အခန်း ၄၁၆
Vol. 41 Ch. 416
အခန်း (၄၁၆) - ယုံကြည်မှု နောက်ခံအင်အား
ချန်ဖေး၏ အမေးကို ကြားသောအခါ ချီတာဖုန်းနှင့် လန်ယွင်ကျစ်တို့က အနည်းငယ် တုံ့ဆိုင်းနေဟန် ရှိသည်။ သူတို့၏ လက်ရှိ ဘဝအနေအထားအရ ချီတာဖုန်းနှင့် လန်ယွင်ကျစ်တို့က အမှန်တကယ်တွင် အလွန် ကျေနပ်နေကြပြီ ဖြစ်၏။ နတ်တိမ်မြို့သည် သယံဇာတ ပေါကြွယ်ဝသဖြင့် မည်သည့်အရာကိုမဆို ဝယ်ယူရ အလွန် အဆင်ပြေသည်။
ထို့အပြင် နတ်တိမ်မြို့က အလွန် လုံခြုံသည်။ လမ်းပေါ်တွင် ကျနေသော ပစ္စည်းများကို ကောက်ယူသူ မရှိဟု ဆိုခြင်းက အနည်းငယ် ချဲ့ကားပြောဆိုခြင်း ဖြစ်နိုင်သော်လည်း ခိုးဝှက်မှုလေးများပင် အတွေ့ရနည်းလှ၏။ အထူးသဖြင့် ချီတာဖုန်းမှာ ချန်ဖေးနှင့် ပတ်သက်မှု ရှိနေသောကြောင့် သာမန်လူများက သူတို့ကို အလွယ်တကူ မစော်ကားရဲကြပေ။ ချီတာဖုန်းနှင့် လန်ယွင်ကျစ်တို့မှာ သူတို့၏ နောက်ဆုံးအချိန်များကို ဤနေရာ၌ပင် ကုန်ဆုံးရန် ပြင်ဆင်ထားခဲ့ကြသည်။
ယခု သူတို့ကို ထွက်ခွာရန် ရွေးချယ်ခိုင်းခြင်းက သူတို့ကို ဝေခွဲမရ ဖြစ်သွားစေဆဲပင်။ ထိုဝေခွဲမရဖြစ်မှုက အဆုံးမဲ့ ပင်လယ်အပေါ် မရေရာမှုနှင့် ကြောက်ရွံ့မှု အနည်းငယ်တို့မှ ပို၍ မြစ်ဖျားခံနေ၏။ ဤသည်က အိမ်မှ ထွက်ခွာခြင်းမျှသာ မဟုတ်တော့ဘဲ ဤပိုင်နက်နယ်မြေမှ လုံးဝ ထွက်ခွာ၍ အလွန် ဝေးကွာသော အခြား နေရာတစ်ခုသို့ တိုက်ရိုက် သွားရောက်ရမည် ဖြစ်သည်။
အကယ်၍ လျှို့ဝှက်နယ်မြေ၊ တစ္ဆေ မြို့မှ ဖြတ်သန်းသွားရသည့် ထိုလမ်းကြောင်းသာ မရှိခဲ့လျှင် ဤမင်းဆက်မှ လူများအတွက် အဆုံးမဲ့ ပင်လယ်ဆိုသည်မှာ ရှေးဟောင်း မှတ်တမ်းများထဲတွင်သာ ရှိနေမည့်အရာ ဖြစ်လောက်သည်။ ထိုနေရာနှစ်ခု မည်မျှ ကွာဝေးကြောင်းနှင့် အဆုံးမဲ့ ပင်လယ်က မည်မျှ သူစိမ်းဆန်ကြောင်းကို အလွယ်တကူ စိတ်ကူးကြည့်၍ ရနိုင်၏။
ချန်ဖေးက လောတကြီး မတိုက်တွန်းသကဲ့သို့ အကျယ်တဝင့်လည်း မရှင်းပြခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ချန်ဖေး ကိုယ်တိုင်အတွက်ပင် အဆုံးမဲ့ ပင်လယ်နှင့် ပတ်သက်၍ မသေချာမရေရာမှု များစွာ ရှိနေသောကြောင့် ဖြစ်သည်။
