← Chapters

အခန်း ၂၆

Vol. 3 Ch. 26

အခန်း ၂၆

Vol. 3 Ch. 26

အပိုင်း ၂၆

ကွမ်ကျွီနန်းဆောင်သို့ ပြန်ရောက်သောအခါ၊ ယွီမြောင်ဟွာသည် သူမကို စိုးရိမ်တကြီး စောင့်ကြိုနေကြသော ချွေ့ဝေနှင့် အခြားသူများကို အေးဆေးတည်ငြိမ်စွာဖြင့်ပင် ရင်ဆိုင်ခဲ့သည်။ "ပန်ကုန်း ဗိုက်ဆာနေပြီ။ ထမင်းပွဲပြင်လိုက်တော့" သူမ ပြောလိုက်၏။

သူမ၏ မကောင်းသော စိတ်ခံစားချက်များကို အခြားသူများထံ ကူးစက်စေရန် မလိုအပ်ဟု သူမ ယူဆမိသည်။

စောစောက ဧကရာဇ်မင်းမြတ် သူမဘက်မှ မတ်တတ်ရပ် ကာကွယ်ပေးခဲ့သော်လည်း၊ သူမအတွက်ကြောင့်နှင့် မယ်တော်ကြီးကို အကြိမ်ကြိမ် ဆန့်ကျင်လိမ့်မည်ဟု သူမ မယုံကြည်ပေ။ ဧကရာဇ်သည် အချစ်ကြောင့် မျက်စိကန်းနေမည့်သူ မဟုတ်ပေ—သူ့အတွက်မူ တိုင်းပြည်တည်ငြိမ်ရေးကသာ အရေးအကြီးဆုံး ဖြစ်၏။ သာမန်ကိုယ်လုပ်တော်တစ်ဦးအတွက်နှင့် မိဘကို မရိုသေသောသားတစ်ဦးအဖြစ် သူ၏ဂုဏ်သတင်းကို အဘယ်ကြောင့် အညှိုးနွမ်းခံပါမည်နည်း။

သူမ၏ တည်ငြိမ်သော အမူအရာကို မြင်လိုက်ရမှသာ ချွေ့ဝေနှင့် အခြားသူများသည် စိုးရိမ်ပူပန်မှုများမှ နောက်ဆုံးတွင် သက်သာရာရသွားကြသည်။

ယွီမြောင်ဟွာတစ်ယောက် မယ်တော်ကြီး၏ နင်ရှို့နန်းဆောင်တွင် ထိန်းသိမ်းခံထားရစဉ်က ချွေ့ဝေနှင့် ချင်းလျိုတို့သည် မောင်းထုတ်ခံရပြီး သူတို့ဘာသာ ပြန်လာခဲ့ကြရ၏။ မွန်းတည့်ချိန်ကျော်သည်အထိ သူတို့သခင်မ၏ အရိပ်အယောင်မျှပင် မတွေ့ရသဖြင့် သူတို့မှာ အလွန်ဂနာမငြိမ် ဖြစ်နေကြသော်လည်း၊ မယ်တော်ကြီးကို ပို၍ ဒေါသထွက်စေပြီး အခြေအနေ ပိုဆိုးသွားမည်ကို စိုးရိမ်သဖြင့် နင်ရှို့နန်းဆောင်သို့ သွားရောက်စုံစမ်းရန် မဝံ့ရဲခဲ့ကြပေ။

ထိုအတောအတွင်း အခြားနန်းဆောင်များမှ အစေခံများက ယွီမြောင်ဟွာမှာ ယခုတစ်ကြိမ်တော့ သွားပြီဖြစ်ကြောင်းနှင့် ကွမ်ကျွီနန်းဆောင်၏ ကောင်းသောနေ့ရက်များ ကုန်ဆုံးသွားပြီဖြစ်ကြောင်း တိုးတိုးတိတ်တိတ် အတင်းပြောနေကြလေသည်။

ချွေ့ဝေသည် ထိုအတင်းပြောနေသူများကို စိတ်ထဲက မှတ်သားထားလိုက်ပြီး၊ မဆင်မခြင်ပြောသောစကားများကြောင့် သခင်မအတွက် အခက်အခဲများ ပိုမလာစေရန် နန်းဆောင်ရှိ အစေခံများကို သတိထားနေထိုင်ကြဖို့ အမိန့်ပေးခဲ့၏။

ထိုနာရီအနည်းငယ်မျှသည် မခံမရပ်နိုင်သော တင်းမာမှုများဖြင့် ပြည့်နှက်နေပြီး ထာဝရကာလကဲ့သို့ပင် ရှည်လျားလှသည်ဟု ခံစားရသည်။

