← Chapters

အခန်း ၂၉

Vol. 3 Ch. 29

အခန်း ၂၉

Vol. 3 Ch. 29

အပိုင်း ၂၉

နောက်တစ်နေ့ နံနက်တွင် မိဖုရားခေါင်ကြီးသည် ထုံးစံအတိုင်း ကိုယ်လုပ်တော်များကို ဦးဆောင်၍ ဂါရဝပြုရန် ရောက်ရှိလာကြသည်။

မိဖုရားခေါင်ကြီးက စိုးရိမ်တကြီးဖြင့် မေးမြန်းလိုက်၏။ "မယ်တော့်ရဲ့ ကျန်းမာရေး အခြေအနေ သက်သာလာပြီလား"

မယ်တော်ကြီးသည် မနေ့ညကပင် သမားတော်ကို ဆင့်ခေါ်ခဲ့ခြင်းဖြစ်သည်။

စင်စစ်အားဖြင့် သူမမှာ ကျန်းမာသန်စွမ်းလျက်ရှိသော်လည်း— ဤသည်မှာ ဟန်ဆောင်မှုတစ်ခုသာ။

အထိန်းတော် ကျိုးကပင် သူမ၏ မျက်နှာကို ဖြူဖျော့၍ နွမ်းလျနေသည့်ပုံ ပေါက်စေရန် ပေါင်ဒါများ လိမ်းခြယ်ပေးထားလေသည်။

သူမ အနည်းငယ် ချောင်းဟန့်လိုက်၏။ "အိုက်ကျား အဆင်ပြေပါတယ်၊ ခေါင်းနည်းနည်း ကိုက်နေတာပါ။ နောက်ရက်တွေမှာတော့ နေ့တိုင်း လာနေဖို့ မလိုပါဘူး"

နေမကောင်းဖြစ်နေချိန်တွင် မည်သူမဆို အနှောင့်အယှက်ဖြစ်မည်ကို မနှစ်သက်တတ်ကြောင်း မိဖုရားခေါင်ကြီးက နားလည်လိုက်သည်။

မိဖုရားခေါင်ကြီးအနေဖြင့် သူမတွင် မယ်တော်ကြီး မကျန်းမမာဖြစ်ချိန်၌ ဝတ်တရားမပျက် ပြုစုရမည့်တာဝန် ရှိပေသည်။

အခြားကိုယ်လုပ်တော်များကို ကြည့်လိုက်၏။ "အားလုံး ပြန်လို့ရပြီ။ မယ်တော့်ကို ပြုစုဖို့ ပန်ကုန်းပဲ ဒီမှာ နေခဲ့မယ်"

အခြားကိုယ်လုပ်တော်များလည်း သူတို့၏ ဝတ်တရားကျေပွန်မှုကို ပြသလိုသည့်အပြင် ဂုဏ်ယူဝင့်ကြွားလိုကြသဖြင့် ပြုစုစောင့်ရှောက်ရန် အပြိုင်အဆိုင်ပင် တောင်းဆိုကြတော့သည်။

မယ်တော်ကြီးက ချက်ချင်း ကြားဖြတ်လိုက်၏။ "နှစ်ကုန်ပိုင်းဆိုတော့ နန်းတွင်းရေးရာတွေက အရမ်းများနေတာ။ မိဖုရားခေါင်ကြီးအနေနဲ့ အိုက်ကျားကြောင့်နဲ့ မင်းရဲ့ တာဝန်တွေကို လစ်ဟင်းမခံပါနဲ့"

မိဖုရားခေါင်ကြီးက လက်မခံချေ။ "မယ်တော့်ရဲ့ ကျန်းမာရေးက သေးငယ်တဲ့ ကိစ္စမဟုတ်ပါဘူး။ မယ်တော့်ကို ဒီလို နေမကောင်း ဖြစ်ခွင့်ပေးလိုက်မိတာက ချန်ချဲ့ရဲ့ တာဝန်ပျက်ကွက်မှုပါ"

မယ်တော်ကြီးက ပြောလိုက်သည်။ "ကိုယ်လုပ်တော်ဟွေ့ကိုပဲ အိုက်ကျား အနားမှာ နေခိုင်းလိုက်ပါ။ သူမက တက်ကြွဖြတ်လတ်ပြီး ပါးနပ်တယ်— သူမ အိုက်ကျားအနားမှာ ရှိနေရင် အိုက်ကျားရဲ့ ခေါင်းကိုက်တာတွေတောင် သက်သာသွားလိမ့်မယ်"

