အခန်း ၂၈
Vol. 3 Ch. 28
အပိုင်း ၂၈
မိမိ၏ နန်းဆောင်သို့ ပြန်ရောက်သောအခါ၊ ကိုယ်လုပ်တော်ရှန်သည် သူမ၏ ခုတင်အနားတွင် ငိုင်တိုင်တိုင် ထိုင်နေမိပြီး အကြည့်တို့သည်လည်း ဝေဝါးနေလေ၏။
"မယ်မယ် ကိုယ်လေးနွေးသွားအောင် ဂျင်းလက်ဖက်ရည်လေး သောက်လိုက်ပါအုံး"
စိုးရိမ်တကြီး မေးလိုက်သော အစေခံမလေး၏ အသံကြောင့် ကိုယ်လုပ်တော်ရှန် သတိပြန်ဝင်လာလေသည်။ သူမ အစေခံမလေးလက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်၏။ "ဘာလို့လဲ။ ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်သွားရတာလဲ"
မူလကတော့ သူမသည် ယွီမြောင်ဟွာ အရှက်ရနေသည်ကို သွားကြည့်ရန် ကွမ်ကျွီနန်းဆောင်သို့ သွားခဲ့ခြင်းဖြစ်သော်လည်း နောက်ဆုံးတွင်တော့ သူမကိုယ်တိုင်ကသာ အကြီးမားဆုံး ဟာသတစ်ခု ဖြစ်သွားခဲ့ရသည်။
မယ်တော်ကြီးသည် ယွီမြောင်ဟွာကို အပြစ်မပေးခဲ့ရုံတင်မက၊ ရွှေ၊ ငွေ၊ ရတနာများနှင့် အကောင်းစား ပိုးထည်များကိုပါ ရက်ရက်ရောရော ချီးမြှင့်ခဲ့၏။
သူမအတွက်မူ ဆုလာဘ်ဆိုသည်မှာ ဝေးရုံတင်မကဘဲ ဘုရားစာများ ကူးယူရန် အပြစ်ပေးခံခဲ့ရသည်။ မယ်တော်ကြီးက ဤအပြစ်ဒဏ်သည် မည်မျှကြာမည်ဟု အတိအကျ မပြောခဲ့သဖြင့် တစ်လ၊ တစ်နှစ် သို့မဟုတ် နှစ်အတော်ကြာသည်အထိလည်း ဖြစ်သွားနိုင်၏။
မျက်စိရှိသူတိုင်းသည် မယ်တော်ကြီးက ယွီမြောင်ဟွာအတွက် လက်စားချေပေးနေခြင်းဖြစ်သည်ကို မြင်နိုင်သည်။ ဤမျှတိုတောင်းသော အချိန်အတွင်း မယ်တော်ကြီး၏ သဘောထားသည် အဘယ်ကြောင့် ဤမျှ ရုတ်တရက် ပြောင်းလဲသွားရသည်ကို သူမ နားမလည်နိုင်အောင် ဖြစ်နေရ၏။
ကိုယ်လုပ်တော်ရှန်သည် သူမ၏ မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ကာ နောင်တတရားများဖြင့် မွန်းကြပ်နေတော့သည်။
သူမ စိတ်လောသွားခဲ့မိ၏။ ဧကရာဇ်မင်းမြတ်၏ ပစ်ပယ်ခြင်းကို နှစ်အတော်ကြာ ခံခဲ့ရမှုက သူမ၏ အေးဆေးတည်ငြိမ်မှုများကို တိုက်စားသွားခဲ့ပြီ ဖြစ်သည်။
သူမ ဒီထက်ပိုပြီး စောင့်သင့်ခဲ့တာ။
အစေခံမလေးသည် နာကျင်နေသော်လည်း မပြဝံ့ချေ။ သူမ၏ သခင်မဖြစ်သူကို ချော့ချင်စိတ်ဖြင့် ခန့်မှန်းပြောပြလေ၏။ "မယ်တော်ကြီးက အရှင်မင်းကြီးရဲ့ ဂုဏ်သိက္ခာကို ထောက်ထားလို့ ဖြစ်မှာပါ။ ကိုယ်လုပ်တော်တစ်ဦးအတွက်နဲ့ အရှင်မင်းကြီးနဲ့ အဆင်မပြေဖြစ်မှာကို သူမ အဖြစ်ခံမှာမဟုတ်ဘူး" အထူးသဖြင့် ဧကရာဇ်မင်းမြတ်ကိုယ်တိုင် နင်ရှို့နန်းဆောင်သို့ သွားရောက်ကာ အသနားခံပေးခဲ့ခြင်းမှာ ယခင်က တစ်ခါမျှ မရှိခဲ့ဖူးသော ကိစ္စပင်။
