အခန်း ၃၃၄
Vol. 34 Ch. 334
အခန်း(334)
ဆရာကြီးရန်က လီရှန်းကို တစ်လှည့်၊ ရန်ရှောင်ကိုတစ်လှည့် လှမ်းကြည့်လိုက်လေ၏။
ထို့နောက်တွင် သူက မနက်စာကို ပြီးအောင်စားသောက်ပြီးနောက်၊ မည်သည့်စကားကိုမှမပြောဘဲ သတင်းစာကို ကောက်ကိုင်ပြီး ပြတင်းပေါက်ဘေးရှိ ဝါးထိုင်ခုံဆီသို့ သွားထိုင်နေခဲ့သည်။
သူက သူတို့၏ စကားဝိုင်းဆီမှ ရှောင်ထွက်ပေခဲ့ကာ သူ၏ အကြည့်က ပြတင်းပေါက်ဘက်သို့ရောက်နေပြီး အပြင်မှသွားလာနေကြသော လူများကို စောင့်ကြည့်နေခဲ့သည်။
လီရှန်းက ဟဲထန်အကြောင်းကို မည်သို့ ဖော်ပြရမည်ကို မသိဖြစ်နေခဲ့လေ၏။
သူမအနေဖြင့် လက်တွေ့တွင် ဟဲထန်၏ အကြောင်းကို အများကြီး မသိရှိခဲ့ပေ။
အတိတ်ဘဝတွင် ဟဲထန်က သူမထံသို့ မကြာခဏ လာရောက်တွေ့ဆုံခဲ့သည်။
သို့သော် သူ ထွက်ပေါ်လာသည့် အကြိမ်တိုင်းတွင် ရည်ရွယ်ချက်တစ်ခုစီ ရှိနေခဲ့ပုံရလေ၏။ ကျန်းယွဲ့ကို သဝန်တိုစေရန်အတွက် ရည်ရွယ်၍ လုပ်ဆောင်နေသကဲ့သို့ပင်။
သူမနှင့် ကျန်းယွဲ့တို့က မူလတန်းမှ အလယ်တန်းအထိ အတန်းဖော်များ ဖြစ်ခဲ့ကြပြီး ရင်းနှီးသော သူငယ်ချင်းကောင်းများ ဖြစ်ခဲ့ကြလေ၏။
သို့သော် အထက်တန်းကျောင်းသို့ ရောက်ပြီးနောက်တွင်၊ ကျန်းယွဲ့က သူမ၏ ငယ်သူငယ်ချင်း ဖြစ်သူ ဟဲထန်ကို သဘောကျမိသွားခဲ့ကြောင်းကို ရုတ်တရက် ပြောပြခဲ့သည်။
ပထမတွင် လီရှန်းက သူမ၏ သူငယ်ချင်းကောင်းအတွက် ဝမ်းမြောက်မိခဲ့ပြီး အကြံဉာဏ်များပင် ပေးခဲ့သေး၏။
သို့သော် သူတို့နှစ်ယောက်ကုန်တိုက်တစ်ခုသို့သွားချိန်က ဟဲထန်နှင့် တိုက်ဆိုင်စွာ ဆုံတွေ့ခဲ့ကြပြီးနောက် လီရှန်းနှင့် ကျန်းယွဲ့တို့၏ သူငယ်ချင်းသံယောဇဉ်က ရုတ်တရက်ပင် အဆုံးသတ်သွားခဲ့ရသည်။
“ဒါဆိုရင် မင်းနဲ့ ပထမဆုံးအကြိမ် ဆုံပြီးတာနဲ့ ဟဲထန်က သူ့ဇနီးဟောင်းကို မင်းနောက်ကိုပဲ လိုက်တော့မယ်လို့ ပြောခဲ့တာပေါ့”
ရန်ရှောင်က စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီးနောက် ဘေးရှိ လက်ရန်းပေါ်တွင် မှီကာ မျက်ခုံးကိုအနည်းငယ်တွန့်ချိုးလိုက်သည်။
