အခန်း ၃၃၅
Vol. 34 Ch. 335
အခန်း(335)
“ရှေးရိုးစွဲဝါဒဖြစ်နေတယ် ဆိုရင်တောင်မှ အခြေအနေနဲ့ အချိန်အခါကို ကြည့်ရမှာပေါ့..
နှစ်ပေါင်းထောင်ချီပြီး လက်ဆင့်ကမ်းလာခဲ့တဲ့ ရိုးရာဓလေ့တွေမှာ အမှန်တရားတွေကတော့ ရှိနေဦးမှာ သေချာပါတယ်”
လီရှန်း၏ စကားကို ကြားသည့်အချိန်တွင်၊ ပြတင်းပေါက်ဘေးတွင် ထိုင်နေခဲ့သော ရန်ကျိမင်တစ်ယောက် ချက်ချင်းပင် ပျော်ရွှင်ဝမ်းသာသွားခဲ့ရသည်။
သူက ပြတင်းပေါက်မှ ခေါင်းပြန်လှည့်၍ ပြောလိုက်လေ၏။
“ရှောင်လီ ပြောတာ မှန်တယ်”
“တကယ်လို့ ဆရာကသာ ကျွန်မကို တပည့်အဖြစ် လက်ခံဖို့ ဆန္ဒရှိတယ်ဆိုရင် ကျွန်မကတော့ ခေါင်းညွှတ် အလေးပအရိုအသေပြီး ရေနွေးကြမ်းငဲ့ပေးဖို့ ဆန္ဒရှိပါတယ်”
ရန်ကျိမင်က ယခုတစ်ကြိမ်တွင်တော့ အမှန်တကယ်ပင် စိတ်လှုပ်ရှားသွားခဲ့ရလေပြီ။
လီရှန်းကို သူ၏လက်အောက်သို့ တပည့်အဖြစ်သွင်းနိုင်ခဲ့ပြီဖြစ်၍၊ စုရှောင်လော်သည်လည်း သူနှင့်ဝေးကွာတော့မည်မဟုတ်ပေ။
“ကောင်းပြီ၊ ငါ မင်းကို တပည့်အဖြစ် လက်ခံလိုက်မယ်”
ဤသည်က စုရှောင်လော်အတွက် သက်သက်ကြောင့်တော့ မဟုတ်ပေ။
လီရှန်းက နားလည်သဘောပေါက်နိုင်စွမ်းမြင့်ပြီး ကြိုးစားအားထုတ်နန်သူ ဖြစ်သည်။
ထို့အပြင် သူမက ရောဂါများကို ကုသရန်အတွက် သာမန်ဆေးဝါးများကို ဖော်စပ်နည်းအဖြစ် အသုံးပြုရာတွင်လည်း ကျွမ်းကျင်လွန်းသည်။
ဤကဲ့သို့သော ဆရာဝန်မျိုးက သာမန်ပြည်သူများအတွက် ကောင်းမွန်သောသမားတော်မျိုးဖြစ်လေ၏။
အနည်းဆုံးတော့ သူမထံမှ ဆေးဝါးကို လူတိုင်း ဝယ်ယူစားသုံးနိုင်သည် မဟုတ်ပါလား။
ဤစကားဝိုင်း၏ အခွင့်အရေးကို အသုံးချ၍ လီရှန်းက လူတိုင်းကို အိမ်သို့ ဖိတ်ခေါ်ကာ ကျွေးမွေးရန် ကမ်းလှမ်းလိုက်လေသည်။
“ဆရာဆိုတာက မိဘနဲ့ တစ်ဂိုဏ်းတည်းပါပဲ၊ နောက်ပိုင်းကျရင် ဆရာ့အနေနဲ့ ကျွန်မရဲ့ လက်ရာကို စားချင်တယ်ဆိုရင် ကျွန်မကိုသာ ပြောလိုက်ပါ၊ ကျွန်မ ချက်ချင်း ချက်ပြုတ်ပေးပါ့မယ်”
ရန်ကျိမင်ကလည်း အလွယ်တကူပင် သဘောတူလိုက်ပြီး နောက်ဆုံးစကားစုကို ကြားလိုက်ရသည့်အချိန်တွင် ပို၍ပင် ကျေနပ်သွားခဲ့ရ၏။
ရန်ရှောင်ကတော့ အသေးစိတ်အချက်အလက်များကို ပိုမို ရရှိလာသည်နှင့်အမျှ၊ ဟဲထန်၏ အထောက်အထားအပေါ် ပိုမို သံသယပွားလာခဲ့သည်။
သူက အလွန်သံသယကြီးနေခြင်း မဟုတ်ဘဲ၊ ထိုလူ၏ ပုံစံက ပတ်ဝန်းကျင်နှင့် ကွဲလွဲကာ တစ်မူထူးခြားလွန်းနေသောကြောင့် ဖြစ်လေ၏။
