အခန်း ၃၃၉
Vol. 34 Ch. 339
အခန်း(339)
အစ်မမာ၏ မျက်စိထဲတွင် ဝမ်တုန်က တုံးအသည်ဟု ထင်ရသော်လည်း၊ စုဝေ့ချင်း၏ မျက်စိထဲတွင်တော့ သူက အတော်လေး အကွက်စေ့သူ ဖြစ်သည်။
သူ၏ စကားအသုံးအနှုန်းများက ပြေပြစ်သော်လည်း လွန်ကဲစွာ မြှောက်ပင့်တတ်သူမျိုးလည်း မဟုတ်ပေ။
အစ်မမာကဲ့သို့ လွန်ကဲစွာ နွေးထွေးပြတတ်သော စိတ်သဘောထားမျိုးက တစ်ခါတရံတွင် တခြားသူများအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေတတ်သည်။
အစ်မလျို့က ထိုလူငယ်လေးက စုဝေ့ချင်း၏ တပည့်ဖြစ်ကြောင်းကို ကြားသိလိုက်ရသည့်အချိန်တွင် သူမ၏ မျက်နှာတွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့ရလေ၏။
စုဝေ့ချင်းတစ်ယောက် နောက်ပိုင်းတွင် တပည့်တစ်ယောက် ရှိလာလိမ့်မည်ဟု သူမ မည်သည့်အချိန်ကမှ မမျှော်လင့်ထားခဲ့ဖူးပေ။
ယခင်က စက်ရုံထဲတွင် ထိုကောင်လေးက မိဘကို မှီခိုကာ အချောင်ခိုနေတတ်သော ငပျင်းတစ်ယောက်အဖြစ်သာ ကျော်ကြားခဲ့ဖူးသည် မဟုတ်ပါလား။
အိမ်ထောင်ကျပြီးနောက်တွင် သူက အမှန်တကယ်ပင် တခြားလူတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားခဲ့လေ၏။
“ဒါဆိုရင် ငါတို့ အခု တည်းခိုခန်းကို သွားကြမှာလား”
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ကျွန်တော့်ဆရာက ပြောထားပါတယ်၊ ဒီကိုလာတာက ကိုယ့်အိမ်ကို ပြန်လာတာနဲ့ အတူတူပဲလို့သဘောထားပါတဲ့၊
အိပ်ရာ အခင်းအကျင်းတွေကိုလည်း အရာအားလုံး ပြင်ဆင်ပေးထားပြီးပါပြီ၊အခုတော့ အိမ်မှာပဲ တည်းခိုရမှာပါ”
ဝမ်တုန်က သူကိုင်ထားသော ဆိုင်းဘုတ်ကို သိမ်းဆည်းလိုက်လေသည်သည်။
ထို့နောက် မြေပြင်ပေါ်ရှိ အထုတ်နှစ်ထုပ်ကို ကောက်ယူကာ ပုခုံးထက်သို့ လွယ်ပိုးလိုက်လေတော့၏။
“ရထားဘူတာရုံက အိမ်နဲ့ အတော်လေး ဝေးတာဆိုတော့ကျွန်တော်တို့ ဘတ်စ်ကား စီးသွားကြရအောင်”
“ကောင်းပြီလေ၊ အခုအချိန်ဆို ဘတ်စ်ကားတွေက အရမ်း လူမရှုပ်လောက်သေးပါဘူး”
အစ်မလျို့က ပေကျင်းမြို့၏ အကြောင်းကို အတော်လေး ကျွမ်းကျင်နှံ့စပ်ပုံရသည်။
လွန်ခဲ့သော နှစ်ကာလများအတွင်း သူမအနေဖြင့် ဤမြို့တော်သို့ မကြာခဏ လာရောက်လည်ပတ်ခဲ့ဖူးပုံရသည်။
မျှော်လင့်ထားသည့်အတိုင်းပင်။ ထိုအချိန်မှစ၍ အစ်မလျို့ကသာ ဦးဆောင်သွားခဲ့လေတော့သည်။
ဝမ်တုန်အနေဖြင့် အစ်မလျို့၏ တည်ကြည်ခန့်ညားလွန်းသော အရှိန်အဝါကြောင့် လန့်ဖျပ်သွားခဲ့ရပြီး လမ်းတစ်လျှောက်လုံးတွင်သူမ၏ နောက်လိုက်ကောင်လေးအဖြစ်သာ အေးဆေးစွာ နာခံခဲ့ရရှာ၏။
