← Chapters

အခန်း ၂၇

Vol. 3 Ch. 27

အခန်း ၂၇

Vol. 3 Ch. 27

အပိုင်း ၂၇

ရှု့ဖေး ပြုံးလိုက်သည်။ "ညီမတော်ကတော့ ကံကောင်းလိုက်တာ၊ မယ်တော်ကြီးရဲ့ အာရုံစိုက်မှုကို ဒီလောက် လွယ်လွယ်လေး ရခဲ့တာပဲ။ သူမက ညီမတော်ကို အနားမှာထားပြီး ဘုရားစာတွေတောင် အတူတူ ရွတ်ခိုင်းတယ်ဆိုပဲ— ဒါမျိုးက ငါတို့ ဒီနန်းတော်ထဲမှာ နှစ်အတော်ကြာ နေလာခဲ့ပေမဲ့ တစ်ခါမှ မရဖူးတဲ့ အခွင့်ထူးမျိုးပဲ"

သူမ၏ စောင်းမြောင်းပြောဆိုမှုက သိသာလွန်းလှသည်။ ယွီမြောင်ဟွာက အရှုံးမပေးဘဲ တောက်ပစွာ ပြုံးပြလိုက်၏။ "ဘယ်လိုပြောရမလဲ။ ကျွန်မက လူချစ်လူခင် ပေါနေတာကိုး။ မယ်တော်ကြီးက ကျွန်မကို အရမ်းချစ်တာ။ ဒါကတော့ အစ်မတော်တို့ ဘယ်လောက်ပဲ မျှော်လင့်မျှော်လင့် ရနိုင်မှာမဟုတ်တဲ့ ဆုလာဘ်မျိုးပေါ့"

သူမ၏ အပြုံးကြောင့် ရှု့ဖေး မျက်လုံးများပင် ကျိန်းသွားပြီး စိတ်ထဲက ကျိန်ဆဲနေမိသည်— ဒီလောက် အရှက်မရှိတဲ့ဟာ! ဘယ်သူကများ သူ့ကို ချီးမွမ်းနေလို့လဲ။ ဒီလို အခွင့်ထူးမျိုးကို ဘယ်သူကများ လိုချင်မှာလဲ။ စောင့်ကြည့်နေလိုက်ဦး—မကြာခင် ငိုရတော့မှာ။

တစ်လကြာ နေအိမ်အကျယ်ချုပ် ကျခံခဲ့ရသည်ကို သတိရသွားသဖြင့် ရှု့ဖေးသည် သူမ ပြန်ပြောချင်သောစကားကို ပြန်မျိုချလိုက်ရ၏။ ရှု့ဖေးနှင့်မတူတာကတော့ ကိုယ်လုပ်တော်ရှန် ဖြစ်သည်။ သူမက ကိုယ်ချင်းစာသယောင်နှင့် သက်ပြင်းချလိုက်၏။ "ညီမတော်ရယ်၊ အတင်းကြီး မပြုံးပြပါနဲ့။ ညီမတော် ဘယ်လောက်တောင် စိတ်ဆင်းရဲနေမလဲဆိုတာ အစ်မ သိပါတယ်"

ယွီမြောင်ဟွာကတော့ လက်မခံပေ။ "ဘာတွေ လျှောက်ပြောနေတာလဲ။ ကျွန်မက ဘာလို့ စိတ်ဆင်းရဲရမှာလဲ။ မယ်တော်ကြီးနဲ့အတူ ဘုရားရှိခိုးရတာက ဂုဏ်ယူစရာပဲလေ။ ဒါမှမဟုတ်... အစ်မတော်က ဒါကို ဆင်းရဲဒုက္ခလို့ ထင်နေတာလား"

ကိုယ်လုပ်တော်ရှန် အနေဖြင့် ဒါကို သဘောမတူဝံ့ပေ—ထိုသို့သောစကားများ မယ်တော်ကြီး၏ နားထဲသို့ ရောက်သွားလျှင် ဒုက္ခရောက်ကုန်မည် မဟုတ်ပါလား။ သူမ ချက်ချင်း ငြင်းလိုက်သည်။ "မဟုတ်ပါဘူး! ငါတို့ တကယ်ပဲ မနာလိုဖြစ်မိလို့ပါ"

ယွီမြောင်ဟွာက လက်ဝေ့ယမ်းပြလိုက်၏။ "ဒါပေါ့! အစ်မတော်တို့ မနာလိုဖြစ်မယ်ဆိုတာ ကျွန်မ သိသားပဲ။ အဲဒီလိုဆိုမှတော့ ကျွန်မနဲ့အတူ ဘုရားစာတွေ ကူးကြတာပေါ့"

ဒီမိန်းမတွေက သူမကို လာလှောင်ပြောင်ရင်း ဇာတ်လမ်းတွဲကြည့်မည့် အစီအစဉ်ကို လာဖျက်ကြခြင်းပင်။ ဒါကြောင့် သူတို့၏ ပျော်ရွှင်မှုအတွက် အဖိုးအခအနေနှင့် ဘုရားစာတွေ ကူးခိုင်းလိုက်တာ ပိုကောင်းလိမ့်မည်။ သူတို့၏ စောင်းမြောင်းစကားတွေကို ရင်ဆိုင်ရသည်မှာ ပင်ပန်းလွန်းလှသည်—ဘုရားစာကူးခြင်းကတော့ အနည်းဆုံးတော့ စိတ်ပင်ပန်းစရာ မလိုပေ။