အစောပိုင်းက သူက သမိုင်းကြောင်း၏ မြူမှုန်များအောက်တွင် မျက်စိလည်နေခဲ့ရသည်။
သူ၏လူများ ပိုင်မားခရိုင်သို့ ရောက်ရှိချိန်၌ ထိုပညာတတ်လူငယ်က ကျေးလက်ဒေသသို့ ထွက်ခွာသွားခဲ့ပြီပင်။
ထို့ကြောင့် ထိုအချိန်က ထိုတစ်ယောက်၏ကိစ္စနှင့် ပတ်သက်၍ များများစားစား မတွေးတောမိခဲ့ပေ။
သို့သော် ယခုအချိန်တွင် ကြားသိရသမျှကို ခြုံငုံကြည့်လျှင် တစ်ဖက်လူ၌ တစ်စုံတစ်ခုမရိုးသားကြောင်းကို သူ ရိပ်မိနိုင်သည်။
လီရှန်းအနေဖြင့် ထိုလူက သူမအပေါ်တွင် စိတ်စွဲလမ်းနေဆဲဖြစ်ပြီး အသည်းအသန် လိုက်လံပိုးပန်းနေဆဲဖြစ်သည်ဟု ပြောခဲ့သည်။
သို့သော် သူက ကျေးလက်ဒေသသို့ သွားနိုင်ခဲ့ရုံသာမက ထိုနေရာတွင် ဇနီးတစ်ဦးပင် လက်ထပ်နိုင်ခဲ့သည်။
ဤသည်က တစ်ဖက်လူထံတွင် လီရှန်းပြောသကဲ့သို့ ကြီးမားသော သစ္စာတရားမျိုး ရှိမနေကြောင်းကို သက်သေပြနေလေ၏။
ထိုသို့ဆိုလျှင် အဘယ်ကြောင့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲပြန်လည်ကျင်းပမည်ဟု မကြေညာမီလေးတွင်မှ သူ၏ဇနီးက ကွယ်လွန်သွားခဲ့ရသည်လဲ။
သူ ပေကျင်းသို့ ရောက်ရှိလာပြီးနောက်တွင်လည်း လီရှန်း၏ နောက်သို့ ဆက်လက်နှောင့်ယှက်နိုင်နေရသသည်လဲ။
သေသေချာချာ တွေးတောပြီးနောက် ရန်ရှောင်အနေဖြင့် ဟဲထန်တစ်ယောက် လီရှန်းက စုမိသားစုသို့ အိမ်ထောင်ပြုသွားခဲ့ကြောင်းကို သိရှိပြီးနောက်တွင် သူ၏ ဗျူဟာကို ပြောင်းလဲလိုက်ခြင်း ဖြစ်ပေလိမ့်မည်ဟု သဘောပေါက်လိုက်သည်။
စုံစမ်းစစ်ဆေးရမည့် လမ်းစကို ရှာဖွေတွေ့ရှိသွားခဲ့ပြီ ဖြစ်၍ ရန်ရှောင်က လက်လွှတ်တော့မည်မဟုတ်ပေ။
သို့သော် သူက ဤအကြောင်းအရာများကို စုဝေ့ချင်းနှင့် သူ၏ဇနီးဖြစ်သူတို့ကို ထုတ်ပြောမည်မဟုတ်ပေ။
ကွယ်ရာတွင် သူတို့က ဟဲထန်ကို စောင့်ကြည့်ရန်အတွက် လူတချို့ကို စေလွှတ်ခဲ့ကြသည်။
တစ်ဖက်လူက စုဝေ့ချင်းနှင့် သူ၏ဇနီးထံသို့ လာရောက်တွေ့ဆုံခြင်း မရှိသရွေ့၊ သူတို့၏လူများက လှုပ်ရှားမှုမပြုဘဲ ငြိမ်သက်စွာ စောင့်ကြည့်နေလိမ့်မည်။
တခြားမည်သူက သူ့ထံသို့ လာရောက်ဆက်သွယ်မည်နည်းဆိုသည်ကိုလည်း စောင့်ကြည့်စစ်ဆေးရလိမ့်မည်ရ
ဤကဲ့သို့ အနီးကပ် စောင့်ကြည့်စစ်ဆေးမှုကြောင့်ပင် ပြဿနာတစ်ခုက ပေါ်ထွက်လာခဲ့လေတော့၏။
ဤဟဲထန်ဆိုသူက မိန်းကလေးများကြားတွင် အတော်လေး ရေပန်းစားသူ ဖြစ်နေသည်။
“ကျောင်းသူ သုံးယောက်တောင်လား”