ကံကောင်းစွာဖြင့်ပင် သခင်မသည် ဘေးကင်းရန်ကင်း ပြန်ရောက်လာခဲ့၏။

"မယ်မယ် ဘာသုံးဆောင်ချင်ပါလဲ" ချွေ့ဝေ မေးလိုက်သည်။

အစားမစားရသည်မှာ ကြာသွား၍ဖြစ်မည်၊ ယွီမြောင်ဟွာသည် အရင်ကကဲ့သို့ ဗိုက်အရမ်းဆာနေသလိုမျိုး မခံစားရတော့ပေ။ ပုံမှန်ဆိုလျှင် ခေါက်ဆွဲတစ်ပွဲလောက်နှင့်ပင် ကျေနပ်မိမှာဖြစ်သော်လည်း၊ ယခုမူ…

သူမ၏ အကြည့်သည် ချွေ့ဝေ၊ ချင်းလျိုနှင့် အခြားသူများ၏ မသက်မသာဖြစ်နေသော မျက်နှာများဆီသို့ ဝေ့ဝဲသွား၏။ အလိုက်သင့်ပင် စဉ်းစားဟန်ပြုလိုက်လေသည်။ "ဒီနေ့ နည်းနည်းအေးတယ်နော်။ ဟော့ပေါ့စားရအောင်—မုန်ညင်းချဉ်ဟော့ပေါ့ပေါ့။ အမဲသားနဲ့ သိုးသားကို ပါးပါးလေးလှီး၊ ငါးဆုပ်တွေလုပ်၊ ဟင်းသီးဟင်းရွက်တချို့ကိုလဲ ဆေးထားလိုက်။ ပြီးတော့ သိုးသားကင် နည်းနည်းလဲ ယူခဲ့အုံးး"

ဆောင်းရာသီတွင် လတ်လတ်ဆတ်ဆတ် ဟင်းသီးဟင်းရွက်များသည် ဇိမ်ခံပစ္စည်းတစ်မျိုးပင် ဖြစ်၏။ တော်ဝင်မိသားစုအတွက် ဟင်းသီးဟင်းရွက်များကို ရေပူစမ်းခြံဝင်းများနှင့် အပူပေးဖန်လုံအိမ်များတွင် စိုက်ပျိုးကြသည်။ ကွေ့ဖေးတစ်ဦးအနေဖြင့် ယွီမြောင်ဟွာမှာ ထိုကဲ့သို့သော အထောက်အပံ့များအတွက် လိုလေသေး မရှိလှပေ။

သူမ ဤကဲ့သို့ စားဖွယ်စုံမှာကြားရန် စိတ်ပါနေသည်ကို မြင်ရသဖြင့် ချွေ့ဝေမှာ ပို၍ စိတ်အေးသွား၏—အခြေအနေမှာ အလွန်အမင်း ဆိုးရွားပုံမရဟု တွေးမိသွားသောကြောင့်ပင်။

သခင်မ၏ တည်ငြိမ်မှုကို စောင့်ကြည့်နေကြသော အစေခံများသည်လည်း စိတ်ချလက်ချဖြင့် မိမိတို့၏ အလုပ်ဝတ္တရားများကို ဆောင်ရွက်ကြသည်။

ဟော့ပေါ့ပြင်ဆင်ရန် အချိန်ယူရမည်ဖြစ်သဖြင့်၊ မီးဖိုဆောင်က ကြိုတင်စားသုံးရန် ကြက်သားခေါက်ဆွဲစွပ်ပြုတ် တစ်ပွဲကို အရင်ပို့ပေးခဲ့၏။ စွပ်ပြုတ်ရည်ကို မနက်ကတည်းက တည်ထားခြင်းဖြစ်ပြီး အပေါ်ယံမှ အဆီများကို ဖယ်ရှားထားသဖြင့် အလွန်ကြည်လင်နေတော့သည်။ အချိုမုန့်လေးများလည်း ပါဝင်လေသည်။

စွပ်ပြုတ်တစ်ဝက်ခန့် ကုန်သောအခါ ဟော့ပေါ့ရောက်လာ၏။ ယွီမြောင်ဟွာက အချိုမုန့်များကို မတို့မထိဘဲ ချွေ့ဝေနှင့် အခြားသူများကိုသာ ဝေပေးလိုက်သည်။

ထိုအချိန်လေးကို စိတ်လက်ပေါ့ပါးစွာဖြင့် ဝဝလင်လင်စားရန် ဆုံးဖြတ်ထားသဖြင့် သူမသည် ဟော့ပေါ့အများစုကို ကုန်အောင်စားလိုက်၏။ ရလဒ်မှာတော့ ရှောင်လွှဲမရပေ—သူမ အစားလွန်သွားသဖြင့် အစာကြေဆေးသောက်လိုက်ရသည်။

အစာကြေရန် နန်းတော်ထဲတွင် လမ်းလျှောက်နိုင်သော်လည်း ထိုသို့ပြုလုပ်ရန်မှာ အနည်းငယ် ရှက်စရာကောင်းသည်ဟု သူမ ယူဆမိသည်။

