၏ စက်ဘီးကို အပြင်သို့ တွန်းထုတ်လိုက်ပြီး၊ စုရှောင်လော်ကို ပွေ့ချီ၍ စက်ဘီးဘားတန်းပေါ်တွင် တင်ပေးလိုက်လေ၏။
ထို့နောက် စက်ဘီးကို တွန်းကာ လီရှန်းနှင့်အတူ အိမ်သို့ ဖြည်းညှင်းစွာ လမ်းလျှောက်ပြန်ခဲ့ကြသည်။
“ကိုယ် သူ့ကို ဟဲထန်အကြောင်း ကူညီပြီး စုံစမ်းပေးဖို့ တောင်းဆိုခဲ့တယ်”
လီရှန်းက စုဝေ့ချင်းကို အံ့အားသင့်စွာ ကြည့်လျက်မေးလိုက်လေ၏။
“ဘာလို့ ရဲဘော်ရန်ကို အကူအညီတောင်းဖို့ တွေးမိတာလဲ”
“သူက အရင်တုန်းက စစ်တပ်ထဲမှာ ရှိခဲ့တာလေ၊ ပြီးတော့ သူ့ရဲ့ အလိုလိုသိစိတ်က ထူးခြားပြီး တိကျတယ်လို့ ကိုယ့်ကို ပြောခဲ့ဖူးတယ်၊
ကိုယ်က ပေကျင်းမှာ ဘယ်သူ့ကိုမှ မသိတော့ တခြားဘယ်သူ့ကိုမှ အကူအညီ မတောင်းနိုင်ဘူးလေ”
ထို့အပြင် သူ၌ ထိုကဲ့သို့သော အလိုလိုသိစိတ်က အမှန်တကယ်ပင် ရှိနေခဲ့လေသည်။
သူက ရန်ရှောင်ကို အားကိုး၍ရနိုင်သူတစ်ဦးအဖြစ် ယူဆထားသည်။ စနစ်ကိုယ်တိုင်ကလည်း ရန်ရှောင်က အရည်အချင်းရှိသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်းကို အသိအမှတ်ပြုထားလေ၏။
စနစ် : [... ]
မင်းက ငါ့ကို ခံစားချက်တွေကို ဆန်းစစ်တဲ့ စမ်းသပ်ကိရိယာတစ်ခုအနေနဲ့ အသုံးပြုနေတာလား။
စုဝေ့ချင်းက စနစ်နှင့် နှစ်ပေါင်းများစွာ ဉာဏ်စမ်းတိုက်ပွဲကို ဆင်နွှဲခဲ့ပြီးဖြစ်၍ တိုးတက်မှုများ မရှိဘဲ မနေပါချေ။
“ဒါနဲ့ ကျွန်မတို့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေအတွက် တခြားလူတွေကို ဒုက္ခပေးတာ တကယ်ပဲ အဆင်ပြေပါ့မလား”
လီရှန်းလည်း အနည်းငယ် အားနာမိသော်လည်း ဟဲထန်က အမှန်တကယ်ပင် စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းလွန်းသည်။
“ရဲဘော်ရန်က နောက်ရက်နည်းနည်းအတွင်း အလုပ်နားတယ်မလား၊ အိမ်မှာ ဟင်းချက်စရာတချို့ ဝယ်ထားလိုက်လေ၊
ကျွန်မတို့အနေနဲ့ တဖက်လူရဲ့ အကူအညီကို လိုအပ်တယ်ဆိုရင် ရိုးသားမှုကို ပြသတဲ့အနေနဲ့ သူတို့ကို အိမ်ကိုဖိတ်ပြီး အရက်တစ်ခွက်လောက် တိုက်သင့်တယ်”
စုဝေ့ချင်းလည်း ယနေ့တွင် သူ့အနေဖြင့် အတော်လေးစိတ်လိုက်မာန်ပါ လုပ်ဆောင်မိသွားသည်ကို သတိပြုမိသွားသောကြောင့် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်လေသည်။၊
“ကောင်းပြီ ကိုယ် မင်းရဲ့စကားကို နားထောင်ပါ့မယ်၊ တကယ်လို့ တကယ်ပဲ အဆင်မပြေဘူးဆိုရင်..”
သူက စုရှောင်လော်၏ ဦးခေါင်းကို ပုတ်ပေးလိုက်လေသည်။
“တကယ်ပဲ အဆင်မပြေရင် ကိုယ်တို့ရဲ့ စုရှောင်လော်ကို သူ့ရဲ့မွေးစားသမီးအအဖြစ် မွေးစားခိုင်းလိုက်မယ်၊
ရဲဘော်ရန်က ကိုယ်တို့ရဲ့ရှောင်လော်ကို ဘယ်လောက်တောင် သဘောကျလဲဆိုတာ မင်း မမြင်ခဲ့ဘူးလား”
“အဲဒါက သမီးက ဦးဦးရန်ကို မျက်နှာပွင့်စေလို့ပါနော်”
စုရှောင်လော်က သူမ၏ နာမည်ကို ကြားရသည်နှင့် မေးစေ့ကို ပင့်လျက် ဂုဏ်ယူစွာ ပြောလိုက်လေတော့၏။
“ကောင်းပြီ၊ သမီးက အတော်ဆုံးပဲ”
စုဝေ့ချင်းက သူ့သမီး၏ ကြွားဝါတတ်သော အမူအရာကို ကျင့်သားရနေခဲ့သည်။
ဆိုရလျှင် သူက သူ့သမီး၏ ပြောစကားက မှန်ကန်သည်ဟုပင် ခံစားရလေ၏။
စုရှောင်လော်က အမှန်တကယ်ပင် လူအများကို ဂုဏ်ယူစေနိုင်စွမ်း ရှိသည်။
ဟဲထန် ထွက်ပေါ်လာခြင်းကြောင့် မူလက စိတ်လှုပ်ရှား တင်းမာနေခဲ့သော လီရှန်းမှာတော့ ထိုသားအဖနှစ်ဦးက စကားနိုင်လုနေကြသည်ကို မြင်သည့်အချိန်တွင် ရယ်မောမိလိုက်လေ၏။
“ဆရာရန်ကလည်း စုရှောင်လော်ကို အရမ်း သဘောကျတာ၊ သူက ဒီရက်ပိုင်း ရဲဘော်ရန်ကို နေ့တိုင်း ဆူပူနေတာလေ၊
အလုပ်ဆင်းရင် အိမ်ကိုမပြန်ဘဲ စုရှောင်လော်ကို ရုံးခန်းထဲမှာ လျှောက်ပြီး ကြွားဝါနေရုံပဲ သိတယ်ဆိုပြီးတော့”
“တကယ်တော့ လူတိုင်းက ရဲဘော်ရန်ကို အထင်လွဲနေကြတာပါ၊ သူတို့ရုံးခန်းထဲက ကလေးတချို့က စာလေ့လာရေးအဖွဲ့ ဖွဲ့ထားကြတာလေ၊ ကိုယ်တို့ စုရှောင်လော်က ဆရာမလေးတောင် ဖြစ်နေပြီ”
ထိုကျောင်းသားများအားလုံးက သူမထက် အသက်ကြီးကြသော်လည်း ..