နောက်ဆုံးတွင် သူက လမ်းပြရင်း ကျန်းကျိကိုသာ လက်တွဲ၍ခေါ်ဆောင်သွားရလေတော့သည်။
လူကြီးနှစ်ဦးက အထုတ်အပိုးများကို သယ်ဆောင်လျက် သွက်လက်စွာ လှမ်းလျှောက်နေကြလေ၏။
မည်သူက ဒေသခံဆိုသည်ကို တွေးတောရန်ပင် ခွဲခြားရခက်နေခဲ့သည်။
ကျန်းရိကော်တစ်ယောက် လီရှန်းတို့ နေထိုင်ကြသော အိမ်ဝန်းငယ်လေးသို့ ရောက်ရှိလာသည့်အချိန်တွင် ခေတ္တမျှမိန်းမောတွေဝေသွားခဲ့ရသည်။
တခြားသော အကြောင်းကြောင့်မဟုတ်ဘဲ ဤအိမ်ဝန်းလေးက အလွန် ပြောင်းလဲသွားခဲ့သောကြောင့် ဖြစ်လေ၏။
သူ မှတ်မိနေသည့်အတိုင်းဆိုလျှင် လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ပေကျင်းအစိုးရက နစ်နာမှုများအတွက် တရားဝင် အမှားပြင်ဆင်ကြောင်း ကို ကြေညာချက် ထုတ်ပြန်ခဲ့ချိန်က သိမ်းဆည်းခံထားရသော ပိုင်ဆိုင်မှုများကို ပြန်လည်၍ ပေးအပ်ခဲ့လေ၏။
ထိုအချိန်က သူက လုပ်ထုံးလုပ်နည်းများကို ဆောင်ရွက်ရန်အတွက် ပေကျင်းသို့ ပြန်လာခဲ့သေးသည်။
ထို့နောက်တွင် အိမ်များကို လှည့်လည်ကြည့်ရှုခဲ့လေ၏။
ထိုအချိန်တုန်းက အိမ်ဝန်းထဲတွင် နေရာချထားပေးခြင်းခံရသော မိသားစုများက ရွှေ့ပြောင်းခြင်း မရှိကြသေးဘဲ နေရာတစ်ခုလုံးက ရှုပ်ပွနေခဲ့သည်။
မြေပြင်ကလည်း မည်သည့်အချိန်ကမှ ခြောက်သွေ့ခြင်းမရှိခဲ့ပေ။
တစ်ဦးဦးက ရေပုံးဖြင့် သွန်ပစ်လိုက်သည်ဖြစ်စေ၊ သို့မဟုတ် တခြားတစ်ဦးဦးက သူတို့၏ တံခါးဝတွင် အဝတ်လျှော်နေသည်ဖြစ်စေ ရှိနေတတ်သည်။
အစောပိုင်းနှစ်များက ကြိတ်ချေထားသော မြေသားများက ယခုအချိန်တွင် ရေစိုစိမ့်ဝင်ပြီး ရွှံ့ဗွက်များ ဖြစ်နေခဲ့ရရှာ၏။
သူ့အနေဖြင့် ယခုတစ်ခေါက်တွင်လည်း ထိုကဲ့သို့သော မြင်ကွင်းမျိုးနှင့်သာ ဆုံတွေ့ရလိမ့်မည်ဟု တွေးထားခဲ့သည်။
သို့သော် အခြေအနေများက ဤမျှအထိ ပြောင်းလဲသွားလိမ့်မည်ဟု သူက လုံးဝ မမျှော်လင့်ထားခဲ့ပေ။
တစ်ချိန်က ပျက်စီးယိုယွင်းနေခဲ့သော တံခါးကြီးက ယခုအချိန်တွင် လုံးဝ အသစ်စက်စက် ပြုပြင်မွမ်းမံထားခဲ့ရလေ၏။
ခန့်ညားလွန်းသော တံခါးကြီးကို ဖြတ်ကျော်ဝင်ရောက်လိုက်သည်နှင့် အမြဲတစေ အဝတ်လှန်းကြိုးများ၊ အဝတ်အထည်များဖြင့် ဖုံးကွယ်နေခဲ့ရသော အိမ်ဦးတံတိုင်းကြီးမှာ ဟိုးယခင်ကရှိခဲ့ဖူ့သော မူလလက်ရာအတိုင်း ပြန်လည်တည်ရှိနေခဲ့သည်။