အဆုံးမဲ့ ပင်လယ်နှင့် ပတ်သက်၍ ယွီ မိသားစုမှလွဲပြီး ကျန်လူတိုင်းက မျက်စိလည် လမ်းပျောက်နေကြဆဲ ဖြစ်၏။ ချန်ဖေး၏ ဤမရေရာမှုများအတွက် မည်သူကမျှ ရှင်းပြပေးမည် မဟုတ်ဘဲ သူကိုယ်တိုင်ပင် အားလုံးကို ကျော်ဖြတ်ရမည် ဖြစ်သည်။
"သွားကြမယ်... အဆုံးမဲ့ ပင်လယ်ကို အတူတူ သွားကြတာပေါ့"
နှစ်ပေါင်းများစွာ ဇိမ်ကျကျ နေထိုင်ခဲ့ရမှုက ချီတာဖုန်းကို ပို၍ ချမ်းသာကြွယ်ဝသူ တစ်ဦးအသွင် ပေါက်သွားစေသော်လည်း ချီတာဖုန်း၏ စိတ်သဘောထား အပြည့်အဝကိုမူ မဖျောက်ဖျက်နိုင်ခဲ့ပေ။ ချန်ဖေးက သူတို့ကို အသိပေးရန် ဤနေရာသို့ လာခဲ့ပြီး အဆုံးမဲ့ ပင်လယ်သို့ ခေါ်ဆောင်သွားရန်လည်း ဆန္ဒရှိနေသည်။ အဘယ်ကြောင့်ဆိုသော် ချန်းဖေးက သူတို့ကို သူ၏ မိသားစုဝင်များကဲ့သို့ သဘောထားသောကြောင့် ဖြစ်၏။
ရှန်းယန်ဂိုဏ်းက နတ်တိမ်မြို့ ပတ်ဝန်းကျင်ကို သိမ်းပိုက်ပြီးနောက် သူတို့တွင် မည်သည့် ဂိုဏ်း၊ မည်သည့် အဖွဲ့အစည်းနှင့်မျှ ပတ်သက်မှု မရှိတော့သဖြင့် ဘာမျှ ဖြစ်လာမည် မဟုတ်ပေ။ သို့သော်လည်း သူတို့ကို ယွမ်ချန်ဓားဂိုဏ်းနှင့် ပတ်သက်မှု ရှိသည်ဟု စွပ်စွဲ၍ အကွက်ဆင်ခံရနိုင်ချေလည်း ရှိနေ၏။
လွန်ခဲ့သည့် နှစ်များအတွင်း ချီတာဖုန်းက အငြင်းပွားမှုများကို ရှောင်ရှားရန် ကြိုးစားခဲ့သော်လည်း အခြားသူများနှင့် မလွှဲမရှောင်သာ အငြိုးအတေး အချို့ ရှိခဲ့သည်။ သို့သော် ချန်ဖေး၏ အဆက်အသွယ်များကြောင့် အခြားသူများက ချီတာဖုန်းအပေါ် မတူညီသော ဆက်ဆံရေးမျိုး မပြရဲခဲ့ကြသောကြောင့် ဖြစ်၏။
သို့သော်လည်း ချန်ဖေးက နတ်တိမ်မြို့မှ ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက် ယခင်က ချီတာဖုန်းအပေါ် အငြိုးရှိခဲ့သူများ သို့မဟုတ် သူ့ကို ရိုးရိုးရှင်းရှင်း မနှစ်မြို့သူများက သူတို့၏ လက်စားချေမှုများကို မျှော်လင့်ထားသည့်အတိုင်း ပြုလုပ်လာကြမည် ဖြစ်သည်။
ချီတာဖုန်းက ဖျင်ရင် ခရိုင်၏ အောက်ခြေအလွှာတွင် နှစ်ပေါင်းများစွာ ရုန်းကန်ခဲ့ရသူ ဖြစ်ရာ လူ့သဘာဝကို သူ အလွန် ရှင်းလင်းစွာ နားလည်ထား၏။ တစ်ခါတစ်ရံတွင် လူ့သဘာဝကို မစမ်းသပ်သင့်ပေ။ အဘယ်ကြောင့်ဆိုသော် ယင်းက မည်သည့် စမ်းသပ်မှုကိုမျှ ခံနိုင်ရည် မရှိသောကြောင့် ဖြစ်သည်။
