အခန်း ၃၃၇
Vol. 34 Ch. 337
အခန်း(337)
“မင်း သမီးအတွက် ဒီတစ်ခေါက် ကောက်ညှင်းလိပ်မုန့် ဘယ်လောက်တောင် ဝယ်ပေးလိုက်တာလဲ”
“အများကြီး မဟုတ်ပါဘူး၊ တစ်ကျင်းလောက်ပါပဲ”
လီရှန်းက သူမ၏ လက်ထဲမှ ဆီစိမ်စက္ကူထုပ်ကို ဝှေ့ယမ်းပြလျက် ပြောလိုက်လေသည်။
“သူမက ရက်နည်းနည်းလောက်ပဲ စားမှာပါ၊ မုန့်လေး နည်းနည်း ပျော့သွားတဲ့အထိ စောင့်ပြီးရင် စားလိုက်လေ”
စုဝေ့ချင်းက သက်ပြင်းချလိုက်ပြီး ပြောလိုက်လေ၏။
“လတ်လတ်ဆတ်ဆတ် တစ်လုပ်တောင် စားခွင့်မရတာက နှမြောစရာပဲ”
“ရှောင်လော် အခုကျွေးလိုက်တဲ့ တစ်လုပ်က အလတ်ဆတ်ဆုံးပဲလေ”
ထိုမုန့်က အသစ်ဖြစ်သော်လည်း၊ သူမ၏ လက်ဖဝါးလေးဖြင့် ဆုပ်ကိုင်ထားသောကြောင့် အပူရှိန်ကြောင့် ပျော့ပြောင်းသွားခဲ့လေပြီ။
“ကောင်းပြီ၊ သက်ပြင်းချမနေနဲ့တော့၊ ဒီမှာ ..တစ်လုပ်စားလိုက်ဦး”
ပြောရင်းဖြင့် လီရှန်းက စက္ကူထုပ်ထဲမှ ကောက်ညှင်းလိပ်မုန့် အနည်းငယ်ကို ထုတ်ယူပြီး စုဝေ့ချင်း၏ ပါးစပ်နားသို့ လှမ်းပေးလိုက်လေ၏။
ထိုအချိန်မှသာ စုဝေ့ချင်းတစ်ယောက် ပြုံးရွှင်သွားပြီး၊ လတ်ဆတ်သော ကောက်ညှင်းလိပ်မုန့်ကို စားရန်အတွက် ပါးစပ်ကို ဟပေးလိုက်လေတော့၏။
ထိုဇနီးမောင်နှံနှစ်ဦး၏ ချစ်ခင်တွယ်တာသော အမူအရာက တံခါးကို ဖြတ်ကျော်ကာ ဝင်ရောက်လာခါစဖြစ်သော ရန်ရှောင်၏ မျက်စိကို ကျိန်းစပ်သွားစေခဲ့သည်။
သူက ချက်ချင်းပင် သူ၏ မျက်နှာကို လက်ဖြင့်အုပ်လိုက်ပြီးအော်ဟစ်လိုက်လေတော့၏။
“အဘိုး၊ ကျွန်တော်တို့ ပြန်ထွက်ရအောင်၊ ကျွန်တော်တို့ လာတာ အချိန်မတော် ဖြစ်သွားပြီ”
“ဘာဖြစ်လို့လဲ”
ရန်ကျိမင်၏ အသံက အားအင်အပြည့်ရှိနေဆဲ။
“ဘာမှမဟုတ်ပါဘူး ဆရာ၊ ရဲဘော်ရန်ရဲ့ လျှောက်ပြောတာကို နားမထောင်ပါနဲ့၊ ကျွန်မတို့ အပျော်သဘော စနောက်နေကြတာပါ”
လီရှန်းက သူမ၏ လက်ကို လျင်မြန်စွာ ပြန်ရုပ်သိမ်းလိုက်ပြီး၊ ပစ္စည်းများကိုချကာ ရန်မိသားစု မြေးအဖိုးနှစ်ဦးကို ဆီးကြိုရန်အတွက် သွားရောက်ခဲ့၏