အိမ်ဦးတံတိုင်းကို ကျော်လွန်လိုက်သည့်အချိန်တွင်၊ အိမ်ဝန်းတစ်ခုလုံးက သန့်ရှင်းလတ်ဆတ်နေပြီး စိမ်းလန်းစိုပြည်လွန်းသော ပန်းခြံငယ်လေးတစ်ခု ရှိနေလေ၏။
ထိုနေရာတွင် မည်သည့်အပင်များကိုစိုက်ပျိုးထားသည်ကို မသိရှိရသော်လည်း၊ ထိုအပင်တို့က ဟင်းသီးဟင်းရွက်များမဟုတ်ကြဘဲ ဖူးပွင့်လုဆဲဆဲ ပန်းပွင့်လေးများသာဖြစ်ကြသည်။
မူလက ထောင့်တစ်ခု၌ ချထားခံခဲ့သော ကျောက်စားပွဲကြီးကို ယခုအချိန်တွင် အလယ်သို့ ရွှေ့ဆိုင်းထားခဲ့ပြီး ထောင့်စွန်းတိုင်းကိုလည်း ပြောင်စင်နေအောင် သုတ်သင်ထားခဲ့လေ၏။
တံခါးများနှင့် ပြတင်းပေါက်များ ရှိရာနေရာတိုင်းကလည်း ပျက်စီးနေခြင်းမရှိဘဲ အရာအားလုံးကို သပ်ရပ်စွာ စီစဉ်ထားရှိလေသည်။
မူလက အမိုးပါရှိသော စင်္ကြံလမ်းတစ်ခုသာ ပြန်လည်၍ ပြုပြင်ထားခြင်း မရှိသေးပေ။
ထိုစင်္ကြံလမ်းက အလွန်ပင် ပျက်စီးနေခဲ့သောကြောင့်၊ ထိုနေရာတွင် အဝတ်လှန်းရန်အတွက် အဝတ်လှန်းကြိုးတချို့ကိုသာ သွယ်တန်းထားရှိလေသည်။
ထိုနေရာက နေရောင်ခြည် ကောင်းစွာရရှိပြီး ဘေးခန်းများ၏ အရိပ်လည်း ရှိနေလေ၏။
ထို့ကြောင့် အဝတ်လှန်းရန်အတွက် အလွန် သင့်တော်ရုံသာမက အပြင်လူများကလည်း အလွယ်တကူ မမြင်တွေ့နိုင်ပေ။
သူ မှတ်မိသလောက် ထိုနေရာတွင် ယခင်က ငလျင်ဒဏ်ခံ ခိုလှုံရေးစခန်းတစ်ခု ရှိခဲ့ဖူးသည်။
ထို့ကြောင့် ထိုမိသားစု ပြောင်းရွှေ့သွားချိန်က အရာအားလုံးကို ဖယ်ရှားသွားခဲ့ကြပုံရ၏။
“ဒီအိမ်ဝန်းလေးကို အတော်လေး သပ်သပ်ရပ်ရပ် ပြင်ဆင်ထားတာပဲ”
ကျန်းရိကော်တစ်ဦးတည်းသာ အံ့အားသင့်သွားခဲ့ရရုံမျှမက အစ်မလျို့ကလည်း အံ့သြတကြီးဖြင့် မျက်ခုံးကို ပင့်လိုက်မိသည်။
သူမက မြို့တော်သို့ အကြိမ်အနည်းငယ် လာရောက်ဖူးသောကြောင့် လူဦးရေ ထူထပ်လွန်းသော အိမ်ဝန်းကြီးများ၏ ပုံစံက မည်သို့ရှိကြောင်းကို မြင်တွေ့ဖူးသည်။
ယခု ဤနေရာကို မြင်တွေ့ရသည့်အချိန်တွင် စုဝေ့ချင်းတို့ဇနီးမောင်နှံနှစ်ဦးက ဤအိမ်ဝန်းအပေါ် အမှန်တကယ်ပင် ကောင်းမွန်စွာ ရင်းနှီးမြှုပ်နှံထားကြကြောင်း ခံစားလိုက်ရတော့၏။
တစ်ဖက်တွင် စုဝေ့ချင်းက အတန်းဆင်းသည်နှင့် အိမ်သို့ အပြေးအလွှား ပြန်လာခဲ့လေသည်။
အတန်းခေါင်းဆောင် ကျန်းဟွေ့မှာ မူလက အတန်းနားချိန်အတွင်း စုဝေ့ချင်းနှင့် ကျောင်းသားကောင်စီ အရေးကိစ္စများကို ဆွေးနွေးချင်နေခဲ့လေ၏။
သို့သော် သူ့အနောက်သို့ အမီမလိုက်နိုင်ခဲ့သောကြောင့် သူ၏နောက်ကျောကို ကြည့်ပြီး သက်ပြင်းသာ ချနိုင်ခဲ့ရှာတော့၏။