ဟင်... ဘာကြောင့် ကိုယ်လုပ်တော်ဟွေ့ကိုမှ ထပ်ပြီး ရွေးချယ်ရပြန်တာလဲ။

မိဖုရားခေါင်ကြီးမှာ ဇဝေဇဝါ ဖြစ်သွားရသည်။

မယ်တော်ကြီးက ဆုလာဘ်များစွာ ချီးမြှင့်ခဲ့ခြင်းမှာ အငြိုးအတေးများ ပြေပျောက်သွားပြီဟု သူမ ထင်မှတ်ထားခဲ့လေ၏။

သို့ရာတွင် မယ်တော်ကြီးက နာမကျန်းမှုကို အကြောင်းပြထားသဖြင့် ဧကရာဇ်မင်းမြတ်ပင်လျှင် ကိုယ်လုပ်တော်ဟွေ့ကို ဝတ်တရားကျေပွန်အောင် ထမ်းဆောင်ခြင်းမှ တားဆီးရန် ခက်ခဲလှပေသည်။

မိဖုရားခေါင်ကြီးပင် ထိုသို့ တွေးတောမိလျှင် အခြားကိုယ်လုပ်တော်များမှာမူ ပို၍ပင် ယုံကြည်ချက် ခိုင်မာသွားကြတော့၏။

သူတို့၏ အကြည့်များမှာ အဓိပ္ပာယ်ပါပါ ဖြတ်ပြေးသွားကြသည်— မယ်တော်ကြီးက ကိုယ်လုပ်တော်ဟွေ့ကို နှိပ်စက်ရန် နည်းလမ်းပြောင်းလိုက်လေပြီ။ မနေ့က ဆုလာဘ်များမှာ မျက်လှည့်ပြလိုက်ခြင်းသာ။

ဧကရာဇ်မင်းမြတ်ထံမှ အခြေအနေ အရပ်ရပ်ကို ကြိုတင်သိရှိထားပြီးဖြစ်သော ယွီမြောင်ဟွာကမူ အေးချမ်းသော အပြုံးဖြင့် ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်လေသည်။ "မယ်တော်ကြီးကို ပြုစုရခြင်းက ချန်ချဲ့အတွက်တော့ အကြီးမားဆုံးသော ဂုဏ်ယူစရာပါပဲ"

အခြားကိုယ်လုပ်တော်များ - ကိုယ်လုပ်တော်ဟွေ့ကတော့ အ,တာပဲ။ မကြာခင် ငိုရတော့မှာ။ 'နေမကောင်းလို့ ပြုစုခိုင်းတယ်' ဆိုတဲ့ အကြောင်းပြချက်နဲ့ဆိုရင် ဧကရာဇ်မင်းမြတ်တောင် သူမကို ကူညီနိုင်မှာ မဟုတ်ဘူး"

မယ်တော်ကြီးက ထိုသူတို့၏ မျက်နှာအမူအရာများကို အေးစက်စွာ စောင့်ကြည့်နေခဲ့၏။

ဤမိန်းမများသည် ကိုယ်လုပ်တော်ဟွေ့ ဒုက္ခရောက်သည်ကိုသာ မြင်လိုကြပြီး သူမ၏ နန်းဆောင်ကိုလည်း မိစ္ဆာဂူတစ်ခုကဲ့သို့ သဘောထားနေကြသည်။

သူမက လူငယ်များကို နှိပ်စက်ရသည်ကို ပျော်မွေ့သည့် လူဆိုးတစ်ယောက်မို့လို့လား။ ကိုယ်လုပ်တော်ဟွေ့ တစ်ယောက်သာလျှင် ချိုသာပြီး ချစ်စဖွယ် ကောင်းနေတော့၏။

လက်တစ်ချက် ဝေ့ယမ်းလိုက်ရုံဖြင့် အားလုံးကို ပြန်ခိုင်းလိုက်ပြီး ယွီမြောင်ဟွာ တစ်ဦးတည်းကိုသာ ချန်ထားရစ်ခဲ့သည်။

မယ်တော်ကြီးက သူမကို အနားသို့ ခေါ်လိုက်၏။ မယ်တော်ကြီး၏ စိတ်ရင်းကို သိရှိသွားပြီဖြစ်သော အထိန်းတော် ကျိုးသည်လည်း ပန်းထိုးထိုင်ခုံလေးကို အသင့်ယူဆောင်လာပေးကာ ယွီမြောင်ဟွာကို ကြင်နာစွာ ပြုံးပြလေသည်။

ယွီမြောင်ဟွာက အထိန်းတော် ကျိုးကို ကျေးဇူးတင်စကားဆိုကာ ထိုင်လိုက်၏။ "မယ်တော်ကြီး ဘာများ စားချင်လဲဟင်"