ရန်ကျိမင်က ယနေ့တွင် သူ၏ မိတ်ဆွေဟောင်းများ၏ ငါးမျှားသွားရန်အတွက် ဖိတ်ခေါ်မှုကို တမင် ငြင်းပယ်ခဲ့သည်။
ထို့နောက် သူ့တပည့်၏ အိမ်သို့အစားအစာ စားသောက်ရန်အတွက် လာရောက်ခဲ့ခြင်း ဖြစ်လေ၏။
ထိုသို့မလုပ်ဘဲ မနေနိုင်ပေ။ သူ၏ တပည့်ငယ်လေးက ချက်ပြုတ်ရာတွင် အလွန်ပင် လက်ရာကောင်းမွန်လွန်းသည်။
သူက ထိုဖက်ထုပ်ကြော်များကို စားသုံးခဲ့ရကတည်းက သူ၏ စိတ်ထဲတွင် အမြဲတစေ တမ်းတနေခဲ့ရလေ၏
စုဝေ့ချင်းက ငါးကို ဆက်လက် ဆေးကြောနေဆဲဖြစ်ပြီး သူ၏လက်များတွင် သွေးများပေကျံနေသောကြောင့် အဆင်မပြေဖြစ်နေခဲ့သည်။။
သို့သော် သူက ရန်ကျိမင်ကို ဆီးကြိုနှုတ်ဆက်ရန်အတွက် ထရပ်လိုက်ပြီးမှ ပြန်ထိုင်ကာ ငါးကို ဆက်လက်ဆေးကြောနေခဲ့လေ၏။
ရန်ကျိမင်က ထိုအခြေအနေကိုမြင်တွေ့သည့်အချိန်တွင် သူ၏ မြေးဖြစ်သူကို ချက်ချင်းပင်ညွှန်ကြားလိုက်ချေသည်။
“ရန်ရှောင်၊ မင်းလည်း သွားပြီး ဝိုင်းကူလုပ်ပေးလိုက်ဦး၊ ငါးတွေက အတော်များပုံရတယ်”
“ကျွန်တော်တို့ ငါးကို အလွှာလိုက်လှီးပြီး ချဉ်စပ်ငါးဟင်းချက်မလို့လေး”
ငါးချဉ်စပ်ဟင်းလား။
ထိုဟင်းက စီချွမ်းဟင်းလျာ ဖြစ်လေ၏။
စစ်တပ်ထဲသို့ မဝင်မီက ယန်ကျိမင်က ပေကျင်းတွင် ကျော်ကြားသော သမားတော်ကြီးတစ်ဦး ဖြစ်ခဲ့ဖူးသည်။
သူက ငါးချဉ်စပ်ဟင်း အပါအဝင် အရသာရှိလွန်းသော အစားအစာပေါင်းအမြောက်အမြားကို စားသောက်ခဲ့ဖူး၏။
ယခုအချိန်တွင် ပြန်လည်တွေးတောပါက အရသာကို သေသေချာချာ မမှတ်မိတော့သော်လည်း ပါးစပ်ထဲတွင် သွားရည်များပင် ယိုစီးလာခဲ့သည်။
ထိုဟင်းက အလွန်အရသာရှိပေ၏။
“ဒါဆိုရင် ငါလည်း စောင့်နေရတာပေါ့”
ရန်ကျိမင်က ပွင့်လင်းစွာပြောကာ လီရှန်း၏နောက်မှ နောက်ဖေးခြံဝန်းဆီသို့ လိုက်သွားလေတော့၏။
စုရှောင်လော်က ရန်ကျိမင် ရောက်ရှိလာသည်ကို မြင်သည့်အချိန်တွင်၊ သူမ၏ မိသားစုပိုင် ပန်းခြံလေးကို ပြသရန်အတွက် သူ့ကို ဆွဲခေါ်သွားခဲ့လေသည်။
