← Chapters

အခန်း ၃၄၀

Vol. 34 Ch. 340

အခန်း ၃၄၀

Vol. 34 Ch. 340

အခန်း(340)

ကျောင်းက အိမ်နှင့် အလွန်နီးကပ်လွန်းသောကြောင့် စက်ဘီးဖြင့် မိနစ်အနည်းငယ်မျှသာ နင်းရလေ၏။

စုဝေ့ချင်းက လျှပ်စီးလက်သကဲ့သို့ အရှိန်ဖြင့် နင်းလာခဲ့သောကြောင့် မျက်စိတစ်မှိတ်အတွင်း သူ၏ အိမ်တံခါးဝသို့ ရောက်ရှိလာခဲ့လေသည်။

အဝေးမှ လှမ်းကြည့်လိုက်လျှင်ပင် အရှေ့ဘက်တံခါးက ပွင့်နေသည်ကို မြင်တွေ့ရလေ၏။

ထို့ကြောင့် ဖန်ထုံတစ်ယောက် ဧည့်သည်များကို ခေါ်ဆောင်ကာ ပြန်လည် ရောက်ရှိနေပြီ ဖြစ်ကြောင်းကို သိရှိနိုင်သည်။

စုဝေ့ချင်းအနေဖြင့် တစ်စုံတစ်ရာ အဆင်မပြေမှုဖြစ်ပွားခဲ့မည်ကို စိုးရိမ်ခဲ့ရသည့်အတွက် ယခုမှသာ စိတ်သက်သာရာ ရသွားခဲ့လေတော့၏။

သူက စက်ဘီးကို အိမ်ထဲသို့ တွန်းသွင်းလိုက်ပြီးနောက် အိ၏ ဘေးရှိ အမိုးစွန်းအောက်တွင် နေသားတကျ ရပ်နားလိုက်လေသည်။

သူ အိမ်ထဲသို့ မဝင်မီမှာပင် အထဲမှ ရယ်မောသံများနှင့် စကားပြောသံများကို ကြားရလေ၏။

အထူးသဖြင့် ကျန်းကျိ၏ အသံက အလွန်ပင် ရွှင်လန်းတက်ကြွနေခဲ့လေသည်။

ဤကဲ့သို့သော ရွှင်လန်းမှုမျိုးကို ဆေးဝါးစက်ရုံတွင် မည်သည့်အချိန်ကမှ မမြင်တွေ့ခဲ့ဖူးပေ။

သူနှင့်အတူ စကားပြောနေသူက ဝမ်တုန် ဖြစ်လေသည်။

စုဝေ့ချင်းက လှည့်ပတ်ကြည့်ရှုလိုက်သည့်အချိန်တွင်၊ ပန်းခြံလေးထဲတွင် ပေါက်ပြားတစ်လက်ကို ကိုင်ဆောင်လျက် တစ်စုံတစ်ခုကို အလုပ်ရှုပ်နေသော ဝမ်တုန်ကို မြင်တွေ့လိုက်ရလေ၏။

ကျန်းကျိက ခြံစည်းရိုး၏ အပြင်ဘက်တွင်ရပ်ကာ လက်ညှိုးထိုးပြနေပြီး တစ်ခါတရံ အရှေ့ဘက်၊ တစ်ခါတရံ အနောက်ဘက်သို့ ညွှန်ပြနေခဲ့သည်။

ဝမ်တုန်က စိတ်သဘောထားကောင်းသူ ဖြစ်သောကြောင့် ကလေး၏ စကားကို လက်ခံဆောင်ရွက်ပေးနေခဲ့လေတော့၏။

ကျန်းရိကော်က ခြံဝန်းထဲရှိ ကျောက်စားပွဲတွင် ထိုင်နေခဲ့ပြီး ဘေး၌ ရေနွေးအိုးကို ချထားလျက် ကလေးငယ်ကို ကြင်နာသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေလေ၏။