ကိုယ်လုပ်တော်ရှန်သည် အသက်ကို ပြင်းပြင်းရှူလိုက်သည်။ "နင်ပြောတာ မှန်နိုင်တယ်။ အရှင်မင်းကြီးရဲ့ ဂုဏ်သိက္ခာအတွက် မယ်တော်ကြီးက ယွီမြောင်ဟွာကို မုန်းတာကို လူသိရှင်ကြား ပြမှာမဟုတ်ဘူး။ ဒီမနက်က အရမ်းသိသာသွားတာကို နောင်တရပြီး အခြေအနေ ပြန်ကောင်းအောင် လက်ဆောင်တွေ ပို့လိုက်တာ ဖြစ်မှာပါ"
ဒါဆိုရင်တော့ အဓိပ္ပာယ်ရှိသွားပြီ။
မယ်တော်ကြီး အဘယ်ကြောင့် ဤမျှ ဒေါသထွက်နေခဲ့လဲဆိုသည်မှာ မဆန်းတော့ပေ။ မယ်တော်ကြီး၏ အမြင်တွင် သူတို့၏ လုပ်ရပ်များသည် အခြေအနေကို ပိုဆိုးစေခဲ့ပြီး မယ်တော်ကြီးအတွက် သိက္ခာရှိရှိ ဆုတ်ခွာရန် လမ်းစကို ပိတ်ပင်လိုက်သလို ဖြစ်သွားသောကြောင့်ပင်။
မယ်တော်ကြီးက ယွီမြောင်ဟွာကို ရုတ်တရက်ကြီး သဘောကျသွားတယ်ဆိုတာတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးမလား။
အကြောင်းရင်းကို နားလည်သွားခြင်းက ကိုယ်လုပ်တော်ရှန်ကို ပို၍ပင် စိတ်ပျက်စေခဲ့၏။
သူမ အစေခံမလေးအား ပြောလိုက်သည်။ "စက္ကူနဲ့ မှင်ပြင်လိုက်တော့။ အခု ဘုရားစာတွေ စကူးတော့မယ်"
"မယ်မယ် နည်းနည်းလောက် ထပ်ပြီး မနားချင်တော့ဘူးလားဟင်"
ကိုယ်လုပ်တော်ရှန် ခေါင်းယမ်းလိုက်သည်။ "မယ်တော်ကြီးက တစ်နေ့ ဆယ်အုပ် ကူးခိုင်းတယ်၊ ငါက အုပ်နှစ်ဆယ် ကူးမယ်။ ငါ့ရဲ့ ဇွဲလုံ့လကြောင့် တစ်နေ့မှာတော့ သူမ ငါ့ရဲ့ စိတ်ရင်းကို မြင်လာပါလိမ့်မယ်လေ"
ရှု့ဖေးသည်လည်း အတူတူ အပြစ်ပေးခံရ၏။ ရှု့ဖေး၏ စရိုက်အရ တစ်နေ့ ဆယ်အုပ်ပြီးဖို့တောင် ခက်ခဲလိမ့်မည်ပင်။ ထိုအခါ သူမ၏ ကြိုးစားမှုက ပိုပေါ်လွင်နေမည်ဖြစ်ပြီး မယ်တော်ကြီးက သူမအကြောင်း ကောင်းသတင်းစကား ပြောပေးလျှင် ဧကရာဇ်မင်းမြတ်က သူမကို ပြန်သတိရလာနိုင်ပေသည်။
အစေခံမလေးသည် မိမိ သခင်မကို သနားမိသော်လည်း ဤနည်းလမ်းသည်သာ မယ်တော်ကြီး၏ အမြင်တွင် ဂုဏ်သိက္ခာကို ပြန်ဆယ်တင်နိုင်မည့် နည်းလမ်းဖြစ်သည်ကို သိထား၏။
သူမသည် အေးစက်နေသော စာကြည့်ခန်းကို နွေးထွေးအောင် မီးဖိုများ သွားညှိလိုက်သည်။ သူမ၏ အဆင့်အတန်းကြောင့် ရရှိသော မီးသွေးခွဲတမ်းမှာ အခန်းတိုင်းတွင် ထားရန် မလုံလောက်ဘဲ ပုံမှန်အားဖြင့် အိပ်ဆောင်ထဲတွင်သာ နှစ်လုံး ထားလေ့ရှိ၏။
ကိုယ်လုပ်တော် ရှန်သည် ကိုယ်လေးနွေးအောင် လက်ဖက်ရည်ကို သောက်လိုက်ပြီး ဆာလောင်မှုကို အောင့်ထားနိုင်ရန် မုန့်အနည်းငယ် မြည်းစမ်းလိုက်သေးသည်။
အစေခံမလေး ပြန်ရောက်လာသောအခါ ဝမ်းသာအားရ သတင်းပို့လေ၏။ "မယ်မယ် ရှန်ဖေးက မီးသွေးတွေ ထပ်ပို့ပေးလိုက်ပါတယ်။ အခုဆို စာကြည့်ခန်းထဲမှာ မီးဖိုသုံးလုံးတောင် ထားလို့ရပြီ!"