အိပ်ဆောင်ခုံတန်းရှည်ပေါ်တွင် ထိုင်နေရင်း၊ ဟာလာဟင်းလင်းဖြစ်နေသော စိတ်ဖြင့် လေထဲသို့ ငေးကြည့်နေမိ၏။ ကွမ်ကျွီနန်းဆောင် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး၊ အစေခံများသည် သခင်မကို အနှောင့်အယှက်မဖြစ်စေရန် သတိထားရင်း အချင်းချင်း အကြည့်ချင်းဖလှယ်ကာ ဆက်သွယ်ကြသည်။

[Host၊ ဇာတ်လမ်းတွဲ ကြည့်ချင်လား။ Hostရဲ့ အကြိုက်နဲ့ ကိုက်ညီမဲ့ နန်းတွင်းလုပ်ကြံမှု ဇာတ်လမ်းတွဲ အချို့ကို ငါ ရှာထားတယ်— "XX ရာဇဝင်ချုပ်"၊ "XX နည်းဗျူဟာများ"၊ "XXX အရှုပ်တော်ပုံ"... ကြည့်ကြည့်မလား] နန်းတွင်းလုပ်ကြံမှုစနစ်က တိုးတိုးတိတ်တိတ် ပြောလာလေ၏။

[ဒါက နင့်ရဲ့ တောင်းပန်တဲ့နည်းလား။ အရင်တုန်းကတော့ ငါ့ကို မစ်ရှင်တွေထဲ တွန်းပို့ဖို့ အရမ်းအားသန်နေခဲ့တာ မဟုတ်ဘူးလား]

ယွီမြောင်ဟွာ သတိထားမိသည်မှာ ကြာပြီပင်၊ စနစ်သည် ဤလောကပြင်ပမှဖြစ်မည် သို့မဟုတ် လူသားမဟုတ်တာလည်းဖြစ်မည်၊ ဤကမ္ဘာမှ လူသားများကို ဂိမ်းထဲက NPC များကဲ့သို့ သဘောထားပြီး အလုပ်ပြီးမြောက်ရန်အတွက် ဘာမဆိုလုပ်ရန် ဝန်မလေးပေ။ သို့သော် သူမအတွက်မူ... အတိတ်ဘဝ၏ မှတ်ဉာဏ်များ မနိုးထမီကပင် သူမသည် ဤလောကတွင် ဆယ်စုနှစ်တစ်ခုကျော်ကြာ နေထိုင်ခဲ့ပြီးဖြစ်သည်။

စနစ်၏ လေသံမှာ အနည်းငယ် အားနာဟန် ပေါက်သွား၏။ [ဧကရာဇ်မင်းမြတ်က Host ကို တကယ်မျက်နှာသာပေးတာပဲ။ ငါတို့ အဆင်ပြေသွားမှာပါ!]

စနစ်က ဘယ်ကနေ ဒီလိုယုံကြည်မှုတွေ ရနေလဲဆိုတာ ယွီမြောင်ဟွာ မသိပေ။ အမှန်အတိုင်းပြောရလျှင် ဘဝတစ်ခု ပိုနေရခြင်းက သူမအတွက် ဆုလာဘ်တစ်ခုဖြစ်နေပြီဖြစ်သော်လည်း ဖြစ်နိုင်လျှင်တော့ ဤဘဝမှ သူမ၏ မိသားစုကို ဒုက္ခထဲ ဆွဲမသွင်းချင်ပေ။

[နင်ပြောတဲ့ ဇာတ်လမ်းတွဲတွေကို ဖွင့်ဖို့အတွက် အမှတ်တွေ လိုမှာပေါ့] စိတ်တိုနေသည့်အချိန်ဖြစ်သဖြင့် ယွီမြောင်ဟွာသည် စနစ်ကို အကျပ်ကိုင်ရန် ဆုံးဖြတ်လိုက်သည်။ ပြီးမြောက်သော မစ်ရှင်တိုင်းအတွက် သူမက အမှတ်များရရှိရုံသာမက စနစ်ကလည်း စွမ်းအင်နှင့် အမှတ်ဝေစုများကို ရရှိသည်ကို သူမ သိထား၏။

ကုန်ကျစရိတ်ကြောင့် နန်းတွင်းလုပ်ကြံမှုစနစ်က တွန့်ဆုတ်နေသော်လည်း ယွီမြောင်ဟွာ၏ တည်ငြိမ်လွန်းနေသော အမူအရာကို မြင်လိုက်ရသောအခါ... နောက်ဆုံးတွင် အလျှော့ပေးလိုက်ရပြီး သူမအတွက် ဇာတ်လမ်းတွဲများဖွင့်ပေးရန် ၎င်း၏ ကိုယ်ပိုင်အမှတ်များကို မကျေမနပ်ဖြင့် သုံးစွဲလိုက်ရသည်။