လန်ယွင်ကျစ်က ချီတာဖုန်း၏ စကားများကို ကြားသော်လည်း မငြင်းခုံခဲ့ပေ။ အိမ်ထောင်ဦးစီးမှာ ချီတာဖုန်းပင် ဖြစ်ပြီး ချီတာဖုန်းက သွားမည်ဟု ဆိုမှတော့ တစ်မိသားစုလုံး အတူတကွ သွားကြမည်ဟု အတိအကျ ဆိုလိုခြင်းပင် ဖြစ်သည်။
ချန်ဖေး၏ မျက်နှာပေါ်တွင် သဲ့သဲ့ ပြုံးရောင်လေး ထွက်ပေါ်လာ၏။ ချီတာဖုန်းက သွားရန် ဆန္ဒရှိသဖြင့် ချန်ဖေးက စိုးရိမ်စရာ မလိုတော့ပေ။ အကယ်၍ ရှန်းယန်ဂိုဏ်းက ဤနေရာကို သိမ်းပိုက်ပြီးပါက သူ့ကိုအကြောင်းပြချက်ကယ ချီတာဖုန်းမှာ သုတ်သင်ရှင်းလင်းခံရနိုင်သည်။
တစ်ခဏအကြာတွင် ချန်ဖေးက စစ်ယွမ်ဟိုင်၏ ခြံဝန်းအတွင်းသို့ ရောက်ရှိလာ၏။
"အဆုံးမဲ့ ပင်လယ်လား... မင်းက ငါတို့ကို ခေါ်သွားဖို့ ဆန္ဒရှိတယ် ဆိုရင်တော့ အဲဒီနေရာကို သေချာပေါက် သွားကြည့်ရမှာပေါ့"
ချန်ဖေး၏ ရည်ရွယ်ချက်ကို ကြားသောအခါ စစ်ယွမ်ဟိုင်က တုံ့ဆိုင်းနေခြင်း မရှိဘဲ ချက်ချင်းပင် သဘောတူလိုက်၏။ စစ်ယွမ်ဟိုင်က သုတ်သင်ခံရမည် သို့မဟုတ် ထိုသို့သော ကိစ္စရပ်များကို စိုးရိမ်ပူပန်နေခြင်း မရှိပေ။
ချီတာဖုန်းနှင့် ချန်ဖေးတို့၏ ဆက်ဆံရေးနှင့် နှိုင်းယှဉ်ပါက ချန်ဖေးနှင့် စစ်ယွမ်ဟိုင်တို့၏ ဆက်ဆံရေးကို သိရှိသူ အလွန် နည်းပါးလှသည်။ ထို့ကြောင့် စစ်ယွမ်ဟိုင်နှင့် အခြားသူများမှာ ယွမ်ချန်ဓားဂိုဏ်းနှင့် ပတ်သက်မှု မရှိပေ။ စစ်ယွမ်ဟိုင်က အဆုံးမဲ့ ပင်လယ်သို့ သွားရန် ဆန္ဒရှိရခြင်းမှာ သူ၏ မြေးမလေး စစ်ယီနန်ကို ပို၍ မြင့်မားသော အဆင့်များသို့ တက်လှမ်းနိုင်ရန် မျှော်လင့်သောကြောင့် ဖြစ်၏။
တစ္ဆေလမ်းပြ မျိုးဆက်မှာ အတော်လေး ဆန်းကြယ်လှသော်လည်း ယင်းက ဒွာရသန့်စင်ခြင်း အဆင့်အောက်တွင်သာ ရှိနေသေးသည်။ ခန္ဓာကိုယ် ကြံ့ခိုင်ခြင်း အဆင့်ရှိ သိုင်းပညာရှင်များအတွက် ဤကဲ့သို့ ထူးဆန်းမှုများကို ထိန်းချုပ်နိုင်စွမ်းက အတော်လေး စိန်ခေါ်မှု တစ်ရပ် ဖြစ်၏။
သို့သော်လည်း သိုင်းပညာရှင်က ဒွာရသန့်စင်ခြင်း အဆင့်သို့ရောက်သည်နှင့် တစ္ဆေလမ်းပြ မျိုးဆက်တို့၏ ခြိမ်းခြောက်နိုင်စွမ်း မှာ သိသိသာသာ ကျဆင်းသွားလေသည်။ အဆုံးမဲ့ ပင်လယ်တွင် သယံဇာတများ ပေါကြွယ်ဝနေမည်မှာ အသေအချာပင် ဖြစ်ပြီး ယင်းနှင့် ဆက်စပ်၍ အမျိုးမျိုးသော ဂိုဏ်းများကလည်း ပြင်းထန်စွာ ပြိုင်ဆိုင်နေကြသည်။ ဖြစ်နိုင်သည်မှာ တစ္ဆေလမ်းပြ မျိုးဆက်အတွက် ပိုမို ကောင်းမွန်သော အနာဂတ်က အဆုံးမဲ့ ပင်လယ်တွင် ရှိနေခြင်းပင် ဖြစ်၏။
