အခန်း ၃၀
Vol. 3 Ch. 30
အပိုင်း ၃၀
လူတိုင်း စိတ်ထဲတွင် မည်သို့ပင် ရှိနေပါစေ၊ အပြင်ပန်း၌မူ သူတို့အားလုံး ယွီမြောင်ဟွာ၏ ဝတ်တရားကျေပွန်မှုကို ချီးကျူးနေကြ၏။
သို့သော် တဖြည်းဖြည်းနှင့် အခြေအနေများ ပြောင်းလဲလာကာ မလိုလားအပ်သော တိုးတိုးတိတ်တိတ် စကားများ ထွက်ပေါ်လာတော့သည်။
"ကိုယ်လုပ်တော်ဟွေ့က ဝတ်တရားကျေတာ မဟုတ်ဘူး— သူမက အပြစ်ရှိသလို ခံစားနေရလို့ လုပ်နေတာ။ သူမရဲ့ ဇာတာက မယ်တော်ကြီးနဲ့ ဆန့်ကျင်နေလို့ မယ်တော်ကြီး နေမကောင်းဖြစ်ရတာတဲ့"
"ဘယ်လိုဖြစ်နိုင်မှာလဲ။ ကိုယ်လုပ်တော်ဟွေ့က မင်္ဂလာရှိတဲ့ ဇာတာရှင်လို့ ပြောကြတာ မဟုတ်ဘူးလား"
"သူမရဲ့ ဇာတာက အရမ်းပြင်းလို့ မယ်တော်ကြီးကို လွှမ်းမိုးသွားတာလေ။ တောတစ်တောထဲမှာ ကျားနှစ်ကောင် အတူမနေနိုင်ဘူးဆိုသလိုပေါ့။ စဉ်းစားကြည့်လေ— မယ်တော်ကြီးက အရင်က ဒီလောက်အထိ ကြာကြာ နေမကောင်းဖြစ်ဖူးလို့လား။ အခုဆို ၁၀ ရက်ရှိပြီ၊ သမားတော်တွေတောင် အကြောင်းရင်းကို မသိကြဘူး။ ဒါက သိသာလှတဲ့ ဇာတာ တိုက်ခိုက်မှုပဲ"
"ဒါဆိုရင် ကိုယ်လုပ်တော်ဟွေ့က ဘာလုပ်ရမှာလဲ။ မယ်တော်ကြီးက သူမအတွက် ဖယ်ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ"
"ငါတို့ တခြားနေရာကို ပြောင်းဖို့ပဲ ကြိုးစားရတော့မယ်။ ကွမ်ကျွီနန်းဆောင်ရဲ့ ကောင်းစားတဲ့နေ့တွေ ကုန်ဆုံးတော့မယ်။ ဧကရာဇ်မင်းမြတ်က မယ်တော်ကြီးထက် ကိုယ်လုပ်တော်ဟွေ့ကို ဦးစားပေးလိမ့်မယ်လို့ နင်ထင်လို့လား။ မဖြစ်နိုင်တာ"
"သူမ သွေးနဲ့ကူးထားတဲ့ ဘုရားစာတွေက အစွမ်းထက်ပြီး မယ်တော်ကြီး မကြာခင် နေပြန်ကောင်းလာဖို့ပဲ ဆုတောင်းရတော့မှာပဲ"
နန်းတွင်းအစေခံမလေး နှစ်ဦး အားပါးတရ အတင်းပြောနေစဉ် ဒေါသသံတစ်ခုက ရုတ်တရက် ကြားဖြတ်ထွက်ပေါ်လာသည်။
"နင်တို့တွေ ဘယ်လိုတောင် သခင်မအပေါ် ဒီလို ယုတ်ညံ့တဲ့ မုသားစကားတွေနဲ့ စွပ်စွဲရဲတာလဲ"
အစေခံမလေးများ တုန်လှုပ်သွားကာ ခန္ဓာကိုယ်များ တောင့်တင်းသွားကြပြီး သူတို့ နောက်လှည့်ကြည့်လိုက်သောအခါ ခမ်းနားသော ဝတ်စုံကို ဝတ်ဆင်ထားပြီး ဒေါသထွက်နေသော အစေခံများ ခြံရံထားသည့် ကိုယ်လုပ်တော်ဟွေ့အား တွေ့လိုက်ရ၏။
သူတို့၏ မျက်နှာများ ဖြူဖျော့သွားကာ အလိုအလျောက်ပင် ဒူးထောက်လိုက်ကြသည်။ "မယ်မယ် ဒီကျွန်တို့ကို ခွင့်လွှတ်ပေးပါ! ဒီကျွန်တို့လဲ သူများပြောတာ ကြားလို့ပါ!