ကပ်စေးနှဲလှသော စနစ်ထံမှ အမှတ်များ ညှစ်ထုတ်လိုက်ရပြီး ၎င်း၏ တွန့်ဆုတ်နေမှုကို ကြည့်လိုက်ရခြင်းက ယွီမြောင်ဟွာ၏ ရင်ထဲမှ မွန်းကြပ်မှုများကို အနည်းငယ် ပြေပျောက်စေခဲ့၏။

သူမ ဇာတ်လမ်းတွဲတစ်ခုကို ရွေးချယ်တော့မည့်အချိန်မှာပင် ကိုယ်လုပ်တော်ကျောက်က ရောက်ရှိလာသည်။ ဤဟာသည် စားပွဲပြီးကတည်းက သူမ ကွမ်ကျွီနန်းဆောင်ကို ပထမဆုံးအကြိမ် လာရောက်ခြင်း ဖြစ်၏။

ကိုယ်လုပ်တော်ကျောက်သည် အပြင်သို့ ထွက်ခဲပြီး နေ့ရက်တိုင်းကို ကခုန််ခြင်းအတတ်ကိုသာ ကြိုးကြိုးစားစား လေ့ကျင့်နေကြောင်း ယွီမြောင်ဟွာ ကြားဖူးသည်—သူမ၏ ဇွဲလုံ့လမှာ တကယ်ပင် ချီးကျူးစရာ ကောင်းလှ၏။

"ကိုယ်လုပ်တော်ကျောက်ကို အထဲ ဖိတ်လိုက်ပါ"

ခဏအကြာတွင် ကိုယ်လုပ်တော်ကျောက်ကို အတွင်းသို့ ခေါ်ဆောင်လာခဲ့သည်။ သူမ၏ နောက်မှ အစေခံတစ်ဦးက မုန့်သေတ္တာတစ်လုံးကို သယ်ဆောင်လာပြီး သူမကိုယ်တိုင်ကမူ နန်မူသစ်သားသေတ္တာလေးတစ်ခုကို ကိုင်ဆောင်ထား၏။

သူမသည် တင့်တယ်လျောက်ပတ်သော အမူအရာဖြင့် ဂါရဝပြုလိုက်သည်။ "အစ်မတော်ယွီကို ဂါရဝပြုပါတယ်"

ယွီမြောင်ဟွာ ပြုံးလိုက်၏။ "ညီမ ကျောက်ကတော့ တကယ်ကို ရှားပါးဧည့်သည်ပဲ"

ကိုယ်လုပ်တော်ကျောက်က ပြန်ပြောခဲ့သည်။ "အစ်မတော်က ကျန်းကျိုးရဲ့ ပန်းထိုးစတိုင်ကို နှစ်သက်တယ်လို့ ကြားမိလို့ အဲဒီစတိုင်နဲ့ နှစ်ဖက်မြင် ပန်းထိုးတစ်ချပ်ကို အချိန်ယူပြီး ထိုးထားတာပါ"

ဟုန်ရှင်းက သေတ္တာကို လက်ခံလိုက်လေသည်၊ ထိုသေတ္တာထဲ၌ စားပွဲပေါ်တွင် တင်ထားရန် သင့်တော်သော နှစ်ဖက်မြင် ပန်းထိုးလိုက်ကာလေး တစ်ခု ပါရှိ၏။ သေသေချာချာ စစ်ဆေးပြီးနောက် ဟုန်ရှင်းက ယွီမြောင်ဟွာထံသို့ ဆက်သလိုက်၏။

စနစ်က တစ်စုံတစ်ရာ ပြဿနာရှိကြောင်း မတွေ့ရှိသဖြင့် ယွီမြောင်ဟွာသည် ထိုလိုက်ကာလေးကို စိတ်ကြိုက် ကြည့်ရှုလိုက်သည်။ တစ်ဖက်တွင် ပန်းများကြားမှ လိပ်ပြာများကို သရုပ်ဖော်ထားပြီး အခြားတစ်ဖက်တွင်မူ သစ်အယ်သီးတစ်လုံးကို ကိုင်ထားသော ရှဉ့်လေးတစ်ကောင်ကို သရုပ်ဖော်ထားသည်မှာ—အလွန်ပင် သက်ဝင်လှပလှ၏။

ကိုယ်လုပ်တော်ကျောက်၏ အရည်အချင်းကို ယွီမြောင်ဟွာ မချီးကျူးဘဲ မနေနိုင်ပေ။ သူမသည် ထူးချွန်သော ကချေသည်တစ်ဦး ဖြစ်ရုံသာမက၊ သူမ၏ ပန်းထိုးလက်ရာမှာလည်း အပြစ်ပြောစရာ မရှိချေ။ သူမ ထိုလိုက်ကာလေးကို အိပ်ဆောင်ခုံတန်းဘေးရှိ စားပွဲလေးပေါ်တွင် တင်လိုက်သည်။ "ကျေးဇူးတင်ပါတယ် ညီမကျောက်။ ဒီပန်းထိုးလက်ရာက တကယ်ကို လှပါတယ်"