အိမ်ထဲရှိ ပန်းခြံလေးကို ဝမ်တုန်က ဂရုတစိုက် ပြုစုပျိုးထောင်ပေးခဲ့သည်။
သူက ကြိုးစားတတ်သော ကောင်လေးတစ်ဦး ဖြစ်သည်။
သူ စုဝေ့ချင်း၏ တပည့် ဖြစ်လာကတည်းက၊ အိမ်မှုကိစ္စများကို ကူညီလုပ်ဆောင်ပေးရန်အတွက် အိမ်သို့ မကြာခဏ လာရောက်လေ့ရှိ၏။
ထို့အပြင် အစ်မမာက ပန်းစိုက်ခြင်းနှင့် ငှက်မွေးခြင်းတို့ကို မနှစ်သက်သောကြောင့်၊ သူက စုမိသားစု၏ ပန်းခြံလေးကို လုံးဝ လွှဲပြောင်းရယူပြီး ထိုပန်းပင်များကို အလွန်ပင် ဂရုတစိုက် ပြုစုစောင့်ရှောက်ထားခဲ့သည်။
စုဝေ့ချင်းပင်လျှင် ထူးခြားသော ငှက်တစ်ကောင်ကို ရှာဖွေမွေးမြူပေးရန်အတွက် ပန်းဈေးသို့ သွားရောက်ဖို့ စဉ်းစားနေခဲ့သေး၏။
ထိုအချိန်တွင် ဝမ်တုန်ကို အံ့အားသင့်စရာလက်ဆောင်တစ်ခု ပေးနိုင်ပေလိမ့်မည်။
လီရှန်းက နေ့လယ်စာကို ကိုယ်တိုင်ချက်ပြုတ်ခဲ့ပြီး ဟင်းပွဲ သုံးလေးပွဲခန့် ပြင်ဆင်ခဲ့သည်။
အဓိက ဟင်းပွဲက ငါးချဉ်စပ်ဟင်း ဖြစ်လေ၏။ လီရှန်း၏ ငါးချဉ်စပ်ဟင်းက မစပ်ဘဲ ဆန်ပြုတ်ကဲ့သို့ ဖြူဖွေးသော ဟင်းရည်ရှိသောကြောင့်၊ ထမင်းနှင့် နယ်ဖတ်စားပါက အရသာရှိသည်။
ရန်ရှောင်က ထိုဟင်းရည်နှင့်အတူ ထမင်းနှစ်ပန်းကန်နှင့် ပေါက်စီအကြီးသုံးလုံးကို မြိန်ယှက်စွာ စားသောက်ခဲ့လေ၏။
စုဝေ့ချင်းက ရန်ရှောင်ကဲ့သို့ အစားမကြီးသော်လည်း အတော်လေးတော့ အားပါးတရ စားသောက်ခဲ့သည်။
လီရှန်းက တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ခဲ့ဆဲပင်။
သူမက ထမင်းပန်းကန်တစ်ဝက်ခန့် စားသုံးပြီးနောက် ဟင်းရည်ကိုသောက်နေခဲ့၏။
ထို့နောက် ရန်ရှောင်က ဟဲထန်နှင့် ပတ်သက်၍ စုဝေ့ချင်းကို ပြောပြခဲ့လေသည်။
“..ကျွန်တော် အဲဒီဘက်က အခြေအနေတွေကို စောင့်ကြည့်ဖို့ လူတစ်ယောက်ကို အပ်ထားပြီးပြီ၊
ဒါပေမဲ့ သူ့ကိုတော့ အရိပ်အယောင် မပြသေးဘူး၊ ဒီလူက နည်းနည်း ထူးဆန်းပုံရလို့ ကျွန်တော် သူ့ကို ပိုပြီး စုံစမ်းစစ်ဆေးချင်သေးတယ်၊
ဒါပေမဲ့ စိတ်မပူပါနဲ့၊