လီရှန်းက ဆေးလိပ်နံ့ကို မကြိုက်သောကြောင့် ဘေးဘက်သို့ ရွှေ့လိုက်လေသည်။
“ဟုတ်တယ်၊ မနေ့ညက ကျွန်မ အဲ့ဒါကို သေသေချာချာ ပြန်စဉ်းစားကြည့်တယ်၊ ဒီလို သဘောကျတာမျိုးက အရမ်း ထူးဆန်းလွန်းတယ်၊ ပြီးတော့ အဲဒီတုန်းက ကျွန်မရဲ့ စရိုက်ကလည်း.. အမှန်အတိုင်းပြောရရင် လူချစ်လူခင်ပေါတဲ့ စရိုက်မျိုး မဟုတ်ဘူး”
လီရှန်းက စိတ်မသက်မသာဖြစ်စွာပြုံးလိုက်ပြီး ဆက်ပြောလိုက်လေသည်။
“အမှန်အတိုင်းပြောရရင် သူ ကျွန်မဆီကနေ ဘာတွေ သဘောကျသွားတာလဲဆိုတာ ကျွန်မ တကယ်မသိဘူး”
“နောက်တစ်ခေါက်လောက် သေသေချာချာ ပြန်စဉ်းစားကြည့်ဦး၊ မသိစိတ်က လုပ်မိသွားခဲ့တဲ့ တစ်စုံတစ်ရာကြောင့် ဟဲထန်က မင်းအပေါ်ကို အရမ်း အာရုံစိုက်မိသွားတာမျိုး ဖြစ်နိုင်မလား”
ရန်ရှောင်က မြင်မြင်ချင်း အချစ်ဆိုသည်ကို မယုံကြည်ပေ။
ထိုကဲ့သို့သော အမျိုးသားများက ရှိနေခဲ့လျှင်ပင် သူတို့က ရုပ်ရည်အပေါ်၌သာ မျက်စိကွယ်သွားကြခြင်း ဖြစ်ပေလိမ့်မည်။
တခြားလူ၏ နှလုံးသားထဲသို့ ဤမျှအထိ လျင်မြန်စွာ ဝင်ရောက်သွားပြီး၊ အိမ်ထောင်ကျသွားပြီးနောက်တွင်ပင် နှစ်ပေါင်းများစွာအထိ သစ္စာရှိနေနိုင်ပါမည်းလား။
သူတစ်ပါးမိသားစုကို ပြိုကွဲအောင် ဖျက်ဆီးပြီး မြေခွေးထီးတစ်ယောက် လုပ်ရန်အတွက် ဤမျှအထိ အလျင်စလို ဖြစ်နေသည်လား။
သူသည်လည်း အမျိုးသားတစ်ဦး ဖြစ်သောကြောင့် အမျိုးသားများ၏ အတွေးကို နားလည်လေသည်။
ထို့ကြောင့်ပင် ဟဲထန်က သေချာပေါက်မရိုးသားကြောင်းကို သူ ပြောနိုင်ခြင်းဖြစ်လေ၏။
“မဖြစ်နိုင်တာ၊ ကျွန်မ အထက်တန်းကျောင်းတုန်းက အဆောင်မှာ နေခဲ့တာ၊ တစ်လမှ လေးရက်ပဲ ကျောင်းပိတ်တာလေ၊
ကျွန်မရဲ့ အမေက အစောကြီးဆုံးသွားပြီး အဖေကလည်း မကြာခင်မှာပဲ နောက်အိမ်ထောင်ပြုခဲ့တယ်၊
ကျွန်မက ဦးလေးနဲ့ အဒေါ်တို့နဲ့အတူ နေခဲ့ရတာ၊
သူတို့ကို အားနာတဲ့အတွက် ကျောင်းပိတ်ရက်တွေမှာတောင် အိမ်မပြန်ဘဲ နေလို့ရရင် ကျောင်းမှာပဲ နေခဲ့တာ”
အပြင်ကို ထွက်ခဲ့သည့် တစ်ခုတည်းသော အချိနမှာက...