အစ်မလျို့ကတော့ မီးဖိုချောင်ထဲသို့ ဝင်လိုက်ထွက်လိုက် လုပ်နေသည်။

စုဝေ့ချင်းတစ်ယောက် ပြန်လာသည်ကို မြင်သည့်အချိန်တွင် သူမက ချက်ချင်းပင် အပြုံးဖြင့် ပြောလိုက်လေ၏။

“ရှောင်စု ပြန်လာပြီပဲ၊ ငါ လောင်ကျန်းအတွက် ရေနွေးကြမ်းတစ်ခွက် ခပ်ပေးဖို့ မီးဖိုမှာ ရေနွေးအိုး တည်ထားတယ်”

“အဆင်ပြေပါတယ် အစ်မ၊ စိတ်ကြိုက်သာ သုံးပါ၊ ဒါနဲ့ ဒီတစ်ခေါက် အစ်မကိုပါ ဒုက္ခပေးမိလိမ့်မယ်လို့ ကျွန်တော် လုံးဝ မမျှော်လင့်ထားဘူး”

စုဝေ့ချင်းက အစ်မလျို့ကို မြင်တွေ့ရသောကြောင့် အလွန်ပင် အံ့အားသင့်သွားရသည်။

ရှုရှင်းလန်၏ အရေးအခင်း ဖြစ်ပွားပြီးကတည်းက သူမနှင့် မဆုံတွေ့ရသည်မှာ နှစ်အတော်ကြာခဲ့ပြီ မဟုတ်ပါလား။

အဓိကအချက်မှာ အစ်မလျို့က လုံးဝ အိုမင်းရင့်ရော်သွားခြင်း မရှိသည့်အပြင်၊ အရင်ကထက်ပင် ပို၍ တည်ငြိမ်ခန့်ညားသော အရှိန်အဝါရှိနေခြင်းပင်။

အစ်မလျို့က ရယ်မောလိုက်ပြီး ပြောလိုက်လေ၏။

“လောင်ကျန်းက ငါတို့စက်ရုံရဲ့ ရတနာကြီး ဖြစ်နေတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ”

အကယ်၍ တခြားလူသာဆိုလျှင် သူမအနေဖြင့် လိုက်ပါလာရန်အတွက် သေချာပေါက်လိုအပ်မည်မဟုတ်ပေ။

သို့သော် ကျန်းရိကော်အတွက်တော့ သူမ ကိုယ်တိုင် ထွက်ပေးရန် လိုအပ်သည်။

သူက နင်ပြည်နယ်ဆေးဝါးသုတေသနဌာန၏ ဒါရိုက်တာဖြစ်ရုံသာမက ရှုရှင်းလန်၏ ခင်ပွန်းလည်း ဖြစ်နေသောကြောင့် ပင်။

ရှုရှင်းလန်၏ အမှုက ယနေ့ထက်တိုင် အဖြေမပေါ်သေးဘဲ ရှိနေသည့်အတိက် လွန်ခဲ့သော နှစ်ကာလများအတွင်း သူမအတွက် ကြီးမားလွန်းသော စိုးရိမ်ပူပန်မှုတစ်ခု ဖြစ်ခဲ့သည်။

စုဝေ့ချင်းက ဤအကြောင်းများကို အများကြီး တွေးတောမနေခဲ့ပေ။

ဆေးဝါးစက်ရုံကို အဆင့်မြှင့်တင်ပြီးနောက်တွင် သုတေသနဌာန၏ ဒါရိုက်တာအဖြစ် ကျန်းရိကော်၏ အဆင့်အတန်းကလည်း မြင့်မားလာမည်ဟုသာ သူ ခံစားမိ၏။

သူက ယခင်က နိုင်ငံတော်အဆင့် စီမံကိန်းတစ်ခုကိုပါ သုတေသနပြုခဲ့ဖူးသူ မဟုတ်ပါလား။

ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးသာ ပေကျင်းတွင် ရှိနေပါက သေချာပေါက် သက်တော်စောင့်များဖြင့် ခြံရံထားရပေလိမ့်မည်။

