အခန်း ၄၁၉
Vol. 41 Ch. 419
အခန်း (၄၁၉) - အစွမ်းအစများ ထုတ်ဖော်ပြသခြင်း
"ထောင်ချီ ငှက်မွေး မဟာမိတ်အဖွဲ့"
ဂူထဲတွင် ချန်ဖေးက ထိုအမည်ကို တိုးတိုးလေး ရေရွတ်လိုက်၏။
ယွီ မိသားစုထံမှ ရရှိသော အချက်အလက်များအရ ထောင်ချီ ငှက်မွေး မဟာမိတ်အဖွဲ့သည် အနီးတစ်ဝိုက် ရေပြင်တွင် အင်အားအကြီးမားဆုံးသော မဟာမိတ်အဖွဲ့ ဖြစ်သည်။
နတ်တိမ်မြို့ရှိ ဂိုဏ်းအနည်းငယ်က ဖွဲ့စည်းထားသော မဟာမိတ်အဖွဲ့မှာ ထောင်ချီ ငှက်မွေး မဟာမိတ်အဖွဲ့နှင့် နှိုင်းယှဉ်လျှင် အသေးအဖွဲလေးမျှပင် မဖြစ်စလောက်ပေ။ ထိုနှစ်ခုမှာ လုံးဝ နှိုင်းယှဉ်၍ပင် မရနိုင်ချေ။
အခြားအရာများကို မဆိုထားနှင့်၊ ထောင်ချီ ငှက်မွေး မဟာမိတ်အဖွဲ့တွင် ကြီးငယ်မဟူ အဖွဲ့အစည်းပေါင်း တစ်ထောင်ကျော် ပါဝင်နေ၏။ အင်အားစုတစ်ခုဟု အမှန်တကယ် ခေါ်ဆိုနိုင်သော မည်သည့်အဖွဲ့အစည်းမဆို ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့်ရှိသူ တစ်ဦးက ကြီးကြပ်ကွပ်ကဲရန် လိုအပ်သည်။
တစ်နည်းဆိုရသော် ထောင်ချီ ငှက်မွေး မဟာမိတ်အဖွဲ့ အတွင်းမှာပင် ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့်ရှိသူ တစ်ထောင်ကျော် ရှိနေသည်။
သို့သော်လည်း ဤတွက်ချက်မှုက ထောင်ချီ ငှက်မွေး မဟာမိတ်အဖွဲ့၏ အစစ်အမှန် စွမ်းအားကို လျှော့တွက်ထားခြင်းပင် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ထောင်ချီ ငှက်မွေး မဟာမိတ်အဖွဲ့ အတွင်း၌ နတ်တိမ်ဓားဂိုဏ်းနှင့် ယွီ မိသားစုတို့ကဲ့သို့ အခြားသော အင်အားစုများစွာလည်း ရှိနေသေးသောကြောင့် ဖြစ်သည်။
မှန်ပေသည်။ နတ်တိမ်မြို့တွင် ဒွာရပေါင်းစည်းခြင်း အဆင့်ရှိပါက ကြီးစိုးသော အင်အားစုတစ်ခု ဖြစ်လာနိုင်သည်။ သို့သော်လည်း ထောင်ချီ ငှက်မွေး မဟာမိတ်အဖွဲ့ အတွင်း၌ ဒွာရပေါင်းစည်းခြင်း အဆင့်ရှိသော အင်အားစုများစွာ ရှိနေ၏။ 'အရှင်သခင်' ဟူသော ဝေါဟာရမှာ ဒွာရပေါင်းစည်းခြင်း အဆင့်ရှိ အင်အားစုများအတွက် မထိုက်တန်တော့ချေ။
ထောင်ချီ ငှက်မွေး မဟာမိတ်အဖွဲ့ အတွင်း၌ ကြီးစိုးသူဟု အမှန်တကယ် ခေါ်ဆိုနိုင်သူ တစ်ဦးတည်းသာ ရှိပြီး ထိုသူမှာ အစွမ်းထက်လှသော တောင်ပင်လယ် အဆင့်ပုဂ္ဂိုလ်ဖြစ်သည့် ထောင်ချီ ငှက်မွေး မဟာမိတ်အဖွဲ့၏ ခေါင်းဆောင်ပင် ဖြစ်သည်။