မယ်တော်ကြီးက ဦးခေါင်းကို အသာယမ်းလိုက်လေသည်။ "အိုက်ကျား မင်းကို ဘာလို့ ချန်ထားခဲ့လဲဆိုတာ မင်းသိလား"

ယွီမြောင်ဟွာက ခေတ္တစဉ်းစားလိုက်၏။ "ချန်ချဲ့ရဲ့ ဘုရားစာရွတ်သံက နားထောင်လို့ကောင်းလို့လားဟင်"

မယ်တော်ကြီးမှာ ရယ်ပင်ရယ်ချင်သွားသည်။ "ဘုရားစာတွေ ကူးခိုင်းဖို့ ချန်ထားတာ"

ဘုရားစာတွေ ထပ်ကူးယူရအုံးမယ်လား။

ဧကရာဇ်မင်းမြတ်က မယ်တော်ကြီးနှင့် အထင်လွဲမှုများ ပြေလည်သွားပြီဟု မိန့်ကြားခဲ့သည်မဟုတ်ပါလား၊ သို့ပါလျက် ဘာကြောင့် ဘုရားစာများ ကူးယူရန် ထပ်မံအပြစ်ပေးခံနေရသနည်း။

နေပါဦး... မယ်တော်ကြီး၏ အမူအရာကို ကြည့်ရသည်မှာ သူမကို မုန်းတီးနေသည့်ဟန် မတူပေ။

ယွီမြောင်ဟွာမှာ စဉ်းစား၍ မရတော့သဖြင့် ဆက်တွေးတောခြင်းကိုသာ ရပ်တန့်လိုက်တော့၏။

"ချန်ချဲ့က ဉာဏ်နည်းပြီး အေးတိအေးတုန် ဖြစ်နေလို့ပါ။ မယ်တော်ကြီးကပဲ ရှင်းပြပေးပါ"

မယ်တော်ကြီးက ဆိုသည်။ "မင်း နန်းတွင်းမှာ ရန်သူတွေ အများကြီး ထားထားမိတယ်နော်..."

ယွီမြောင်ဟွာမှာ အံ့အားသင့်သွားရ၏— မယ်တော်ကြီးက ဤကိစ္စကို ပွင့်ပွင့်လင်းလင်းကြီး ပြောချလိုက်လေပြီ။

"မနေ့က အထင်လွဲခဲ့တဲ့ကိစ္စကို နောင်တစ်ချိန်ကျရင် မင်းက ဝတ်တရားမကျေပွန်တဲ့သူဆိုပြီး တစ်ဖက်လှည့်နဲ့ စွပ်စွဲဖို့ သူတို့ အသုံးချနိုင်တယ်"

ယခုမှပင် မယ်တော်ကြီးသည် သူမအပေါ် စိတ်ရင်းမှန်ဖြင့် ကောင်းမွန်နေခြင်းဖြစ်ကြောင်း ယွီမြောင်ဟွာ ယုံကြည်သွားတော့သည်။ မဟုတ်ပါက ဤမျှ ရိုးသားလှသော စကားများကို ပြောကြားလိမ့်မည် မဟုတ်ပေ။

သူမကလည်း အသေအချာ နားစွင့်နေသည့် အမူအရာကို ပြသလိုက်ရာ မယ်တော်ကြီးမှာ သူမအား ပို၍ပင် ရင်ဖွင့်လိုစိတ် ဖြစ်ပေါ်လာတော့၏။

မယ်တော်ကြီးမှာ အသက်အရွယ် ရင့်ရော်လာပြီဖြစ်ရာ မျိုးဆက်သစ်လူငယ်များက သူမ၏ စကားကို အလေးအနက် နားမထောင်ကြတော့ဘဲ အနှစ်မဲ့သည့် မြှောက်ပင့်စကားများကိုသာ ပြောဆိုနေကြသည် မဟုတ်ပါလား။

"ဒီတစ်ခါတော့ မင်းကို အိုက်ကျားအနားမှာနေပြီး ပြုစုခိုင်းမယ်၊ ပြီးတော့ အိုက်ကျားအတွက် သွေးစာမူတွေ ကူးခိုင်းမယ်။ ငါ နေပြန်ကောင်းလာတဲ့အခါ ဘယ်သူက မင်းကို ဝတ်တရားမကျေပွန်ဘူးလို့ ပြောရဲအုံးမလဲ ကြည့်ကြသေးတာပေါ့"