ရှု့ဖေး ငြင်းဖို့ ပြင်လိုက်သည့်အချိန်မှာပင် ယွီမြောင်ဟွာက မျက်မှောင်ကြုတ်လိုက်၏။ "အစ်မတော်က မယ်တော်ကြီးအတွက် ဘုရားစာကူးပေးဖို့ ငြင်းမလို့လား။ ခုနက ပြောခဲ့တဲ့ စကားတွေက အလိမ်အညာတွေပေါ့ ဟုတ်လား။"

ရှု့ဖေး - “...”

အကျပ်ရိုက်သွားသဖြင့် ရှု့ဖေးမှာ လိုက်လျောရန်မှတစ်ပါး အခြားမရှိတော့ပေ။ ယွီမြောင်ဟွာက ချွေ့ဝေ ကို လှမ်းခေါ်ပြီး ပြောလိုက်သည်။ "စက္ကူနဲ့ စုတ်တံတွေ ယူလာခဲ့။ အစ်မ ရှု့နဲ့ အစ်မရှန်တို့က ငါနဲ့အတူ ဘုရားစာ ကူးကြမလို့တဲ့"

ရှု့ဖေးသည် မိမိကိုယ်ကိုယ်ပင် ပြန်ရိုက်ချင်စိတ် ပေါက်သွားသည်။ 'ငါ ဘာလို့ လာမိတာပါလိမ့်။ ယွီမြောင်ဟွာရဲ့ ကံဆိုးမှုက ဘယ်တုန်းကများ ပျော်စရာ ကောင်းခဲ့လို့လဲ'

သို့သော်ငြား နောင်တရလည်း နောက်ကျသွားပြီဖြစ်၏။ သူမနှင့် ကိုယ်လုပ်တော်ရှန်တို့သည် သူတို့၏ ဒေါသကို မြိုသိပ်ကာ ဘုရားစာများ စတင်ကူးယူကြရလေသည်။

စာရေးကိရိယာများ ရောက်ရှိလာသောအခါ၊ ရှန်ဖေးက ရုတ်တရက် ပြောလာ၏။ "မယ်တော်ကြီးက သဒ္ဓါတရား အရမ်းထက်သန်တာ။ အကယ်၍ ညီမတော်ကသာ ဘုရားစာတွေကို သွေးနဲ့ကူးမယ်ဆိုရင် သူမက ညီမတော်ကို ပိုပြီးတော့တောင် မြတ်နိုးအုံးမှာပဲ"

ယွီမြောင်ဟွာသည် မယ်တော်ကြီး၏ မျက်နှာသာပေးမှုမှ လျော့ကျနေသည်။ သူမသည် အပေါ်ယံတွင် တည်ငြိမ်နေသယောင် ရှိသော်လည်း ရင်ထဲတွင်မူ ပျာယာခတ်ပြီး မျှော်လင့်ချက်မဲ့နေမည်မှာ သေချာ၏။ အခြားရွေးချယ်စရာ မရှိတော့သည့်အခါ သူမအား ပေးသော အကြံဉာဏ်ကို လက်ခံမိကောင်း လက်ခံမိလိမ့်မည်။ အကယ်၍ သူမ တကယ်ပင် သွေးဖြင့် ဘုရားစာကူးရန် ဆုံးဖြတ်လိုက်ပါက၊ သူမ၏ ဆုတ်လမ်းအားလုံးကို သူမဘာသာ ပိတ်လိုက်သလို ဖြစ်သွားလိမ့်မည်။

ကံကောင်းထောက်မစွာဖြင့် ဧကရီကျန့်ယီမှာ တစ်ချိန်က သွေးဖြင့်ရေးထားသော ဘုရားစာများကို အသုံးပြုပြီး မယ်တော်ကြီးကို မည်သို့ လုပ်ကြံခဲ့သည်ဟူသော လျှို့ဝှက်ချက်ကို သူမ သိရှိခဲ့ရခြင်း မဟုတ်လျှင် ယခုလို မပြောနိုင်ပေ။ ယွီမြောင်ဟွာသည် ကိုယ်လုပ်တော်ရှန်ကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှ ပြန်မပြောချေ။

သွေးဖြင့် ဘုရားစာကူးရမည်တဲ့လား။ သူမကတော့ ကိုယ့်ကျန်းမာရေးကို ထိခိုက်စေမည့် ဤသို့သော အန္တရာယ်ရှိသည့် ဂိမ်းမျိုးကို ကစားလောက်အောင် မတုံးပေ။ လုပ်နိုင်သမျှကို သူမ လုပ်ဆောင်ခဲ့ပြီးပြီဖြစ်သည်။ အကယ်၍ မယ်တော်ကြီးက သူမကို ဆက်ပြီး မုန်းနေဦးမည်ဆိုလျှင်လည်း... ဖြစ်သလိုပဲပေါ့။ အနည်းဆုံးတော့ သူမ၏ သိက္ခာတရားက ဖြူစင်နေဆဲပင်။