ထောင်ချီ ငှက်မွေး မဟာမိတ်အဖွဲ့တွင် တောင်ပင်လယ် အဆင့်ရှိသော အစွမ်းထက် သိုင်းပညာရှင် ရှိနေပြီး ထိုတောင်ပင်လယ် အဆင့်ကြောင့်ပင် ဤအဖွဲ့အစည်း တစ်ထောင်က တင်းကျပ်စွာ စည်းလုံးနေကြခြင်း ဖြစ်၏။
ထို့အပြင် ထောင်ချီ ငှက်မွေး မဟာမိတ်အဖွဲ့တွင် တောင်ပင်လယ် အဆင့် တစ်ဦးတည်း ရှိနေခြင်း မဟုတ်ပေ။ ယွီ မိသားစု၏ အဆိုအရ လွန်ခဲ့သော နှစ်ငါးဆယ်ခန့်က ထောင်ချီ ငှက်မွေး မဟာမိတ်အဖွဲ့တွင် တောင်ပင်လယ် အဆင့်သစ် တစ်ဦး ထပ်မံ ပေါ်ထွက်လာခဲ့သည်ဟု သိရသည်။
ယနေ့အခါတွင် ထောင်ချီ ငှက်မွေး မဟာမိတ်အဖွဲ့၌ တောင်ပင်လယ် အဆင့်ရှိ အစွမ်းထက် ပညာရှင် နှစ်ဦးတိုင်တိုင် ရှိနေပြီ ဖြစ်၏။ တောင်ပင်လယ် အဆင့် နှစ်ဦးက မဟာမိတ်အဖွဲ့ အတွင်းရှိ အဖွဲ့အစည်းပေါင်း တစ်ထောင်ကျော်ကို ပူးတွဲ အုပ်ချုပ်နေကြပြီး အားလုံးက သူတို့၏ ဆန္ဒအတိုင်း လိုက်နာ လုပ်ဆောင်နေကြသည်။
ယွီ မိသားစုက ထောင်ချီ ငှက်မွေး မဟာမိတ်အဖွဲ့၏ အဖွဲ့ဝင်ဖြစ်ပြီး နတ်တိမ်ဓားဂိုဏ်းကလည်း ထောင်ချီ ငှက်မွေး မဟာမိတ်အဖွဲ့သို့ ဝင်ရောက်မည် ဖြစ်သည်။ ထောင်ချီ ငှက်မွေး မဟာမိတ်အဖွဲ့သို့ ဝင်ရောက်ခြင်းက အပို တာဝန်ဝတ္တရား တစ်ရပ်ကို ယူဆောင်လာမည် ဖြစ်ပြီး သူတို့၏ အပြည့်အဝ စီမံခန့်ခွဲမှုအောက်တွင် ရှိနေမည် ဖြစ်၏။ သို့သော်လည်း ယင်းနှင့်အညီ ထောင်ချီ ငှက်မွေး မဟာမိတ်အဖွဲ့က ခိုလှုံရာကိုလည်း ပေးစွမ်းမည် ဖြစ်သည်။
သဘာဝကျစွာပင် ထောင်ချီ ငှက်မွေး မဟာမိတ်အဖွဲ့က အစွမ်းထက်လှပြီး ဝင်ရောက်ရန် အတင်းအကျပ် တောင်းဆိုမည် မဟုတ်ပေ။ ထောင်ချီ ငှက်မွေး မဟာမိတ်အဖွဲ့၏ အမြင်တွင် ဒွာရပေါင်းစည်းခြင်း အဆင့်ရှိ အင်အားစုများပင်လျှင် ထူးခြားမှု မရှိလှချေ။ တစ်ဖွဲ့ ပိုလာခြင်းကလည်း အများကြီး မဟုတ်သကဲ့သို့၊ တစ်ဖွဲ့ လျော့သွားခြင်းကလည်း ဆုံးရှုံးမှု မဟုတ်ပေ။ ထောင်ချီ ငှက်မွေး မဟာမိတ်အဖွဲ့အတွက် တကယ်တမ်း အရေးမပါလှချေ။
သို့သော်လည်း အကယ်၍ ထောင်ချီ ငှက်မွေး မဟာမိတ်အဖွဲ့သို့ မဝင်ရောက်ဘဲ အတွင်း၌ အလုပ်လုပ်ပါက အဆင်မပြေမှုများစွာ ရှိလာမည် ဖြစ်သည်။ ထောင်ချီ ငှက်မွေး မဟာမိတ်အဖွဲ့ အတွင်း၌ နေထိုင်သော်လည်း မဝင်ရောက်ရန် ရွေးချယ်ခြင်းက မိမိကိုယ်ကို အခက်တွေ့အောင် ပြုလုပ်နေခြင်းပင် မဟုတ်ပါလော။