စင်စစ်အားဖြင့် မယ်တော်ကြီးကိုယ်တိုင်လည်း သွေးဖြင့် ဘုရားစာကူးခြင်းကို မနှစ်သက်ပေ၊ အကြောင်းမှာ ထိုနည်းလမ်းကို အသုံးပြု၍ သူမအား လုပ်ကြံခဲ့သော အမျိုးသမီးတစ်ဦးကို သတိရစေသောကြောင့် ဖြစ်ပေသည်။

သို့သော် လောကကြီးက ထိုသို့သော ပြသမှုများကို အမွှမ်းတင်တတ်သောကြောင့် သူမလည်း ထိုနည်းဗျူဟာကို ပြန်လည်အသုံးပြုရန် ဝန်မလေးတော့ပေ။

သွေးစာမူတဲ့လား။ သို့ဆိုလျှင် သူမသည် သွေးထွက်သံယိုဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် လှီးဖြတ်ရတော့မည်လော။

တွေးကြည့်ရုံနှင့်ပင် ယွီမြောင်ဟွာ တစ်ယောက် မျက်နှာရှုံ့မဲ့သွားရ၏။ 'နေပါအုံး... ဘုရားစာများအားလုံး ကူးယူရန်ဆိုပါက သူမ၏သွေးများစွာ ကုန်ဆုံးသွားမည် မဟုတ်ပါလား။'

သူမ ထိတ်လန့်သွားသည်ကို သတိပြုမိသောအခါ မယ်တော်ကြီးက အေးအေးလူလူပင် ပြောပြလေသည်။ "ဟင်္သာပြဒါးတွေ အဆင်သင့် ပြင်ထားပြီးသားပါ"

သူမသည် ယွီမြောင်ဟွာအား အမှန်တကယ် နှိပ်စက်လိုသည့်စိတ် မရှိသဖြင့် သွေးအစစ်ကို အသုံးပြုခိုင်းရန် စိတ်ကူးမရှိပေ။

သို့သော်လည်း ဤကလေးမမှာ စိတ်ထဲရှိသည်များကို မဖုံးကွယ်တတ်ဘဲ မျက်နှာပေါ်တွင် အထင်းသား ပေါ်လွင်နေသည်မှာ ချစ်စဖွယ်ပင်။

ယွီမြောင်ဟွာ တစ်ယောက် သက်ပြင်းချလိုက်၏။ 'သွေးမထွက်ရဘူးဆိုရင်တော့ အဆင်ပြေပါတယ်လေ။'

နန်းတွင်းအစေခံများက အားလုံးကို အသင့်ပြင်ထားကြသည်။ ဖြစ်နိုင်သည်မှာ သတင်းအပြင်မပေါက်စေရန်အတွက် ယွီမြောင်ဟွာကို မယ်တော်ကြီး၏ ကိုယ်ပိုင်နန်းဆောင်ထဲမှာပင် စာကူးခိုင်းလေ၏။

အခြားအရာများကို ထားပါတော့၊ မယ်တော်ကြီး၏ လူယုံများမှာမူ တကယ့်ကို ထူးချွန်ထက်မြက်သူများ ဖြစ်ကြပေသည်။

သာမန်ဟု ထင်မှတ်ရသော အစေခံတစ်ဦးဖြစ်သည့် အထိန်းတော် ကျိုးသည် ဟင်္သာပြဒါးကို ခြောက်သွေ့နေသော သွေးရောင်နှင့် ခွဲခြား၍မရအောင် စပ်တတ်ရုံမျှမက သံနံ့သင်းသင်းလေးပင် ထွက်ပေါ်လာအောင် လုပ်ဆောင်နိုင်စွမ်း ရှိပေ၏။

တစ်မနက်ခင်းလုံး စာကူးရတော့မည်ဟု သူမ ထင်မှတ်ထားခဲ့သော်လည်း စာအုပ်တစ်အုပ် ပြီးဆုံးသွားချိန်တွင် အစေခံတစ်ဦးက သူမအတွက် အစားအစာများ ယူဆောင်လာပေးခဲ့သည်။

စားသောက်ပြီးသောအခါ ဖျော်ဖြေမှုအဖြစ် ဝတ္ထုများနှင့် ခရီးသွားမှတ်တမ်းများကို သူမရှေ့သို့ ဆက်သကြ၏။

ယွီမြောင်ဟွာမှာ ဝတ္ထုစာအုပ်ကို ကိုင်ရင်း ကြောင်အမ်းအမ်း ဖြစ်နေမိသည်။

သို့ဆိုလျှင် တစ်မနက်လုံးမှ တစ်အုပ်တည်းသာ ကူးယူရခြင်းလော။ ဤအလုပ်မှာ အလွန်ပင် လွယ်ကူလွန်းလှပေ၏။