သာမန်စကားများ ပြောဆိုပြီးနောက်၊ ကိုယ်လုပ်တော်ကျောက်သည် နောက်ဆုံးတွင် သူမ၏ အစစ်အမှန် ရည်ရွယ်ချက်ကို ပြောပြလာ၏။ "ကျွန်မ အကအသစ်တစ်ခုကို တီထွင်နေတာ အခက်အခဲလေးတစ်ခုနဲ့ တိုးနေလို့။ ရော့လန်နဲ့ ဆွေးနွေးချင်လို့ပါ။ သူမ အကြိုက်ဆုံး မုန့်လုံးလေးတွေတောင် ယူလာခဲ့ပါသေးတယ်"

ယွီမြောင်ဟွာက ချင်းလျို ဘက်သို့ လှည့်လိုက်သည်။ "ရော့လန် အားလားလို့ သွားမေးလိုက်ပါအုံး"

ကိုယ်လုပ်တော်ကျောက်က ပြုံးပြီး စောင့်ဆိုင်းနေသော်လည်း သူမ၏ ရင်ထဲတွင်မူ မကျေနပ်မှု အရိပ်အယောင်လေး တစ်ခု လျှပ်ခနဲ ဖြစ်သွား၏။ ရော့လန်သည် သာမန်အစေခံတစ်ဦးသာဖြစ်ပြီး သူမကမူ ဧကရာဇ်၏ ကိုယ်လုပ်တော်တစ်ဦး ဖြစ်သည်။ ရော့လန်ကသာ သူမကို လာရောက်ဂါရဝပြုသင့်သည် မဟုတ်ပါလား။ သို့သော် ယွီမြောင်ဟွာက ရော့လန်၏ သဘောတူညီချက် လိုအပ်သကဲ့သို့ ပြုမူနေခြင်းမှာ သူမကို အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်စေ၏။

မကြာမီတွင် ချင်းလျိုသည် ရော့လန်ကို ခေါ်ဆောင်ကာ ပြန်ရောက်လာသည်။ ထိုသည်ကို မြင်လိုက်ရသောအခါ ရော့လန်က တွေ့ဆုံရန် ဆန္ဒရှိသည်ကို ယွီမြောင်ဟွာ သိလိုက်သည်။ သူမ လက်ဝေ့ယမ်းပြလိုက်၏။ "ငါက ကခြင်းအတတ်အကြောင်း ဘာမှမသိတော့၊ မင်းတို့ဘာသာ ဆွေးနွေးကြဖို့ လွှတ်ထားပေးမယ်။ ဘေးဆောင်ကို သုံးပြီး ဆွေးနွေးနိုင်တယ်"

ယွီမြောင်ဟွာကို ဂါရဝပြုပြီးနောက်၊ ရော့လန်သည် ကိုယ်လုပ်တော်ကျောက်၏ နောက်မှ လိုက်သွားခဲ့သည်။

ယခင်က ဧကရီ ကျန့်ယီ နေထိုင်ရာ နေရာဖြစ်သဖြင့် ကွမ်ကျွီနန်းဆောင်သည် မယ်တော်ကြီးနှင့် ဧကရာဇ်မင်းမြတ်တို့၏ နန်းဆောင်များပြီးလျှင် ဒုတိယမြောက် အကြီးဆုံးဖြစ်၏။ ယခုအချိန်တွင် ယွီမြောင်ဟွာ တစ်ဦးတည်းသာ နေထိုင်သဖြင့်၊ အခန်းများစွာမှာ အားလပ်နေပြီး—ဆောင်းရာသီ သီးနှံနှင့် ဟင်းသီးဟင်းရွက်များအတွက် ဖန်လုံအိမ်ပင် ရှိသေးသည်။

ကိုယ်လုပ်တော်ကျောက်သည် စိတ်လှုပ်ရှားမှုမျိုးစုံဖြင့် ဘေးဆောင်သို့ လိုက်ပါသွားခဲ့၏။ အသုံးမပြုသော ဤဘေးဆောင်သည်ပင်လျှင် သူမ၏ ကိုယ်ပိုင်နေဆောင်ထက် ပို၍ ကြီးမားနေသည်။ ဟွေ့ကွေ့ဖေးသည် နန်းတော်အတွင်း၌ ပထမတန်းစား ဆက်ဆံမှုမျိုး ရရှိနေသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။

အခြားသူများ ထွက်သွားသောအခါ၊ ကိုယ်လုပ်တော်ကျောက်သည် သူမ၏ ကိုယ်ရံတော်အစေခံအား တံခါးစောင့်ရန် အချက်ပြလိုက်ပြီးမှ ရော့လန်ကို စကားပြောခဲ့၏။ "နင် ကွမ်ကျွီ နန်းဆောင်မှာ အဆင်ပြေပြေ နေနေရပုံပဲ။ ဒီလိုဆိုတော့လဲ ငါ စိတ်အေးရပါတယ်"