ရှု့ဖေး မျက်မှောင်ကြုတ်ကာ၊ ကိုယ်လုပ်တော်ရှန်ကို ဇဝေဇဝါဖြင့် ကြည့်လိုက်၏။ 'ကိုယ်လုပ်တော်ရှန် ရူးသွားတာလား။ ဘာလို့ ယွီမြောင်ဟွာကို အကြံပေးနေရတာလဲ' ကိုယ်လုပ်တော်ရှန်သည် သူမ၏ အကြည့်ကို လွှဲလိုက်ပြီး ဘုရားစာများ စတင်ကူးယူတော့သည်။

ဗုဒ္ဓတရားတော်များကို ကူးယူနေစဉ်အတွင်း စကားပြောဆိုခြင်းကို တားမြစ်ထားသဖြင့်၊ ရှေ့ဆောင်တစ်ခုလုံး တိတ်ဆိတ်သွားလေ၏။ စာတစ်စောင် ကူးလို့ ပြီးခါနီးမှာပင် အပြင်ဘက်တွင် ရုတ်ရုတ်သဲသဲ အသံများ ကြားလိုက်ရသည်။

အပြင်ဆောင်မှ အစေခံမလေးတစ်ဦး ပြေးဝင်လာပြီး၊ သူမ၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေလေ၏။ "မယ်မယ်... မယ်တော်ကြီးက အထိန်းတော် ကျိုးကို လွှတ်လိုက်ပါတယ်!"

ရှု့ဖေးသည် ချက်ချင်းပင် စုတ်တံကို ချလိုက်ပြီး သူမ၏ မျက်လုံးများမှာ တောက်ပလာသည်။ ဘုရားစာများ အတင်းအကျပ် ကူးခိုင်းခံရသဖြင့် ဖြစ်ပေါ်နေသော စိတ်ပျက်မှုများသည် ချက်ချင်း ပြေပျောက်သွားပြီး သူမ၏ လှပသော မျက်နှာပေါ်တွင် ဖုံးကွယ်မရသော ဝမ်းသာမှုများဖြင့် အစားထိုးသွား၏—နောက်ဆုံးတော့ သူမ စောင့်နေသော အချိန် ရောက်လာခဲ့ပြီ။ သူမ ဒီမှာ အချိန်ဖြုန်းနေခဲ့ရသည်မှာ အလကား မဟုတ်ပေ။

မယ်တော်ကြီးသည် ယွီမြောင်ဟွာကို ဆူပူရန် တစ်ယောက်ယောက်ကို လွှတ်လိုက်ခြင်းဖြစ်မှာ သေချာသည်—ဘုရားစာတွေ ပိုကူးခိုင်းဖို့ ဒါမှမဟုတ် ကွမ်ကျွီနန်းဆောင်ထဲမှာပဲ ပိတ်လှောင်ထားဖို့ အပြစ်ပေးတာမျိုးလည်း ဖြစ်နိုင်လောက်၏။

ကိုယ်လုပ်တော်ရှန်၏ အစပိုင်းက ဝမ်းသာမှုမှာလည်း စိုးရိမ်ပူပန်ဟန်ပြသော မျက်နှာဖုံးတစ်ခုအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားလေသည်။

...

လွန်ခဲ့သည့် နာရီဝက်ခန့်က နင်ရှို့နန်းဆောင်ထဲ၌။

ဧကရာဇ်မင်းမြတ်သည် မျက်စိကျိန်းလောက်အောင် လှပသော ရှားပါးရတနာများ ပြည့်နှက်နေသည့် လက်ဆောင်မွန် သေတ္တာများကို ပို့ဆောင်လိုက်၏။

"ဒီရွှေပီအိုနီ ဆံထိုးတွေ၊ ဂဏန်းနဲ့ ကြာပန်းပုံ ရွှေဆံထိုးနဲ့ သန္တာကျောက်စီ ဦးခေါင်းတန်ဆာကို မိဖုရားခေါင်ကြီးဆီ ပို့လိုက်ပါ။ သူမက နန်းတွင်းအုပ်ချုပ်ရေးကိစ္စတွေကို ကြိုးကြိုးစားစား ဆောင်ရွက်ပေးနေတာ" မယ်တော်ကြီးက တိုးတိုးလေး ညွှန်ကြားလိုက်သည်။

"ဒီပုတီးစေ့တွေက အရည်အသွေး အရမ်းကောင်းတာပဲ။ နှစ်ကုံးကို ချီယန် အတွက် ယူသွားလိုက်—သူ ကစားလို့ရတာပေါ့။ ပြီးတော့ နှစ်သစ်ကူး ဆုလာဘ်တွေအတွက် ဘူးသီးပုံ ရွှေတုံးလေး လေးဘူးကိုလဲ သူ့ဆီ ယူသွားပေးလိုက်"