ယခင်က မည်သည့် တာဝန်ဝတ္တရားကိုမျှ မယူလိုသဖြင့် ထိုသို့သော ခေါင်းမာသည့် အင်အားစုများ တကယ်တမ်း ရှိခဲ့ဖူး၏။ သို့သော်လည်း ထိုသို့သော အင်အားစုများက ဆယ်နှစ်အတွင်း ပျောက်ကွယ်သွားလေ့ ရှိသည်။
မည်သို့ ပျောက်ကွယ်သွားသည်ကို မည်သူကမျှ မသိရှိကြချေ။ အဆုံးမဲ့ ပင်လယ်က အန္တရာယ်များနှင့် ပြည့်နှက်နေပြီး မည်သည့်အရာကမဆို လုံးဝ ပျောက်ကွယ်သွားအောင် ပြုလုပ်နိုင်ပေသည်။
"နတ်တိမ်ဓားဂိုဏ်းနောက်ကို ဆက်လိုက်သင့်လား"
ဂူထဲတွင် ချွီချင်းရှန်းက ကျိုးကျိရွှမ်းနှင့် ချန်ဖေးကို ကြည့်၍ လေးနက်သော အသံဖြင့် ပြောလိုက်၏။
ထောင်ချီ ငှက်မွေး မဟာမိတ်အဖွဲ့ထဲသို့ ယွမ်ချန်ဓားဂိုဏ်းက သဘာဝကျစွာပင် ဝင်ရောက်လိုသည်။ ဤသည်က သံသယဖြစ်ဖွယ် မရှိပေ။ သို့သော်လည်း ကိုယ်ပိုင် အမည်ဖြင့် ဝင်ရောက်ခြင်းလော သို့မဟုတ် နတ်တိမ်ဓားဂိုဏ်း၏ လက်အောက်ခံအဖြစ် ဆက်လက် လိုက်ပါမည်လော ဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်၏။
ထိုနှစ်ခု၏ သဘောသဘာဝက လုံးဝ ကွာခြားလှသည်။ အကယ်၍ လက်အောက်ခံ စနစ်သာ ဖြစ်ခဲ့လျှင် ယွမ်ချန်ဓားဂိုဏ်းမှာ ပျောက်ကွယ်သွားမည် ဖြစ်ပြီး ထိုအချိန်မှစ၍ ယင်းက နတ်တိမ်ဓားဂိုဏ်း အတွင်းရှိ ဌာနခွဲတစ်ခု ဖြစ်လာမည် ဖြစ်သည်။
နတ်တိမ်ဓားဂိုဏ်း နောက်သို့ လိုက်ပါခြင်းက အကျိုးကျေးဇူးများစွာ ရရှိစေသည်။ အနည်းဆုံးတော့ ယခုအချိန်တွင် တုံးကျုံးချိုး အသက်ရှင်နေသေးပြီး ထောင်ချီ ငှက်မွေး မဟာမိတ်အဖွဲ့သို့ ဝင်ရောက်ခြင်းဖြင့် ကျွန်းများ၊ သယံဇာတများနှင့် လုံခြုံရေး အားလုံးကို အာမခံချက် ပေးနိုင်မည် ဖြစ်၏။ ထောင်ချီ ငှက်မွေး မဟာမိတ်အဖွဲ့တွင် ဒွာရပေါင်းစည်းခြင်း အဆင့်များစွာ ရှိသော်လည်း သူတို့က နေရာတိုင်းတွင် ရှိမနေပေ။ အခွင့်ထူး အချို့တော့ ရှိနေသေးသည်။
သို့သော်လည်း ချွီချင်းရှန်းက နှစ်ပေါင်းများစွာ အုပ်ချုပ်လာခဲ့သော ဂိုဏ်းကို စွန့်လွှတ်၍ အခြားနေရာတွင် အစသစ်မှ ပြန်စရခြင်းကို လက်ခံနိုင်သော်လည်း ယွမ်ချန်ဓားဂိုဏ်း ပျောက်ကွယ်သွားပြီး အခြားသူ၏ ဌာနခွဲတစ်ခု ဖြစ်သွားရခြင်းကိုမူ လက်မခံနိုင်ချေ။ အချိန် ကြာမည် မဟုတ်ပေ။နှစ်ဆယ်အတွင်း ယွမ်ချန်ဓားဂိုဏ်းကို မည်သူကမျှ မှတ်မိတော့မည် မဟုတ်ဘဲ ယွမ်ချန်ဓားဂိုဏ်းမှ သက်ကြီးရွယ်အိုများပင်လျှင် အတူတူပင် ဖြစ်သွားလောက်သည်။
