← Chapters

အခန်း ၃၁

Vol. 4 Ch. 31

အခန်း ၃၁

Vol. 4 Ch. 31

အပိုင်း ၃၁

ပထမဆုံး စိတ်လှုပ်ရှားမှုများ ပြီးဆုံးပြီးနောက် ယွီမြောင်ဟွာမှာ စတင်၍ စိုးရိမ်လာခဲ့၏။

[ဒါပေမဲ့ မယ်တော်ကြီးကို သူမကို အအေးနန်းဆောင် ပို့ပေးပါလို့ ဘယ်လိုပြောရမလဲ။ အဲဒါက ငါ့ကို စိတ်ထားသေးသိမ်တဲ့သူလို ထင်သွားစေမလား]

အရာအားလုံးကို ရိပ်မိပြီးသားဖြစ်သော မယ်တော်ကြီးကပင် အရင်စ၍ မိန့်ကြားလိုက်သည်။ "ရှု့ဖေးက တခြားကိုယ်လုပ်တော်တစ်ဦးကို မဟုတ်မမှန် စွပ်စွဲခဲ့ရုံတင်မကဘဲ အိုက်ကျားကိုတောင် လက်နက်တစ်ခုလို အသုံးချရဲတယ်။ ဒါကြောင့် သူမကို အခြားသူတွေအတွက် သတိပေးချက်ဖြစ်အောင် အအေးနန်းဆောင်ကို ပို့ပစ်သင့်တယ်လို့ အိုက်ကျားထင်တယ်"

ယွီမြောင်ဟွာမှာ အံ့သြသွားရ၏။ "မယ်တော်ကြီးက သူမကို အအေးနန်းဆောင်ဆီ ပို့ချင်တာလား"

မယ်တော်ကြီးက သူမကို စနောက်လိုက်သည်။ "အပြစ်ပေးတာက အရမ်းပေါ့နေလား။ ပိုပြီး ပြင်းပြင်းထန်ထန် လုပ်ရမလား"

ယွီမြောင်ဟွာကမူ အလျင်အမြန်ပင် ပြန်ဖြေလိုက်၏။ "အအေးနန်းဆောင်က အဆင်ပြေပါတယ်—အဲဒီမှာဆိုရင် သူမရဲ့ အမှားတွေကို သူမ သိလာမှာပါ"

မယ်တော်ကြီးမှာ နောက်ပြောင်ခဲ့ခြင်းသာ ဖြစ်သည်။ "ဒါဆိုလဲ ကောင်းပြီ။ သူမကို အအေးနန်းဆောင်ဆီ ပို့လိုက်တာပေါ့"

နန်းဆောင်အတွင်းရှိ အစေခံများသည် မည်သည့်အရာကိုမျှ မကြားလိုက်သကဲ့သို့ မျက်စိမှိတ်၊ ပါးစပ်ပိတ်နေကြသော်လည်း စိတ်ထဲတွင်မူ မငြိမ်မသက် ဖြစ်နေကြလေ၏။

မယ်တော်ကြီးသည် ရှု့ဖေးကို အပြစ်ပေးမည့်ကိစ္စကိုပင် ကိုယ်လုပ်တော်ဟွေ့နှင့် တိုင်ပင်ကာ သူမကို စိတ်ပျက်အောင် လုပ်ဆောင်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ မိဖုရားခေါင်ကြီးပင်လျှင် ထိုကဲ့သို့သော ဆက်ဆံမှုကို မရရှိခဲ့ဖူးချေ။

သူတို့သည် ကိုယ်လုပ်တော်ဟွေ့၏ အဆင့်အတန်းကို သူတို့၏ စိတ်ထဲ၌ မြှင့်တင်လိုက်ကြပြီး—ယခုမှစ၍ သူမကို ပိုဂရုတစိုက် အလုပ်အကျွေးပြုရန် ဆုံးဖြတ်လိုက်ကြသည်။

ယွီမြောင်ဟွာသည် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်နေခဲ့၏။ သူမသည် ထိုဆုံးဖြတ်ချက်ကို မယ်တော်ကြီး ချလာအောင် မည်သို့ မသိမသာ ပြောရမည်ကို စိုးရိမ်နေခဲ့သော်လည်း မစ်ရှင်မှာမူ အလွယ်တကူပင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

သူမသည် စနစ်ကိုသာ ညည်းညူလိုက်မိ၏။

[မယ်တော်ကြီးနဲ့ ငါကတော့ တကယ့်ကို စိတ်တူကိုယ်တူတွေပဲ—သူမက ငါ့ကို တကယ် နားလည်တာပဲ! အရင်ဘဝက ငါတို့တွေက သားအမိများ ဖြစ်ခဲ့ကြသလားမသိဘူး]