စစ်ယီနန်က ဘေးဘက်တွင် ကျက်သရေရှိစွာ ရပ်နေသည်။ အတိတ်က ဝိညာဉ်မိစ္ဆာလေးနှင့် နှိုင်းယှဉ်ပါက စစ်ယီနန်မှာ ကြီးပြင်းလာသည်နှင့်အမျှ ပို၍ မိန်းမပျိုလေး တစ်ဦးအသွင် ပေါက်လာခဲ့၏။ ချန်ဖေးက စစ်ယီနန်ကို လှည့်ကြည့်လိုက်ရာ သူမက ချိုမြိန်သော အပြုံးလေးဖြင့် တုံ့ပြန်လိုက်သည်။
ဆယ့်ငါးမိနစ် အကြာတွင် ချန်ဖေးက စစ်ယွမ်ဟိုင်၏ နေအိမ်မှ ထွက်ခွာလာပြီး နတ်တိမ်မြို့ အတွင်း၌ လွတ်လပ်စွာ လျှောက်လည်နေလိုက်၏။ ချန်ဖေးတွင် နတ်တိမ်မြို့၌ မိတ်ဆွေ အများအပြား မရှိဘဲ ယခုအခါတွင် သူတို့ အားလုံးကို အသိပေးပြီးပြီ ဖြစ်သည်။ အဂ္ဂိရတ်ပညာရှင် မဟာမိတ်အဖွဲ့မှ ချင်ကျင်လန်နှင့် ပတ်သက်၍မူ ချန်ဖေးက စိုးရိမ်စရာ မလိုပေ။
နတ်တိမ်ဓားဂိုဏ်းက အဂ္ဂိရတ်ပညာရှင် မဟာမိတ်အဖွဲ့ တစ်ခုလုံးကို အဆုံးမဲ့ ပင်လယ်သို့ ခေါ်ဆောင်သွားမည် ဖြစ်ပြီး ရှန်းယန်ဂိုဏ်းအတွက် ချန်ထားရစ်ခဲ့ရန် ရည်ရွယ်ချက် မရှိချေ။
လူဖြစ်စေ၊ ပစ္စည်းဖြစ်စေ ယူဆောင်သွား၍ ရနိုင်သမျှ အရာအားလုံးကို နတ်တိမ်ဓားဂိုဏ်းက အစွမ်းကုန် ကြိုးပမ်း၍ ယူဆောင်သွားမည် ဖြစ်သည်။ ယခင်က ကောင်းစွာ ထိန်းသိမ်းထားပြီး ပြန်လည် ပြည့်ဖြိုးနိုင်သော သယံဇာတ အရင်းအမြစ် အချို့ကိုလည်း နတ်တိမ်ဓားဂိုဏ်းက တုံ့ဆိုင်းနေခြင်း မရှိတော့ဘဲ အမြန်ဆုံး အမြန်နှုန်းဖြင့် တူးဖော်နေကြ၏။
အထူးသဖြင့် နတ်တိမ်ဓားဂိုဏ်းက တစ်ဦးတည်း သိမ်းပိုက်ထားသော အဆင့် ၂ လျှို့ဝှက်နယ်မြေ အတွင်းရှိ အစိတ်အပိုင်းတိုင်းကို ယခင်က နတ်တိမ်ဓားဂိုဏ်းက အသေအချာ တူးဖော် အသုံးချခဲ့သည်။ သို့သော်လည်း ယခုအခါ ဤအဆင့် ၂ လျှို့ဝှက်နယ်မြေကို ယူဆောင်သွား၍ မရနိုင်တော့ပေ။
နတ်တိမ်ဓားဂိုဏ်းက အတွင်း၌ ရနိုင်သမျှ အရာအားလုံးကို တစ်ခုမျှ မကျန်ရစ်စေဘဲ ခိုးယူ တူးဖော်မှုများကို ရိုးရှင်းစွာပင် ပြုလုပ်နေကြ၏။ အထူးသဖြင့် နတ်တိမ်ဓားဂိုဏ်းတွင် တန်ဖိုးအကြီးဆုံး ဝိညာဉ်ပစ္စည်းအဖြစ် သတ်မှတ်ထားသော ထိုဝိညာဉ်သစ်ပင်ကို ယခုအခါ ရွေးချယ်စရာ မရှိတော့ဘဲ အခြားနေရာသို့ ပြောင်းရွှေ့ စိုက်ပျိုးရန် စတင်နေကြပြီ ဖြစ်သည်။