ရော့လန်၏ အသားအရေကို ကြည့်ရုံနှင့်ပင် သူမ စိတ်လက်ပေါ့ပါးနေသည်ကို သိသာနိုင်သည်— ကွမ်ကျွီနန်းဆောင်သည် သူမအတွက် ငြိမ်းချမ်းမှုရရှိစေသော နေရာတစ်ခုဖြစ်ကြောင်း သက်သေပင်။

ရော့လန်၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွှတ်သွား၏။ "ဟွေ့ကွေ့ဖေးက ကြင်နာတတ်တဲ့သူပါ"

ယွီမြောင်ဟွာသည် ရော့လန်အတွက် စာကြည့်တိုက်နှင့် မင်တဲ့ နားနေဆောင်တို့မှ အကနှင့် ဂီတဆိုင်ရာ စာအုပ်များကိုပင် ငှားရမ်းပေးခဲ့သည်။ အက ဌာနသို့ ရောက်သွားကတည်းက၊ ယခုရက်ပိုင်းများသည် သူမအတွက် အငြိမ်သက်ဆုံး နေ့ရက်များပင် ဖြစ်၏။

သူမ ကိုယ်လုပ်တော်ကျောက် ဘက်သို့ လှည့်လိုက်သည်။ "ဒါပေမဲ့ သခင်မဆီမှာ တစ်ခုခု ရှိလို့လား"

သူမ၏ အချိန်အများစုကို အခန်းထဲ၌ စာဖတ်ခြင်းနှင့် အကတီထွင်ခြင်းများဖြင့်သာ ကုန်ဆုံးစေသဖြင့် အပြင်လောကမှ ကိစ္စရပ်များကို သိပ်ပြီး သတိမထားမိပေ။ ကိုယ်လုပ်တော်ကျောက်၏ အကြောင်းကို သိထားသလောက်၊ ထိုအမျိုးသမီးသည် အရာရာကို အစေ့အစပ် လုပ်ဆောင်တတ်သူဖြစ်၏။ စားပွဲပြီးကတည်းက ပြဿနာမဖြစ်စေရန်အတွက် ကွမ်ကျွီနန်းဆောင်သို့ သူမဘက်မှ စတင်ပြီး လာရောက်လိမ့်မည်မဟုတ်ပေ—နန်းဆောင်ထဲတွင် တစ်ခုခု ဖြစ်မလာခဲ့လျှင်ပေါ့…

ကိုယ်လုပ်တော်ကျောက်က ပြန်ပြောသည်။ "အစ်မတော် ယွီက မယ်တော်ကြီးရဲ့ စိတ်မကျေနပ်တာ ခံလိုက်ရတယ်။ ဒီနေ့ သူမ မယ်တော်ကြီးရဲ့ နန်းဆောင်မှာ ထိန်းသိမ်းခံခဲ့ရတယ်လေ"

ဧကရာဇ်မင်းမြတ်ကိုယ်တိုင် နင်ရှို့နန်းဆောင်သို့ ကြွရောက်ပြီးမှသာ ယွီမြောင်ဟွာ လွတ်လာခြင်းဖြစ်ကြောင်း ကောလာဟလများ ထွက်နေ၏။ သူမသည် ထိုနေရာတွင် အချိန်အတော်ကြာ နေခဲ့ရသဖြင့် နေ့လယ်စာပင် မစားရဘဲ ပြန်ထွက်လာသောအခါတွင်လည်း ကြောင်တောင်တောင် ဖြစ်နေသည်ဟု ဆိုကြရာ၊ ၎င်းက လူတိုင်း၏ သံသယကို အတည်ပြုပေးသလို ဖြစ်နေသည်။

ဧကရာဇ်မင်းမြတ်သည် ယွီမြောင်ဟွာ တစ်ဦးတည်းအတွက်နှင့် မယ်တော်ကြီးကို မည်သည့်အခါမျှ ဆန့်ကျင်လိမ့်မည်မဟုတ်ပေ။ မယ်တော်ကြီး၏ ဂုဏ်သိက္ခာကို ထိန်းရှိမ်းရန်အတွက် ယွီမြောင်ဟွာသည် မျက်နှာသာပေးခံရမှုမှ လျော့ကျသွားရန်သာ ကံပါနေတော့၏။

ထိုသတင်းကို ကြားရသောအခါ၊ ကိုယ်လုပ်တော်ကျောက်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး၊ သူမ၏ ရင်ထဲတွင် တိတ်တဆိတ် ပျော်ရွှင်မှုများ ဝေစည်သွားသည်။ သူမတစ်ဦးတည်းသာ ပျော်နေခြင်း မဟုတ်ကြောင်း သူမ သေချာပေါက် သိသည်—နန်းတွင်းရှိ ကိုယ်လုပ်တော် အများစုမှာလည်း သူမကဲ့သို့ပင် ခံစားနေကြရမည် ဖြစ်၏။