"မလုပ်ဘူး... ငါတို့ ကိုယ်တိုင်ပဲ ထောင်ချီ ငှက်မွေး မဟာမိတ်အဖွဲ့ထဲ ဝင်မယ်"
ကျိုးကျိရွှမ်းက မျက်လုံးပြူး၍ ပြောလိုက်၏။
ယွမ်ချန်ဓားဂိုဏ်း ပျောက်ကွယ်သွားခြင်းက ကျိုးကျိရွှမ်းကို သတ်ပစ်ခြင်းထက်ပင် ပို၍ နာကျင်စေသည်။ သူ၏ ဘဝတစ်လျှောက်လုံးတွင် သိုင်းပညာလမ်းစဉ်ကို လိုက်စားခြင်းအပြင် ကျိုးကျိရွှမ်း၏ အကြီးမားဆုံး ဆန္ဒမှာ ယွမ်ချန်ဓားဂိုဏ်း စဉ်ဆက်မပြတ် ကြီးထွား ဖွံ့ဖြိုးလာသည်ကို မြင်တွေ့ရခြင်းပင် ဖြစ်၏။
သို့သော်လည်း ယခု ယွမ်ချန်ဓားဂိုဏ်း ပျောက်ကွယ်တော့မည်ဟု ကြားသိရခြင်းကို ကျိုးကျိရွှမ်း လုံးဝ သည်းမခံနိုင်ချေ။
"အစပိုင်းမှာတော့ ကိုယ်တိုင် သီးသန့် ထောင်ချီ ငှက်မွေး မဟာမိတ်အဖွဲ့ထဲ ဝင်ရတာ အတော်လေး စိန်ခေါ်မှု ဖြစ်လိမ့်မယ်"
ချွီချင်းရှန်းက တိုးတိုးလေး ရေရွတ်၍ ချန်ဖေးကို လှမ်းကြည့်လိုက်သည်။
ယခုအခါ ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့် သုံးဦး ရှိနေပြီ ဖြစ်ရာ ချွီချင်းရှန်းက ဤကိစ္စနှင့် ပတ်သက်၍ ချန်ဖေး မည်သို့ တွေးထင်သည်ကို သိချင်နေ၏။ သို့မဟုတ် ပို၍ တိတိကျကျ ဆိုရလျှင် ဤအခိုက်အတန့်တွင် ချန်ဖေး၏ ထင်မြင်ချက်က နောက်ထပ် ဘာလုပ်ရမည်ကို အမှန်တကယ် ဆုံးဖြတ်ပေးနိုင်ပေသည်။
"ဘယ်လောက်ပဲ ခက်ခဲပါစေ... ဆက်သွားလို့ ရနေသေးတာပဲ မဟုတ်လား"
ချန်ဖေးက ချွီချင်းရှန်းနှင့် ကျိုးကျိရွှမ်းကို ကြည့်ကာ မျက်နှာပေါ်တွင် သဲ့သဲ့ ပြုံးရောင်လေး ထွက်ပေါ်လာရင်း ပြောလိုက်၏။
နတ်တိမ်ဓားဂိုဏ်း နောက်သို့ မလိုက်ပါဘဲ ယွမ်ချန်ဓားဂိုဏ်းက ထောင်ချီ ငှက်မွေး မဟာမိတ်အဖွဲ့ တစ်ခုလုံးတွင် အလွန် သာမန် အင်အားစု တစ်ခုသာ ဖြစ်နေမည် ဖြစ်သည်။ အသစ်ဝင်ရောက်လာသူများ အနေဖြင့် ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့် သုံးဦး ရှိနေလျှင်တောင်မှ သူတို့က အားနည်းပြီး ယှဉ်ပြိုင်နိုင်စွမ်း မရှိသေးချေ။
နေရာများစွာတွင် ပြင်ပလူများကို ဖယ်ကြဉ်လိုသော စိတ်ဓာတ် ရှိတတ်ကြသည်။ ဤသည်က ဗီဇနီးပါး ဖြစ်၏။ ပြင်ပလူများကို ဖယ်ကြဉ်ရုံသာမက အသစ်ရောက်လာသူများကိုပါ အနိုင်ကျင့်တတ်ကြသည်။ သာမန် လူသားများကြားတွင်ပင် ဤသည်က အမှန်တရား ဖြစ်ပါက သိုင်းပညာရှင်များကြားရှိ ဖယ်ဉ်ခြင်းနှင့် အနိုင်ကျင့်ခြင်းများက ပို၍ပင် တိုက်ရိုက်ကျပြီး ကြမ်းတမ်းမည်မှာ သေချာလှသည်။