သူ မင်းတို့နှစ်ယောက်ကို လုံးဝ နှောင့်ယှက်မှာ မဟုတ်ဘူး”
ဤစကားကို ကြားရသည့်အချိန်တွင် လီရှန်းလည်း ရုတ်တရက် စိတ်သက်သာရာ ရရှိသွားခဲ့သည်။
ဟဲထန်ကို စောင့်ကြည့်ပေးမည့်သူ ရှိနေခြင်းက အလွန် ကောင်းမွန်သည်။
လီရှန်းက ရန်ရှောင်အနေဖြင့် ဟဲထန်၏ ရည်ရွယ်ချက်ကို အမြန်ဆုံး စုံစမ်းသိရှိနိုင်ပါစေဟု မျှော်လင့်မိသည်။
ထိုမှသာ သူမက အတိတ်ဘဝက ကိစ္စရပ်များအတွက် စိတ်အေးလက်အေး နေနိုင်မည် မဟုတ်ပါလား။
ရန်ကျိမင်က သူတို့က မည်သည့်အကြောင်းအရာများကို ပြောဆိုနေကြသည်ကို မသိရှိသော်လည်း ဝင်ရောက်မေးမြန်းခြင်းမရှိပေ။
သူက စုရှောင်လော်ကို ပွေ့ချီကာ အရှေ့ခြံဝန်းမှ အနောက်ခြံဝန်းသို့ လမ်းလျှောက်သွားရင်း၊ အိမ်၏ ထောင့်စွန်းတိုင်းကို ချိုသာသော အသံလေးဖြင့် လိုက်လံ၍ မိတ်ဆက်ပေးနေသော စုရှောင်လော်၏ စကားကိုသာ နားထောင်နေခဲ့သည်။
သူမက ထောင့်စွန်းတစ်ခုရှိ သစ်သားအိမ်လေးကို လက်ညှိုးညွှန်ပြလျက် ပြောလိုက်လေ၏။
“ဦးဦးရန်က သမီးတို့မိသားစုအတွက် ခွေးပေါက်လေးတစ်ကောင် ရှာပေးမယ်လို့ ပြောထားတယ်၊
ဒီအိမ်လေးက ခွေးပေါက်လေးရဲ့ အိမ်ပေါ့၊ သမီးက ခွေးပေါက်လေးအတွက် လှပတဲ့ နာမည်လေးတောင် ပေးထားသေးတယ်၊ ဝမ်ဝမ်တဲ့၊ အဘိုးရန်.. ဘယ်လိုထင်လဲ”
“ဒီလူလည်မလေးကတော့၊ တကယ့်ကို ပျင်းတာပဲ၊ ခွေးကို ဝမ်ဝမ်လို့ နာမည်ပေးထားတော့ နောက်ကိုင်းကျရင် အဲလိုပဲ လိုက်ခေါ်နေရတော့မှာ မဟုတ်ဘူးလား”
ရန်ရှောင်က အရှေ့ခြံဝန်းရှိ ဘေးခန်းကို ပတ်လျှောက်လာချိန်တွင် ထိုနှစ်ဦးက ခွေးအကြောင်းကို ပြောနေသည်ကို ကြားလိုက်ရသောကြောင့် စိတ်ထဲတွင် အနည်းငယ် အားနာသွားခဲ့ရသည်။
သူက ဤကိစ္စကို မေ့လုနီးပါး ဖြစ်နေခဲ့သည် မဟုတ်ပါလား။
သူက အိမ်မှ ထွက်ခွာသည်နှင့် ထိုခွေးကို ချက်ချင်း သွားရောက်ရှာဖွေရန်တွေးထားလိုက်သည်။
သူက အရှေ့ခြံဝန်းသို့ ပြန်ရောက်သည့်အချိန်တွင် စုဝေ့ချင်းကို နှုတ်ဆက်လိုက်လေသည်။
သူ့က အကြောင်းပြချက်တစ်ခု ပေးလိုက်လေသည်။