“ကျွန်မ ကုန်စုံဆိုင်ကိုသွားဝယ်တဲ့အချိန်တွေမှာတော့ သူနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆုံဖို့ဆိုတာ မဖြစ်နိုင်ဘူးမလား၊ အဲဒီလို နေရာမျိုးတွေကို ယောက်ျားတွေ သွားလေ့မရှိပါဘူး”
သူမက အမျိုးသမီးလစဉ်သုံးပစ္စည်းများများကို သွားရောက်ဝယ်ယူခြင်း ဖြစ်သည်။
ဟဲထန်က ထိုနေရာတွင် မရှိနိုင်ပေ။
ရန်ရှောင်ကည်း ဤအချက်ကို တွေးမိသွားပြီး၊ ဆေးလိပ်ငွေ့ သီးသွားရကာ အကြိမ်နည်းငယ် ချောင်းဆိုးလိုက်လျက် ပြောလိုက်လေ၏။
“ဒါဆိုရင် အဲ့ါအပြင် မင်း တခြားနေရာတွေကို မသွားခဲ့ဘူးပေါ့”
“မသွားခဲ့ဘူး”
အတိတ်က အမှတ်တရများက အနည်းငယ် မှုန်ဝါးနေခဲ့ပြီဖြစ်သော်လည်း၊ လီရှန်းအနေဖြင့် သူမကိုယ်သူမ အာမခံနိုင်သည်။ သူမက တခြား မည်သည့်နေရာကိုမျှ မသွားခဲ့ပေ။
ထိုအချိန်က သူမက သူမကိုယ်သူမ သနားစရာဟုထင်ပြီး သူမက ဤလောကတွင် လူပိုတစ်ယောက်ဟု တွေးမိခဲ့လေ၏။
လီဟုန်ကျွင့်၏ မိသားစုက သူမကို လက်မခံနိုင်ကြသကဲ့သို့ ဦးလေး၏ သားသမီးများနှင့်လည်း မနီးကပ်ခဲ့ပေ
ထို့အပြင် ထုန်လင်းက သူမ၏ အိမ်ထောင်ရေးကို လုပ်ကြံရန်အတွက် ကြံစည်နေကြောင်းကိုလည်း တိုက်ဆိုင်စွာ သိရှိခဲ့ရသည်။
သူမက အလွန်ပင် ထိတ်လန့်ခြောက်ခြားနေခဲ့ရ၏။
ပညာတတ်လူငယ်များက ကျေးလက်ဒေသသို့ သွားရမည်ဟု ကြားသိရသည့်အချိန်တွင် သူမကိုယ်သူမ ပိုမို သတိကြီးလာပြီး ဦးလေးဖြစ်သူကို အကျပ်မရိုက်စေရန်အတွက် ထွက်သွားသင့်သည်ဟု ပိုမို ခံစားခဲ့ရသည်။
ထို့ကြောင့်ပင် သူမက ကျန်းယွဲ့၏ စကားကို နားထောင်ပြီး ကျေးလက်ဒေသသို့ သွားရောက်ရန်အတွက် လျှောက်လွှာပုံစံကို ဖြည့်စွက်ခဲ့ခြင်း ဖြစ်လေ၏။
သူမအနေဖြင့် လျှောက်လွှာပုံစံကို ဖြည့်စွက်ပြီးနောက် ထွက်ခွာမည့်နေ့ မနက်ပိုင်းမီသာ အိမ်သို့ အလောတကြီးပြန်ကာ အထုတ်အပိုးများကိုပြင်ဆင်ခဲ့သည်။
သူမ၏ ဦးလေးနှင့် အဒေါ်တို့၏ အံ့အားသင့်ပြီး နားမလည်နိုင်သော အကြည့်များအောက်တွင် အထုတ်အပိုးများကို ပြင်ဆင်ခဲ့သည်။
ထိုဇနီးမောင်နှံက အခြေအနေကို ကြိုတင်၍ မသိရှိခဲ့ကြသောကြောင့် စောင်တစ်ထည်လောက်ပင် ပြင်ဆင်ပေးရန် အချိန်မရခဲ့ကြပေ။
သူတို့က အိမ်တွင်ရှိနေသော ငွေနှစ်ရာကိုသာ ထုတ်ယူကာ သူမနှင့်အတူ ယူဆောင်သွားပြီး ကျေးလက်ဒေသတွင် ဝယ်ယူရန်အတွက် ပေးအပ်နိုင်ခဲ့ကြလေ၏။
လီရှန်းက ခေါင်းကိုခါပြလျက် ခိုင်မာစွာပြောလိုက်လေသည်။