"မင်ယောင်းရဲ့ ကျန်းမာရေးက အားနည်းတယ်။ သူမဆီကို အပြာရောင် ပိုးထည် သားမွေးဝတ်စုံနဲ့ အညိုရောင် ပိုးထည် ရှဥ့်သားမွေးခံ ဂျာကင်ကို ပို့လိုက်။ ပြီးတော့ ဒီ မြေခွေးဖြူ သားမွေးခြုံထည်ကိုလဲ သူမအတွက်ပဲ သိမ်းထားပေးလိုက်"

မယ်တော်ကြီးမှာ ထိုဝေဖန်ခွဲခြားမှုများကို အလွန်သဘောကျနေ၏။ အစကတော့ သူမသည် ဟွေ့ကွေ့ဖေး ဆီသို့ လက်ဆောင်များပို့ရန် ဘဏ္ဍာတိုက်ကို ဖွင့်ရန်သာ ရည်ရွယ်ထားခြင်းဖြစ်သည်။ သို့သော် ဧကရာဇ်မင်းမြတ်က ယခုနှစ်၏ လက်ဆောင်မွန်များထဲမှ အရင်ဆုံး ရွေးချယ်ရန် တိုက်တွန်းခဲ့သဖြင့် သူမသည် ဝမ်းမြောက်ဝမ်းသာစွာဖြင့် လူတိုင်းအတွက် နှစ်သစ်ကူးလက်ဆောင်များကို ပြင်ဆင်နေခြင်း ဖြစ်၏။

မိဖုရားခေါင်ကြီး၊ အိမ်ရှေ့မင်းသား၊ အကြီးဆုံး မင်းသမီး—သူမ ဂရုစိုက်သောသူ မည်သူတစ်ဦးတစ်ယောက်မျှ ကျန်ရစ်မသွားပေ။ ကိုယ်လုပ်တော်ဟွေ့ အတွက်မူ၊ သူမသည် ဧကရာဇ်အတွက် များစွာ ဆောင်ရွက်ပေးခဲ့ပြီး ဆင်းရဲဒုက္ခများစွာကိုလည်း သည်းခံခဲ့ရသည်။ သူမသည် ထိုက်တန်သော လျော်ကြေးကို ရရှိသင့်ပေ၏။

အထိန်းတော် ကျိုးသည် မယ်တော်ကြီးက ဘယ်ဘက်ရှိ လင်ဗန်းပေါ်တွင် သစ်ခွဆံထိုးတစ်စုံနှင့် ဒေါင်းမြီးပုံစံ ဆံထိုးတစ်ချပ်ကို သီးသန့်ဖယ်ထားသည်ကို သတိထားမိသော်လည်း မည်သူ့အား ပေးမည်ကိုတော့ ပြောရန် တွန့်ဆုတ်နေသည်ကို တွေ့ရသည်။

သစ်ခွဆံထိုးများသည် အသစ်ရောက်လာသော လက်ဆောင်မွန်များ ဖြစ်၏။ ပွင့်ဖတ်များကို သိုးဆီရောင် ကျောက်စိမ်းဖြင့် ထုလုပ်ထားပြီး မြစိမ်းရောင် ကျောက်စိမ်းရွက်များဖြင့် ဝန်းရံထားလေရာ—လက်ရာမှာ အလွန်စေ့စပ်သေသပ်လွန်းလှသဖြင့် လျစ်လျူရှုရန် မဖြစ်နိုင်ပေ။

အထိန်းတော် ကျိုးက ထိုဆံထိုးများသည် သစ်ခွပန်းကဲ့သို့ သီလနှင့် ပြည့်စုံသည်ဟု မယ်တော်ကြီး မကြာခဏ ချီးမွမ်းလေ့ရှိသော သဲ့ဖေးအတွက် ဖြစ်မည်ဟု ထင်ထားခဲ့သည်။ သို့သော် သဲ့ဖေးမှာမူ လင်းနို့နှင့် မှိုပုံစံ ရွှေဆံထိုးများနှင့် ရွှေလက်ကောက် တစ်စုံကိုသာ ရရှိခဲ့၏။

မကြာခင်မှာပင် အထိန်းတော် ကျိုးသည် ထိုသစ်ခွဆံထိုးများက ဘယ်သူ့အတွက်လဲဆိုတာ သိလိုက်တော့သည်။ မယ်တော်ကြီးက မေးလာ၏။ " ကွမ်ကျွီနန်းဆောင်မှာ အခြေအနေ ဘယ်လိုရှိလဲ"

"ကိုယ်လုပ်တော်ဟွေ့ နိုးပြီဆိုရင်၊ သူမကို သစ်ခွဆံထိုးတွေနဲ့ ဒေါင်းမြီးဆံထိုးကို ပေးလိုက်ပါ။ ပြီးတော့ ဒီပုလဲပိုးထည်နဲ့ အရုဏ်ဦးကတ္တီပါ ခြောက်လိပ်ကိုလဲ ပေးလိုက်အုံး။ ဒီအရောင်တွေက သူမရဲ့ အသားအရောင်နဲ့ အရမ်းလိုက်မှာ— ဝတ်စုံချုပ်ဝတ်ရင် အရမ်းလှနေမှာပဲ"