“မင်းတို့ ပြီးခဲ့တဲ့ရက်က ခွေးတစ်ကောင် လိုချင်တယ်လို့ ပြောထားတယ်မလား၊ ကျွန်တော့်သူငယ်ချင်းဆီက သတင်းရပြီလို့ ပြောတယ်၊ ကျွန်တော် သွားကြည့်လိုက်ဦးမယ်၊
ခွေးကောင်းတစ်ကောင်ကို ခေါ်လာခဲ့ပေးမယ်လို့ အာမခံပါတယ်”
စုဝေ့ချင်းက အတူလိုက်ချင်ခဲ့သော်လည်း ယန်ရှောင်က လန့်ဖျပ်သွားလျက် ပြောလိုက်လေသည်။
“ဒါက စစ်စခန်းထဲမှာဆိုရင် အပြင်လူတွေ ဝင်ခွင့်မရလောက်ဘူး၊ တကယ်လို့ ကျွန်တော် အဲဒီခွေးကို သဘောမကျရင်တော့ နောက်တစ်ခေါက် မင်းကို ခေါ်သွားမယ်လေ၊ ကျွန်တော် ကြိုတင်ပြီး ခွင့်ပြုချက် လျှောက်ထားပေးပါ့မယ်”
စုဝေ့ချင်းအနေဖြင့် ချက်ချင်းပင် နှမြောသွားခဲ့ရသည်။
“ဒါဆိုရင်လည်း ကိစ္စမရှိပါဘူး”
ရန်ရှောင်တစ်ယောက် စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်မိ၏။ အကယ်၍ စုဝေ့ချင်းသာ လိုက်လာခဲ့ပါက သူ၏ အစီအစဉ်များက ပေါက်ကြားသွားပေလိမ့်မည် မဟုတ်ပါလား။
“ကျွန်တော် အခုပဲ အဲဒီကို သွားလိုက်ဦးမယ်၊ တခြားသူက ကျွန်တော့်ရဲ့ ခွေးကို လုယူသွားမှာ စိုးလို့”
သူက ပြောပြီးနောက် သူ၏ ခြေတံရှည်ကြီးများဖြင့် စက်ဘီးပေါ်သို့ ခွစီးလိုက်ပြီး အလျှင်အမြန် နင်းလိုက်လေသည်။
ထို့ကြောင့် စက်ဘီးက မျက်စိတစ်မှိတ်အတွင်း အရှိန်အဟုန်ဖြင့် ပြေးထွက်သွားလေတော့၏။
ရန်ကျိမင်က စုရှောင်လော်ကို ခေါ်ဆောင်၍ လည်ပတ်ပြီးနောက် သူ၏ မြေးဖြစ်သူကို ရှာဖွေရန်အတွက် ပြန်လှည့်လာခဲ့သည်။
သို့သော် သူ၏မြေးက ထွက်ပြေးသွားခဲ့ပြီဖြစ်ကြောင်းကို တွေ့ရှိလိုက်ရလေ၏။
သူ၏ မျက်နှာက ပုပ်သိုးသွားပြီးနောက် လက်သီးကို တင်းကြပ်စွာ ဆုပ်လိုက်မိသည်။
ထိုဇနီးမောင်းနှံနှစ်ဦးအနေဖြင့် မသိရှိသော်လည်း သူကတော့ အလွန် ရှင်းလင်းစွာ သိရှိနေသည်။
ဤလူရှုပ်လေးက သူ ဆူပူအပြစ်တင်မည်ကို ကြောက်ရွံ့သောကြောင့် ထွက်ပြေးခြင်းသာ ဖြစ်လေ၏။
ကိစ္စမရှိပါဘူး။
ရန်ကျိမင်တစ်ယောက် သက်ပြင်းချလိုက်လေ၏။