ရန်ရှောင်က ပြန်လည်မေးမြန်းလိုက်လေ၏။
“ဟုတ်တယ်”
ဟဲထန်ကို စောင့်ကြည့်ရန်အတွက် တာဝန်ယူထားရသူက အမျိုးသားဆောင်၏ အဆောင်မှဝန်ထမ်းဖြစ်သည်။
သူက နေ့စဉ်ရက်ဆက် သန့်ရှင်းရေးလုပ်ရန်နှင့် အခန်းများကို စစ်ဆေးရန်အတွက် တာဝန်ရှိသူဖြစ်လေ၏။
သူက ရိုးသားဖြောင့်မတ်ပြီး ရိုးအသည့် ပုံစံမျိုး ရှိသောကြောင့်၊ အမျိုးသားကျောင်းသားများက သူ့ကို စနောက်တတ်ကြသော်လည်း မည်သည့်အချိန်ကမှ ဒေါသ မထွက်ခဲ့ပေ။
အဆောင်ထဲတွင် သူ့အား ပေးထားသော အမည်ပြောင်မှာ ‘ရှာလေ့’ဖြစ်ပေသည်။
(T/n : ရှာ : တုံးအ/ အရူး
လေ့: နောက်ကျော ကုန်းနေတဲ့လူ)
အပြင်ပန်းတွင် အထင်ကြီးစရာမရှိသော လူတစ်ဦးဖြစ်သော်လည်း၊ အခြေအနေတစ်ခုလုံးကို သေသေချာချာ လေ့လာစောင့်ကြည့်နိုင်စွမ်း ရှိလေ၏။
“ဟဲထန်ရဲ့ သပ်ရပ်သန့်ပြန့်တဲ့ ရုပ်ရည်ကိုကြည့်ပြီး အထင်မကြီးလိုက်နဲ့ဦး၊
သူ လုပ်သမျှ အရာအားလုံးက တကယ်ကို ယုတ်မာကောက်ကျစ်တာ၊ သူက အဲဒီကျောင်းသူတွေအပေါ် ဘာမှော်မန္တန်တွေ တိုက်ကျွေးထားလဲမသိဘူး၊
သူတို့အားလုံးက သူ့အတွက်ဆို ရင်ဘတ်ထဲက နှလုံးသားကိုတောင် ထုတ်ပေးချင်နေကြတယ်၊ သူတို့ထဲက တစ်ယောက်ကဆိုရင် မင်းနဲ့တောင် သိတဲ့သူ ဖြစ်နေသေးတယ်”
ရန်ရှောင် : “...”
သူမှာ ဒီလောက်တောင် ဉာဏ်ရည်နိမ့်ပါးတဲ့ အသိမျိုး ရှိနေခဲ့လို့လား။
“ဘယ်သူလဲ”
“မင်းရဲ့ ဝမ်းကွဲအစ်ကိုရဲ့ ဒုတိယအဒေါ်ရဲ့ နောက်အိမ်ထောင် မိသားစုလေ”
ရန်ရှောင်က ပို၍ပင် စကားမဲ့သွားခဲ့ရသည်။ ဤမျှအထိ ရှုပ်ထွေးလွန်းသော ပတ်သက်မှုက မည်သည့်နေရာကနေ ပေါ်လာရသနည်း။
သို့သော် ပြောရမည်ဆိုလျှင် တစ်ဖက်လူကို သူ သိလေသည်။
သူ၏ဦးလေးက အစောပိုင်းက စစ်သားတစ်ဦး ဖြစ်ခဲ့သော်လည်း တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားခဲ့၏။
သူ၏ အဒေါ်က နောက်အိမ်ထောင်ပြုခဲ့ပြီး၊ သူမ နောက်ထပ်လက်ထပ်ခဲ့သော အမျိုးသားကလည်း စစ်တပ်ထဲကပင်ဖြစ်သော်လည်း နောက်ပိုင်းတွင် တခြားနေရာသို့ ပြောင်းရွှေ့သွားခဲ့သည်။
ယခုအချိန်တွင် မည်သည့် စစ်ဌာနချုပ်တွင် ရှိနေသည်ကိုပင် သူ မသိရှိတော့ပေ။
သူ့ မှတ်မိသရွေ့ကတော့ သူ၏ ဒုတိယအဒေါ် လက်ထပ်ခဲ့သော မိသားစု၏ နာမည်က လီဖြစ်ပြီး၊ အသက်နှစ်ဆယ်ကျော်အရွယ် မိန်းကလေးတစ်ဦး ရှိပုံရသည်။
ထိုမိန်းကလေးသည်လည်း တက္ကသိုလ်ဝင်ခွင့် ရရှိခဲ့တာလား။
သို့သော် သူ မှတ်မိနေသည့်အတိုင်းဆိုလျှင်..