ဤသည်က ဝိညာဉ်သစ်ပင်၏ ဝိညာဉ်စွမ်းအင်ကို မလွှဲမရှောင်သာ ထိခိုက်စေနိုင်သော်လည်း နတ်တိမ်ဓားဂိုဏ်းတွင် အခြား ရွေးချယ်စရာ မရှိချေ။
ဤဝိညာဉ်သစ်ပင်ကို ရှန်းယန်ဂိုဏ်းအတွက် ချန်ထားရစ်ခဲ့၍ မဖြစ်နိုင်ပေ။ အကယ်၍ ဝိညာဉ်သစ်ပင်ကို အခြားနေရာသို့ ပြောင်းရွှေ့ စိုက်ပျိုး၍ မရပါက နတ်တိမ်ဓားဂိုဏ်းက ဖျက်ဆီးပစ်မည် ဖြစ်ပြီး ရှန်းယန်ဂိုဏ်းအတွက် ချန်ထားရစ်ခဲ့မည် မဟုတ်ပေ။
သဘာဝကျစွာပင် ရှန်းယန်ဂိုဏ်းက နတ်တိမ်ဓားဂိုဏ်း၏ ရည်ရွယ်ချက်များကို သိရှိထားပြီး တားဆီးချင်သော်လည်း မတားဆီးနိုင်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ထိုသယံဇာတ အရင်းအမြစ်များက နတ်တိမ်ဓားဂိုဏ်း၏ ထိန်းချုပ်မှုအောက်တွင် ရှိနေပြီးဖြစ်သောကြောင့် ဖြစ်၏။
ယခုအခါ ဂိုဏ်းနှစ်ခုကြားတွင် ဒွာရပေါင်းစည်းခြင်း အဆင့်မှလွဲ၍ ရှန်းယန်ဂိုဏ်းက အသာစီး ရထားသည်။ ဒွာရပေါင်းစည်းခြင်း အဆင့်အောက်တွင် နတ်တိမ်ဓားဂိုဏ်းက ပို၍ ကြီးမားသော အသာစီးကို ရယူထားသဖြင့် ရှန်းယန်ဂိုဏ်းက သူတို့ကို မတားဆီးနိုင်ခြင်း ဖြစ်သည်။
ကံမကောင်းစွာဖြင့် ကြီးစိုးနေသော အင်အားစု နှစ်ခုကြားတွင် အဆုံးစွန်သော အနိုင်ရရှိသူမှာ အမြင့်ဆုံး အဆင့်ရှိ သိုင်းပညာရှင်ပင် ဖြစ်သည်။ သူတို့တွင် အသာစီးမည်မျှပင် ရှိနေစေကာမူ အဆုံးအဖြတ်ပေးနိုင်သော အခန်းကဏ္ဍမှ မပါဝင်နိုင်ပေ။
အလုပ်များနေသော နတ်တိမ်ဓားဂိုဏ်းနှင့် နှိုင်းယှဉ်ပါက ယွမ်ချန်ဓားဂိုဏ်းနှင့် ချန်ရွှေတောင်ကြားဂိုဏ်းတို့မှာ အနည်းငယ် ပို၍ အနားရနေပုံ ပေါ်၏။ ထို့ကြောင့် အရင်းအမြစ်များအားလုံးကို စုစည်းပြီး တစ်နေရာတည်းသို့ ပို့ဆောင်ရန် ရက်အနည်းငယ်သာ လိုအပ်ခဲ့လေသည်။
ရှန်းယန်ဂိုဏ်း၏ ပစ်မှတ်ထားခြင်းကို ခံနေရသော နတ်တိမ်ဓားဂိုဏ်းနှင့် နှိုင်းယှဉ်ပါက ယွမ်ချန်ဓားဂိုဏ်းနှင့် ချန်ရွှေတောင်ကြားဂိုဏ်းတို့ကို ရှန်းယန်ဂိုဏ်းက အလေးအနက် မထားခဲ့ချေ။
ရှန်းယန်ဂိုဏ်း၏ အမြင်တွင် ယွမ်ချန်ဓားဂိုဏ်းနှင့် ချန်ရွှေတောင်ကြားဂိုဏ်းတို့မှာ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အရေးမပါသော အဖွဲ့အစည်းများ ဖြစ်၏။ ယွမ်ချန်ဓားဂိုဏ်းနှင့် ချန်ရွှေတောင်ကြားဂိုဏ်းတို့ကလည်း ရှန်းယန်ဂိုဏ်း၏ ဤသဘောထားကို မြင်တွေ့ရသဖြင့် ဝမ်းသာနေကြသည်။