နန်းတွင်းကိုယ်လုပ်တော်များသည် ဂါရဝပြုသည့်အခါ အမြဲတမ်း ရိုးရိုးယဉ်ယဉ်သာ ဝတ်ဆင်လေ့ရှိသော်လည်း မယ်တော်ကြီးကမူ စိတ်ကို ကြည်လင်တောက်ပစေသော အရောင်အသွေးစုံသည့် ဝတ်စုံများကို ပို၍ နှစ်သက်လေသည်။

"ဒီ ပတ္တမြားနဲ့ ကျောက်စိမ်းဘူးကိုလဲ ယူသွားပေးလိုက်။ သူမ လက်ဝတ်ရတနာအသစ်တွေ လုပ်လို့ရတာပေါ့"

ကိုယ်လုပ်တော်ဟွေ့သည် မွန်းလွဲပိုင်းတွင် တစ်ရေးအိပ်လေ့ရှိကြောင်း သိထားသဖြင့် မယ်တော်ကြီးသည် သူမ၏ အနားယူမှုကို မနှောင့်ယှက်ချင်သဖြင့် အရင်ဆုံး သွားကြည့်ရန် အထိန်းတော် ကျိုးအား ညွှန်ကြားခဲ့၏။ ဒီနေ့ ဖြစ်ခဲ့သမျှ အခက်အခဲတွေပြီးတဲ့နောက်မှာ ထိုမိန်းကလေးသည် ကောင်းကောင်းအနားယူဖို့ ထိုက်တန်ပေသည်။

အထိန်းတော် ကျိုးမှာ အံ့အားသင့်သွားရ၏။ အစောပိုင်းက မယ်တော်ကြီးသည် ကိုယ်လုပ်တော်ဟွေ့ကို ဘုရားရှိခိုးဆောင်သို့ ခေါ်ယူလိုက်ပြီး ဧကရာဇ်မင်းမြတ်က ဝင်ရောက်လာသောအခါ နန်းတော်အတွင်းရှိ အရှိန်အဝါအကြီးဆုံး ပုဂ္ဂိုလ်နှစ်ဦးကြား အက်ကြောင်းထင်သွားမည်ကို သူမ စိုးရိမ်ခဲ့သည်။ သို့သော် မိခင်နှင့်သားတို့သည် ဘုရားဆောင်မှ တည်တည်ငြိမ်ငြိမ်ဖြင့် ထွက်လာကြပြီး ဧကရာဇ်မင်းမြတ်က အကောင်းဆုံး လက်ဆောင်မွန်များကို ပို့ဆောင်လိုက်သောအခါ သူမ၏ စိုးရိမ်မှုများ ပြေပျောက်သွားခဲ့၏။

သူမ၏ စိတ်ထဲတွင်မူ ကိုယ်လုပ်တော်ဟွေ့သည် စတေးခံရမည့်သူ ဖြစ်လိမ့်မည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။ မယ်တော်ကြီးသည် သူမ၏ စိတ်ကို ပြောင်းလဲလိုက်ပြီး အတိတ်က အထင်အမြင်သေးမှုများကို ဘေးဖယ်ကာ မိဖုရားခေါင်ကြီးအတွက် ပေးသော လက်ဆောင်များနှင့်ပင် ယှဉ်နိုင်သည့် အရာများကို ကိုယ်လုပ်တော်ဟွေ့အတွက် ပြင်ဆင်ပေးလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။

မည်သည့်အကြောင်းကြောင့်ပင် ဖြစ်စေ၊ အထိန်းတော် ကျိုးမှာ စိတ်သက်သာရာ ရသွား၏။ မယ်တော်ကြီးနှင့် ဧကရာဇ်မင်းမြတ်တို့ အဆင်မပြေဖြစ်သည်ကို သူမ မကြည့်ချင်ပေ။ သူမသည် ပေါ့ပါးသော စိတ်ဖြင့် အမိန့်များကို နာခံလိုက်ပြီး သတင်းမေးမြန်းရန် ကွမ်ကျွီနန်းဆောင်သို့ တစ်ယောက်ယောက်ကို လွှတ်လိုက်သည်။ ၁၅ မိနစ်အကြာတွင် သတင်းပို့သူက ပြန်ရောက်လာလေ၏။

"ကိုယ်လုပ်တော်ဟွေ့ရဲ့ နန်းဆောင်မှာ လူစည်နေပါတယ်။ ကိုယ်လုပ်တော်ကျောက်လဲ လာသွားပြီး အခု ရှု့ဖေးနဲ့ ကိုယ်လုပ်တော်ရှန်တို့ ရောက်နေပါတယ်"

မယ်တော်ကြီး၏ မျက်နှာမှာ မဲမှောင်သွားခဲ့သည်။ ထိုကိုယ်လုပ်တော်များသည် ကိုယ်လုပ်တော်ဟွေ့ မျက်နှာသာ မပေးခံရတော့ဘူးဟု ထင်မှတ်ကာ လာနှိမ်နေကြတာ ဖြစ်ရမည်ပင်။ ဟွေ့ကွေ့ဖေးသည် စိတ်နှလုံး နုနယ်လွန်းလှ၏၊ ထိုသို့သော ဆက်ဆံမှုများကို တိတ်တဆိတ် သည်းခံနေရှာသည်။ သူမက ဧကရာဇ်ရဲ့ အချစ်ဆုံးကိုယ်လုပ်တော် မဟုတ်ဘူးလား။ မိဖုရားခေါင်ကြီးက သူမကို အမြဲတမ်း ဘာလို့ ကာကွယ်ပေးနေလဲဆိုတာ မဆန်းတော့ပေ—ထိုမိန်းကလေး၏ ကြင်နာတတ်သော သဘာဝကြောင့် နန်းတွင်းထဲ သူမအတွက် ဒုက္ခဖြစ်လာမှာကို စိုးရိမ်၍ ဖြစ်ရမည်ပင်။