သူကအပြင်သို့ ထွက်ခွာသည့်အချိန်တွင် အစ်မလျို့လည်း အတူ လိုက်ပါစောင့်ရှောက်ပေးခြင်းက ပုံမှန်ပင် ဖြစ်လေသည်။

သူက ကျန်းကျိဘက်သို့ လှည့်ကြည့်ပြီး ရယ်မောလျက် ပြောလိုက်လေ၏။

“မတွေ့တာကြာလို့ ကျိကျိတောင် အတော်လေး အရပ်ရှည်လာပြီပဲ”

“အခုဆို ဆယ်ကျော်သက်အရွယ်ကို ရောက်နေပြီဆိုတော့ အရပ်ထွက်တဲ့ အရွယ်ပဲလေ၊

မင်း တက္ကသိုလ်ကျောင်းပြီးလို့ ငါတို့ ပြန်ဆုံတဲ့အချိန်ကျရင် သူ့ကိုတောင် မှတ်မိတော့မှာ မဟုတ်လောက်ဘူး”

သူ၏ နာမည်ကို ခေါ်ဆိုသံ ကြားရသည်နှင့် ကျန်းကျိက ချက်ချင်း လှည့်ကြည့်ပြီး သူတို့ကို ပြုံးပြလိုက်လေသည်။

သူ၏ ရုပ်ရည်ကို ကြည့်ရုံမျှဖြင့် သူက ရောဂါအခံရှိသော ကောင်လေးတစ်ဦး ဖြစ်ကြောင်းကို လုံးဝ မသိနိုင်ပေ။

အထူးသဖြင့် သူက အတော်လေးလည်း ရုပ်ရည်ချောမောလွန်းသည်။

အကယ်၍သာ ကျန်းမာသန်စွမ်းသော ကောင်လေးတစ်ဦး ဖြစ်ခဲ့ပါက၊ နောက်နှစ်အနည်းငယ်အတွင်း မိန်းကလေးများက နှစ်သက်ကြမည့် ချောမောသော လူငယ်လေးတစ်ဦး ဖြစ်လာနိုင်လိမ့်မည်။

သူ့၌ ထိုရောဂါဆိုး ရှိနေခြင်းက နှမြောစရာ ကောင်းလွန်းနေသည်။

စုဝေ့ချင်းက ရယ်မောလိုက်လေ၏။။

“ငါ့ရဲ့ ရှောင်လော်ကလည်း ဒီရက်ပိုင်း မင်းအကြောင်းကိုပဲ ခဏခဏ ပြောနေတာ၊

ကျောင်းကပြန်လာလို့ ကျိကျိကို မြင်ရင် သူမလည်း အရမ်း ဝမ်းသာသွားမှာ သေချာတယ်”

စုရှောင်လော်၏ အကြောင်းကို ပြောမိသည်နှင့် အစ်မလျို့ကလည်း အတိတ်ကို ပြန်လည်တမ်းတမိလျက် ပြောလိုက်လေသည်။

“..ငါ သူမကို နောက်ဆုံးတွေ့တုန်းက ဒီလောက်လေးပဲ ရှိသေးတာ”

အစ်မလျို့က ပြောရင်း စုရှောင်လော် မွေးဖွားခါစက ရှိခဲ့သော အရွယ်အစားလေးကို လက်ဖြင့် တိုင်းတာပြသလိုက်လေသည်။

စုဝေ့ချင်းကလည်း ထိုနှစ်ကာလများကို ပြန်လည်၍ အမှတ်ရသွားခဲ့လေ၏။

ထိုလူနှစ်ဦးက စကားပြောနေကြချိန်မှာပင်၊ ဝမ်တုန်၏ ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်သံကို ကြားလိုက်ရသည်။

ကျန်းကျိက မြေပြင်ပေါ်သို့ လဲကျသွားခဲ့လေ၏။

ကျန်းရိကော်က ချက်ချင်းပင် ထရပ်လိုက်ပြီး အနားသို့ ပြေးခဲ့သော်လည်း မည်သည့်အရာငိုလုပ်သင့်ကြောင်းမသိဖြစ်နေရသည်။