ထို့ကြောင့် ထောင်ချီ ငှက်မွေး မဟာမိတ်အဖွဲ့သို့ တစ်ကိုယ်တော် ဝင်ရောက်ခြင်းက အခြေခံအားဖြင့် အခက်ခဲဆုံး လမ်းကြောင်းကို ရွေးချယ်ခြင်းပင် ဖြစ်၏။
သို့သော်လည်း သူ ဘာလုပ်နိုင်မည်နည်း။ ချန်ဖေး ပြောသကဲ့သို့ မည်မျှပင် ခက်ခဲစေကာမူ ရှေ့ဆက်သွား၍ ရနေသေးသည် မဟုတ်ပါလော။
"ဟားဟား... ဟုတ်တယ်... ဘယ်လောက်ပဲ ခက်ခဲနေပါစေ... သူတို့က ဘာလုပ်နိုင်မှာမို့လို့လဲ"
ကျိုးကျိရွှမ်းက ချန်ဖေး၏ စကားများကို ကြားသောအခါ ရယ်မောလိုက်ပြီး ချန်ဖေး၏ ပခုံးကို ခပ်ပြင်းပြင်း ပုတ်လိုက်ရာ သူ၏ မျက်လုံးများတွင် သက်သာရာရမှုများ ပြည့်နှက်နေ၏။
"ကောင်းပြီ... အဲဒါဆိုရင် ငါတို့ သီးခြားစီ ထောင်ချီ ငှက်မွေး မဟာမိတ်အဖွဲ့ကို ဝင်ကြတာပေါ့... နတ်တိမ်ဓားဂိုဏ်းကို ငါ ရှင်းပြလိုက်မယ်"
ချွီချင်းရှန်း၏ မျက်နှာပေါ်တွင်လည်း အပြုံးတစ်ခု ထွက်ပေါ်လာသည်။
ဂိုဏ်း၏ အနာဂတ်အတွက် ချန်ဖေးက သူတို့ဘက်မှ ခိုင်မာစွာ ရပ်တည်ပေးနေသရွေ့ သူတို့ကို တားဆီးနိုင်မည့် အခက်အခဲ မရှိဟု ချွီချင်းရှန်း ယုံကြည်ထား၏။ အဆိုးဆုံး အခြေအနေတွင် အစပိုင်း၌ သတိထား၍ နေထိုင်ရမည် ဖြစ်သော်လည်း ချန်ဖေး ကြီးထွားလာသည်နှင့်အမျှ အရာအားလုံးက ပြောင်းလဲသွားမည် ဖြစ်သည်။
ချန်ဖေး၏ မျက်နှာပေါ်တွင် သဲ့သဲ့ ပြုံးရောင်လေး ထွက်ပေါ်လာပြီး ဂူအပြင်ဘက်သို့ လှည့်ကြည့်လိုက်၏။
ပြင်းထန်သော လေပြင်းများက မိုးပေါက်များကို မွှေ့ယမ်းနေသော်လည်း မိုးနှင့်လေက နောက်ဆုံးတွင် ရပ်တန့်သွားမည် ဖြစ်သည်။ မုန်တိုင်းက နှစ်ရက်တိုင်တိုင် တိုက်ခိုက်ပြီးနောက် တဖြည်းဖြည်း ငြိမ်သက်သွား၏။
ယွီ မိသားစုက ကျွန်းပေါ်တွင် ဝှက်ထားသော သင်္ဘောကြီးများကို တူးဖော်ထုတ်ယူလိုက်ကြသည်။ သို့သော်လည်း ဤသင်္ဘောများကို လွန်ခဲ့သည့် နှစ်အနည်းငယ်က အထူး ဂရုစိုက်၍ တည်ဆောက်ခဲ့သော်လည်း အစိတ်အပိုင်းများစွာမှာ ပျက်စီးယိုယွင်းမှုများ ရှိနေဆဲပင်။
ကံကောင်းထောက်မစွာဖြင့် သင်္ဘောများ၏ အဓိက တည်ဆောက်ပုံမှာ ကြီးမားသော ပြဿနာများ မရှိချေ။ ထို့ကြောင့် နှစ်ရက်ကြာ ပြုပြင်ပြီးနောက် ကမန်းကတန်း တည်ဆောက်ထားသော လှေအချို့ဖြင့် အားလုံးက ပင်လယ်ပြင်သို့ ခရီးဆက်ခဲ့ကြသည်။