ယွီမြောင်ဟွာ သူတို့ကို အေးစက်စွာ ကြည့်လိုက်သည်။ "သူတို့ကို နန်းတွင်း အုပ်ချုပ်ရေးဌာနဆီ ပြန်ပို့လိုက်"
နန်းတွင်း အုပ်ချုပ်ရေးဌာနသို့ ပြန်ပို့ခံရသော အစေခံများသည် ကောင်းမွန်သော အဆုံးသတ်မျိုး ကြုံတွေ့ရခဲလှ၏။
သူမ၏ ကွယ်ရာတွင် အတင်းပြောဆိုရဲသူများအတွက် ယွီမြောင်ဟွာတွင် သနားစိတ် အနည်းငယ်မျှ မရှိချေ။
အစေခံမလေးနှစ်ဦးမှာ အပြစ်မရှိကြောင်း တောင်းပန်ကြသော်လည်း ချက်ချင်းပင် အဝေးသို့ ဆွဲခေါ်သွားခြင်း ခံလိုက်ရသည်။
ချွေ့ဝေကလည်း သူတို့ကို စက်ဆုပ်စွာ ကြည့်လိုက်သည်— ကျေးဇူးမသိသော သတ္တဝါများပင်။ သခင်မက သူတို့အပေါ် ဤမျှ ကောင်းခဲ့ပါလျက် ကွယ်ရာတွင် လှောင်ပြောင်ရဲကြသေး၏။
သို့သော် သူမ၏ ဒေါသနောက်ကွယ်တွင် စိုးရိမ်စိတ်လေးလည်း ဝင်ရောက်လာသည်— မယ်တော်ကြီးက ဤကောလာဟလများကို ယုံကြည်ပြီး သခင်မအပေါ် စိတ်ပြောင်းသွားမည်လော။
ကိုယ်လုပ်တော်ဟွေ့သည် မကြာသေးမီက အပင်ပန်းခံခဲ့ရလွန်းသဖြင့် အစားပင် ပျက်နေခဲ့သည် မဟုတ်ပါလား။
ယွီမြောင်ဟွာသည် မယ်တော်ကြီးအား တစ်ဦးတည်း ပြုစုခဲ့ခြင်းဖြစ်ပြီး မယ်တော်ကြီး၏ နာမကျန်းမှုမှာ ဟန်ဆောင်ခြင်းဖြစ်သည်ကို အပြင်မပေါက်စေရန် ဖုံးကွယ်ထားသဖြင့် ချွေ့ဝေတို့ပင်လျှင် အမှန်တရားကို မသိရှိကြပေ။
ထို့ကြောင့် ဤကောလာဟလများကို ကြားရသောအခါ ယွီမြောင်ဟွာ၏ ရှေ့ရေးအတွက် သူတို့ စိုးရိမ်မကင်း ဖြစ်နေကြတော့သည်။
ယွီမြောင်ဟွာက နန်းတော်တံခါးဆီသို့ လျှောက်သွားသောအခါ ချွေ့ဝေက နောက်မှ အမီလိုက်လေ၏။ "သခင်မ၊ ဘယ်ကို သွားမလို့လဲဟင်"
သခင်မသည် ဧကရာဇ်မင်းမြတ်ထံ အကူအညီတောင်းရန် သွားသည်ဟု သူမ ထင်မှတ်လိုက်သည်။
နန်းတွင်းထဲတွင် ဤသို့ ကောလာဟလများ ပျံ့နှံ့အောင် လုပ်ဆောင်သူနောက်ကွယ်တွင် တစ်စုံတစ်ဦး ရှိရမည်ဖြစ်ပြီး ဧကရာဇ်မင်းမြတ်က စုံစမ်းဖော်ထုတ်ကာ ယွီမြောင်ဟွာ၏ အမည်နာမကို ပြန်လည် သန့်စင်ပေးလိမ့်မည်ဟု ချွေ့ဝေ မျှော်လင့်နေမိ၏။
ယွီမြောင်ဟွာကမူ အေးအေးလူလူပင် ဖြေကြားလိုက်သည်။ "နင်ရှို့နန်းဆောင်ကို သွားမလို့"
သေချာသည်မှာ သူမသည် မယ်တော်ကြီးထံသို့ သွားပြီး သူမဘက်မှ ရပ်တည်ပေးရန် တောင်းဆိုတော့မည် ဖြစ်သည်။ ဤသည်မှာ အချစ်ခံရသူတစ်ဦး၏ ယုံကြည်မှုပင်။
ထိုအချိန်တွင် နင်ရှို့နန်းဆောင်၌ မုန်တိုင်းထန်တော့မည့် အငွေ့အသက်များ ဖုံးလွှမ်းနေသည်။ အစေခံများသည် အသက်ပင် ပြင်းပြင်းမရှုရဲဘဲ မမြင်သာအောင် နေထိုင်နေကြရ၏။