ကျန်းကျိတစ်ယောက် ရောဂါထကြွလာခြင်းပင်။

ဝမ်တုန်လည်းကြောင်အမ်းသွားခဲ့ရလေ၏။

သူက ပေါက်ပြားကို ကိုင်ဆောင်ကာ ရပ်တန့်နေမိသည်။ လူတစ်ယောက်က ဤကဲ့သို့ အကြောဆွဲတက်နေသည်ကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်ပေ၏။

စုဝေ့ချင်းနှင့် အစ်မလျို့တို့က ကျန်းကျိ လဲကျရာနေရာဆီသို့ လျင်မြန်စွာ သွားရောက်စစ်ဆေးခဲ့ကြလေ၏။

ကံကောင်းစွာဖြင့် ကျန်းကျိက ခြံစည်းရိုးနှင့် အနည်းငယ ကွာဝေးသောနေရာတွင် ရပ်နေခဲ့ခြင်းဖြစ်၍ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိခဲ့ပေ။

ကျန်းကျိ၏ ယခုတစ်ခေါက် ရောဂါထကြွမှုက မပြင်းထန်ခဲ့ပေ။

သူက အကြောတက်သွားသော်လည်း ဖြစ်စဉ်တစ်ခုလုံးက တစ်မိနစ်ပင် မပြည့်ခဲ့သကဲ့သို့ ပါးစပ်မှ အမြှုပ်များ ထွက်ခြင်းလည်း မရှိခဲ့ပေ။

ခေတ္တမျှ ကြာပြီးနောက်တွင် သူက တဖြည်းဖြည်းနှင့် ငြိမ်သက်သွားခဲ့သည်။

ထိုအချိန်မှသာ အစ်မလျို့က ကျန်းကျိကို သေသေချာချာ စမ်းသပ်စစ်ဆေးလိုက်လေတော့၏။

“သူ ခရီးပန်းသွားလို့ ထင်တယ်၊ ရထားပေါ်မှာ ရက်နည်းနည်းလောက် ဖြတ်သန်းခဲ့ရတာလေ၊

လူကြီးတွေတောင် အတော်လေး ပင်ပန်းရတာကို ကလေးဆိုရင်တော့ ပြောစရာတောင်မလိုတော့ဘူး”

အိပ်စင်တွဲတွင် စီးနင်းခဲ့ရလျှင်ပင် သက်တောင့်သက်သာ မဖြစ်နိုင်ပေ။

“ဒါဆိုရင်တော့ ဘာမှ စိုးရိမ်စရာ မရှိတော့ပါဘူး၊ ကလေးကို အထဲခေါ်သွားပြီး အိပ်ခိုင်းလိုက်ရအောင်”

စုဝေ့ချင်းက ခန္ဓာကိုယ်ကိုညွှတ်ပြီး ကျန်းကျိကို ပွေ့ချီလိုက်ကာ ကြိုတင်၍ ပြင်ဆင်ထားသော အခန်းဆီသို့ သယ်ဆောင်သွားလေတော့၏။

ကျန်းရိကော်က နာကျင်နေသော မျက်နှာအမူအရာဖြင့် သူ၏ အနောက်မှ လိုက်ပါလာခဲ့

သည်။

ကျန်းကျိ၏ အတက်ရောဂါက မကြာခဏ ထကြွတတ်ခြင်းမျိုး မဟုတ်သော်လည်း စိတ်ချထား၍မရနိုင်ပေ။

အမှန်အတိုင်းပြောရလျှင် သူ့အနေဖြင့် ရထားပေါ်တွင်ပင် ကျန်းကျိတစ်ယောက် ရောဂါထကြွလာနိုင်သည်ဟု ကြိုတင်ပြင်ဆင် စဉ်းစားထားခဲ့သည်။

ကျန်းကျိ ရောဂါထကြွသည့်အချိန်တွင် ကျန်ရှိနေသူ အားလုံးက ပုံမှန်အတိုင်း တုံ့ပြန်နိုင်ခဲ့ကြသော်လည်း၊ ဝအ်တုန်ကတော့ အလွန်ထိတ်လန့်နေခဲ့လေ၏။