အကယ်၍ ရှန်းယန်ဂိုဏ်းက ဤသဘောထားကို ဆက်လက် ထိန်းသိမ်းထားနိုင်ပါက ဂိုဏ်းနှစ်ခုစလုံးက အဆုံးမဲ့ ပင်လယ်သို့ အထူးတလည် ပြောင်းရွှေ့ရန် မလိုအပ်တော့ပေ။
သို့သော်လည်း လူ့သဘာဝမှာ ကြိုတင် ခန့်မှန်း၍ မရနိုင်ချေ။ ယွမ်ချန်ဓားဂိုဏ်းနှင့် ချန်ရွှေတောင်ကြားဂိုဏ်းတို့က ဂိုဏ်းနှစ်ခု၏ အနာဂတ်ကို ရှန်းယန်ဂိုဏ်း၏ ယုံကြည်ရခက်သော သဘောသဘာဝအပေါ် ပုံအပ်ထား၍ မရနိုင်ပေ။ ဖြစ်နိုင်သည်မှာ တစ်ခဏတာ အရာအားလုံးက ငြိမ်းချမ်းနေသော်လည်း နောက်တစ်ခဏတွင် လူသတ်ပွဲက ချက်ချင်း ဖြစ်ပေါ်လာနိုင်သည်။
ရှန်းယန်ဂိုဏ်းက နှစ်ပေါင်းများစွာ လှုပ်ရှားလာခဲ့ပြီး လူများကို ဤကဲ့သို့ ကြိုတင် ခန့်မှန်းရခက်သော ခံစားချက်မျိုးကို ပေးစွမ်းလေ့ရှိကာ အရာအားလုံးကို ကိုယ်ပိုင် ခံစားချက်များအရ လုပ်ဆောင်လေ့ ရှိသည်။ 'စည်းမျဉ်းစည်းကမ်းများအတိုင်း ကစားခြင်း' ဆိုသည်မှာ ရှန်းယန်ဂိုဏ်းတွင် မရှိချေ။
ဤအခြေအနေမျိုးတွင် ယွမ်ချန်ဓားဂိုဏ်းနှင့် ချန်ရွှေတောင်ကြားဂိုဏ်းတို့က သေချာပေါက် အဆုံးမဲ့ ပင်လယ်သို့ အတူတကွ သွားကြမည် ဖြစ်၏။
သူတို့က နှစ်ပေါင်းများစွာ အုပ်ချုပ်လာခဲ့သော ဂိုဏ်းတံခါးကို စွန့်လွှတ်လိုက်ရသော်လည်း လူများ ရှိနေသရွေ့ ဂိုဏ်းက ဆက်လက် ရပ်တည်နေမည် ဖြစ်ရာ သဘာဝကျစွာပင် ဂိုဏ်းတံခါးကို ပြန်လည် တည်ဆောက်၍ ရနိုင်ပေသည်။ အကယ်၍ လူများသာ မရှိတော့ပါက မည်မျှပင် များပြားသော လူများက ဂိုဏ်းတံခါးကို အုပ်ချုပ်နေစေကာမူ ယင်းက အဓိပ္ပာယ်မဲ့သွားမည် ဖြစ်သည်။
ထို့အပြင် ယွမ်ချန်ဓားဂိုဏ်းမှ ချွီချင်းရှန်းနှင့် အကြီးအကဲ ကျိုးကျိရွှမ်းတို့က အဆုံးမဲ့ ပင်လယ်သို့ သွားရောက်ခြင်းနှင့် ပတ်သက်၍ အခြားသူများနှင့် နှိုင်းယှဉ်ပါက ငြင်းပယ်မှု နည်းပါးသည်ဟု ခံစားရပြီး ယင်း၏ အကြောင်းရင်းမှာ ချန်ဖေးကြောင့်ပင် ဖြစ်၏။
ချွီချင်းရှန်းနှင့် ကျိုးကျိရွှမ်းတို့၏ အမြင်တွင် ချန်ဖေးကို ဖွံ့ဖြိုးတိုးတက်ရန် လုံလောက်သော တည်ငြိမ်သည့် အချိန်ကာလ တစ်ခုသာ ပေးလိုက်ပါက သူ၏ အနာဂတ် အောင်မြင်မှုများက သေချာပေါက် ဒွာရပေါင်းစည်းခြင်း အဆင့်တွင် ရှိနေမည် ဖြစ်သည်။ ချန်ဖေးက ဒွာရပေါင်းစည်းခြင်း အဆင့်ရှိ အစွမ်းထက်သူ တစ်ဦး ဖြစ်လာသရွေ့ အနာဂတ်တွင် နတ်တိမ်မြို့သို့ ပြန်လာရန်က လုံးဝ ဖြစ်နိုင်ချေ ရှိသည်။