ဤခရီးစဉ်က ငါးရက်နီးပါး ကြာမြင့်ခဲ့၏။ ကံကောင်းထောက်မစွာဖြင့် ရာသီဥတုက ယခင်ရက်များကဲ့သို့ ကြမ်းတမ်းမနေသဖြင့် ပဉ္စမမြောက်နေ့တွင် အားလုံး၏ ရှေ့၌ နောက်ထပ် ကျွန်းတစ်ကျွန်း ပေါ်လာသည်။ အနားယူခြင်း၊ ဈေးဝယ်ခြင်းနှင့် ပို၍ ကြီးမားသော သင်္ဘောအချို့ကို ဝယ်ယူပြီးနောက် အဖွဲ့က ခမ်းနားကြီးကျယ်စွာ ထပ်မံ ထွက်ခွာခဲ့ကြ၏။ နောက်ဆုံးတွင် ရက်အနည်းငယ် ကြာပြီးနောက် အားလုံးက ယွီ မိသားစု မူလက အုပ်ချုပ်ခဲ့သော ကျွန်းသို့ ရောက်ရှိလာကြသည်။
ယွီ မိသားစုက အဆုံးမဲ့ပင်လယ်တွင် လူအချို့ကို နောက်တွင် ချန်ထားခဲ့သည်။ သို့သော် ထိုသူများ၏ အမြင့်ဆုံးကျင့်ကြံအဆင့်မှာလည်း ဒွာရသန့်စင်ခြင်း အစောပိုင်းအဆင့်သာ ဖြစ်သည်။ ထိုသူတို့ကို အရန်အစီအစဉ်အဖြစ် ထားရှိခဲ့ခြင်းသာ ဖြစ်သော်လည်း၊ မမျှော်လင့်ဘဲ ဤမျှမြန်ဆန်စွာ အသုံးဝင်လာမည်ဟုတော့ မထင်ထားခဲ့ကြပေ။
လွန်ခဲ့သည့် နှစ်အနည်းငယ် အတွင်း ယွီ မိသားစု၏ ကျွန်းမှာ များစွာ ခြောက်ကပ်သွားခဲ့သော်လည်း ဤမျှ များပြားသော လူအုပ်ကြီး ရောက်ရှိလာမှုနှင့်အတူ ကျွန်းတစ်ခုလုံးက ရုတ်တရက် ပြန်လည် သက်ဝင်လှုပ်ရှားလာခဲ့သည်။
ဤအချိန်တွင် ကျွန်းများစွာက တစ်ခုနှင့်တစ်ခု အလွန် နီးကပ်နေပြီ ဖြစ်ရာ အခြား အင်အားစုများ၏ ဂိုဏ်းတံခါးများသို့ သွားရောက်ရန် ရက်ပေါင်းများစွာ ခရီးသွားရန် မလိုအပ်တော့ချေ။ ဒွာရသန့်စင်ခြင်း အဆင့်၏ ကိုယ်ဖော့ပညာဖြင့် ဆိုလျှင် အင်အားစုများစွာ အကြား နေ့ချင်းပြန် ခရီးသွားနိုင်မည် ဖြစ်ပြီး ခန္ဓာကိုယ် ကြံ့ခိုင်ခြင်း အဆင့်ရှိ သိုင်းပညာရှင်များသာလျှင် ကျွန်းများကြား ခရီးသွားရန် လှေကိုလည်း စီးနင်းရမည် ဖြစ်၏။
ထောင်ချီ ငှက်မွေး မဟာမိတ်အဖွဲ့သို့ ဝင်ရောက်ရန် မဟာမိတ်အဖွဲ့၏ ဌာနချုပ်သို့ တိုက်ရိုက် သွားရောက်ရန် မလိုအပ်ဘဲ အနီးနားရှိ ဟိုင်ယန် မြို့တွင် တိုက်ရိုက် လျှောက်ထားနိုင်သည်။ ဟိုင်ယန် မြို့က အနီးအနားတွင် အကြီးဆုံးမြို့ ဖြစ်ပြီး အကြီးဆုံး ကျွန်းလည်း ဖြစ်ကာ ကုန်းမြေငယ်လေး တစ်ခုနှင့်ပင် မခွဲခြားနိုင်လောက်အောင် ကြီးမားလှ၏။
ချွီချင်းရှန်းက သူ၏ ဆုံးဖြတ်ချက်ကို နတ်တိမ်ဓားဂိုဏ်းအား ရှင်းပြခဲ့သည်။ နတ်တိမ်ဓားဂိုဏ်းက သူ့ကို နေရန် ဖျောင်းဖျ ကြိုးစားခဲ့သော်လည်း အတင်းအကျပ် မတောင်းဆိုခဲ့ချေ။ နှစ်ဖက်စလုံးက ကောင်းမွန်စွာ လမ်းခွဲခဲ့ကြ၏။