ကိုယ်လုပ်တော်ရှန်သည် ခေတ္တမျှ ရပ်တန့်သွားပြီးနောက် သူမ၏ မျက်နှာအမူအရာမှာ တည်ကြည်လေးနက်သွားတော့သည်။ "ငါ သွားပြီးတော့ သခင်မကို ကျေးဇူးတင်စကား ဆိုရမယ်"
ရှန်ဖေးသည် တကယ့်ကို ကြင်နာတတ်သော စိတ်နှလုံးရှိသူပင်။ ဤကဲ့သို့သော အဆင့်မြင့် ကိုယ်လုပ်တော်ကြီးတစ်ဦး၏ လက်အောက်တွင် နေထိုင်ရခြင်းမှာ သူမအတွက်တော့ ကံကောင်းခြင်းတစ်ရပ်ပင် ဖြစ်တော့၏။
ဒုက္ခရောက်နေချိန်တွင် လက်ဆောင်ပေးကမ်းသူဟူသည် ရှားပါးလှသည်၊ ရာထူးကျနေချိန်၌ပင် ရှန်ဖေး၏ ရက်ရောမှုက သူမ၏ မြင့်မြတ်သော စရိုက်လက္ခဏာကို ပို၍ပင် ထင်ရှားစေတော့သည်။
အစေခံမလေးက တားလိုက်၏။ “ရှန်ဖေးက ဒါကို တိတ်တဆိတ် ပို့ပေးခဲ့တာမို့ ဘယ်သူမှ မသိစေချင်ပါဘူးတဲ့"
ထို့နောက် သူမက ဆက်ပြောသည်။ "ကိုယ်လုပ်တော် ကျောက်လဲ မယ်တော်ကြီးဆီက ဘုရားစာတွေ ကူးဖို့ လက်ခံရရှိခဲ့ပါတယ်"
ကိုယ်လုပ်တော် ရှန်မှာ ဘာပြောရမှန်း မသိတော့ပေ။ ကိုယ်လုပ်တော် ကျောက်သည် သူတို့ထက် အရင်ရောက်ခဲ့ပြီး သူမ၏ အစစ်အမှန် ရည်ရွယ်ချက်ကို လူတိုင်း သိကြသည်။ သို့သော် သူမပါ အပြစ်ပေးခံရသဖြင့် အလွန် မကျေမနပ် ဖြစ်နေမည်မှာ အသေအချာပင်။
မိမိတစ်ယောက်တည်း ဒုက္ခရောက်နေခြင်း မဟုတ်မှန်း သိလိုက်ရသဖြင့် ကိုယ်လုပ်တော်ရှန်၏ စိတ်မှာ အနည်းငယ် ပြန်လည်တက်ကြွသွား၏။ အနည်းဆုံးတော့ သူမ အရှက်ရမှုမှာ အဖော်ရှိနေသေးသည်။
ကွမ်ကျွီနန်းဆောင်မှ ဖြစ်ရပ်များသည် နန်းတွင်းရှိ လူအများကို အံ့အားသင့်သွားစေခဲ့၏။
အထူးသဖြင့် မယ်တော်ကြီး ချီးမြှင့်လိုက်သော ကြွယ်ဝလှသည့် လက်ဆောင်များအကြောင်း ကြားသောအခါ၊ ကိုယ်လုပ်တော် အများအပြားမှာ သူတို့၏ တည်ငြိမ်မှုများကို ထိန်းမထားနိုင်လောက်အောင် ဖြစ်သွားကြသည်။
ကိုယ်လုပ်တော်ဟွေ့သည် ဘေးအန္တရာယ်မှ လွတ်ရုံတင်မကဘဲ အကျိုးအမြတ်များစွာပါ ရရှိခဲ့သေး၏။ သူမ ဘာကြောင့် ဒီလောက်အထိ ကံကောင်းနေရတာလဲ။
အချို့ကမူ ယွီမြောင်ဟွာသည် လူတွေရဲ့ စိတ်နှလုံးကို ညှို့ယူနိုင်သော မြေခွေးဝိညာဉ်လားဟုပင် သံသယဝင်လာကြသည်။ မဟုတ်လျှင် ဒါတွေက ဘယ်လိုမှ အဓိပ္ပာယ်မရှိပေ။
ကွမ်ကျွီနန်းဆောင်မှ အစေခံများမှာမူ အခြားသူများကို ငတုံးများကဲ့သို့ သဘောထားကာ ဂုဏ်ယူဝင့်ကြွားစွာ သွားလာနေကြတော့၏။
သူတို့၏ သခင်မ ဘာမှမဖြစ်နိုင်မှန်း သူတို့ သိထားပြီးသားပင်။ မဟုတ်လျှင် သူမသည် နေ့လယ်က ဟော့ပေါ့ကို ဤမျှအထိ အားရပါးရ စားနိုင်ပါမည်နည်း။ သူမသည် ပုံမှန်ထက် နှစ်ဆတောင် ပိုစားခဲ့တာလေ!