နန်းတွင်းမှ အတင်းစကားများကို ကြားသိရသောအခါ မယ်တော်ကြီးသည် အလွန်ဒေါသထွက်သွားသဖြင့် နေမကောင်းဟန်ဆောင်နေခြင်းကိုပင် ရပ်တန့်လိုက်တော့သည်။
နှစ်ပေါင်းများစွာ တရားအားထုတ်ပြီး သက်သတ်လွတ်စားခဲ့ခြင်းက သူမအား ကရုဏာရှင် ဗုဒ္ဓတစ်ဆူကဲ့သို့ လူအများက ထင်မှတ်သွားစေခဲ့ပုံရ၏။
"စုံစမ်းစမ်း။ ဘယ်သူ့လက်ချက်လဲဆိုတာ အဆုံးထိ ဖော်စမ်း"
သူမ၏ မျက်စိအောက်တွင်ပင် ယွီမြောင်ဟွာအား နှိပ်စက်ရန် ဝံ့ရဲပြီး သူတို့နှစ်ဦးကြားရှိ မိခင်နှင့်သမီးကဲ့သို့သော သံယောဇဉ်ကို သပ်လျှိုရန် ကြိုးပမ်းသူအား သူမ သိမြင်ချင်လှပြီပင်။
ဤသည်မှာ သူမ၏ အာဏာကို စိန်ခေါ်လိုက်ခြင်းပင်။
မယ်တော်ကြီးသည် များသောအားဖြင့် သူမ၏ စိတ်နှလုံးကို ငြိမ်သက်အောင် ကျင့်ကြံနေထိုင်လေ့ရှိပြီး နန်းတွင်းရေးရာများတွင် ဝင်ရောက်စွက်ဖက်ခဲလှ၏။ သို့သော် ဤသည်မှာ သူမအနေဖြင့် အဆောင်အယောင်များအပေါ် ထိန်းချုပ်မှု လျော့ပါးသွားသည်ဟု မဆိုလိုပေ။
အဘယ်ကြောင့်ဆိုသော် သူမသည် သူမ၏ မျိုးဆက်တွင် နန်းတွင်းအရှုပ်အထွေးများကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သူ တစ်ဦးဖြစ်ပြီး ယခုတိုင်အောင်လည်း သိသာထင်ရှားသော သြဇာအာဏာကို လက်ဝယ်ပိုင်ဆိုင်ထားဆဲပင် ဖြစ်သည်။
အထိန်းတော်ကျိုးသည် နင်ရှို့နန်းဆောင်မှ တိတ်ဆိတ်စွာ ထွက်ခွာသွားခဲ့၏။
အထိန်းတော်စုသည် ရှေ့သို့ တိုးလာကာ မယ်တော်ကြီး၏ နားထင်ကို အသာအယာ နှိပ်နယ်ပေးရင်း ဝေဒနာကို သက်သာစေရန် ကြိုးစားပေးလေသည်။ သူမသည် ငြင်သာစွာ လျှောက်တင်လိုက်၏။
"မယ်တော်ကြီး၊ အောက်တန်းကျတဲ့ လူတွေကြောင့် ကျန်းမာရေးကို အထိခိုက်မခံပါနဲ့"
မယ်တော်ကြီးကမူ နှာခေါင်းရှုံ့လိုက်သည်။ "ငါ မြောင်ဟွာကို ကောင်းကောင်းဆက်ဆံတာကို သူတို့က မကြည့်ရက်နိုင်ကြတာပါပဲ"
အထိန်းတော်စု ပြန်လည် လျှောက်တင်လိုက်၏။ "ဒါကြောင့်လဲ မယ်တော်ကြီးက ကိုယ့်ကိုယ်ကိုယ် ပိုဂရုစိုက်ရမှာပေါ့။ မယ်တော်ကြီးမှ မကာကွယ်ပေးရင် ကိုယ်လုပ်တော်ဟွေ့ကို ဘယ်သူက ကာကွယ်ပေးမှာလဲ"
အနည်းဆုံးတော့ ကိုယ်လုပ်တော်ဟွေ့ ရှိနေခြင်းကြောင့် မယ်တော်ကြီးမှာ ဗုဒ္ဓတရားတော်များ ပါဝင်သော ကျေးလက်ပုံပြင်များကို နားဆင်ရသဖြင့် များစွာ စိတ်ချမ်းမြေ့ရသည်။ အတိတ်ကာလက အခြားသော ကိုယ်လုပ်တော်များသည်လည်း မျက်နှာသာရရန် ကြိုးစားခဲ့ကြဖူးသော်ငြား သူတို့၏ စကားဝိုင်းများမှာ ကဗျာနှင့် စာပေများအကြောင်းသာ ဖြစ်သဖြင့် မယ်တော်ကြီး စိတ်ဝင်စားသော အကြောင်းအရာများ မဟုတ်ချေ။ သို့သော် သူတို့၏ စိတ်ကို မထိခိုက်စေရန်အတွက် မယ်တော်ကြီးမှာ ချီးမွမ်းစကားများကို အတင်းစဉ်းစားပြောဆိုခဲ့ရ၏။ အချိန်ကြာလာသည်နှင့်အမျှ သူမသည် ထိုလည်ပတ်မှုများကို ငြီးငွေ့လာခဲ့လေသည်။