[ဒီဘဝမှာလဲ သားအမိ ဖြစ်လို့ရတာပဲ။ မယ်တော်ကြီးက Host ကို သူမရဲ့ သမီးအရင်းလို ဆက်ဆံရတာ ပျော်နေမှာ သေချာပါတယ်]

ဤတစ်ကြိမ်မျှသာ စနစ်က အဓိပ္ပာယ်ရှိသော စကားကို ပြောသည်ဟု ယွီမြောင်ဟွာ ခံစားလိုက်ရသည်။

မယ်တော်ကြီး၏ အနားတွင် အလွန် စိတ်လက်ပေါ့ပါးနေသဖြင့် သူမသည် အမှန်တရားကို မတော်တဆ ပြောမိသွားခဲ့၏။ "ငါ အအေးနန်းဆောင်ကနေ မထွက်ခင် ငါပြင်ထားတဲ့ တံခါးတွေနဲ့ စားပွဲတွေကို ပြန်ဖြုတ်ခဲ့တာ တော်သေးတာပေါ့—မဟုတ်ရင် သူ အလကားရသွားမှာ"

ယခင်က ကိုယ်လုပ်တော် လင်းသည် အအေးနန်းဆောင်သို့ ပို့ဆောင်ခြင်း မခံရဘဲ သူမ၏ မိသားစုနှင့်အတူ နယ်နှင်ဒဏ် ပေးခံခဲ့ရသဖြင့် ယွီမြောင်ဟွာ၏ ဖျက်ဆီးခဲ့မှုများမှာ အလဟဿ ဖြစ်ခဲ့ရသည်။ ယခုမူ ထိုလုပ်ရပ်မှာ အသုံးတည့်သွားခဲ့ပြီ ဖြစ်၏။

မယ်တော်ကြီးမှာ ရယ်ချင်စိတ်ကို အောင့်ထားရန် ကြိုးစားသော်လည်း နောက်ဆုံးတွင် မတတ်နိုင်တော့ဘဲ စားပွဲပေါ်သို့ မှောက်ကာ ပုခုံးများ တုန်ခါနေသည်အထိ တဟားဟား ရယ်မောလေတော့သည်။

ယခုမှပင် မိဖုရားခေါင်ကြီးသည် ယွီမြောင်ဟွာအပေါ် အဘယ်ကြောင့် ဤမျှ လိုက်လျောနေရသည်ကို သူမ နားလည်သွားခဲ့ရ၏—သူမ၏ ပူပင်ကြောင့်ကြမဲ့သော အမူအရာကို ကြည့်ရုံနှင့်ပင် စိုးရိမ်မှုများမှာ ပျောက်ကွယ်သွားရလေသည်။

မယ်တော်ကြီး အဘယ်ကြောင့် ဤမျှ ရယ်နေရသည်ကို ယွီမြောင်ဟွာအနေဖြင့် နားမလည်သော်လည်း စိတ်မဆိုးသရွေ့တော့ အဆင်ပြေသည်ဟု ယူဆလိုက်၏။

မယ်တော်ကြီးက ပြန်လည် တည်ငြိမ်သွားသောအခါ အထိန်းတော်ကျိုးကို ညွှန်ကြားလိုက်သည်။ "အအေးနန်းဆောင်ထဲက ကုတင်တွေနဲ့ ကုလားထိုင်တွေကိုလဲ သွားဖြုတ်လိုက်အုံး"

သူမသည် ပြတင်းပေါက်များကိုပါ ဖြုတ်ပစ်ရန် စဉ်းစားခဲ့သော်လည်း—ယခုကဲ့သို့ ဆောင်းတွင်းအချိန်တွင် ရှု့ဖေး အေးခဲပြီး သေဆုံးသွားနိုင်သဖြင့် ၎င်းမှာ မည်သူ့အတွက်မျှ မကောင်းနိုင်ကြောင်း ပြန်လည် တွေးတောမိပြန်၏။

အအေးနန်းဆောင်ထဲရှိ ဘဝမှာပင် သူမအတွက် လုံလောက်သော အပြစ်ပေးမှု ဖြစ်ပေလိမ့်မည်။

ယွီမြောင်ဟွာ၏ မျက်ဝန်းများမှာ တောက်ပသွားခဲ့သည်—မယ်တော်ကြီးသည် တကယ့်ကို အားကိုးထိုက်သော မဟာမိတ်ကြီးပင်!