ယွီမြောင်ဟွာသည် လူအများရှေ့တွင် တည်ငြိမ်ဟန် ဆောင်နေသော်လည်း၊ အတွင်းစိတ်ထဲမှာတော့ ထိတ်လန့်နေမိသည်။
သူမကိုယ်တိုင်လည်း နားမလည်နိုင်ပေ။ ဒီမနက်တင် မယ်တော်ကြီးက သူမကို မျက်စိထဲက အမှိုက်တစ်စလို သဘောထားခဲ့ပြီး မွန်းလွဲပိုင်းမှာတော့ ရုတ်တရက်ကြီး သူမ၏ အချစ်တော်လေး ဖြစ်သွားရသည်မှာ အံ့ဩစရာပင်။
မယ်တော်ကြီးက သူမကိုပေးသော လက်ဆောင်များသည် မိဖုရားခေါင်ကြီးအား ပေးသည်ထက်ပင် ပိုများနေကြောင်း သိလိုက်ရသောအခါ သူမ၏ စိုးရိမ်မှုများမှာ ပို၍ ကြီးထွားလာ၏။
သူမ ဘာတွေလုပ်ခဲ့လို့ ဒီလောက်အထိ ရရတာပါလိမ့်။
[စနစ်၊ ဒါက ငါ့ကို အမြင့်တင်ပြီးမှ ပြန်ချမဲ့ ထောင်ချောက်တစ်ခု မဟုတ်ဘူးလား]
အသေအချာ စဉ်းစားပြီးနောက်၊ သူမ တွေးနိုင်သည့် တစ်ခုတည်းသော အကြောင်းပြချက်မှာ ဤအချက်ပင် ဖြစ်သည်။ ဝတ္ထုတွေထဲမှာလည်း ဒီလိုပဲ ဖြစ်လေ့ရှိသည် မဟုတ်ပါလား။
[ဖြစ်နိုင်ပါတယ်။ Host၊ မယ်တော်ကြီးရဲ့ အကြံအစည်ကို အရင်ဦးဆုံး ဖော်ထုတ်ချင်လား?]
ယွီမြောင်ဟွာသည် စနစ်ကို မျက်စောင်းထိုးလိုက်မိ၏။ ဖော်ထုတ်ရမည် ဟုတ်လား။ သူမက အဲဒီလောက်အထိတော့ မတုံးပါဘူး!
သူမသည် မယ်တော်ကြီး လက်ဆောင်ပေးထားသော သစ်ခွဆံထိုးလေးကို ကောက်ကိုင်လိုက်သည်။ မီးအလင်းရောင်အောက်တွင် ကျောက်စီထားသော ဆံထိုးလေး၏ နူးညံ့သော အရောင်အဝါမှာ ရင်သပ်ရှုမောဖွယ် ကောင်းလှပေ၏။
တကယ်ကို လှပလွန်းတယ်!!
ဒီနှစ်ထဲ သူမ၏ မိခင်နှင့် တွေ့ရသောအခါ ဒီဆံထိုးလေးကို ဆင်မြန်းဖို့ သူမ ဆုံးဖြတ်လိုက်သည်။ မယ်တော်ကြီးဆီမှ ရထားသည့် အရုဏ်ဦးကတ္တီပါပိုးထည်ကလည်း တကယ့်ကို ခမ်းနားလှသော ဝတ်စုံသစ်တစ်ထည် ဖြစ်လာတော့မည်— ယခု သူမ ဝတ်ထားသည့် ပိုးထည်ဝတ်စုံကတော့ ဒါနှင့်ယှဉ်လျှင် အရောင်မှိန်သွားရတာပေါ့။
မယ်တော်ကြီး၏ လက်ဆောင် တစ်ခုချင်းစီကို အားရပါးရ ကြည့်ရှုပြီးနောက် ယွီမြောင်ဟွာက စနစ်ကို တရားဝင်ဟန်ဖြင့် ကြေညာလိုက်၏။
[ပစ်မှတ်ထားခံရတာက တကယ့်ကို စိတ်ရောကိုယ်ပါ ဆင်းရဲပင်ပန်းရတာပဲ။ ငါ့ရဲ့ ညီအစ်မတွေကို ဒီလို ဒုက္ခမရောက်စေချင်လို့ ငါပဲ အကုန်လုံးကို တစ်ယောက်တည်း သည်းခံလိုက်တော့မယ်။ နန်းတွင်းကြီး ငြိမ်းချမ်းဖို့အတွက် ငါကပဲ အများအကျိုးအတွက် ကိုယ့်ကိုယ်ကိုယ် အနစ်နာခံပေးလိုက်ပါ့မယ်]
သူမ ဘာပြောနိုင်ပါဦးမည်နည်း။ သူမ အဲဒီလောက်အထိ အတ္တကင်းခဲ့သည်— မယ်တော်ကြီး၏ ရတနာတွေကို လောဘတက်နေတာမျိုး လုံးဝ လုံးဝ မဟုတ်ခဲ့ပေ။
စနစ်က သူမ၏ တခမ်းတနား စကားများကို နားထောင်ပြီး အတော်လေး စိတ်လှုပ်ရှားသွားပုံရသည်။
[သိပ်ကောင်းတာပေါ့ Hostရေ! မင်းရဲ့ ဒီလောက်အထိ အရည်ထူပုံနဲ့ဆိုရင် ငါတို့ မအောင်မြင်နိုင်တဲ့အရာ ဘာမှမရှိတော့ဘူး!]