လူတို့၏ နှလုံးသားထဲတွင် မျှော်လင့်ချက် ရှိနေသရွေ့၊ မသေချာမရေရာမှုများဖြင့် ပြည့်နှက်နေသော အနာဂတ်ကို ရင်ဆိုင်ရချိန်တွင် သူတို့က ဤနေရာ၌ပင် ကိုယ်ပိုင် အသိအမြင် တစ်ခု ရှိနေလိမ့်မည် ဖြစ်၏။ ထို့အပြင် ချန်ဖေးက ချွီချင်းရှန်းနှင့် ကျိုးကျိရွှမ်း၊ ယွမ်ချန်ဓားဂိုဏ်း တစ်ခုလုံး၏ အနာဂတ်အတွက် အခြေခံအုတ်မြစ်ပင် ဖြစ်သည်။
လဝက်ခန့် အချိန်က အလျင်အမြန် ကုန်ဆုံးသွားပြီး နတ်တိမ်ဓားဂိုဏ်းမှာ ထွက်ခွာရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်၏။ လဝက်အတွင်းမှာပင် သယံဇာတ အားလုံးကို စုဆောင်းနိုင်ခဲ့ပြီး နတ်တိမ်ဓားဂိုဏ်း၏ စွမ်းဆောင်ရည်မှာ အံ့အားသင့်စရာပင် ကောင်းလှသည်။
ထင်ရှားသည်မှာ ကျန်ကျင်းရှန်း၏ ခြိမ်းခြောက်မှုကို သိရှိပြီးနောက် နတ်တိမ်ဓားဂိုဏ်းက ယခင်က မကြုံဖူးသော စွမ်းအားများကို ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်သည်။ သူတို့က အဆုံးမဲ့ ပင်လယ်သို့ စောစော သွားနိုင်လေ၊ စောစော အခြေချနိုင်လေ ဖြစ်ပြီး ကျန်ကျင်းရှန်းထံမှ အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သော လက်စားချေမှုများကို ရင်ဆိုင်ရန် ထိုနေရာရှိ အခြေအနေများကို အသုံးချနိုင်လေ ဖြစ်၏။ ဤသည်က ယခုအခါ နတ်တိမ်ဓားဂိုဏ်း တစ်ခုလုံးတွင် ပေါ်လွင်နေသော ခံယူချက်ပင် ဖြစ်သည်။
လဝက်အတွင်း ကျန်ကျင်းရှန်းက တစ်ကြိမ် ပေါ်လာခဲ့သည်။ သို့သော်လည်း ကျန်ကျင်းရှန်းက နတ်တိမ်ဓားဂိုဏ်း၏ ဂိုဏ်းတံခါးကို အဝေးမှနေ၍ တစ်ချက်မျှသာ လှမ်းကြည့်ခဲ့ပြီး လှုပ်ရှားမှု မပြုခဲ့ချေ။ လှုပ်ရှားမှု မပြုလုပ်ရခြင်း၏ အဓိပ္ပာယ်မှာ မထူးခြားလှပေ။ အဘယ်ကြောင့်ဆိုသော် ကျန်ကျင်းရှန်းက နတ်တိမ်ဓားဂိုဏ်း၏ ဂိုဏ်းတံခါးကို မချိုးဖျက်နိုင်သေးသောကြောင့် ဖြစ်၏။
နတ်တိမ်ဓားဂိုဏ်းက အနာဂတ်တွင် ဖြစ်လာမည့် ရှန်းယန်ဂိုဏ်းကို ကြောက်ရွံ့ခြင်း ဖြစ်ပြီး လက်ရှိတွင် အောင်မြင်မှု မရသေးသော ကျန်ကျင်းရှန်းကို ကြောက်ရွံ့ခြင်း မဟုတ်ပေ။
"ဘုန်း!"