ဘေးမှ ဖြတ်သန်းသွားသော ကျန်းကော်ချင်းက ရယ်မောလိုက်လေသည်။
“ထားလိုက်ပါတော့၊ လောင်စုက သူ့ဇနီးကိုကြောက်တယ်ဆိုတာ လူတိုင်း သိကြတာပဲလေ၊
အတန်းဆင်းတာနဲ့ သူက ဇနီးနဲ့ သမီးကို ပြုစုဖို့ အိမ်ကို အပြေးအလွှား ပြန်ရတာ”
“ငါက စုဝေ့ချင်းနဲ့ ကျောင်းသားကောင်စီအရေးကိစ္စတွေကိုပဲ ပြောချင်တာပါ၊ နင် ဘာတွေ လျှောက်တွေးနေတာလဲ”
ကျန်းဟွေ့က သူမ၏ အတွေးစများကို အမြင်ခံလိုက်ရသော်လည်း စိတ်ဆိုးခြင်းမရှိဘဲ ကျန်းကော်ချင်းကိုသာ စိုက်ကြည့်လိုက်လေသည်။
ကျန်းကော်ချင်းက ရိုးသားစွာဖြင့် ရယ်မောလိုက်ပြီး ပြောလိုက်လေ၏။
“ငါ ဘာမှ မပြောပါဘူး၊ ဘာလို့ ဒီလောက်တောင် ဒေါသထွက်နေရတာလဲ”
“ဟင်း.. သူမက မနေ့တုန်းက စုဝေ့ချင်းဆီကနေ မှတ်စုတွေပြပေးမယ်လို့ အပြောခံရလို့ လိုက်ကြွားနေတာလေ ၊ အခု တစ်ဖက်လူက အတန်းဆင်းတာနဲ့ သေချာပေါက် မေ့သွားတဲ့ပုံရတယ်”
ဘေးတွင် စာရေးစားပွဲကို သန့်ရှင်းရေးလုပ်နေသော ကျန်းဟုန်ကျွင့်က သက်ပြင်းချလိုက်လေ၏။
“ဒါပေမဲ့ သူ့ရဲ့ သမီးလေးကတော့ တကယ်ကို ထက်မြက်တာပဲ၊
အသက်ငါးနှစ်ပဲ ရှိသေးတာကို ငါးတန်းပြဋ္ဌာန်းစာအုပ်ကိုတောင် ပြီးနေပြီတဲ့”
“မင်းက တကယ်ပဲ သူဒီလို ကြွားဝါတာတွေကို ယုံနေတာလား”
ကျန်းကော်ချင်းက နှာခေါင်းကိုရှုံ့လိုက်လေ၏။
“မယုံဘဲ မနေနိုင်ဘူးလေ၊ စုဝေ့ချင်းက သူ့သမီးကို ကောင်းကင်ပေါ်အထိ မြှောက်ပြီး ချီးမွမ်းနေတာကိုး”
“သူက သူ့သမီးကိုတင် ကြွားတာ မဟုတ်ဘူး၊ သူ့ဇနီးကိုလည်း ကြွားသေးတာ ငါတော့ သူ ကြွားတာတွေကိုကြားရတာ နားတောင်ပူနေပြီ”
တစ်ဖက်လူက သူ၏ ဇနီးနှင့် ကလေးအပေါ် ဂုဏ်ယူဝင့်ကြွားနေသည့် ထိုမျက်နှာအမူအရာမျိုးကို လုံးဝ ဖျောက်ဖျက်နိုင်ခြင်း မရှိပေ။
ကျန်းဟုန်ကျွင့်က ကျန်းကော်ချင်းနှင့်ပြောနေရင်းဖြင့် ဘေးနားမီ မျက်နှာမကောင်းတော့သည့် ကျန်းဟွေ့ကို လှမ်းကြည့်လိုက်လေသည်
“ငါတို့ရဲ့ ရင်းနှီးမှုအတွက် ငါ မင်းကို အကြံတစ်ခု ပေးလိုက်မယ်၊ မင်းက အခု တက္ကသိုလ်ကျောင်းသူတစ်ယောက် ဖြစ်နေပြီ၊
အနာဂတ်ကို နောက်ဖြစ်လာနိုင်မဲ့ အနာဂတ်ကို တွေးတော့ပါ၊ တခြားလူရဲ့ ပိုင်ဆိုင်မှုတွေကိုပဲ စိုက်ကြည့်မနေနဲ့တော့”
ကျန်းဟွေ့က ကျန်းဟုန်ကျွင့်ကို မကျေမနပ်ဖြင့် စိုက်ကြည့်လိုက်ပြီးနောက် တံတွေးတစ်ချက် ထွေးလိုက်လိုက်လေ၏။
“ခွေးပါးစပ်က စကားကောင်းမထွက်နိုင်ဘူးဆိုတာ တကယ်ပဲကိုး.. နင်က ငါ့ကို အဲဒီလို လူစားမျိုးလို့ ထင်နေတာလား”