စနစ်လေသံက ရိုးသားပုံပေါက်နေသော်လည်း ယွီမြောင်ဟွာမှာမူ တစ်မျိုးကြီး အစော်ကားခံလိုက်ရသလို ခံစားလိုက်ရ၏။
သူမ ထိုသည်ကို လျစ်လျူရှုလိုက်ပြီး နန်းတွင်းအစေခံတွေကို စန္ဒကူးနံ့သာဗီရိုကို သူမ အိပ်ဆောင်ထဲ ထားဖို့ ခိုင်းလိုက်သည်။ အသုံးမလိုတော့သည့် နှင်းဆီသစ်သားဗီရိုဟောင်းကိုတော့ ဂိုဒေါင်ထဲသို့ ပို့ဆောင်လိုက်လေ၏။
ထိုညနေခင်း၌ ဖေးလင်ယွဲ့သည် ကွမ်ကျွီနန်းဆောင်သို့ ရောက်လာသောအခါ ယွီမြောင်ဟွာ၏ ဆံပင်၌ ထိုးထားသော အပြာရောင် ဒေါင်းဆံထိုးလေးကို ချက်ချင်း သတိပြုမိပြီး ရယ်မောတော့သည်။ "ဒီဆံထိုးက မယ်တော်ကြီး ပေးလိုက်တဲ့ လက်ဆောင် မဟုတ်လား"
တကယ်တော့ ထိုလက်ဆောင်တွေကို နင်ရှို့နန်းဆောင်ဆီ ပထမဆုံး ပို့ပေးခဲ့သည်မှာ သူကိုယ်တိုင်ပင်။
ယွီမြောင်ဟွာက ကျေးဇူးတင်သော မျက်နှာထားမျိုး လုပ်ထားလေ၏။ "မယ်တော်ကြီးက ကျွန်မအပေါ် သနားကြင်နာပြီး အဖိုးတန်လက်ဆောင်တွေ အများကြီး ချီးမြှင့်ခဲ့ပါတယ်"
ဖေးလင်ယွဲ့ ဒီတစ်ခေါက် လာရောက်မှုမှာလည်း ယွီမြောင်ဟွာကို စိတ်အေးစေဖို့နှင့် ဤကိစ္စတွေကို စိတ်ထဲ အစွဲအလမ်းမထားစေဖို့အတွက် ဖြစ်လေသည်။
“မယ်တော်ကြီးမှာ အရင်က ကုမိသားစုအပေါ် အရမ်းသစ္စာရှိပြီး မင်းအပေါ် အငြိုးထားတဲ့ အစေခံတစ်ယောက် ရှိခဲ့တယ်။ သူမက မယ်တော်ကြီးရှေ့မှာ အမှန်တရားကို လိမ်ပြောပြီး ကုန်းတိုက်ခဲ့လို့ မယ်တော်ကြီးက မင်းအပေါ် အထင်လွဲသွားတာ။ အခု အထင်လွဲတာတွေ ပြေလည်သွားပြီဆိုတော့ မယ်တော်ကြီးက မင်းကို ပြန်ပြီး မျက်နှာသာပေးတာပေါ့"
ဖေးလင်ယွဲ့က အပြစ်အားလုံးကို ကုမိသားစု၏ ပင်မမျိူနွယ်တွေအပေါ် ပုံချလိုက်ခြင်းဖြစ်ပြီး သူပြောတာလည်း မမှားပေ။ အထိန်းတော် လီသည် မယ်တော်ကြီး စိတ်ထဲ၌ အဆိပ်အတောက်တွေ ဖြစ်စေမည့် စကားတွေကို ယွီမြောင်ဟွာအပေါ် တကယ်ပဲ ပြောဆိုခဲ့တာဖြစ်၏။ တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုအချိန်က စနစ်ကပေးသော တာဝန်တွေကလည်း အထင်လွဲစရာတွေ ဖြစ်နေခဲ့တာမို့ အခြေအနေက ပိုဆိုးသွားခဲ့တာပင်။