……

ယွီဟွာနန်းဆောင်

ရှု့ဖေး ရုတ်တရက် နှာချေလိုက်ရာ သူမ ကိုင်ထားသော စုတ်တံမှာ ချော်သွားပြီး သူမ ရေးနေသော စာလုံးကို ဖျက်ဆီးလိုက်သည်။

သူမသည် စုတ်တံကို ဘေးချလိုက်ကာ မျက်မှောင်ကြုတ်လိုက်၏—စာလိပ်တစ်ခုမှာ အလဟဿ ဖြစ်သွားပြန်ပြီဖြစ်ရာ နောက်တစ်ခု ပြန်ရေးရဦးမည် ဖြစ်သည်။

သူမ၏ အစေခံမလေးများက ရှေ့သို့တိုးလာကာ သူမ၏ လည်ပင်းနှင့် ပုခုံးများကို နှိပ်နယ်ပေးကြလေ၏။

ရှု့ဖေးမှာ သက်ပြင်းချကာ စိတ်သက်သာရာ ရသွားခဲ့သည်။ ဤရက်ပိုင်းအတွင်း ကိုယ်လုပ်တော်ကျောက်ထက် ပိုထင်ပေါ်စေရန်အတွက် သူမသည် နေ့စဉ် တရားစာ အစောင် ၃၀ ခန့်ကို ကူးရေးနေခဲ့ရာ—မျက်စိ၊ လက်နှင့် စိတ်နှလုံးတို့မှာ ပင်ပန်းနွမ်းနယ်နေခဲ့ပြီပင်။

သူမ၏ ကြိုးစားအားထုတ်မှုကို မြင်ပြီး မယ်တော်ကြီးက သူမအပေါ် စိတ်ပျော့ပြောင်းလာရန်သာ သူမ မျှော်လင့်နေခဲ့၏။

သူမ စိတ်မကြည်မလင် ဖြစ်နေချိန်တွင် ယွီမြောင်ဟွာနှင့် ပတ်သက်သော သတင်းဆိုးများကို နားထောင်ရခြင်းအား သူမ နှစ်သက်လေသည်။

ခဏအကြာတွင် သူမသည် အစေခံများကို ဖယ်ခိုင်းလိုက်ကာ မေးလိုက်၏။ "ယွဲ့ယာ၊ အပြင်မှာ ဘာသတင်းတွေ ထူးသေးလဲ"

ယွဲ့ယာကမူ လျှောက်တင်လိုက်သည်။ "ကွမ်ကျွီ နန်းဆောင်က အစေခံနှစ်ယောက်ကို အတင်းပြောနေတုန်း ယွီမြောင်ဟွာက မိသွားပြီး နန်းတွင်း စည်းကမ်းထိန်းသိမ်းရေးရုံးကို ပို့လိုက်ပါတယ်"

"သူတို့ ငါတို့ဆီကို အကြောင်းစုံ လိုက်လာနိုင်မလား"

ယွဲ့ယာ သူမကို စိတ်ချစေခဲ့သည်။ "အဲဒီနှစ်ယောက်က ဘယ်သူ ကောလာဟလတွေ ဖြန့်တာလဲဆိုတာ မသိပါဘူး။ ဒါကြောင့် မဖြစ်နိုင်ပါဘူး"

ရှု့ဖေး ပြုံးလိုက်၏။ "ဒါနဲ့ ယွီမြောင်ဟွာကော ဘာဖြစ်နေလဲ"

သူမသည် မယ်တော်ကြီး သိသွားမည်ကို ဂရုမစိုက်ချေ—၎င်းမှာ သူမ၏ သစ္စာရှိမှုကို ပြသသည့် နည်းလမ်းတစ်ခုပင် ဖြစ်သည်။ သို့သော် ဧကရာဇ်နှင့် မိဖုရားခေါင်ကြီးမှာမူ အခြားကိစ္စဖြစ်၏။ အကယ်၍ ဧကရာဇ်က သူမကို အပြစ်တင်လျှင် အခြေအနေများ ဆိုးရွားသွားနိုင်သဖြင့် သတိထားရန် လိုအပ်လေသည်။

ယွဲ့ယာ သူမထံသို့ လက်ဖက်ရည်တစ်ခွက် ကမ်းပေးလိုက်၏။ "သူမ နင်ရှို့ နန်းဆောင်ကို သွားပါတယ်"

ရှု့ဖေးမှာ ခေတ္တ ရပ်တန့်သွားခဲ့သည်။ "နင်ရှို့ နန်းဆောင်လား။ ဘယ်လောက်တောင် မိုက်လိုက်လဲ—အခုချိန်မှာ အဲဒီကို သွားတာက ပြဿနာရှာတာပဲ"

မယ်တော်ကြီးသာ ကောလာဟလများ၏ အနည်းငယ်ကို ယုံကြည်လိုက်လျှင်ပင် ယွီမြောင်ဟွာမှာ အကောင်းအတိုင်း ပြန်ထွက်လာနိုင်မည် မဟုတ်ချေ။