“ကျွန်မ ဘယ်နေရာကိုမှ မသွားခဲ့ပါဘူး”
“ဒါက ထူးဆန်းတာပဲ”
ရန်ရှောင်က ရေရွတ်လိုက်လေ၏။
ဤလောကတွင် မြင်မြင်ချင်းအချစ်ဆိုသည်က အမှန်တကယ် ရှိနေသည်လား။
သူက ချက်ချင်းပင် တုန်လှုပ်သွားရသည်။
ရွံစရာကောင်းအောင် မလုပ်စမ်းပါနဲ့။
သူမက အိမ်ထောင်ကျပြီးသား ဖြစ်နေတာကို သူက အနားကို ကပ်ချင်နေသေးတာလား။
ဒါက တကယ်ကို အရှက်မရှိတာပဲ။
ရန်ရှောင်က အတွေးနက်နေပုံရသည်ကို မြင်သည့်အချိန်တွင် လီရှန်းက စကား ဆက်မပြောတော့ဘဲ သူမ၏ လက်ပတ်နာရီကို ကြည့်လိုက်လေ၏။
ရန်ရှောင် အလုပ်သွားရမည့် အချိန်သို့ နီးကပ်နေလေပြီ။
သူ၏ အလုပ်က သက်တောင့်သက်သာ ရှိလျှင်ပင် အချိန်ကိုတော့ တိကျရမည် ဖြစ်လေ၏။
ထို့ကြောင့် လီရှန်းက ပြောလိုက်လေ၏။
“ရဲဘော်ရန်က ကျွန်မတို့မိသားစုကို အများကြီး ကူညီပေးခဲ့တာ၊ ကျွန်မနဲ့ ဝေ့ချင်းက ဘယ်လိုမှပြန်မဆပ်နိုင်တော့ပါဘူး”
ရန်ရှောင် : “..”
“ကျွန်တော် ဘာမှ စုံစမ်းမရသေးပါဘူး”
“ရဲဘော်ရန်က ဒီကိစ္စကို ကူညီပြီး ဂရုစိုက်ပေးတာနဲ့တင် ကျွန်မတို့ကို အများကြီး ကူညီရာရောက်နေပါပြီ၊
အထူးသဖြင့် စုရှောင်လော်ကိစ္စပေါ့၊ တကယ်လို့ ရဲဘော်ရန်သာ သူမကို သွားမကြိုပေးဘူးဆိုရင်၊
ကျွန်မတို့ထဲက တစ်ယောက်ယောက်ကတော့ သေချာပေါက် ကျောင်းနားပြီး ကလေးကို ပြုစုရမှာ”
လီရှန်းက ဤစကားကို အလွန်ပင် ရိုးသားစွာ ပြောခဲ့လေသည်။
သူမက တခြားလူများကို ဒုက္ခပေးတတ်သော စရိုက်မျိုး မဟုတ်သကဲ့သို့၊ ကလေးအတွက်နှင့် စုဝေ့မင်တို့ ဇနီးမောင်နှံကို ခွဲခွာစေရန်လည်း မရက်စက်နိုင်ခဲ့ပေ။
ထို့ကြောင့် အကယ်၍ စုရှောင်လော်ကို ကူညီကြိုပေးမည့်သူ မရှိခဲ့ပါက၊ သူတို့က သူမကို အိမ်နီးနားချင်းထံသို့ အပ်နှံရမည်၊ သို့မဟုတ် သူတို့ထဲမှ တစ်ဦးဖြစ်သည့် စုဝေ့ချင်းက ကျောင်းတက်ခြင်းကို စွန့်လွှတ်ပြီး အိမ်တွင် နေခဲ့ရလိမ့်မည်။
မူလက လီရှန်းက စုဝေ့ချင်းကို တက္ကသိုလ် အရင်တက်စေရန်အတွက် အစီအစဉ်ဆွဲထားပြီး၊ သူမက နှစ်နှစ်ခန့်အကြာမှ ဆေးတက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုရန်အတွက် စဉ်းစားခဲ့ခြင်းဖြစ်သည်။
သို့သော် ယခုအချိန်တွင် သူမက တိုက်ဆိုင်စွာဖြင့် လေ့ကျင့်ရေးစခန်းသို့ တက်ရောက်ခွင့်ရရှိခဲ့သောကြောင့် မစွန့်လွှတ်နိုင်တော့ပေ။
ထိုအချိန်ကျပါက စုဝေ့ချင်းကသာ သူ့ကိုယ်သူ အနစ်နာခံရပေလိမ့်မည်။