နန်းတွင်းရှိ အခြားသူများက မယ်တော်ကြီးသည် တိတ်ဆိတ်အေးချမ်းမှုကို နှစ်သက်သည်ဟု ထင်မှတ်ကြသော်လည်း အမှန်စင်စစ်မှာမူ သူတို့သည် မယ်တော်ကြီးနှင့် စကားပြောမတည့်ကြခြင်းသာ ဖြစ်၏။
မယ်တော်ကြီးက ခေါင်းငြိမ့်ပြလေသည်။ "မင်းပြောတာ မှန်တယ်၊ ငါ တကယ်ပဲ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရမယ်"
ဧကရာဇ်သည် ယွီမြောင်ဟွာကို ကောင်းမွန်စွာ ဆက်ဆံသော်လည်း သူ၏ နည်းလမ်းများမှာ ဆုလာဘ်များ ပေးကမ်းခြင်းအပေါ်မှာသာ အခြေခံသဖြင့် သူမကို မနာလိုသူများ များပြားလာစေခဲ့၏။ ယွီမြောင်ဟွာအနေဖြင့် နန်းတွင်း၌ ဆက်ဆံရေး အဆင်မပြေဖြစ်ရသည့် အပြစ်၏ တစ်ဝက်မှာ သူမ၏ သားတော်ကြောင့်ပင် ဖြစ်သည်။
မယ်တော်ကြီးက သူမ၏ လက်နက်များကို အားယူပြင်ဆင်နေဆဲမှာပင် ယွီမြောင်ဟွာ ရောက်ရှိလာခဲ့၏။
မယ်တော်ကြီးက လောလောလောလောဖြင့် မိန့်ကြားလိုက်သည်။ "သူမကို အခုချက်ချင်း အထဲခေါ်လာခဲ့။ အပြင်မှာ အရမ်းအေးနေတာ၊ သူမကို အအေးမမိစေနဲ့"
ထိုမိန်းကလေးမှာ နန်းတွင်းထဲ၌ ပျံ့နှံ့နေသော ကောလာဟလများကို ကြားသိခဲ့ရပြီ ဖြစ်ပေမည်။
ယွီမြောင်ဟွာသည် မယ်တော်ကြီးကို မြင်လိုက်လျှင် စကားစရန် ပါးစပ်ဟလိုက်သည်နှင့် တစ်ပြိုင်နက် သူမ၏ စိတ်ထဲ၌ မစ်ရှင်တစ်ခု စတင်ကြောင်း အချက်ပေးသံ ထွက်ပေါ်လာခဲ့၏။
[နန်းတွင်းဆိုသည်မှာ အန္တရာယ်များသော နေရာတစ်ခုဖြစ်သည်။ ဧကရာဇ်၏ ကာကွယ်မှုတစ်ခုတည်းနှင့် မလုံလောက်သကဲ့သို့ သင်၏ ကိုယ်ပိုင်အရည်အချင်းမှာလည်း အရိပ်ထဲရှိ မြွေဆိုးများကို ဖော်ထုတ်ရန် မလုံလောက်ချေ။ Host အနေဖြင့် ပင်မမစ်ရှင် ၂.၂၁ ကို စတင်လိုက်ပါပြီ။ မယ်တော်ကြီး၏ မျက်နှာသာရအောင် လုပ်ဆောင်ပြီး အမှန်တရားကို စုံစမ်းစစ်ဆေးရာတွင် သူမ၏ အကူအညီကို ရယူပါ။ ဆုလာဘ် - အဆင့်မြင့်ပြီး တာရှည်ခံသော အဝတ်အထည် ဆိုးဆေးနည်းပညာများ။]
ယွီမြောင်ဟွာသည် ဤမစ်ရှင်ကို ပြီးမြောက်ရန် ယခင်ကထက် ပိုစိတ်အားထက်သန်နေခဲ့သည်။ သူမသည် မယ်တော်ကြီးကို တိုင်တန်းရန် အစီအစဉ်ရှိပြီးသား ဖြစ်ရာ ယခုအခါ ဆုလာဘ်ပါ အလကားရတော့မည် ဖြစ်၏။ ဘယ်လို ကံကောင်းမှုမျိုးပါလိမ့်။