အကယ်၍ ယွမ်ချန်ဓားဂိုဏ်းက နတ်တိမ်ဓားဂိုဏ်း အတွင်းသို့ ပေါင်းစည်းရန် ဆန္ဒရှိပါက နတ်တိမ်ဓားဂိုဏ်းက သဘာဝကျစွာ ကြိုဆိုမည် ဖြစ်သည်။ အကယ်၍ မလိုလားပါကလည်း နတ်တိမ်ဓားဂိုဏ်းမှ ဆုံးရှုံးမှုမှာ သိပ်မများလှပေ။
ယွမ်ချန်ဓားဂိုဏ်းကို အဆုံးမဲ့ပင်လယ်သို့ ခေါ်ဆောင်လာခြင်းသည် နှစ်ပေါင်းများစွာ ယွမ်ချန်ဓားဂိုဏ်းကို ထောက်ပံ့ကူညီခဲ့သည့်အတွက် ပြန်လည်ကျေးဇူးတင်သည့်အနေဖြင့် နတ်တိမ်ဓားဂိုဏ်းမှ ပေးအပ်သော သေးငယ်သည့် ကျေးဇူးပြန်လည်ဆပ်မှုတစ်ခုဟု ဆိုနိုင်သည်။
အဆုံးမဲ့ ပင်လယ်၏ ကောင်းကင်နှင့်မြေကြီး မူလချီစွမ်းအင် အောက်တွင် နတ်တိမ်ဓားဂိုဏ်းက ဒွာရပေါင်းစည်းခြင်း အဆင့်သစ် တစ်ဦးကို ဖန်တီးရန် ယုံကြည်ချက် အပြည့် ရှိနေသည်။
ဒွာရပေါင်းစည်းခြင်း အဆင့်ကို ချောမွေ့စွာ ချိတ်ဆက်နိုင်သရွေ့ နတ်တိမ်ဓားဂိုဏ်းက ထောင်ချီ ငှက်မွေး မဟာမိတ်အဖွဲ့ အတွင်း၌ အခိုင်အမာ ရပ်တည်နိုင်မည် ဖြစ်၏။ ယွမ်ချန်ဓားဂိုဏ်းက နတ်တိမ်ဓားဂိုဏ်း အတွင်းသို့ မပေါင်းစည်းခြင်းမှာ ယွမ်ချန်ဓားဂိုဏ်းအတွက်သာ ဆုံးရှုံးမှု ဖြစ်သည်။
လဝက်ခန့် အကြာတွင် ကျွန်းတစ်ကျွန်းပေါ်၌ ရွာသူရွာသား တစ်စုက အဝေးမှ ကြီးမားသော ဆောက်လုပ်ရေး လုပ်ငန်းများ စတင်နေသည်ကို သိချင်စိတ်ဖြင့် ကြည့်နေကြ၏။ ထောင်ချီ ငှက်မွေး မဟာမိတ်အဖွဲ့၏ လွှမ်းမိုးမှု နယ်ပယ် အတွင်းရှိ ကျွန်းများစွာတွင် လူများ နေထိုင်ကြသော်လည်း ကျွန်းတိုင်းတွင် အင်အားစုများ တပ်စွဲထားခြင်း မရှိပေ။
ယင်းက ကျွန်းပတ်လည်တွင် သင့်လျော်သော ကျင့်ကြံခြင်း သယံဇာတများ ရှိမရှိ ဆိုသည့်အချက်အပေါ် လုံးဝ မူတည်နေ၏။ ယွမ်ချန်ဓားဂိုဏ်းက ရွေးချယ်လိုက်သော ကျွန်းမှာ ပတ်ဝန်းကျင် သယံဇာတများ အလွန် ညံ့ဖျင်းသဖြင့် ယခင်က မည်သည့် အင်အားစုကမျှ ဤနေရာတွင် တပ်စွဲထားခြင်း မရှိခဲ့ချေ။
ဤအခိုက်အတန့်တွင် ယွမ်ချန်ဓားဂိုဏ်း တစ်ခုတည်းသာ ဤကျွန်းပေါ်တွင် ရှိနေခြင်း မဟုတ်ဘဲ ချန်ရွှေတောင်ကြားဂိုဏ်း လည်း ရှိနေ၏။ ချန်ရွှေတောင်ကြားဂိုဏ်းက အဆုံးတွင် ယွမ်ချန်ဓားဂိုဏ်း ကဲ့သို့ပင် ထောင်ချီ ငှက်မွေး မဟာမိတ်အဖွဲ့သို့ လွတ်လပ်စွာ ဝင်ရောက်မည့် လမ်းကြောင်းကို ရွေးချယ်ခဲ့သည်။
ထင်ရှားသည်မှာ ချန်ရွှေတောင်ကြားဂိုဏ်းကလည်း နတ်တိမ်ဓားဂိုဏ်း၏ ဌာနခွဲတစ်ခု ဖြစ်လာမည့်အစား သူတို့၏ ဂိုဏ်းအမွေအနှစ်ကို ထိန်းသိမ်းလိုကြခြင်း ဖြစ်၏။