ယွီမြောင်ဟွာ ချက်ချင်း နားလည်သွားသည်။ 'ဒါ ကုမိသားစု လက်ချက် နောက်တစ်ကြိမ် ဖြစ်ပြန်ပြီ။ အဲဒီမိသားစုကတော့ သူမနောက်ကို တကယ့် သရဲတစ်ကောင်လို မပြတ်တမ်း လိုက်နှောင့်ယှက်နေတာပဲ။'
"...ဒါဆိုရင် အခု အထင်လွဲတာတွေက ပြေလည်သွားပြီပေါ့"
"ဟုတ်တယ်။ မယ်တော်ကြီးက မင်းအပေါ် အကဲဖြတ်မှားသွားတာကို သိသွားပြီးတဲ့နောက် ဒီလက်ဆောင်တွေကို တောင်းပန်တဲ့အနေနဲ့ ပို့လိုက်တာလေ"
ဒါဆို ဧကရာဇ်မင်းမြတ်က သူမကို အကျိုးအကြောင်း ရှင်းပြဖို့ သီးသန့် လာခဲ့တာပေါ့။
ယွီမြောင်ဟွာက သူမရဲ့ စနစ်ဆီကို စိတ်ထဲကနေ သက်ပြင်းချလိုက်မိသည်။
[ဧကရာဇ်မင်းမြတ်က ထင်ထားတာထက် ပိုပြီး ကြင်နာတတ်သားပဲ]
ဖေးလင်ယွဲ့ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။ "မင်း ဒီနေ့ နေ့လယ်က မင်တဲ့ နားနေဆောင်ကို သွားခဲ့တယ်လို့ ကြားထားတယ်"
ယွီမြောင်ဟွာက သူမတာဝန်ကို မေ့မထားပေ။ မယ်တော်ကြီး၏ လက်ဆောင်တွေကို သိမ်းဆည်းပြီးနောက် တာဝန်ပြီးမြောက်မှုအတွက် ဆုလာဘ်ကို ရယူခဲ့ပြီး မင်တဲ့ နားနေဆောင်ကိုသာ ထပ်မံရွေးချယ်ခဲ့သည်။
အင်း၊ နောက်တစ်ကြိမ်ကျရင်တော့ စာကြည့်တိုက်ကို ရွေးရမယ်။
သူမ အဲဒီစာအုပ်ကို အသေအချာ မဖတ်ရသေးချေ။
ဧကရာဇ်မင်းမြတ်က ဒီကိစ္စအပေါ် ပုံမှန်ထက် ပိုပြီး စိတ်ဝင်တစား ရှိနေလေ၏။ စာကြည့်ဆောင်ကို သွားရင် ရလဒ်တစ်ခုခု ထွက်လာမည်ဟု သူက ဘယ်လိုတောင် သေချာနေရတာပါလိမ့်။
သူမက လိမ္မာပါးနပ်စွာဖြင့် ပြန်ဖြေလိုက်သည်။ "ကျွန်မ အဲဒါကို မဖတ်ရသေးဘူး"
ဖေးလင်ယွဲ့ လက်ဝှေ့ယမ်းပြလိုက်၏။ "ကျန်း မင်းနဲ့အတူ ဖတ်မယ်လေ!"
နာရီဝက်ခန့် ကြာပြီးနောက် သူသည် စာအုပ်ကို လက်ထဲ ကိုင်ထားရင်း အမြဲရှိနေကျ တည်ငြိမ်မှုတွေ ပျောက်ဆုံးကာ စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နှက်နေလေသည်။ "ဪ... ဒါက ဒီလိုမျိုး လုပ်တာကိုး..."