ယွီမြောင်ဟွာ ရရှိထားသော မျက်နှာသာပေးမှုမှာ အတိုင်းအထက်အလွန်ပင်။ သူမ ရှိနေသဖြင့်၊ ဧကရာဇ်သည် အခြားသူများကို အရေးမစိုက်တော့ပေ။ လက်ဆောင်များ ပေးအပ်ရာတွင်ပင်လျှင်၊ အကောင်းဆုံးသော အရာများကို ဖုန့်ယီနန်းဆောင် သို့မဟုတ် ကွမ်ကျွီနန်းဆောင်သို့သာ အမြဲ ပို့ဆောင်လေ့ရှိသည်။

စားပွဲပြီးနောက်တွင်၊ သူမ မတရားခံခဲ့ရကြောင်း လူတိုင်း သိထားကြ၏။ သို့သော် သူမသည် ငိုယိုခြင်း သို့မဟုတ် မကျေမနပ် ပြောဆိုခြင်းများ မရှိခဲ့သလို၊ ဧကရာဇ်ကလည်း သူမကို ပြန်လည်နှစ်သိမ့်ခြင်း သို့မဟုတ် သူမ၏ နန်းဆောင်သို့ ထပ်မံကြွရောက်ခြင်း မရှိတော့ချေ။

ရော့လန်၏ မျက်နှာမှာ ကိုယ်လုပ်တော်ကျောက်၏ စကားများကြောင့် ဖြူလျော့သွားသည်။ ကိုယ်လုပ်တော်ကျောက်က ဆက်ပြောခဲ့၏။ "ငါတို့ရဲ့ အတိတ်က ပတ်သက်မှုကို အကြောင်းပြုပြီး နင့်ကို ငါ့ဆီ ပြန်ပေးဖို့ အစ်မတော် ယွီကို ငါ တောင်းဆိုပေးလို့ရတယ်"

ယွီမြောင်ဟွာ၏ လက်အောက်တွင် ရော့လန် အမှုထမ်းနေရခြင်းသည် သူမအတွက် အစဉ်အမြဲ စိုးရိမ်စရာဖြစ်နေခဲ့သည်၊ တစ်နေ့တွင် ရော့လန်က သူမ၏ လျှို့ဝှက်ချက်များကို မျက်နှာသာရရန်အတွက် လဲလှယ်လိုက်မည်ကို သူမ ကြောက်နေမိ၏။ ယခုအချိန်သည် သူမကို ပြန်ခေါ်ရန် အကောင်းဆုံးအချိန်ပင်။ ယွီမြောင်ဟွာကိုယ်တိုင်ကလည်း သာမန်အစေခံမလေးတစ်ဦးအတွက်နှင့် ပြဿနာမရှာချင်လောက်ပေ၊ အထူးသဖြင့် မယ်တော်ကြီးကို ပို၍ စိတ်ဆိုးအောင် လုပ်မိမှာကို စိုးရိမ်နေရသည့်အချိန်မျိုးတွင်ဖြစ်သည်။

ရော့လန်က သူမကို နားလည်မှုရှိရှိ ကြည့်လိုက်၏။ "အဲဒီကိစ္စကို ဒီအစေခံ ဟွေ့ကွေ့ဖေးကို ပြောပြမှာကို သခင်မ ကြောက်နေတာလားဟင်။ ဒီအစေခံက သခင်မနဲ့ ကတိပေးထားပြီးကတည်းက အဲဒီကတိကို မဖျက်ပါဘူး"

သူမသည် ထိုအကြောင်းကို တစ်ခါမျှ မပြောခဲ့ဖူးသလို၊ ပြောဖို့လည်း အစီအစဉ်မရှိပေ—ဟွေ့ကွေ့ဖေးက သူမဘာသာသူမ သိသွားခြင်းသာ ဖြစပေသည်။

ကိုယ်လုပ်တော်ကျောက် ပြောလိုက်၏။ "နင့်ကို ငါ ယုံတာပေါ့။ ငါက နင့်ရဲ့ အနာဂတ်အတွက် စိုးရိမ်လို့ပါ"

ရော့လန် မျက်လုံးများကို နှိမ့်ချလိုက်သည်။ "သခင်မရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒီအစေခံ တကယ်တန်ဖိုးထားပါတယ်"

ရော့လန်သည် ယွီမြောင်ဟွာနှင့်အတူ နေရန် ဆုံးဖြတ်ထားကြောင်း ကိုယ်လုပ်တော်ကျောက် ရှင်းရှင်းလင်းလင်း သိလိုက်ရ၏။ "နင် အကဌာနကို ပြန်ပို့ခံရမှာကို မကြောက်ဘူးလား"