ယွမ်ချန်ဓားဂိုဏ်းနှင့် ပူးပေါင်းခြင်းက လုံးဝ အပြန်အလှန် အထောက်အကူပြုရန်နှင့် အစောပိုင်း ကာလ၏ အခက်ခဲဆုံး အချိန်များကို ဖြတ်ကျော်နိုင်ရန် ဖြစ်သည်။ မည်သို့ပင်ဆိုစေ ဂိုဏ်းနှစ်ခု၏ ပေါင်းစပ် အင်အားမှာ ဒွာရသန့်စင်ခြင်း အထွတ်အထိပ်အဆင့် လောက် မစွမ်းဆောင်နိုင်သော်လည်း စပ်စုချင်သော အကြည့်အချို့ကို ခုခံနိုင်ရန် လုံလောက်နေသေး၏။
မျက်စိတစ်မှိတ်အတွင်း လနှစ်ဝက် ကုန်လွန်သွားပြီး ကျွန်းတစ်ခုလုံး ငြိမ်သက်နေသည်။ ယွမ်ချန်ဓားဂိုဏ်းနှင့် ချန်ရွှေတောင်ကြားဂိုဏ်းတို့က အဆုံးမဲ့ ပင်လယ်နှင့် တဖြည်းဖြည်း ရင်းနှီးကျွမ်းဝင်လာကြ၏။ ပတ်ဝန်းကျင် အပြောင်းအလဲကြောင့် ဖြစ်နိုင်သော်လည်း ဂိုဏ်းနှစ်ခုတွင် လူသုံးဦး ဆက်တိုက် ဒွာရသန့်စင်ခြင်း အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ကြသည်။
"ဂိုဏ်းတူအစ်မကျန်း... ဂုဏ်ယူပါတယ်"
ခြံဝန်းထဲတွင် ချန်ဖေးက ကျန်းဖန်းချုံးကို လက်အုပ်ချီ၍ ပြောလိုက်၏။
"ဂိုဏ်းတူမောင်လေးချန်နဲ့ ယှဉ်ရင်တော့ အစ်မက အများကြီး နောက်ကျနေပါပြီ"
ကျန်းဖန်းချုံးက ချန်ဖေးကို ကြည့်ရင်း သူမ၏ မျက်လုံးများထဲတွင် ဖော်ပြ၍ မရနိုင်သော အဓိပ္ပာယ်များ ပြည့်နှက်နေ၏။
ဆယ်ရက်အကြာတွင် ကောဟုန်ကျယ်က အဆင့်တက်ရန် ကြိုးစားခဲ့သော်လည်း အဆုံးတွင် ကျရှုံးသွားခဲ့သည်။ နောက်ပိုင်းတွင် ဂိုဏ်းနှစ်ခုလုံးမှ ထပ်မံ ကြိုးစားကြသော်လည်း အားလုံး ကျရှုံးမှုဖြင့်သာ အဆုံးသတ်သွား၏။ အဆုံးမဲ့ ပင်လယ်က အဆင့်တက်ရန် အနည်းငယ် ပိုလွယ်ကူစေသော်လည်း အနည်းငယ်မျှသာ ဖြစ်သည်။
ခြံဝန်းထဲတွင်။
"ရွှစ်!"
အလွန် ထက်မြက်သော ဓားအလင်းတန်း တစ်ခုက ချန်ဖေး၏ လက်ထဲတွင် လှည့်ပတ်နေပြီး ယင်းမှာ ချန်ဖေး ယခင်က အသုံးပြုဖူးသမျှထဲတွင် အထက်မြက်ဆုံးသော ဓားဆန္ဒ စွမ်းအားပင် ဖြစ်၏။ ယွမ်ချန် ဓားကျမ်းစာ၏ ဆဋ္ဌမမြောက် ကျင့်စဉ်ဖြစ်သော သတ်ဖြတ်ခြင်းဓားသွား ဓားသိုင်းက နောက်ဆုံးတွင် အထွတ်အထိပ်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။
နောက်ရက်များတွင် လဝက်ခန့် တုံ့ဆိုင်းနေပြီးနောက် ချန်ဖေး၏ ဒွာရများက ထပ်မံ ပွင့်လာခဲ့ရာ ယခုအခါ ချန်ဖေး၏ ဒွာရ အရေအတွက်မှာ ၁၀၆ ခုသို့ ရောက်ရှိသွားပြီ ဖြစ်သည်။