[စနစ်၊ နင် နောက်ဆုံးတော့ အသိတရား ရလာပြီလား။ ဒီလောက် လွယ်ကူတဲ့ မစ်ရှင်မျိုးကို ပေးရအောင်လို့]
[Host၊ မစ်ရှင်တွေက စနစ်ရဲ့ နောက်ကွယ်ကနေ အလိုအလျောက် ထုတ်ပေးတာပါ။ ကျွန်တော်က အချက်အလက် စုဆောင်းပြီး ကူညီပေးရုံပဲ ရှိပါတယ်။ ပြီးတော့ ကျွန်တော်က အမြဲတမ်း စနစ်ကောင်း တစ်ခုပါ—Host ကသာ ကျွန်တော့်အပေါ် အမြင်စောင်းနေတာ]
မယ်တော်ကြီးမှာမူ... သူမ၏ ရှေ့မှောက်၌ပင် မစ်ရှင်အသစ်တစ်ခု စတင်လိုက်သည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရ၏။
ဤမစ်ရှင်က သူမနှင့် ပတ်သက်နေပါလား။
ပိုကောင်းမွန်သော ဆိုးဆေးနည်းပညာများ... ထိုဆုလာဘ်သည် ပုံနှိပ်စက် နည်းပညာလောက် မကြီးကျယ်သော်လည်း သူမကိုယ်တိုင်ကလည်း ဤကိစ္စကို စုံစမ်းရန် ရည်ရွယ်ထားပြီးသား ဖြစ်သဖြင့် ၎င်းမှာ အခမဲ့လက်ဆောင်တစ်ခု ရရှိသကဲ့သို့ပင် ဖြစ်လေသည်။
အလကားရသော ဆုလာဘ်ကို မည်သူက ငြင်းပယ်မည်နည်း။ ထို့အပြင် ဆုလာဘ်မှာလည်း မဆိုးလှချေ။ သာလွန်သော နည်းပညာများဖြင့်ဆိုလျှင် ပိုတောက်ပပြီး ခမ်းနားသော ပိုးထည်များကို ထုတ်လုပ်နိုင်မည် မဟုတ်ပါလား။
မယ်တော်ကြီးသည် စိတ်လက်ပေါ့ပါးစွာဖြင့် ကြင်နာစွာ ပြုံးပြလိုက်၏။ "မကြောက်ပါနဲ့၊ မင်း မတရား ခံခဲ့ရတာကို ငါသိတယ်၊ ငါ မင်းအတွက် အမှန်တရားကို ဖော်ထုတ်ပေးမယ်"
မယ်တော်ကြီးက သူမကို သနားလာအောင် မည်သို့ မလိမ္မော် ပြောရမည်ကို စဉ်းစားနေသော ယွီမြောင်ဟွာမှာ ဆွံ့အသွားခဲ့သည်။ သူမ ကြိုတင် ပြင်ဆင်လာသော စကားလုံးများမှာ မပြောလိုက်ရဘဲ ပျောက်ကွယ်သွားခဲ့ရ၏။
သူမသည် မယ်တော်ကြီးကို ကြောင်ကြည့်နေပြီးမှ ပြောလိုက်၏။ "မယ်တော်ကြီးလဲ ကောလာဟလတွေကို ကြားထားတာလား"
မယ်တော်ကြီး၏ မျက်ဝန်းထဲတွင် စက်ဆုပ်ရွံရှာမှုများ လင်းလက်သွားခဲ့သည်။ "သူတို့က မင်းကို အသေသတ်ချင်နေကြတဲ့ အတိုင်းပဲ"
"စိတ်မပူပါနဲ့၊ မင်းအနားမှာ အိုက်ကျား ရှိတယ်"
မယ်တော်ကြီး၏ နူးညံ့သော အကြည့်အောက်တွင် ယွီမြောင်ဟွာသည် သူမ၏ ငယ်စဉ်ဘဝက အဘွား၏ ရင်ခွင်ထဲသို့ ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရ၏။ ဝမ်းနည်းမှုများ တလဟော တက်လာပြီး သူမ၏ မျက်ဝန်းများမှာ ချက်ချင်းပင် နီရဲလာခဲ့သည်။ သူမအတွက် မယ်တော်ကြီးမှာ အလင်းရောင်များ တောက်ပနေသော ဗောဓိသဗ္ဗတစ်ပါးကဲ့သို့ပင်။
"မယ်တော် ချန်ချဲ့ကို ယုံကြည်ပေးလို့ ဝမ်းသာပါတယ်"
မယ်တော်ကြီးက မိန့်ကြားလိုက်၏။ "အိုက်ကျားကတော့ မင်းကို ယုံတာပေါ့။ အိုက်ကျား နေမကောင်းဖြစ်တာ မဖြစ်တာ အိုက်ကျား အသိဆုံးပဲ မဟုတ်လား"