ခဏမျှ စဉ်းစားပြီးနောက်၊ မယ်တော်ကြီးသည် မူလပြင်ဆင်ထားသော လက်ဆောင်များမှာ မလုံလောက်ဟု ဆုံးဖြတ်လိုက်၏။ သူမ လက်ဝေ့ယမ်းပြီး ထပ်မံဖြည့်စွက်လိုက်သည်။

"ငါ့ရဲ့ ဘဏ္ဍာတိုက်ထဲက ဆင်စွယ်ဘီး နှစ်ဘူး၊ စန္ဒကူး ရှစ်မြောင့် ရတနာသေတ္တာ၊ မြေခွေးဖြူ သားမွေး နှစ်ခုနဲ့ ရွှေချည်ထိုး ပိုးထည် ဆယ်လိပ်ကို ယူလာခဲ့... အားလုံးကို ကွမ်ကျွီနန်းဆောင်ဆီ ပို့လိုက်"

မယ်တော်ကြီး၏ အစေခံများမှာ မုန်တိုင်းပေါင်းများစွာကို ကြုံတွေ့ခဲ့ဖူးပြီး၊ အကျပ်အတည်းတိုင်းတွင် မတုန်မလှုပ် နေနိုင်ခဲ့ကြသူများ ဖြစ်၏။ သို့သော် ယခုမူ မယ်တော်ကြီးက ကွမ်ကျွီနန်းဆောင် အတွက် သူမ၏ ဘဏ္ဍာတိုက်ကို ရှင်းနေသည်ကို မြင်ရသောအခါ သူတို့မှာ မယုံကြည်နိုင်စွာဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားကြတော့သည်။ မယ်တော်ကြီး ဘာများ ဖြစ်သွားတာပါလိမ့်။

မယ်တော်ကြီး၏ စူးရှသော အကြည့်တစ်ချက်က သူတို့ကို သတိပြန်ဝင်လာစေ၏။ "နင်တို့ ဘာလို့ ရပ်နေကြတာလဲ"

အစေခံများသည် ပျာပျာသလဲ ဖြစ်သွားကြသည်—အချို့က ဘဏ္ဍာတိုက်သို့ သွားကြပြီး၊ အချို့က လက်ဆောင်များကို ထုပ်ပိုးကြနေကြသည်မှာ—ပျားပန်းခပ်မျှ အလုပ်ရှုပ်သွားကြလေ၏။

နန်းတွင်းအစေခံ အစီအရီသည် လင်ဗန်းများကို ဂရုတစိုက်သယ်ဆောင်ကာ သေတ္တာများကို ကွမ်ကျွီနန်းဆောင်သို့ သယ်ယူသွားကြရာ တန်းစီနေသော လူတန်းကြီးမှာ အလွန်ရှည်လျားသဖြင့် လူအများ၏ အကြည့်ကို ဆွဲဆောင်နေတော့သည်။

ရုတ်တရက် မယ်တော်ကြီး တစ်ခုခုကို သတိရသွား၏။ "အထိန်းတော် ကျိုး… ကိုယ်လုပ်တော်ကျောက်၊ ရှု့ဖေးနဲ့ ကိုယ်လုပ်တော်ရှန်တို့ ကွမ်ကျွီနန်းဆောင် မှာ ရှိနေတာပေါ့ ဟုတ်သလား"

အထိန်းတော် ကျိုးကမူ ခေါင်းညိတ်ပြသည်။ "ကိုယ်လုပ်တော်ကျောက်ကတော့ ထွက်သွားပါပြီ၊ ဒါပေမဲ့ ရှု့ဖေးနဲ့ ကိုယ်လုပ်တော်ရှန် တို့ကတော့ ရှိနေဆဲပါ"

မယ်တော်ကြီးက ပြုံးလိုက်၏။ "သူတို့က အဲဒီလောက်တောင် ကြည့်ချင်နေကြမှတော့ သူတို့ကိုလဲ လက်ဆောင်တွေ ပေးရမှာပေါ့" သူတို့တွေ ဒီလောက်တောင် အားနေလျှင်တော့ သူမအတွက် ဘုရားစာတွေ ကူကူးပေးနိုင်လိမ့်မည်။

...