ယွီ မိသားစု၏ တံခါးအောက်တွင် အသစ် ဖွဲ့စည်းထားသော အဆင့် ၂ လျှို့ဝှက်နယ်မြေက လျှို့ဝှက်နယ်မြေ တစ်ခုလုံး စုတ်ပြဲသွားတော့မည့်အလား နားကန်းလောက်မတတ် ဟိန်းဟောက်သံကြီးကို ထုတ်လွှတ်လိုက်၏။ ကြီးမားလှသော လူအုပ်ကြီးက ယခု လျှို့ဝှက်နယ်မြေထဲတွင် ထွက်ပေါ်လာပြီး ပန်းဖျင် တောင်ဘက်သို့ ဦးတည်သွားကြသည်။
တုံးကျုံးချိုးနှင့် ယွီရှို့ချန်တို့က ဤအဆင့် ၂ လျှို့ဝှက်နယ်မြေကို အတင်းအကျပ် ဖွင့်လှစ်ရန် အတူတကွ ပူးပေါင်းခဲ့ကြပြီး ဤမျှ များပြားသော လူများကို တစ်ပြိုင်နက်တည်း ဖြတ်သန်းခွင့် ပြုခဲ့သည်။
ဤကဲ့သို့ လျှို့ဝှက်နယ်မြေကို အတင်းအကျပ် ဆွဲဖြဲဖွင့်လှစ်သည့် နည်းလမ်းက ဤခါးသီးသော အဆင့် ၂ လျှို့ဝှက်နယ်မြေကို အပေါက်အပြဲများဖြင့် ပြည့်နှက်သွားစေမည် ဖြစ်ပြီး နောင်တွင် ယင်းက အဆင့် ၁ လျှို့ဝှက်နယ်မြေသို့ တိုက်ရိုက် ကျဆင်းသွားနိုင်ပေသည်။
သို့သော်လည်း ယခုအခါ ယွီ မိသားစုကော၊ နတ်တိမ်ဓားဂိုဏ်းကပါ ဤပြဿနာကို ဂရုမစိုက်ကြတော့ပေ။ နတ်တိမ်ဓားဂိုဏ်းက အဆင့် ၂ လျှို့ဝှက်နယ်မြေ တစ်ခုကိုပင် စွန့်လွှတ်ခဲ့ပြီးဖြစ်ကာ တစ်ဝက်တစ်ပျက် ဖျက်ဆီးပစ်ခဲ့ပြီး ဖြစ်၏။ ယခု အခြား အဆင့် ၂ လျှို့ဝှက်နယ်မြေ တစ်ခုကို ဖျက်ဆီးရခြင်းမှာ ကိစ္စကြီး တစ်ရပ် မဟုတ်တော့ပေ။
ယွီ မိသားစုအတွက်မူ အဆုံးမဲ့ ပင်လယ်သို့ ပြန်လည်ရောက်ရှိသည်နှင့် နတ်တိမ်မြို့မှာ သူတို့ စဉ်းစားဂရုစိုက်ရမည့် ကိစ္စ မဟုတ်တော့ပေ။
ချန်ဖေးက ယွမ်ချန်ဓားဂိုဏ်း အဖွဲ့၏ နောက်ဆုံးတွင် ရပ်နေပြီး သူ၏ ကိုယ်ပိုင် ဆရာ ဖုန်းရှိုးဖူနှင့်အတူ မမျှော်လင့်ထားသော ဖြစ်ရပ်များ မဖြစ်ပေါ်စေရန် ပူးပေါင်း၍ ကာကွယ်ပေးထား၏။ အပြင်ပန်းတွင် ချန်ဖေးမှာ အနိမ့်ဆုံး ကျင့်ကြံမှု ရှိသော်လည်း တကယ်တမ်းတွင် သူက ယွမ်ချန်ဓားဂိုဏ်း၌ နံပါတ်တစ် ဖြစ်နေပြီ ဖြစ်သည်။
အခြားသူများက ထိုအခြေအနေကို မသိကြသော်လည်း ချွီချင်းရှန်းနှင့် ကျိုးကျိရွှမ်းတို့ကမူ သိရှိထားကြ၏။ သဘာဝကျစွာပင် ချန်ဖေးက ယွမ်ချန်ဓားဂိုဏ်း၏ လုံခြုံရေးကို ကာကွယ်ပေးရမည် ဖြစ်သည်။
ချန်ဖေးက ပန်းဖျင် တောင်ထိပ်သို့ မော့ကြည့်လိုက်ရာ ထိုနေရာတွင် တစ္ဆေ မြို့၏ စွမ်းအင်များကို မှိန်ဖျော့ဖျော့ မြင်တွေ့နေရ၏။
တစ္ဆေ မြို့က ချန်ဖေးအား ထိတ်လန့်ကြောက်ရွံ့မှုများ ပေးစွမ်းခဲ့သော ပထမဆုံး အကြိမ်နှင့် နှိုင်းယှဉ်ပါက ယင်းက ချန်ဖေး၏ ကိုယ်ပိုင် ကျင့်ကြံမှု တိုးတက်လာခြင်းကြောင့်လော သို့မဟုတ် ဒွာရပေါင်းစည်းခြင်း အဆင့် နှစ်ဦး ဤနေရာတွင် ရှိနေခြင်းကြောင့်လော ဆိုသည်ကို ရှင်းလင်းစွာ မသိရပေ။
ဤတစ်ကြိမ် တစ္ဆေ မြို့က ချန်ဖေးကို ပေးစွမ်းသော ခံစားချက်မှာ ယခင်ကလောက် အားကောင်းခြင်း မရှိတော့ချေ။