ရွှေ့ပြောင်းနိုင်သော ရွှံ့စေးစာလုံးပုံနှိပ်နည်းက အရမ်းမခက်ခဲသော်လည်း ယခင်က မည်သူမှ မတွေးမိခဲ့ကြပေ။
ဒီနည်းလမ်းကို သုံးလျှင် စာအုပ်တွေ အများအပြား ထုတ်ဝေနိုင်မည်ဖြစ်ပြီး အချိန်နှင့် လုပ်အားကို သက်သာစေရုံတင်မက ကုန်ကျစရိတ်ကိုလည်း အများကြီး လျှော့ချနိုင်မည် ဖြစ်၏။
သူ ပိုဖတ်လေလေ၊ ဒါက တကယ့်ကို အံ့ဩစရာကောင်းသော တီထွင်မှုဖြစ်ကြောင်း ပိုပြီး ယုံကြည်လာလေလေပင်— ဒါကို လူအများ သိအောင် မျှဝေရမည်။
ထို့ကြောင့်လည်း ဤဆုလာဘ်သည် ယွီမြောင်ဟွာကို ပညာရှင်တွေကြား နာမည်ကျော်ကြားလာစေမည်ဟု စနစ်က ပြောခဲ့ခြင်းမှာ အံ့သြဖွယ်မရှိပေ။
ဖေးလင်ယွဲ့ ရွှံ့စေးစာလုံးတွေကို ချက်ချင်း ထုတ်လုပ်ဖို့ အမိန့်ပေးလိုက်သည်။ သူ နှစ်သစ်ကူးပြီးသည်နှင့် ဤစာအုပ်ကို ညီလာခံမှာ တင်ပြကာ တချီ၌ ဤနည်းပညာကို ပြန့်နှံ့အောင် လုပ်ဖို့ စီစဉ်လိုက်၏။
"ဒီဟာကို တီထွင်သူက တုနှိုင်းမဲ့ ပါရမီရှင် ထုန်ထုန် (စနစ်) မလား"
ဖေးလင်ယွဲ့၏ ပါးစပ်မှ "တုနှိုင်းမဲ့ ပါရမီရှင် စနစ်" ဆိုတဲ့ အမည်ကို ကြားလိုက်ရသည့်အခါ ယွီမြောင်ဟွာခမျာ အတော်လေး အနေရခက်သွားပြီး ကြမ်းပြင်ကို ခြေချောင်းလေးတွေနှင့် ကုပ်ထားချင်စိတ် ပေါက်သွားရသည်။
"မဟုတ်ပါဘူး၊ စာအုပ်ထဲမှာတော့ ပိုင်ရှန်းလို့ အမည်ရတဲ့သူက တီထွင်ခဲ့တာလို့ ဖော်ပြထားပါတယ်"
ဒီကမ္ဘာမှာ ပိုင်ရှန်းဆိုသူ မရှိသော်လည်း ယွီမြောင်ဟွာ ဆုလာဘ်ကို ရယူစဉ် ထိုသူအမည်ကို ထည့်သွင်းဖို့ရန် စနစ်ကို ညွှန်ကြားထားခဲ့ခြင်း ဖြစ်လေ၏။
ဖေးလင်ယွဲ့ အံ့ဩတကြီးဖြင့် ချီးကျူးလိုက်သည်။ "တကယ့်ကို မြင့်မြတ်တဲ့ ပညာရှိတစ်ဦးပဲ"
သူသည် စာအုပ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ပြောလိုက်၏။ “ကျန်း အခုမှ အရေးကြီးတဲ့ ကိစ္စတစ်ခု သတိရလို့။ မင်းလဲ နားလိုက်ပါအုံး"
ထိုသူသည် လေလိုပင် ရောက်လာကာ လေလိုပင် မြန်မြန်ဆန်ဆန် ပြန်ထွက်သွား၍ ယွီမြောင်ဟွာခမျာ ကြောင်တောင်တောင်နှင့် ကျန်ရစ်ခဲ့ရသည်။
ခေတ္တမျှ ကြောင်အသွားပြီးနောက် သူမ ချင်းလျိုဘက် လှည့်လိုက်၏။ "ညစာ ပြင်လိုက်တော့"
အစားအသောက်က ပထမပဲလေ။
ကံမကောင်းတာက ဒီနေ့တော့ ဧကရာဇ်မင်းမြတ်ရဲ့ ဟင်းလျာကောင်းတွေကို အလကား နှိုက်စားလို့ မရတော့ဘူးပေါ့။
...