သူက သူ၏မြေးကို မထိန်းချုပ်နိုင်သကဲ့သို့၊ ထိန်းလည်း မထိန်းချုပ်ချင်တော့ပေ။
သူ၏မြေးက အမြဲတစေ အဓိပ္ပာယ်မရှိသည့် စကားများကိုပြောဆိုတတ်ပြီး မည်သည့်အရာများဖြင့် အလုပ်ရှုပ်နေကြောင်းကိုလည်း သူ မသိရှိပေ။
သူ အသက်ရှင်နေလျှင်ပင် လုံလောက်လေပြီ။
ရန်ကျိမင်က တပည့်လက်ခံမည့် ကိစ္စကို ထုတ်ဖော်ပြောခဲ့လေ၏။
သူက လီရှန်းကို ရေနွေးကြမ်းတစ်ခွက်ကို ငဲ့ခိုင်းလိုက်ပြီးနောက်၊ လေးနက်စွာဖြင့် ဒူးထောက် အရိုအသေပြုခြင်းကို ခံယူခဲ့သည်။
ရေနွေးကြမ်းကို သောက်သုံးပြီးနောက်တွင် သူမကို တရားဝင် တပည့်အဖြစ် လက်ခံခြင်းပြီးမြောက်ခဲ့သည်။
“အခု ခေတ်ကာလက အရင်နဲ့ မတူတော့ဘူး၊ အရင်တုန်းကတော့ တပည့်လက်ခံတဲ့အချိန်မှာ တင်းကျပ်တဲ့ စည်းမျဉ်းတွေ ရှိပြီး၊
လူအမျိုးမျိုးအတွက် စားပွဲအမြောက်အမြား ပြင်ဆင်ပြီး ဧည့်ခံရတာ၊ အခုတော့ လူတိုင်းက အဲဒါကို ကြောက်နေကြရတာလေ”
ရန်ကျိမင်အနေဖြင့် သက်ပြင်းချလိုက်ပြီးနောက် ဆက်လက်၍ ပြောလိုက်လေသည်။
“ဒါပေမဲ့ ငါတို့ စိတ်ထဲက သိနေရင်ပဲ လုံလောက်ပါပြီ၊ မင်းအနေနဲ့ နောက်ပိုင်းကျရင် ဆေးပညာကို သေသေချာချာ လေ့လာပါ၊
ပြီးတော့ ကျောင်းက သင်ခန်းစာတွေကိုလည်း ကြိုးကြိုးစားစား တက်ရောက်ပါ၊ စာသင်ကြားမှုကို လုံးဝလက်မလွတ်စေနဲ့”
“နားလည်ပါပြီ ဆရာ”
လီရှန်းက အလွန်ပင် လေးနက်စွာဖြင့် ခေါင်းကို ညိတ်ပြလိုက်လေ၏။
ထိုတပည့်ခံသည့် အခမ်းအနားက သာမန်ဦးခေါင်းညွှတ်၍ အလေးပြုခြင်းမျှသာ ဖြစ်သည်ဟု ထင်ရလေသည်။
သို့သော် ဦးခေါင်းကို ညွှတ်လိုက်သည့် ထိုအခိုက်အတန့်တွင် လီရှန်းအနေဖြင့် သူမ၏ ပုခုံးထက်၌ တာဝန်ဝတ္တရားတစ်ခုက ပိုမို၍ တိုးပွားလာခဲ့ကြောင်းကို ခံစားလိုက်ရလေ၏။
ဆရာအဖြစ်အသိအမှတ်ပြုခြင်းဟူသော စကားလုံး၏ အဓိပ္ပာယ်က ယန်ဇီမင်က ယခုမှစ၍ ဆရာသာမက ဖခင်ကဲ့သို့လည်း ဖြစ်လာတော့မည်ဟူ၍ အဓိပ္ပာယ်ရလေသည်။
သူမက ယခုမှစ၍ ရန်ကျိမင်ကို သူမ၏ ဖခင်ကဲ့သို့ သဘောထားရပေလိမ့်မည်။
*