ဤကဲ့သို့သော ဝေဒနာရှင်မျိုးနှင့် ကြုံတွေ့ဖူးခြင်းက ပထမဆုံးအကြိမ်ပင်။

သူ အိမ်သို့ ပြန်ရောက်သည့်တိုင်အောင် သူ၏ မျက်နှာအမူအရာက ကောင်းမွန်မလာခဲ့ပေ။

အစ်မမာက သူမျက်နှာမကောင်းသည်ကို မြင်တွေ့သည့်အချိန်တွင် အခြေအနေကို မေးမြန်းလိုက်လေသည်။

ထို့ကြောင့် ဝမ်တုန်က ဖြစ်ပျက်ခဲ့သမျှကို သူမကို ပြောပြလိုက်လေသည်။

အစ်မမာက ချက်ချင်းပင် စုဝေ့ချင်း၏အိမ်သို့ လာရောက်လည်ပတ်ပြီး လူနာကိုမေးမြန်းအားပေးခဲ့သောကြောင့် ကျန်းရိကော်လည်း ဤကဲ့သို့သော နွေးထွေးလွန်းသည့် ကြိုဆိုမှုကို အားနာနာနှင့်ပင် လက်ခံခဲ့ရလေတော့၏။

ထိုနေ့ညနေတွင် လီရှန်း အိမ်သို့ ပြန်ရောက်သည့်အချိန်တွင် ကျန်းရိကော်ကို ပြောလိုက်လေသည်။

“ကျွန်မ ဆရာနဲ့ သေသေချာချာ စီစဉ်ထားပြီးပါပြီ၊ ဒီပိတ်ရက်ကျရင် လေ့ကျင့်ရေးစခန်းကို မသွားတော့ဘဲ အိမ်မှာပဲ ရောဂါရှာဖွေ စမ်းသပ်မှုကို လုပ်ဆောင်သွားပါ့မယ်၊

အပြင်မှာ လူတွေ အများကြီးရှိနေတာထက်စာရင် အိမ်မှာပဲ လုပ်တာက ပိုပြီး လျှို့ဝှက်နိုင်လိမ့်မယ်”

ကျန်းရိကော်ကလည်း လျှို့ဝှက်ထားနိုင်ရန်အတွက် မျှော်လင့်နေမိသည်။

လူအများက အတက်ရောဂါအကြောင်းကို သိရှိသွားပါက ကွယ်ရာတွင် အမျိုးမျိုးသော အတင်းအဖျင်းများကို ပြောဆိုကြလိမ့်မည်။

ကျန်းရိကော်က ထိုအကြောင်းကို တုံ့ပြန်သည့်အနေဖြင်် တိုက်ရိုက်ပင် ပြောလိုက်လေသည်။

“ငါ အိမ်ခြံမြေစာချုပ်ကို ပြန်ယူခဲ့ပြီးပြီ၊ ငါတို့ အချိန်ရတဲ့အချိန်ကျရင် လုပ်ထုံးလုပ်နည်းတွေကို သွားပြီး အပြီးသတ်ကြတာပေါ့၊

အပြင်လူတွေကိုတော့ ဝေ့ချင်းက ငါ့ရဲ့ တူအရင်းဖြစ်ပြီး ငါ အိုမင်းလာတဲ့အချိန်ကျရင် သူကပဲ လုပ်ကျွေးပြုစုမှာမို့လို့ အိမ်ကို သူ့ဆီကို လွှဲပြောင်းပေးတာလို့ပဲ ပြောလိုက်ကြတာပေါ့”

ဤစကားကို ကြားရသည့်အချိန်၌ ထို ဇနီးမောင်နှံနှစ်ဦးလည်း စိတ်အေးသွားခဲ့ရလေတော့၏။

လုပ်ထုံးလုပ်နည်းများ အားလုံးပြီးစီးသွားမှသာ ဤအိမ်ကြီးက သူတို့၏အပိုင်အဖြစ် အမှန်တကယ် ပြောင်းလဲသွားမည် မဟုတ်ပါလား။