ကွမ်ကျွီနန်းဆောင်တွင်။

အပြစ်ပေးခံရတော့မည်ဟု ပြင်ဆင်ထားသော ယွီမြောင်ဟွာသည် ဖော်ရွေသော အထိန်းတော် ကျိုးနှင့် သူမ၏ နောက်ကွယ်တွင် ပုံနေသော—အခန်းတစ်ဝက်စာနီးပါး ရှိနေသည့်—ကြွယ်ဝလှသော လက်ဆောင်များကို ကြည့်ကာ ထိတ်လန့်အံ့သြသွားတော့သည်။

အထိန်းတော် ကျိုးက ပြုံးလိုက်၏။ "ကိုယ်လုပ်တော်ဟွေ့၊ မင်းရဲ့ ရိုသေကိုင်းရှိုင်းမှုနဲ့ ပညာရှိမှုက မယ်တော်ကြီးကို အလွန်နှစ်သက်စေပါတယ်။ ဒါကြောင့် မယ်မယ်က သူမရဲ့ ဘဏ္ဍာတိုက်ကို ဖွင့်ပြီး ဒီရတနာတွေကို ကိုယ်လုပ်တော်ဟွေ့ဆီ ချီးမြှင့်လိုက်တာပါ"

ယွီမြောင်ဟွာမှာ ဇဝေဇဝါ ဖြစ်သွားသည်။ အစောပိုင်းက သူမ ထွက်လာချိန်တွင် မယ်တော်ကြီးက သူမကို မုန်းတီးနေခဲ့ခြင်း ဖြစ်၏။ ဘာကြောင့်များ ဒီလို ရုတ်တရက်ကြီး ပြောင်းလဲသွားရတာပါလိမ့်။ ဧကရာဇ်မင်းမြတ်က ဘာတွေပြောလိုက်လို့ မယ်တော်ကြီးရဲ့ သဘောထား ဒီလောက်အထိ ပြောင်းလဲသွားရတာလဲယ ကွာခြားချက်က အရမ်းကြီးမားလွန်းလှသဖြင့်၊ သူမ အိပ်မက်မက်နေတာလားဟုပင် ထင်မှတ်မိသည်။

[စနစ်၊ ဒါက အပေါ်ယံ အချိုသတ်ထားတဲ့ ထောင်ချောက်တစ်ခုလား]

[မင်းကရော လက်ခံမှာလား]

[ဒါပေါ့!] လက်ဆောင်တွေက သူမအတွက် အတိအလင်း ဖြစ်နေတာပဲ—လူမိုက်မှသာ ငြင်းဆန်လိမ့်မည်။

မည်သည့်အကြောင်းကြောင့်ပင် ဖြစ်စေ၊ သူမ ထင်ထားခဲ့တာထက်တော့ ပိုဆိုးမှာ မဟုတ်ပေ။ ယွီမြောင်ဟွာသည် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားသော အမူအရာကို ပြုလိုက်၏။ "ဒီကိုယ်လုပ်တော်က မယ်တော်ကြီးရဲ့ ကရုဏာတော်အတွက် ကျေးဇူးတင်ရှိပါတယ်"

မယ်တော်ကြီးသည် တကယ်ပင် ရက်ရက်ရောရော ရှိလှသည်—သူမ ပို့လိုက်သော လက်ဝတ်ရတနာများသည် တကယ်ပင် ထူးခြားလှပလှသည်၊ အထူးသဖြင့် သစ်ခွဆံထိုးမှာ အနုပညာလက်ရာတစ်ခုပင်။

ရှု့ဖေးသည် သူမ၏ မျက်လုံးများကိုပင် မယုံကြည်နိုင် ဖြစ်နေ၏။ ဒါဟာ သူမ မျှော်လင့်ထားသလိုမျိုး မဟုတ်ပေ! ဆူပူကြိမ်းမောင်းတဲ့ အမိန့်လည်း မပါ၊ အပြစ်ပေးတာလည်း မဟုတ်—မျက်စိကျိန်းလောက်တဲ့ ကြွယ်ဝလှတဲ့ လက်ဆောင်တွေပဲ ရှိနေသည်။

သူမ နန်းတော်ထဲမှာ နေလာခဲ့တဲ့ နှစ်တွေတစ်လျှောက်၊ မယ်တော်ကြီးဆီက ရခဲ့သမျှ ဆုလာဘ်တွေအားလုံး ပေါင်းလိုက်ရင်တောင် ယခု ယွီမြောင်ဟွာ ရရှိခဲ့တဲ့ အရာတွေရဲ့ တစ်ဝက်ကိုတောင် မမီပေ။

ရှု့ဖေးသည် သူမကိုယ်သူမ မထိန်းနိုင်တော့ဘဲ ပြောလိုက်မိ၏။ "အထိန်းတော် ကျိုး၊ ဒီလက်ဆောင်တွေက နေရာမှားပို့မိတာများလား" အဲဒါတွေက ဖုန့်ယီ နန်းဆောင်ဆီ ပို့ရမှာလေ။ အထိန်းတော် ကျိုးက အိုပြီး ကြောင်သွားတာများလား။

အထိန်းတော် ကျိုး၏ အပြုံးမှာ ရှု့ဖေး ဘက်သို့ လှည့်ချိန် အေးစက်သွားခဲ့သည်။ "ဒီအစေခံကြီးက ဒီလောက်ရိုးရှင်းတဲ့ အလုပ်တစ်ခုကို မှားလုပ်မိလောက်အောင်အထိတော့ မကြောင်သေးပါဘူး။ ကိုယ်လုပ်တော်ဟွေ့အတွက် ဒီလက်ဆောင်တိုင်းကို မယ်တော်ကြီးကိုယ်တိုင် စိတ်ကြိုက် ရွေးချယ်ပေးခဲ့တာပါ"

ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ရှု့ဖေး၏ မျက်နှာမှာ ဖြူလျော့သွားပြီး သူမ၏ မျက်လုံးများမှာ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေလေသည်။ ကိုယ်လုပ်တော်ရှန်ကတော့ ဘေးတွင် တိတ်တဆိတ် ရပ်နေပြီး၊ သူမ၏ အင်္ကျီလက်ရှည်များအောက်မှ လက်သည်းရှည်များသည် သူမ လက်ဖဝါးထဲသို့ စိုက်ဝင်နေတော့၏။

အထိန်းတော် ကျိုးက ဆက်ပြောခဲ့သည်။ "သခင်မတို့နှစ်ယောက်က ကိုယ်လုပ်တော်ဟွေ့အပေါ် လာပြီး စိုးရိမ်ပေးနေကြတယ် ကြားရလို့ မယ်တော်ကြီးက အားရကျေနပ်မိပါတယ်။ ဒါကြောင့် ဂုဏ်ပြုတဲ့အနေနဲ့ သခင်မတို့အတွက်လဲ လက်ဆောင်တွေ ချီးမြှင့်လိုက်ပါတယ်"

ရှု့ဖေး၏ မကျေနပ်မှုများသည် ချက်ချင်းပင် ဝမ်းသာမှုအဖြစ် ပြောင်းလဲသွားခဲ့သည်။ 'နောက်ဆုံးတော့ သူမလည်း တစ်ခုခု ရတော့မှာပဲ! လက်ဆောင်တွေကို သူမရဲ့ နန်းဆောင်ဆီ ပို့လိုက်တာလား။ မယ်တော်ကြီးက သူမကို ဘာများ ပေးမှာပါလိမ့်။ ယွီမြောင်ဟွာ ရတာထက် ပိုများမလား။'

ထိုအချိန်တွင် အထိန်းတော် ကျိုး၏ နောက်ကွယ်မှ အစေခံမလေးနှစ်ဦး ရှေ့သို့ ထွက်လာကြပြီး လင်ဗန်းတစ်ခုစီကို ကိုင်ဆောင်ထားလေသည်။ လင်ဗန်းများပေါ်တွင် ဗုဒ္ဓတရားတော်တစ်စောင်စီ တင်ထား၏။

အထိန်းတော် ကျိုးက ပြုံးလိုက်သည်။ "မယ်တော်ကြီးက ရှု့ဖေးနဲ့ ကိုယ်လုပ်တော်ရှန်တို့ကို နှလုံးသားဆုဒြာ တစ်စောင်စီ လက်ဆောင်ပေးပါတယ်။ နှစ်ယောက်စလုံးက တစ်နေ့ကို ဆယ်အုပ် ကူးရပါမယ်။ ကူးထားတဲ့ ဘုရားစာတွေကို မယ်တော်ကြီးကိုယ်တိုင် ဘုရားရှေ့မှာ ကပ်လှူမှာဖြစ်လို့၊ သူမရဲ့ မျှော်လင့်ချက်တွေကို စိတ်ပျက်အောင် မလုပ်ကြဘူးလို့ ယုံကြည်ပါတယ်"

သူမ၏ နူးညံ့သော လေသံသည် ရှု့ဖေးနှင့် ကိုယ်လုပ်တော်ရှန်တို့အတွက် မိုးကြိုးပစ်လိုက်သကဲ့သို့ ဖြစ်သွားပြီး သူတို့၏ ဝိညာဉ်များကိုပင် တုန်လှုပ်သွားစေ၏။ ရှု့ဖေး၏ ခြေထောက်များမှာ ပျော့ခွေသွားပြီး၊ သူမသည် ဒူးထောက်လျက် လဲကျသွားကာ နားထဲတွင်လည်း အသံများ မြည်ဟည်းနေတော့သည်။

ယွီမြောင်ဟွာ၏ အသံမှာ သူမထံသို့ ရေအောက်ထဲက ကြားရသကဲ့သို့ ပုံပျက်လျက် ဝေးကွာစွာ ရောက်ရှိလာ၏။ "အစ်မတော် ရှု့ ကတော့ အရမ်းဝမ်းသာသွားလို့ စကားတောင် မပြောနိုင်တော့ဘူးပဲ။ အစ်မတော် ရှု့၊ မယ်တော်ကြီးရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်စကား ပြောလိုက်ပါအုံး"

ရှု့ဖေးသည် သူမ၏ လည်ချောင်းထဲမှ ဆန်တက်လာသည့် သွေး အရသာကို မြိုသိပ်ရင်း စကားလုံးများကို အတင်းအကျပ် ညှစ်ထုတ်လိုက်ရသည်။ "ဒီကိုယ်လုပ်တော်က မယ်တော်ကြီးရဲ့ ကရုဏာတော်အတွက် ကျေးဇူးတင်စွာဖြင့် ဦးတိုက်ဂါရဝပြုပါတယ်"

ငါးဆားနယ် ကိုယ်လုပ်တော်

All Chapters