ယွီမြောင်ဟွာကမူ ရှုံ့မဲ့လိုက်သည်။ "သူတို့အားလုံး ချန်ချဲ့ကို အနိုင်ကျင့်နေကြတာ"
မယ်တော်ကြီးက ခိုင်မာစွာဖြင့် ကြေညာလိုက်၏။ "သူတို့ နောင်တရစေရမယ်လို့ အိုက်ကျား ကတိပေးတယ်"
ထိုအချိန်မှာပင် ယွီမြောင်ဟွာ၏ စိတ်ထဲ၌ မစ်ရှင်အောင်မြင်ကြောင်း အောင်ပွဲခံလက်ခုပ်သံများ ထွက်ပေါ်လာခဲ့သည်။
[ဝါး... ကျွန်တော် မယ်တော်ကြီးကို အထင်လွဲခဲ့တာပဲ။ ဒီမစ်ရှင်က အရမ်းမြန်မြန် ပြီးသွားတာပဲ။ ပင်မမစ်ရှင် ၂.၂၁ ပြီးမြောက်တဲ့အတွက် ဂုဏ်ယူပါတယ် Host။ မယ်တော်ကြီးရဲ့ ခြေတော်ရင်းမှာပဲ ကပ်နေလိုက်တော့။ ဧကရာဇ်ရဲ့ မျက်နှာသာပေးမှုနဲ့ မယ်တော်ကြီးရဲ့ ကာကွယ်မှုသာ ရှိရင် ဒီနန်းတော်ထဲမှာ ငါ့မင်းငါ့ချင်းလို လမ်းလျှောက်လို့ ရပြီ။ တခြားကိုယ်လုပ်တော်တွေကိုလဲ ငါတို့မှာ နောက်ခံရှိတယ်ဆိုတာ ပြလိုက်စမ်းပါ!]
သူမသည် နင်ရှို့နန်းဆောင်ထဲသို့ ခြေချလိုက်ရုံသာ ရှိသေးသော်လည်း မစ်ရှင်မှာ သေသေသပ်သပ် ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။
စနစ်၏ စွမ်းအင်များ တိုးတက်လာသည်ကို မြင်သောအခါ အမြဲတမ်း ရက်စက်တတ်သော စနစ်သည်ပင်လျှင် လျှပ်စစ်မျက်ရည်ကလေးများ ကျလာခဲ့သည်။
[မယ်တော်ကြီးက ကြင်နာတတ်ပါတယ်လို့ ငါပြောသားပဲ။ နင်ကသာ သူမကို အမြဲတမ်း အဆိုးမြင်ပြီး သူမနဲ့ ပတ်သက်တဲ့ မစ်ရှင်တွေ ထုတ်နေတာ။ နင်က အဆိုးဆုံးပဲ]
[ရုပ်ရော စိတ်ရော လှတဲ့သူဆိုတာ သူမပါပဲ။ နတ်ဘုရားမလို ယောက္ခမမျိုးပဲ။ တကယ့်ကို အံ့သြစရာပဲ!]
[မယ်တော်ကြီးလို အားကိုးထိုက်ပြီး မေတ္တာရှိတဲ့သူ ရှိတာ သိပ်ကံကောင်းတာပဲ။ ငါတော့ ဧကရာဇ်ကို တကယ် မနာလိုဖြစ်မိတယ်]
[Host၊ နည်းနည်းလောက် လျှော့ပါအုံး။ ကျွန်တော့်မှာ လျှပ်စစ်ကြက်သီးတွေ ထနေပြီ]
ယွီမြောင်ဟွာသည် စနစ်ကို ဂရုမစိုက်ခဲ့ချေ။ သူမ စိုးရိမ်ခဲ့ရသော အခက်အခဲများကို မယ်တော်ကြီးက အလွယ်တကူ ဖြေရှင်းပေးခဲ့သဖြင့် သူမသည် အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့၏။ စနစ်က မည်မျှပင် ညည်းညူပါစေ—သူမသည် မယ်တော်ကြီး မကြားနိုင်သော သူမ၏ စိတ်ထဲတွင် ဆက်၍ ချီးကျူးနေဦးမည် ဖြစ်သည်။ ဖြစ်နိုင်လျှင် စနစ်ကိုပင် ဦးနှောက်ဆေးပြီး ၎င်း၏ သံသယစိတ်များကို ဖျောက်ဖျက်ပစ်ချင်နေမိ၏။
ထို့ကြောင့် ယွီမြောင်ဟွာသည် မယ်တော်ကြီးအပေါ် ချီးမွမ်းစကားများကို သူမ၏ စိတ်ထဲ၌ တရစပ် ပြောဆိုနေခဲ့သည်။