မယ်တော်ကြီးနှင့်အတူ တစ်မနက်ခင်းလုံး အချိန်ကုန်လွန်ပြီးနောက် သူမသည် နေ့လယ်စာ အတူသုံးဆောင်ရန်ပင် ဖိတ်ကြားခံရပြီးမှ ပြန်ခွင့်ရခဲ့သည်။

"တစ်မနက်လုံး အိုက်ကျားအနားမှာနေပြီး အဖော်လုပ်ပေးရတာ ပင်ပန်းသွားပြီ။ ပြန်ပြီး နားလိုက်တော့— ကိုယ့်ကိုယ်ကိုယ် အပင်ပန်းမခံနဲ့အုံး"

မယ်တော်ကြီးသည် သူမ၏ လက်ကောက်ဝတ်မှ ဖန်ပုတီးလက်ကောက်ကိုပင် ချွတ်၍ ဆုလာဘ်အဖြစ် ချီးမြှင့်လိုက်သေးသည်။

ထို့ကြောင့် တကယ်တမ်းတွင် မည်သည့်ဒုက္ခမှ မခံစားခဲ့ရသော ယွီမြောင်ဟွာသည် မယ်တော်ကြီးအား ပြုစုရသည့် ကုသိုလ်အပြင် ရက်ရောသော ဆုလာဘ်များကိုပါ ရရှိကာ ကွမ်ကျွီနန်းဆောင်သို့ ပြန်လာခဲ့လိုက်၏။

သူမ မပြန်မီတွင် မယ်တော်ကြီးက အထိန်းတော် ကျိုးအား သူမ၏ လက်ကောက်ဝတ်တွင် ပတ်တီးစည်းပေးရန် ခိုင်းစေလိုက်သည်။

ဖြူဖွေးသော ပတ်တီးစပေါ်တွင် စိမ့်ထွက်နေသော သွေးရောင်အကွက်များကို ကြည့်ရင်း ယွီမြောင်ဟွာ၏ မျက်ခွံများ လှုပ်ခါသွားကာ မယ်တော်ကြီး၏ ခန့်မှန်းရခက်သော မျက်နှာအမူအရာကို ကြည့်မိ၏။

မယ်တော်ကြီးသည် အလွန်နက်နဲသော အကြံအစည်တစ်ခုကို လုပ်ဆောင်နေသည်ဟု သူမ ခံစားလိုက်ရသည်။

……

နန်းတွင်း၌ လူအများ စိတ်ဝင်စားခြင်းခံရသူဖြစ်သည့်အတိုင်း ယွီမြောင်ဟွာ၏ ခြေလှမ်းတိုင်းမှာ စောင့်ကြည့်ခံနေရ၏။

သတင်းရရှိမှု ကောင်းမွန်သူများမှာမူ သူမသည် မယ်တော်ကြီးအတွက် တစ်မနက်လုံး ဘုရားစာကူးပေးခဲ့ရပြီးမှ ပြန်လာသည်ကို ချက်ချင်း သိရှိလိုက်ကြသည်။

နေ့စဉ် ဘုရားစာကူးရန် အပြစ်ပေးခံထားရသော ရှု့ဖေးသည် ထိုသတင်းကို ကြားသိသောအခါ ညှိုးနွမ်းနေသော သူမ၏မျက်နှာမှာ ဝင်းပသွားရ၏။ "ဒါ တကယ်ပဲလား"

သူမ၏ အပြစ်ဒဏ်မှာ နန်းဆောင်ပြင်ပသို့ပင် ထွက်ခွင့်မရှိသည့် အကျယ်ချုပ်သဘောမျိုး ဖြစ်နေခဲ့ခြင်းပင်။

ယွီမြောင်ဟွာ ရရှိခဲ့သော ခမ်းနားသည့် လက်ဆောင်များကို တွေးမိတိုင်း သူမသည် ဘုရားစာကူးနေရင်း နာကြည်းချက်များဖြင့် တောက်လောင်နေခဲ့ရသည်။

သူမ၏ လူယုံသည် သူမ မကျေမနပ်ဖြစ်နေသည်ကို သိရှိသဖြင့် စိတ်သက်သာရာရစေရန် နောက်ထပ်သတင်းတစ်ခုကို မျှဝေလိုက်၏။

"ဒါတင်မကသေးပါဘူး၊ ကိုယ်လုပ်တော်ဟွေ့ရဲ့ လက်ကောက်ဝတ်မှာ ဒဏ်ရာရသွားပါတယ်။ ပိုးပတ်တီးအဖြူနဲ့ စည်းထားတာတောင် သွေးစတွေ မြင်နေရပါသေးတယ်"