ကွမ်ကျွီနန်းဆောင်ကနေ ထွက်လာပြီးနောက်၊ ဖေးလင်ယွဲ့သည် မယ်တော်ကြီးကို ဤစာအုပ် ပြဖို့အတွက် နန်းဆောင်ဆီကို တန်းတန်းမတ်မတ် သွားလိုက်သည်။
တခြားသော နန်းတွင်းအစေခံ အားလုံးကို အပြင်ထွက်ခိုင်းလိုက်လေ၏။
မယ်တော်ကြီးသည် ရွှံ့စေးစာလုံးပုံနှိပ်နည်း အသေးစိတ်တွေကို ဖတ်ကြည့်ရင်း သူမ၏ အသံမှာ အံ့ဩတကြီးဖြစ်မှုတို့ဖြင့် ဝေးလွင့်နေတော့သည်။ "ဒါက တကယ်ကို ထူးခြားဆန်းပြားတာပဲ"
ဆုလာဘ်က ဒီအတိုင်းကြီး ရောက်လာခဲ့တာပေါ့။
သို့ကြောင့်လည်း ဧကရာဇ်မင်းမြတ်မှာ စနစ်အပေါ် ဒီလောက်အထိ ယုံကြည်နေသည်ကိုး။ ယွီမြောင်ဟွာကလည်း ချစ်စရာကောင်းလောက်အောင်ကို ရိုးအလွန်းပေသည်— ဧကရာဇ်မင်းမြတ်သာ သူမကို အကာအကွယ်မပေးထားပါက သူမ၏ လျှို့ဝှက်ချက်တို့ အရင့်အရင်ကတည်းက ပေါ်သွားလောက်၏။
ဤကဲ့သို့ နတ်ဘုရားတို့၏ ကူညီမှုလို ကိစ္စမျိုးတို့နှင့် ကြုံလာရသည့်အခါ မယ်တော်ကြီးကိုယ်တိုင်ပင် ယုံကြည်လာတော့မလို ဖြစ်သွားရသည်။ ပို၍ ဂုဏ်ယူမိသည့်အချက်သည် ဤဆုလာဘ်ရအောင် သူမကိုယ်တိုင်လည်း ကူညီပေးခဲ့ခြင်းပင်။ သူမ၏ ပူးပေါင်းဆောင်ရွက်မှုသာ မပါလျှင် တာဝန်မှာ ဤမျှလောက် ချောချောမွေ့မွေ့ ပြီးဆုံးမည် မဟုတ်ပေ။ စောစောက သူမ ခံစားခဲ့ရသော စိတ်နာမှုတွေနှင့် ဒေါသတွေကိုတော့ အသာလေး မေ့ထားပစ်လိုက်လေပြီ။
ဤလောက်အထိ အကျိုးပြုနိုင်သည့်အတွက် ယွီမြောင်ဟွာသည် ကိုယ်လုပ်တော်ဟွေ့အဆင့်တင် မဟုတ်ဘဲ ဟွမ်ကွေ့ဖေးတောင် ဖြစ်သင့်လေသည်။
ဤတစ်ခါတွင်မူ မယ်တော်ကြီးနှင့် အိမ်ရှေ့စံတို့၏ သဘောထားမှာ တစ်ထပ်တည်း ကျသွားခဲ့လေပြီ—ဧကရာဇ်မင်းမြတ်သည် ဘွဲ့ထူးတွေပေးရခြင်း၌ အတော်ကပ်စေးနှဲလွန်းနေခြင်းပင်။
"အရှင်မင်းကြီး၊ ကိုယ်လုပ်တော်ဟွေ့ဆိုတဲ့ အဆင့်က နည်းနည်း နိမ့်မနေဘူးလား"
ဖေးလင်ယွဲ့ ပြန်ပြောလိုက်၏။ "သူမကို အရမ်းမြန်မြန် ရာထူးတိုးပေးလိုက်ရင် နောက်ပိုင်းမှာ တိုးပေးဖို့ နေရာမကျန်တော့မှာစိုးလို့ပါ။ နောက်နှစ် ချန်ပါ စပါးရိတ်သိမ်းပြီးရင်တော့ ယွီမြောင်ဟွာကို သဲ့ဖေးအဖြစ် မြှင့်တင်ပေးဖို့ ကျွန်တော် စီစဉ်ထားပါတယ်"
[ပထမအဆင့် (၄) နေရာ - ကွေ့ဖေး၊ ရှန်ဖေး၊ ရှု့ဖေး၊ သဲ့ဖေး
ဒုတိယအဆင့် - ဖေးဘွဲ့ (၄) နေရာ] ယွီမြောင်ဟွာ၏ လက်ရှိအဆင့်
အခမ်းအနားများကို ထပ်ခါတလဲလဲ မလုပ်ချင်သောကြောင့် ဖေးအဆင့်ကို ကျော်ကာ တစ်ခါတည်း မြှင့်တင်ပေးဖို့ရန် ရည်ရွယ်ထားခြင်း ဖြစ်ပေသည်။
စနစ်က ပေးထားသည်မှာလည်း အလွန်များလွန်းနေလေပြီ— သူမကို ပြန်ပြီး ဆုမပေး၍လည်း မရချေ။ ဖေးလင်ယွဲ့သည် တကယ့်ကို ပျော်ရွှင်စရာကောင်းလှသော အခက်အခဲကြီးနှင့် ရင်ဆိုင်နေရလေ၏။
မယ်တော်ကြီးက ခေါင်းညိတ်လိုက်သည်။ "ကောင်းပါပြီ"
လပိုင်းမျှသာ စောင့်ရန် လိုတော့၏။
ထိုအတောအတွင်း သူမအပေါ်ထားရှိသည့် အခွင့်အရေးများကို ဦးစွာ မြှင့်တင်ပေးထားနိုင်သည်။
မယ်တော်ကြီးသည် ချက်ချင်း အစီအမံတစ်ခုကို ကြံစည်လိုက်ပြီးနောက်၊ မကြာမီမှာပင် နာမကျန်းဖြစ်သည်ဟု အကြောင်းပြကာ နန်းတွင်းသမားတော်အား ဆင့်ခေါ်လိုက်၏။
ငါးဆားနယ် ကိုယ်လုပ်တော်