ခေတ်သစ်လူသားများ၏ မြှောက်ပင့်ပြောဆိုပုံမှာ—တိုက်ရိုက်ကျပြီး ပုံကြီးချဲ့တတ်သဖြင့် ရှေးခေတ်လူများအတွက်မူ အလွန်ပင် အံ့သြစရာ ကောင်းလှပေ၏။
ယွီမြောင်ဟွာ၏ ခေါင်းပေါ်မှ ထွက်ပေါ်လာသော အတိုင်းအဆမရှိသည့် ချီးမွမ်းစကားများကို မယ်တော်ကြီး ကြည့်နေခဲ့သည်။ သူမသည် ရှက်သလိုလိုနှင့် ဝမ်းသာသလိုလို ခံစားနေရ၏။
မြောင်ဟွာက သူမအား ဤမျှ ပြည့်စုံသော ပုဂ္ဂိုလ်တစ်ဦးအဖြစ် မြင်နေသည်မှာ မယုံနိုင်စရာပင်။ ချီးမွမ်းမှုများမှာ လက်ခံရန်ပင် ခက်ခဲလှပေသည်။
အထူးသဖြင့် ယွီမြောင်ဟွာ၏ စကားလုံးများသည် နတ်ဘုရားများထံ ရည်ညွှန်းထားသကဲ့သို့—စိတ်ရင်းမှန်ပြီး စစ်မှန်လှရာ အခြားသူများကဲ့သို့ မျက်နှာသာရရန် တမင်လုပ်ယူထားခြင်း မဟုတ်ချေ။ ဤသည်ကပင် သူမ၏ စကားများကို ပို၍ စစ်မှန်စေခြင်း ဖြစ်၏။
ဤကဲ့သို့ ဖြူစင်လှသော ကလေးတစ်ယောက်၏ ယုံကြည်ကိုးစားမှုကို သူမ မည်သို့ စိတ်ပျက်စေနိုင်မည်နည်း။
မယ်တော်ကြီးသည် ယွီမြောင်ဟွာ၏ လက်ကို ဆုပ်ကိုင်ကာ နူးညံ့သော စကားများဖြင့် ချော့မော့လိုက်ပြီး ယွီမြောင်ဟွာအကြိုက်ဆုံး အစားအစာများကို ပြင်ဆင်ရန် စားဖိုဆောင်ကို ညွှန်ကြားလိုက်သည်။
ကောင်းမွန်သော အစားအစာများကြောင့် ယွီမြောင်ဟွာ၏ စိတ်အခြေအနေမှာ များစွာ တက်ကြွလာခဲ့၏။
နေ့လယ်စာ စားပြီးချိန်တွင် ကောလာဟလများနှင့် ပတ်သက်သော စုံစမ်းစစ်ဆေးမှု ရလဒ်များမှာ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။
မယ်တော်ကြီးသည် ယွီမြောင်ဟွာအား မည်သည့်အရာကိုမျှ ဖုံးကွယ်ထားရန် မလိုအပ်ဟု ယူဆကာ အထိန်းတော်ကျိုးကို သူမ၏ ရှေ့မှောက်၌ပင် အစီရင်ခံစာကို ဖတ်ကြားစေခဲ့၏။ သူမသည် ယွီမြောင်ဟွာအား သူမ၏ ရည်ရွယ်ချက်များကို အထင်မလွဲစေလိုချေ။
"ဒါဆို ကောလာဟလတွေက ယွီဟွာနန်းဆောင်ကနေ စတာပေါ့လေ" မယ်တော်ကြီးက ထပ်မံ မေးမြန်းလိုက်သည်။
အထိန်းတော်ကျိုး ခေါင်းငြိမ့်ပြလေ၏။ "ပါဝင်တဲ့ အစေခံတွေက ဝန်ခံပြီးပါပြီ။ ရှု့ဖေးရဲ့ ယုံကြည်ရတဲ့ အစေခံမလေး ယွဲ့ယာ ကိုယ်တိုင် သူတို့ကို အတင်းအဖျင်းတွေ ဖြန့်ဖို့ ခိုင်းစေခဲ့တာပါ"
မယ်တော်ကြီး၏ နှုတ်ခမ်းများမှာ အေးစက်သော အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားခဲ့သည်။ "သူမက တရားစာတွေ ကူးတာ မဝသေးဘူး ထင်တယ်"
မိုက်မဲပြီး အဆိပ်ပြင်းသော—၎င်းမှာ ရှု့ဖေးပင် ဖြစ်၏။ အရိပ်ထဲတွင် ပုန်းအောင်းနေသော ထိုကဲ့သို့သော မြွေဆိုးမျိုးကို သူမ ဘယ်သောအခါမှ သည်းခံမည် မဟုတ်ချေ။