“မင်းတို့ အိမ် ဘယ်နှစ်လုံးလောက် လိုချင်လဲ”

ကျန်းရိကော်က မေးမြန်းလိုက်လေ၏။

ဇနီးမောင်နှံနှစ်ဦးက တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြလေသည်။

ဖြစ်နိုင်လျှင် များများရလျှင် ပိုကောင်းသော်လည်း၊ ကံမကောင်းစွာဖြင့် သူတို့တွင်ရှိသော ငွေကြေးအရင်းအနှီးက အလွန်ပင် ကန့်သတ်ချက် ရှိနေခဲ့၏။

“ငါက ငွေကို ချက်ချင်း အလောတကြီးတောင်းမှာ မဟုတ်ပါဘူး၊

ပြီးတော့ ဒီအထိ ခရီးဝေးကြီးကိုလည်း နောက်ထပ်တစ်ခေါက် မလာချင်တော့ဘူး၊

တကယ်လို့ မင်းတို့ဘက်က အိမ်တွေအားလုံးကို လွှဲပြောင်းရယူနိုင်မယ်ဆိုရင် ငါ့အတွက် ဒုက္ခအများကြီး သက်သာသွားတာပေါ့”

ကျန်းရိကော်က ပေကျင်းသို့ နောက်ပိုင်းတွင် လုံးဝ ပြန်မလာရန်အတွက် ဆုံးဖြတ်ထားခဲ့လေ၏။

“ဦးလေးကျန်း၊ ဒါက မြို့တော်လေ၊ နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုက ဘယ်တော့မှ ရပ်တန့်သွားမှာ မဟုတ်ဘူး၊ ဒီအိမ်က နောင်အနာဂတ်မှာ သေချာပေါက် တန်ဖိုးတွေ အများကြီး တက်လာလိမ့်မယ်၊

နောင်နှစ်နည်းနည်း ကြာတဲ့အချိန်ကျရင် သိန်းပေါင်းသောင်းချီ တန်ဖိုးရှိသွားနိုင်တယ်နော်”

လီရှန်းက ကျန်းရိကော်တစ်ယောက် စိတ်ပျက်နေမည်ကို မကြည့်ရက်သောကြောင့် သတိပေးစကားပြောလိုက်သည်။

မမျှော်လင့်ဘဲ ကျန်းရိကော်က လက်ကို ဝှေ့ယမ်းပြလိုက်ပြီး ပြောလိုက်လေ၏။

“သိန်းပေါင်းသောင်းချီတာကိုမပြောနဲ့၊ ကုဋေပေါင်းများစွာ တန်ဖိုးရှိလာမယ်ဆိုရင်တောင်မှ ငါကတော့ ဘယ်တော့မှ ပြန်မလာတော့ဘူး”

ဤနေရာက သူ့အတွက် ဝမ်းနည်းကြေကွဲဖွယ် နေရာသာ ဖြစ်သည်။

သူ၏ အမှတ်တရပေါင်းများစွာက ဤနေရာတွင် မြုပ်နှံခြင်း ခံထားရရှာ၏။

သူ၏ သမီးနှင့် သားမက်၊ သူ၏ အနာဂတ်၊ သူ၏ ကလဲ့စားချေမှု...

သူ့အနေဖြင်် တစ်ချိန်က ကြီးမားလွန်းသော ရည်မှန်းချက်များဖြင့် နိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

သို့သော် ယခုအချိန်တွင် ဤကဲ့သို့သော ဝမ်းနည်းစရာ ကောင်းလွန်းသည့် အဆုံးသတ်မျိုးကိုသာ ကြုံတွေ့နေရလေ၏။

သူက သူ၏ ရွေးချယ်မှုက မှားယွင်းခဲ့သည်ဟု မထင်မှတ်သော်လည်း၊ မြို့တော်အပေါ်တွင် စိတ်နာကျည်းမှုတို့က ကျန်ရစ်နေဆဲပင်။

*

All Chapters