သူမက အတန်းဖော် ဆက်ဆံရေးကို အခွင့်ကောင်းယူပြီး အိမ်ထောင်ရှိပြီးသား အမျိုးသားများအနားသို့ ချဉ်းကပ်ရန်အတွက် ကြိုးစားတတ်သော အမျိုးသမီးများကို အလွန်ပင် ရွံရှာစက်ဆုပ်သူ ဖြစ်သည်။
သူမကိုယ်တိုင်က အဘယ်ကြောင့် ထိုကဲ့သို့သော လူစားမျိုး ဖြစ်နိုင်ပါမည်နည်း။
ကျန်းဟုန်ကျွင့်က ကျန်းဟွေ့ကို လှောင်ပြောင်၍ ပြုံးပြလိုက်လေသည်။
ထို့နောက် ကျန်းဟွေ့တစ်ယောက် ဒေါသထွက်နေသည့် အခွင့်အရေးကို အသုံးချ၍ ထွက်ပြေးသွားလေတော့၏။
သုဝေ့ချင်းတွင် ဇနီးနှင့် သမီးရှိကြောင်းကိုစတင်ပြောဆိုခဲ့သော ကျန်းကော်ချင်းကတော့ သူ၏ မျက်မှန်ကို အသာပင့်တင်လိုက်ပြီး၊ ခေါင်းကိုငုံ့ထားလျက် စားပွဲကိုသာ ဆက်လက်၍ ရွှေ့ဆိုင်းနေခဲ့သည်။
သူက ကျန်းဟွေ့ကို သတိပေးခြင်းသာ ဖြစ်လေ၏။
သူ၏ ဦးလေးထံမှ ကြားသိထားသည့်အတိုင်းဆိုလျှင် စုဝေ့ချင်း၏ ဇနီးကလည်း ကျင်းဟွာတက္ကသိုလ်တွင် ဝင်ခွင့်ရရှိထားပြီး ကျောင်းတွင် မှတ်ပုံတင်ထားသူ ဖြစ်လေ၏။
သူမက တစ်စုံတစ်ခုသော သုတေသန စီမံကိန်းတစ်ခုတွင် ပါဝင်ရန်အတွက်ပင် ရွေးချယ်ခြင်းခံထားရပုံရသည်။
ထို့ကြောင့်ပင် စုဝေ့ချင်းက မိသားစုကို ပိုမိုဂရုစိုက် စောင့်ရှောက်နေခြင်း ဖြစ်ပေလိမ့်မည်။
သူက ရိုးသားဖြောင့်မတ်သော အမျိုးသားတစ်ဦး ဖြစ်သောကြောင့် စုဝေ့ချင်းကို အများကြီးကူညီပေးနိုင်ခြင်း မရှိပေ။
သို့သော် အနည်းဆုံးတော့ အတန်းထဲရှိ တချို့သော ကျောင်းသူများ၏ အနှောင့်အယှက်များမှ ကာကွယ်ပေးနိုင်လေ၏။
ယခုခေတ်ကာလ ကျောင်းတွင်း အခြေအနေများအကြောင်းကို သူ နားမလည်နိုင်တော့ပါချေ။
စုဝေ့ချင်းကတော့ ကျောင်းတွင် သူနှင့် ပတ်သက်၍ ဆွေးနွေးနေကြသည်ကို လုံးဝ မသိရှိခဲ့ပေ။
အကယ်၍ သိရှိခဲ့လျှင်ပင် သူက ကျန်းကော်ချင်းကို ထောက်ခံပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ ကျန်းကော်ချင်းတွင်လည်း ဇနီးနှင့် သားသမီးများ ရှိနေခဲ့သည်။
ထို့ကြောင့် အတန်းထဲရှိ ထိုကျောင်းသူ များအပေါ်တွင် စိတ်ဝင်စားမှု ရှိမနေပေ။
ထို့အပြင် စုဝေ့ချင်းက လက်တွေ့တွင် ထိုမျှအထိ အထက်တန်းဆန်နေသူမဟုတ်ပေ။
သူ ကဗျာများနှင့် စာအုပ်များကို ရေးသားရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ သူ၏ ဇနီးသည် အိမ်တစ်လုံးကိုဝယ်ယူရာတွင် ကူညီပေးနိုင်ရန်အတွက် ငွေကြေးရှာဖွေခြင်းသာ ဖြစ်သည်။
*