ရှု့ဖေး၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး သူမ၏ အသံမှာ မနာလိုမုန်းတီးမှုများဖြင့် ပြည့်နှက်နေလေသည်။

"မယ်တော်ကြီးရဲ့ နည်းလမ်းတွေက တကယ့်ကို အံ့မခန်းပဲ။ သွေးနဲ့ ဘုရားစာကူးခိုင်းတာက နှိပ်စက်တာပဲ၊ ဒါပေမဲ့ သူမက ထုတ်ပြီးတောင် မညည်းတွားနိုင်ဘူး"

၎င်းနှင့် နှိုင်းယှဉ်ပါက သူမ တစ်နေ့လျှင် ဘုရားစာ ဆယ်အုပ် ကူးယူရသည့် အပြစ်ဒဏ်မှာ ဘာမျှမဟုတ်တော့ပေ။ အနည်းဆုံးတော့ သူမ သွေးထွက်ရန် မလိုပေ။

အစပိုင်းတွင် ရှု့ဖေးသည် စိတ်ရင်းကို ပြသရန် သွေးဖြင့် စာကူးရန် စဉ်းစားခဲ့သော်လည်း တစ်ချက်လေး လှီးဖြတ်ကြည့်ရုံနှင့် လက်လျှော့ခဲ့သည်— ၎င်းမှာ အလွန်နာကျင်လှသဖြင့် ကိုယ့်ကိုယ်ကိုယ် ထိုသို့ ထိခိုက်အောင်လုပ်ရန် မလိုအပ်နေချေ။

သူမ၏ လူယုံက တိုးတိုးလေး ရယ်မောလိုက်၏။ "မယ်တော်ကြီးအတွက် သွေးနဲ့ ဘုရားစာကူးခွင့်ရတာက ကိုယ်လုပ်တော်ဟွေ့အတွက် ဂုဏ်ယူစရာပေါ့။ ဒီအစေခံ တို့လို သာမန်လူတွေကတော့ ဒီလို မျက်နှာသာပေးမှုကို မခံယူထိုက်ပါဘူး"

ရှု့ဖေး ခေါင်းညိတ်လိုက်၏။ "ငါတို့အရင်က ခန့်မှန်းခဲ့တာ မှန်နေတာပဲ။ မနေ့က မယ်တော်ကြီးပေးတဲ့ လက်ဆောင်တွေက ဧကရာဇ်မင်းမြတ်ရဲ့ မျက်နှာအတွက်ပဲ"

ဧကရာဇ်မင်းမြတ်၏ မယ်တော်ပင်လျှင် ကိုယ်လုပ်တော်တစ်ဦးအား ဆုံးမရန် ဤကဲ့သို့သော သွယ်ဝိုက်သည့် နည်းလမ်းများကို အသုံးပြုနေရပေသည်။

ရှု့ဖေးသည် ယွီမြောင်ဟွာအပေါ် ပို၍ပင် သတိထားလာမိ၏။

နန်းတွင်း၌ ယွီမြောင်ဟွာကဲ့သို့သောသူမျိုး တစ်ခါမျှ မရှိခဲ့ဖူးပေ။

သူမကို ဤအတိုင်း ဆက်လွှတ်ထား၍ မဖြစ်ပေ။

အကယ်၍ သူမသာ ရာထူးတိုးမြှင့်ခံရလျှင် (သို့မဟုတ်) ရင်သွေးရရှိလာလျှင်… သူမ၏ အဆင့်အတန်းမှာ မည်သူမျှ လှုပ်ခါ၍မရသော အခြေအနေ ဖြစ်သွားလိမ့်မည်။

သေချာပေါက်၊ ရှု့ဖေးသည် တိုက်ရိုက်လုပ်ဆောင်ရန်လောက်ထိ မိုက်မဲသူမဟုတ်ပေ— ၎င်းမှာ ပြဿနာကို ဖိတ်ခေါ်ခြင်းသာ ဖြစ်ပြီး ဧကရာဇ်မင်းမြတ်၏ အမျက်တော်ကို ခံရကာ မျက်နှာသာ ပြန်လည်ရရှိနိုင်မည့် အခွင့်အရေးကိုပါ ပျက်စီးစေမည် ဖြစ်သည်။

ဘာပဲဖြစ်ဖြစ်... သူမ ကိုယ်တိုင် မလုပ်ဆောင်နိုင်လျှင်တောင် မယ်တော်ကြီးကို သူမအတွက် လုပ်ဆောင်ခိုင်း၍ ရပေ၏။

မယ်တော်ကြီး ယုံကြည်လောက်မည့် အကြောင်းပြချက်တစ်ခု ပေးနိုင်ရုံမျှဖြင့် ယွီမြောင်ဟွာ၏ ပျက်စီးခြင်းမှာ အသေအချာပင် ဖြစ်သည်။