စုရှောင်လော်အနေဖြင့် လုံးဝ စိတ်ထဲမထားပေ။ သူမက ငယ်စဉ်ကတည်းက သူမ၏ ဝမ်းကွဲအစ်ကို နှစ်ဦးကို စာသင်ပြပေးခဲ့ရသူ ဖြစ်သည်။
ထို့ကြောင့် ကလေးတချို့ကို ပုစ္ဆာတချို့ သင်ပြပေးရခြင်းမျှသာဖြစ်၍ သူမအနေဖြင့် အလွန်ပင် တည်ငြိမ်နေခဲ့လေ၏။
“ဒါကြောင့်မို့လို့ ဆရာကြီးက ရဲဘော်ရန်ကို လျှောက်ကြွားနေတယ်လို့ ပြောတာပေါ့”
လီရှန်းက ရန်ကျိမင်၏ ဒေါသထွက်နေသော မျက်နှာကို တွေးမိသည့်အချိန်တွင် ရယ်မောမိလေ၏။
“အဲဒီ ဆရာကြီးတွေက အခုထိ လက်မလျှော့ကြသေးဘူးပဲ”
လူတိုင်းက စုရှောင်လော်ကို ဆေးပညာအပေါ် စိတ်ဝင်စားမှု ရှိလာစေရန်အတွက် လှုံ့ဆော်ချင်နေကြသော်လည်း၊ ကံမကောင်းစွာဖြင့် သူတို့တွင် ဆိုးရွားလွန်းသော အသင်းဖော်တစ်ဦး ရှိနေခဲ့လေသည်။
စုရှောင်လော်၏ အိပ်မက်က လေယာဉ်ပျံများနှင့် သင်္ဘောများကို တည်ဆောက်ရန် ဖြစ်ကြောင်းကို သိရှိသွားပြီးနောက် ရန်ရှောင်က စုရှောင်လော်ကို တိတ်တဆိတ် အပိုသင်ခန်းစာများကို စတင်ပေးနေခဲ့၏။
အထူးသဖြင့် အချိန်ရပါက စုရှောင်လော်ကို စစ်တပ်သို့ ခေါ်ဆောင်သွားပြီး အစစ်အမှန် တင့်ကားများကို ပြသပေးမည်ဟုပင် ကတိပြုထားလေသည်။
ထို့ကြောင့် စုရှောင်လော်အနေဖြင့် သူမ၏ စိတ်ကူးကို ပြောင်းလဲရန်အတွက် ပို၍ ခဲယဉ်းသွားစေခဲ့၏။
ရန်ကျိမင်မှာတော့ ရန်ရှောင်တစ်ယောက် အပြင်ပန်းတွင် သူ့အပေါ် နာခံပုံရသော်လည်း၊ ကွယ်ရာတွင် သူ၏ အစီအစဉ်များကို တိတ်တဆိတ် ဖျက်ဆီးနေသည်ကို လုံးဝ မသိရှိခဲ့ပေ။
“ဘာပဲဖြစ်ဖြစ်၊ ကိုယ်တို့ ဒီကိစ္စနဲ့ ပတ်သက်ပြီး သတိထားဖို့တော့ လိုသေးတယ်၊ ကိုယ်တို့တွေ ပတ်သက်နှောင့်ယှက်ခံရတာက ကိစ္စမရှိပေမဲ့ စုရှောင်လော်ကိုတော့ ပစ်မှတ်ထားမိသွားလို့ရမရဘူး”
ဟဲထန်၏ အကြောင်းကို ပြောမိသည်နှင့် လီရှန်းက မျက်မှောင်ကြုတ်လိုက်မိသည်။
“တစ်ခါတလေကျရင် ကျွန်မက သူ့ရဲ့ မကောင်းတဲ့ လုပ်ရပ်တစ်ခုခုကို တွေ့မိသွားခဲ့လို့လားလို့တောင် တွေးမိတယ်၊
မဟုတ်ရင် သူက ဘာလို့ ကျွန်မနောက်ကိုပဲ တကောက်ကောက် လိုက်နေရတာလဲ”
စုဝေ့ချင်း : “...”
ထိုကိစ္စက အနည်းငယ် လွန်ကဲသည်ဟု ထင်ရသော်လည်း လုံးဝ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။
*