“အဲ့ဒီမိန်းကလေးက အိမ်ထောင်ကျပြီးသား မဟုတ်ဘူးလား”
“ဘယ်သူသိမှာလဲ၊ ငါလည်း သေသေချာချာ မစစ်ဆေးရသေးဘူး၊ အခုတော့ ကျောင်းမှာ စာသင်နေတာ နေမှာပေါ့၊
ဒါမှမဟုတ် သူမရဲ့ ခင်ပွန်းက တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားတာ ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် စစ်တပ်ထဲမှာပဲ လေ့ကျင့်ရေးဆင်းနေတုန်းလည်း ဖြစ်နိုင်တာပဲ၊
သူတို့က အရမ်းဝေးကွာနေကြတော့ ဘယ်သူက သူမကို ထိန်းချုပ်နိုင်မှာလဲ”
“ရှာလေ့” အနေဖြင့် တက္ကသိုလ်ကျောင်းဝန်းထဲတွင် ဤကဲ့သို့သော ကိစ္စများအမြောက်အမြားကို မြင်တွေ့ဖူးနေခဲ့၏။
တက္ကသိုလ်ဝင်ခွင့် ရရှိပြီးနောက် ဇနီးနှင့် သားသမီးများကို ကွယ်ရာတွင် ချန်ထားခဲ့ပြီး၊ ကျောင်းတွင် စိတ်တူကိုယ်တူ ရဲဘော်အမျိုးသမီးငယ်တစ်ဦးကို ရှာဖွေတတ်ကြသော တက္ကသိုလ်ကျောင်းသား မည်မျှအထိ ရှိနေသည်ကို သူ မခန့်မှန်းနိုင်တော့ပေ။
တစ်ခါတရံတွင် သူက တက္ကသိုလ်တက်ရခြင်း၏ အဓိပ္ပာယ်က မည်သည်နည်းဟုပင် တွေးမိတတ်သည်။
ထိုတက္ကသိုလ်ဝင်ခွင့်ရခြင်းကပင် လူတို့၏ အရှက်တရားနှင့် ကိုယ်ကျင့်တရားများကို ပျက်စီးစေနိုင်သကဲ့သို့ ဖြစ်နေခဲ့သည်။
သို့သော် နောက်တစ်ကြိမ်ပြန်တွေးကြည့်လျှင် ထိုကဲ့သို့သော လူများကလည်း အနည်းစုသာ ဖြစ်လေသည်။
သူ့အနေဖြင့် မိုးမလင်းမီကတည်းက စာကြည့်တိုက်သို့ သွားပြီး နေရာလုကာ စာကျက်နေကြသော လူများကို ပိုမိုမြင်တွေ့ရ၏။
သူတို့က စာသင်ကြားခွင့် ရရှိခြင်းအပေါ် တန်ဖိုးထားကြပြီး စာကျက်လွန်းသောကြောင့် ထမင်းမေ့၊ အအိပ်မေ့ ဖြစ်နေကြရရှာလေ၏။
ထို့အပြင် တချို့သော တက္ကသိုလ်ကျောင်းသားများက အစားအစာများကို ချွေတာစားသောက်ပြီး ကျောင်းမှ ထောက်ပံ့စရိတ်အဖြစ်ရရှိသော ရိက္ခာကူပွန်များကိုပင် နေရပ်ရှိ ဇနီးနှင့် သမီးဖြစ်သူတို့ထံသို့ ပြန်လည် ပေးပို့နေကြသည်ကိုလည်း သူ မြင်တွေ့ရသေးသည်။
“ဒါပေမဲ့.. မင်းရဲ့ အဲဒီဆွေမျိုးမှာ တစ်စုံတစ်ခု မမှန်တာရှိတယ်လို့ ငါထင်တယ်၊ သူမက အရမ်းငယ်သေးတာကို ဆံပင်တွေ စပြီးဖြူနေပြီ”
အဆောင်မှူးက တက်နှစ်ချက်ခေါက်ရင်း ပြောလိုက်လေသည်။