"မယ်မယ် ကိုယ်လုပ်တော်ရှန်ကလဲ တစ်နေ့ကို ဘုရားစာ အုပ် ၂၀ ကူးနေတယ်လို့ ကြားပါတယ်"

စဉ်းစားခန်းဝင်နေသော ရှု့ဖေးသည် ထိုစကားကို ကြားသောအခါ ဒေါသထွက်သွားရ၏။

"ဒီ ကိုယ်လုပ်တော်ရှန်က သက်သက်လုပ်နေတာပဲ! ငါ့ထက် သာအောင် လုပ်နေတာလား။ အိပ်မက်ပဲ မက်နေလိုက်!"

အစပိုင်းတွင် ကိုယ်လုပ်တော် ရှန်သည်လည်း ယွီမြောင်ဟွာကို မုန်းတီးပြီး အပြစ်ဒဏ် အတူတကွ ခံစားနေရသူဖြစ်သဖြင့် ရှု့ဖေးက သူမအပေါ် ရင်းနှီးသည့် ခံစားချက် ရှိခဲ့သည်။

ယခုအခါ ထိုပျော့ပြောင်းသော ဆက်ဆံရေးမှာ နံနက်ခင်း နှင်းစက်များကဲ့သို့ ပျောက်ကွယ်သွားလေပြီ။

ရှု့ဖေးသည် ထိုသို့သော ပြိုင်ဆိုင်မှုမျိုးကို အလွန်ပင် မုန်းတီးလှပေ၏။

သူမ အံကြိတ်ကာ ကြေညာလိုက်သည်။ "ဒီနေ့ကစပြီး ငါလဲ တစ်နေ့ အုပ် ၂၀ ကူးမယ်— မဟုတ်ဘူး၊ ၃၀ ကူးမယ်!"

……

ရှု့ဖေး ကဲ့သို့ပင် တွေးတောနေကြသူများစွာ ရှိလေ၏။

သူတို့သည် ယွီမြောင်ဟွာက နေ့စဉ် မယ်တော်ကြီးထံ သွားရောက် ပြုစုပြီး နေ့လယ်ပိုင်းမှသာ ပြန်လာသည်ကို စောင့်ကြည့်နေကြသည်။

ကောလာဟလများ ပျံ့နှံ့လာသည်မှာ -

ကိုယ်လုပ်တော်ဟွေ့သည် မယ်တော်ကြီး ကျန်းမာစေရန် တစ်နေ့လျှင် သွေးစာမူ ၁၀ အုပ် ကူးယူနေရသည်ဟု ဆိုကြ၏။

မယ်တော်ကြီး၏ ခါးသီးသော ဆေးများကို အခြားသူများကို မလုပ်ခိုင်းဘဲ ကိုယ်တိုင် မြည်းစမ်းပြီးမှ ဆက်သနေသည်ဟု ဆိုကြပြန်သည်။

မယ်တော်ကြီးအတွက် ပုတီးစေ့တစ်စေ့ချင်းစီကို ဘုရားစာ တစ်ခေါက်စီ ရွတ်ဖတ်ပြီးမှ ရွေးချယ်ပေးနေသည်ဟုပင် ဆိုကြသေး၏။

လူတိုင်းက ကိုယ်လုပ်တော်ဟွေ့ တစ်နေ့တွင် စိတ်ပေါက်ကွဲသွားမည့် အချိန်ကို စောင့်ဆိုင်းနေကြလေသည်။

သို့သော် သူတို့ စိတ်ပျက်သွားရသည်မှာ သူမသည် ရွှံ့ရုပ်လေးတစ်ခုကဲ့သို့ ငြိမ်သက်နေပြီး ဒေါသအရိပ်အယောင်မျှပင် မပြဘဲ နေ့စဉ် နင်ရှို့နန်းဆောင်သို့ အချိန်မှန် ရောက်ရှိနေခြင်းပင်။

မိဖုရားခေါင်ကြီးကိုယ်တိုင်ပင် သူမကို နံနက်ခင်း ဂါရဝပြုခြင်းမှ ကင်းလွတ်ခွင့်ပေးထားပြီး မယ်တော်ကြီးကို ဝတ်တရားကျေပွန်စွာ ပြုစုရန်သာ ညွှန်ကြားထား၏။

ကိုယ်လုပ်တော်ဟွေ့၏ တိတ်ဆိတ်စွာ သည်းခံနိုင်မှုကြောင့် ဤကိစ္စကြီးမှာ ပျင်းစရာကောင်းသွားတော့သည်။