ရန်ရှောင်မှာ ဤမျှအထိ တရားဝင် ကျေးဇူးတင်စကား အပြောခံရခြင်းက ပထမဆုံးအကြိမ် ဖြစ်လေသည်။
ထို့ကြောင့် အနည်းငယ် ရှက်သွားခဲ့ရ၏။
သူက ကွန်ကရစ်လက်ရန်းပေါ်မှ ဆင်းလိုက်ပြီး သူ၏ လက်ရှိ ဖုန်မှုန့်များကို ခါထုတ်ကာ အပြုံးတစ်ခုနှင့် ပြောလိုက်လေသည်။
“တကယ်လို့ မင်းသာ ကျွန်တော့်အဘိုးရဲ့ အနီးကပ်တပည့်အဖြစ်ခံယူဖို့ ဆန္ဒရှိတယ်ဆိုရင်တော့၊ ကျွန်တော့်ကို ကျေးဇူးတင်နေဖို့ မလိုတော့ပါဘူး၊
ကျွန်တော်တို့က မိသားစုတွေဖြစ်သွားကြပြီဆိုတော့ အားနာတာတွေ
၊ဟန်ဆောင်တာတွေ လုပ်နေစရာမလိုတော့ဘူးလေ”
“ဒါဆိုရင်တော့ ကျွန်မကပဲ အမြတ်ရတာပေါ့”
လီရှန်းက ရယ်မောလိုက်လေ၏။
“မင်းရဲ့အတော်လေး ဆရာကြီးက အူကြောင်ကြောင်နိုင်တယ်၊ သူက တပည့်တစ်ယောက်မွေးချင်ပေမဲ့ အဲဒါကို ပွင့်ပွင့်လင်းလင်း ထုတ်မပြောရဲပြန်ဘူး၊ ရှေးရိုးစွဲဝါဒီလို့ အပြောခံရမှာကိုလည်း စိုးရိမ်နေတာ”
ရန်ကျိမင်အနေဖြင့် သူ၏တစ်သက်တာတွင် နိုင်ငံခြားသို့ မည်သည့်အချိန်ကမှ မသွားခဲ့ဖူးပေ။
သို့သော် သူ၏ ဘိုးဘွားများက ချမ်းသာကြွယ်ဝခဲ့ကြပြီး ဧကရာဇ်မယ်တော်ကြီး၏ နန်းတွင်းသမားတော်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးကြသည်။
နောက်ပိုင်းတွင် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့သည့်အချိန်တွင်တော့ သူက လူအများ၏ အသက်ကို ကယ်တင်ရန်အတွက် အနောက်တိုင်းဆေးပညာကို သင်ယူခဲ့လေ၏။
ထိုအချိန်က သူက ထိုအနောက်တိုင်းဆေးပညာများကို ကြိုးစားအားထုတ် သင်ယူခဲ့သော်လည်း၊ အနှစ်သာရအားဖြင့် သူက တရုတ်ရိုးရာ ဆေးပညာအပေါ်၌သာ အခြေခံ စိုက်ထူထားဆဲ ဖြစ်သည်။
သို့သော် ဤကဲ့သို့သော ဘိုးဘွားအစဉ်အဆက် ဓလေ့ထုံးတမ်းများကြောင့်ပင်၊ ကျောင်းတွင် သင်ကြားပေးခဲ့သော ကျောင်းသားများကို အသိအမှတ်မပြုတတ်ခဲ့ပေ။ ထို့အစားခေါင်းညွှတ် အရိုအသေပြု၍ ရေနွေးကြမ်းဆက်ကပ်ပြီး တပည့်ခံကြသူများကိုသာ ပိုမိုအသိအမှတ်ပြုတတ်၏။
သို့သော် ထိုတစ်ဆယ်စုနှစ်ကြာမြင့်ခဲ့သည့် ပသေသရာဇ်အစွဲများကို ဆန့်ကျင်သော အရေးအခင်းကာလများ ပြီးနောက်တွင် မည်သူက သူ့၏ရှေ့တွင် ဒူးထောက်ကာ အရိုအသေပြုရဲကြပါဦးမည်နည်း။
အကယ်၍ တုံးအသော လူတစ်ယောက်နှင့်နိုက်ဆိုင်စွာတွေ့ဆုံပါက ဒူးထောက်ခြင်းက ကိစ္စမရှိပေ။
သို့သော် တစ်ဖက်လူများက သူ့ကို ရှေးရိုးစွဲ အကြွင်းအကျန်အဖြစ် တိုင်တန်းလိုက်ပါက အမှန်တကယ်ပင် စိုးရိမ်ပူပန်စရာ ဖြစ်လာပေလိမ့်မည်။
*