“ဒီကျောင်းမှာ တက္ကသိုလ်ကျောင်းသားတွေ အများကြီး ရှိပေမဲ့ စာကျက်လွန်းလို့ ဆံပင်တွေ ဖြူသွားရတဲ့အထိ ကြိုးစားအားထုတ်တဲ့သူမျိုးကိုတော့ သူမကလွဲရင် ငါတစ်ခေါက်မှ မမြင်ဖူးသေးဘူး”
ရန်ရှောင်အနေဖြင့် လီဟုန်မေ့၏ ဆံပင်ဖြူခြင်းအပေါ်တွင် အာရုံမစိုက်မိခဲ့ပေ။
မည်သို့ပင်ဖြစ်စေ အသက်ငယ်ငယ်ဖြင့် ဆံပင်ဖြူတတ်သော လူအမြောက်အမြားရှိနေသည် မဟုတ်ပါလား။
ယခုခေတ်ကာလတွင် လူအများစုက ကျန်းမာရေး မကောင်းကြဘဲ အာဟာရဓာတ် ချို့တဲ့ကြသောကြောင့်၊ သူတို့၏ ဆံပင်များက ခြောက်သွေ့ကာ ဝါကျင့်ကျင့် ဖြစ်နေတတ်ပြီး ဖြူချင်သကဲ့သို့ ဖြစ်နေတတ်လေ၏။
အကယ်၍ တစ်စုံတစ်ဦးတွင် နက်မှောင်တောက်ပသော ဆံနွယ်ကျစ်ဆံမြီးများက ရှိနေပါက အနီးအနားရှိ လူများက အလွန်ပင် အားကျကြပေလိမ့်မည်။
ဤသည်မှ် ဆံပင်များ လှပလွန်း၍ အားကျခြင်း မဟုတ်ဘဲ၊ ထိုလူ၏ ကောင်းမွန်သော မိသားစုနောက်ခံကို အားကျကြခြင်း ဖြစ်သည်။
သူမ၏ ကျစ်ဆံမြီးများက ဤမျှအထိ နက်မှောင်တောက်ပနေခြင်းမှာ သူမက အစားအစာကို အလွန် ကောင်းမွန်စွာ စားသောက်ရကြောင်းကို သက်သေပြနေခြင်းပင်။
အဆောင်မှူးက လီဟုန်မေ့၏ ဆံပင်များ ဖြူနေကြောင်းကို ပြောသည့်အချိန်တွင်၊ ရန်ရှောင်တစ်ယောက် သူ၏ ဒုတိယအဒေါ်က ကံဆိုးလွန်းသော အမျိုးသမီးတစ်ဦး ဖြစ်ပြီး၊ သူမ၏ ဒုတိယအိမ်ထောင်ကလည်း ချမ်းသာကြွယ်ဝသော မိသားစု မဟုတ်ကြောင်းသာ တွေးမိလိုက်လေသည်။
“ငါတို့ သူ့ကို ဆက်ပြီး စောင့်ကြည့်ရမယ်၊ ဒါပေမဲ့ သူ တခြားဘယ်သူ့ကိုမှ သွားရောက် မနှောင့်ယှက်မိစေနဲ့”
ရန်ရှောင်အနေဖြင့် ဟဲထန်တစ်ယောက် လုံးဝ ဖုံးကွယ်ထားနိုင်လိမ့်မည်ဟု မယုံကြည်ပေ။
ယခုအချိန်တွင်တော့ သူ့အပေါ် မည်သည့်သက်သေမျှ ရှာမတွေ့သေးသောကြောင့်၊ သူက အခြေအနေကို စောင့်ကြည့်ရင်း ငြိမ်သက်နေရဦမည်။
အဆောင်မှူးက ရိုးအသည့်ပုံစံဖြင့် ခပ်တိုးတိုးရယ်မောလိုက်ပြီး ပြောလိုက်လေသည်။
“ကောင်းပါပြီ၊ စိတ်မပူပါနဲ့၊ ငါ့ရဲ့ မျက်စိကတော့ ထက်မြက်နေတုန်းပဲ”
သူ၏ အကြည့်အောက်မှ လွတ်မြောက်သွားရန် လုံးဝ မဖြစ်နိုင်ပေ။
ပြောပြီးနောက်တွင် သူက ရန်ရှောင်ထံမှ မြေပဲတစ်ဆုပ်ကို ထပ်မံ နှိုက်ယူလိုက်ပြီးမှ အိမ်ဝန်းထဲမှ ထွက်ခွာသွားလေတော့၏။
*