ကိုယ်လုပ်တော်များကို အံ့ဩစေသည့်အချက်မှာ မိဖုရားခေါင်ကြီးသည် ယခုတစ်ခေါက်တွင် ကိုယ်လုပ်တော်ဟွေ့ဘက်မှ ဘာမျှ ဝင်ရောက်ပြောဆိုခြင်း မရှိခြင်းပင်။

သို့သော် ၎င်းမှာလည်း အကြောင်းရှိပေသည်— မယ်တော်ကြီးက ဝတ်တရားကျေပွန်မှုကို အကြောင်းပြနေသဖြင့် မိဖုရားခေါင်ကြီးအနေဖြင့် ကိုယ်လုပ်တော်တစ်ဦးအတွက်နှင့် မယ်တော်ကြီးအား အငြိုအငြင် ခံလိမ့်မည် မဟုတ်ပေ။

မိဖုရားခေါင်ကြီးကိုယ်တိုင်ကမူ သက်ပြင်းသာ ချနိုင်တော့၏။

မယ်တော်ကြီးသည် သူမ၏ ရည်ရွယ်ချက်ကို မိဖုရားခေါင်ကြီးအား ရှင်းပြခဲ့သည်— ၎င်းမှာ ကိုယ်လုပ်တော်ဟွေ့ကို ဝေဖန်မှုများမှ အကာအကွယ်ပေးနိုင်ရန် ဝတ်တရားကျေပွန်သူဟူသော နာမည်ကောင်းတစ်ခု တည်ဆောက်ပေးလိုခြင်း ဖြစ်၏။

မိဖုရားခေါင်ကြီးသည် နင်ရှို့နန်းဆောင်သို့ သွားရောက်ခဲ့သည်။

အခြားအရာများကို ဟန်ဆောင်၍ ရနိုင်သော်လည်း ကိုယ်လုပ်တော်ဟွေ့၏ ထိုနေရာတွင် သက်တောင့်သက်သာ ရှိနေသော အမူအရာကိုမူ ဟန်ဆောင်၍ မရနိုင်ပေ။

နေ့လယ်စာ သုံးဆောင်ချိန်တွင် သူမသည် သူမ၏ အဆင့်အတန်းအရ မရရှိနိုင်သော ဟင်းလျာများကိုပင် တောင်းဆိုနေသေးသည်— ၎င်းမှာ မိဖုရားခေါင်ကြီးကိုယ်တိုင်ပင် မလုပ်ရဲသော အရာမျိုးပင်။

မယ်တော်ကြီးကလည်း... ၎င်းကို ရင်းနှီးမှု၏ သင်္ကေတအဖြစ် သဘောထားကာ ကျေနပ်နေပုံရပေ၏။

ကိုယ်လုပ်တော်ဟွေ့သည် နင်ရှို့နန်းဆောင်တွင် ဒုက္ခရောက်မနေသည်မှာ သိသာလှပေသည်။ မယ်တော်ကြီးတွင် သူမအား နှိပ်စက်ရန် ရည်ရွယ်ချက် မရှိပေ။

မယ်တော်ကြီးက ဤတစ်ကြိမ်တွင် မည်သို့သော အကြံအစည်များ ကြံစည်နေပါစေ၊ မိဖုရားခေါင်ကြီးကမူ ၎င်းကို လျစ်လျူရှုထားရန်သာ ဆုံးဖြတ်လိုက်သည်။

အကယ်၍ တစ်စုံတစ်ဦးက ထောင်ချောက်အတွင်းသို့ မတော်တဆ ကျရောက်သွားခဲ့လျှင်ပင် ၎င်းမှာ သူတို့၏ ပြဿနာသာ ဖြစ်ပေသည်။ မိမိဘက်မှ ဖြောင့်မတ်မှန်ကန်စွာ နေထိုင်ပါက ကျင်းထဲသို့ သက်ဆင်းရမည့် အကြောင်းမရှိချေ။

လွန်ခဲ့သည့် တစ်နှစ်အတွင်း နန်းတွင်း၌ မငြိမ်မသက်မှုများ တိုးပွားလာခဲ့သည်။ ယခုအခါ မည်သူက ခေါင်းပြူထွက်လာမည်ကို စောင့်ကြည့်၍ စံပြအဖြစ် အပြစ်ပေးကာ နန်းတွင်းကို ပြန်လည် စည်းကမ်းတကျဖြစ်အောင် လုပ်ဆောင်ရမည့် အချိန်ပင် ဖြစ်တော့သည်။

ငါးဆားနယ် ကိုယ်လုပ်တော်

All Chapters