သူမသည် ယွီမြောင်ဟွာဘက်သို့ လှည့်လိုက်သည်။ "မနက်ဖြန်ကျရင် အိုက်ကျား ဘယ်လို ပြပွဲအကြီးကြီး ပြမလဲဆိုတာကို စောင့်ကြည့်နေလိုက်"
ယွီမြောင်ဟွာမှာ နာခံစွာ ခေါင်းငြိမ့်ပြရင်း ရှု့ဖေး၏ ရဲတင်းမှုကို စိတ်ထဲမှ အံ့သြနေမိ၏။ မယ်တော်ကြီး၏ ဖျားနာမှုကို လက်နက်တစ်ခုအဖြစ် အသုံးပြုခြင်းမှာ—အကယ်၍ မယ်တော်ကြီးသာ တကယ် နေမကောင်းဟန် မဆောင်ခဲ့လျှင် ယွီမြောင်ဟွာမှာ ထိုထောင်ချောက်ထဲသို့ တိုက်ရိုက် သက်ဆင်းသွားရပေလိမ့်မည်။
အမှန်တကယ်ပင် အချို့သော လူများသည် သူတို့၏ ကိုယ်ပိုင်ပျက်စီးရာကို သူတို့ကိုယ်တိုင်ပင် ဖန်တီးတတ်ကြလေသည်။
[ဝါး! ဒီနေ့ကတော့ အိပ်မက်ဆန်တဲ့ နေ့တစ်နေ့ပဲ Host! ကျွန်တော်တို့ ပင်မမစ်ရှင် ၂.၂၂ ကို စတင်လိုက်ပါပြီ။ မယ်တော်ကြီးကို Host အတွက် တိုက်ပွဲဝင်ပေးခိုင်းပါ၊ တကယ့်တရားခံ ရှု့ဖေးကို အပြစ်ပေးပြီး သူမကို အအေးနန်းဆောင်ကို ပို့ပစ်ပါ။ ဒီမစ်ရှင်ရဲ့ ဆုလာဘ်ကတော့ ဒီခေတ်က နည်းပညာထက် သာလွန်တဲ့ အဆင့်မြင့် ဆီကြိတ်စက် နည်းပညာဖြစ်ပါတယ်။ လက်ရှိနည်းပညာထက် ပိုလွယ်ကူတဲ့အပြင် ဆီထွက်နှုန်းကို တစ်ဝက်လောက် ပိုတိုးစေပြီး ဆီအရည်အသွေးကိုလဲ ကောင်းမွန်စေမှာပါ။ Host ရေ... သာမန်လူတွေလဲ ဟင်းသီးဟင်းရွက်ဆီကို သက်သက်သာသာနဲ့ စားနိုင်အောင် ကြိုးစားပါအုံး!]
ယွီမြောင်ဟွာမှာ အံ့သြသွားခဲ့ရ၏—တစ်နေ့တည်းမှာပင် မစ်ရှင်နှစ်ခု ထုတ်ပေးခြင်းမှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
[ဒါဟာ မယ်တော်ကြီးရဲ့ လွှမ်းမိုးမှုကြောင့် ဖြစ်ရမယ်... မစ်ရှင်ရဲ့ ဆုလာဘ်ကလဲ... တကယ် ကောင်းပုံရတယ်]
မယ်တော်ကြီးသည် ယွီမြောင်ဟွာနှင့် စကားပြောနေစဉ် မစ်ရှင်အသစ်ကို ချက်ချင်းပင် သတိပြုမိလိုက်၏။ သူမ အလွန်ဝမ်းသာသွားခဲ့သည်—ဤသည်မှာ သာမန်ပြည်သူများ၏ ဘဝကို မြှင့်တင်ပေးနိုင်မည့် ဆုလာဘ်တစ်ခု ဖြစ်သည်မှာ သေချာလှပေ၏။ ယခင် ဆိုးဆေးဆုလာဘ်မှာ ကောင်းမွန်သော်လည်း ဧကရာဇ် ရရှိထားသည့် အရာများနှင့် ယှဉ်လျှင် နည်းပါးလှသေးသည်။ ယခုမူ သူမသည် ဂုဏ်ယူစွာဖြင့် ခေါင်းမော့နိုင်ပြီပင်။
မစ်ရှင်ကမူ ခက်ခဲလှသည် မဟုတ်ချေ။ ရှု့ဖေး၏ ပြစ်မှုများမှာ အမှန်စင်စစ်တွင် သူမ၏ ရာထူးကို ပြန်လည်ရုပ်သိမ်းပြီး ကုရှီရှီနှင့်အတူ နေထိုင်ရန် ထျန်ယိ သီလရှင်ကျောင်းသို့ ပို့ဆောင်ရန်ပင် ထိုက်တန်လှ၏။ သူမကို အအေးနန်းဆောင်သို့ ပို့ဆောင်ခြင်းမှာမူ သက်ညှာပေးခြင်းပင် ဖြစ်သည်။