ရော့လန် ပြန်ဖြေလိုက်သည်။ "အဆိုးဆုံးကတော့ ကျွန်မရဲ့ ဘဝဟောင်းဆီပဲ ပြန်သွားရရုံပေါ့" ဟွေ့ကွေ့ဖေးသည် သူမအတွက်ကြောင့်နှင့် ကိုယ်လုပ်တော်ကျောက်ကို ပြစ်မှားခဲ့ဖူး၏။ အကယ်၍ သူမ ယခုအချိန်တွင် ထွက်သွားမည်ဆိုလျှင် သူမ မုန်းတီးလှသော ကျေးဇူးမသိတတ်သည့် လူစားမျိုး ဖြစ်မသွားပေဘူးလား။

ကိုယ်လုပ်တော်ကျောက်သည် ခဏမျှ တိတ်ဆိတ်သွားပြီး သူမ၏ မျက်နှာမှာ ရှုပ်ထွေးသော အမူအရာများ ဖြစ်ပေါ်နေသည်။ "နောက်မှ နောင်တမရစေနဲ့နော်။ ငါယူလာတဲ့ မုန့်ချိုလေးတွေကို မြည်းကြည့်အုံး"

…

ကိုယ်လုပ်တော်ကျောက်သည် အနေအထိုင်တတ်သူပီပီ၊ ရော့လန်ကို အကြောင်းပြချက်အဖြစ် အသုံးပြုကာ ကွမ်ကျွီနန်းဆောင်၏ အခြေအနေကို သိမ်သိမ်မွေ့မွေ့ အကဲခတ်ရုံသာ ပြုလုပ်ခဲ့၏။ အခြားကိုယ်လုပ်တော်များကမူ သူမထက် ပို၍ တည့်တိုးဆန်ကြသည်။

ကိုယ်လုပ်တော်ကျောက် ထွက်သွားပြီးသည်နှင့် တစ်ပြိုင်နက်၊ ရှု့ဖေးသည် ရှန်ဖေးကို ခေါ်ဆောင်ကာ ရောက်ရှိလာ၏။

ရှု့ဖေးသည် စက်တင်ဘာလကုန်တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့သော်လည်း ထိုအချိန်ကစပြီး ဘယ်သူမှ သတိမထားမိလောက်အောင် ငြိမ်ကုပ်နေခဲ့သည်။

ယွီမြောင်ဟွာက အိပ်ဆောင်ခုံတန်းပေါ်တွင် အေးအေးဆေးဆေး ထိုင်ရင်း၊ လိမ္မော်သီးလေးကို အခွံနွှာနေသည်ကို မြင်လိုက်ရသောအခါ ရှု့ဖေး ကြောင်သွားတော့၏။ ဒီလို အခြေအနေမျိုးမှာတောင် သူမက ဘယ်လိုလုပ် ဒီလောက် တည်ငြိမ်နေနိုင်ရတာလဲ။

ယွီမြောင်ဟွာ ပျာပျာသလဲ ဖြစ်နေသည်ကို မမြင်ရသဖြင့် သူမ တကယ်ပင် စိတ်ပျက်သွားမိသည်။

နေအိမ်အကျယ်ချုပ် ကျခံရကတည်းက၊ ရှု့ဖေးသည် အရှက်ရခဲ့ရုံတင်မကဘဲ ဧကရာဇ်မင်းမြတ်၏ မျက်နှာသာပေးမှုကိုလည်း ဆုံးရှုံးခဲ့ရ၏။ သူမ လွတ်လာပြီးနောက်တွင်ပင်၊ သူသည် သူမထံသို့ တစ်ခါမျှ ထပ်မံကြွရောက်ခြင်း မရှိတော့ပေ။ ဒါတွေကို သူမက ယွီမြောင်ဟွာကြောင့်ဟုသာ အပြစ်တင်နေခဲ့သည်။

ယွီမြောင်ဟွာသာ ဆက်ပြီး မျက်နှာသာပေးခံနေရလျှင်၊ သူမသည် အငြိုးအတေးများကို မျိုသိပ်ထားဦးမှာဖြစ်သော်လည်း ယခုမူ ယွီမြောင်ဟွာ ဒုက္ခရောက်တော့မည်ဆိုသည်ကို သိလိုက်ရသဖြင့် လာရောက်လှောင်ပြောင်ရန် မအောင့်နိုင်တော့ပေ။

လမ်းတွင် ကိုယ်လုပ်တော်ရှန်နှင့် ဆုံခဲ့ရာ—သူတို့နှစ်ဦးစလုံး၏ ရည်ရွယ်ချက်မှာ အကြည့်တစ်ချက်ဖြင့်ပင် ရှင်းလင်းနေသဖြင့်—သူတို့ အတူတူ ရောက်လာခဲ့ကြခြင်း ဖြစ်၏။

ငါးဆားနယ် ကိုယ်လုပ်တော်

All Chapters