ဖြစ်နိုင်လျှင် ရှု့ဖေးသည် မယ်တော်ကြီးက ယွီမြောင်ဟွာကို မည်သို့ အပြစ်ပေးသည်ကို ကိုယ်တိုင် မြင်တွေ့ချင်နေခဲ့၏။ သို့သော် သူမသည် နင်ရှို့ နန်းဆောင်ရှိ အစေခံများကို မပတ်သက်ဝံ့သဖြင့် စိတ်ကူးနှင့်သာ တွေးနေမိလေသည်။

ယွဲ့ယာ ခန့်မှန်းလိုက်၏။ "ဖြစ်နိုင်တာကတော့ ကိုယ်လုပ်တော်ဟွေ့က မယ်တော်ကြီးကို သွားပြီး ရှင်းပြတာ ဖြစ်မှာပါ"

ရှု့ဖေးကမူ နှာခေါင်းရှုံ့လိုက်သည်။ "သူမက ဘာကို ရှင်းပြနိုင်မှာလဲ။ မယ်တော်ကြီးက သူနဲ့ စကားများပြီးတော့ နေမကောင်းဖြစ်သွားတာက အမှန်တရားပဲလေ"

အမှန်ဖြစ်ဖြစ်၊ အမှားဖြစ်ဖြစ်၊ မယ်တော်ကြီးသည် ယွီမြောင်ဟွာကို မုန်းတီးနေခဲ့ပြီပင်။ ယခုကဲ့သို့ အခွင့်အရေးကောင်း ရနေချိန်တွင် သူမသည် လက်လွှတ်ခံမည် မဟုတ်ချေ။

ရှု့ဖေး အနေဖြင့် ယခု လုပ်ဆောင်ရန်မှာ ယွီမြောင်ဟွာပျက်စီးသွားသည်ကို စောင့်ကြည့်ရန်သာ ရှိလေတော့၏။

အလွန်အကျွံ လုပ်ဆောင်မိလျှင် သူမ၏ အကြံအစည်များ ပေါ်သွားနိုင်ပေသည်။

ယွဲ့ယာ သူမ၏ သခင်မကို စိတ်ကြည်စေရန်အတွက် ထပ်လောင်းပြောလိုက်၏။ "ကိုယ်လုပ်တော်ဟွေ့က နေ့လယ်အထိ ကွမ်ကျွီ နန်းဆောင်ကို ပြန်မလာဘူးလို့ ကြားရပါတယ်။ တရားစာတွေပဲ ပြန်ကူးခိုင်းနေတာ ဖြစ်မှာပါ"

ရှု့ဖေးကမူ အထင်အမြင်သေးစွာဖြင့် ပြုံးလိုက်သည်။ "မကြာခင် ကိုယ်လုပ်တော်ဟွေ့ဆိုတာ ရှိတော့မှာ မဟုတ်ဘူး"

တစ်ပါးသူ၏ အခက်အခဲကို ကြည့်၍ ပျော်ရွှင်ပြီးနောက် ရှု့ဖေးသည် တရားစာများကို ဆက်ကူးရန် ပြင်ဆင်နေစဉ် မယ်တော်ကြီးထံမှ အမိန့်တော်တစ်ခု ရောက်ရှိလာခဲ့၏။ ၎င်းမှာ—မနက်ဖြန်တွင် ဖင်း အဆင့်နှင့် အထက်ရှိသော ကိုယ်လုပ်တော်များအားလုံး နင်ရှို့ နန်းဆောင်သို့ လာရောက် ဂါရဝပြုကြရန် ဖြစ်သည်။

မယ်တော်ကြီးသည် နေမကောင်းဖြစ်နေသဖြင့် ဂါရဝပြုခြင်းများကို ခေတ္တရပ်နားထားခဲ့ရာ ယခုကဲ့သို့ ရုတ်တရက် အမိန့်ထုတ်ပြန်လိုက်ခြင်းက နန်းတွင်းတစ်ခုလုံးကို လှုပ်ခတ်သွားစေခဲ့၏။

လူအများစုကမူ ယွီမြောင်ဟွာအား ချက်ချင်းပင် ပြေးမြင်လိုက်ကြသည်။ လတ်တလော ကောလာဟလများနှင့် ပေါင်းစပ်လိုက်လျှင် မနက်ဖြန်တွင် ပွဲကြီးပွဲကောင်း တစ်ခု ဖြစ်လာတော့မည်မှာ သေချာလှပေ၏။

ကိုယ်လုပ်တော်ဟွေ့သည် အအေးနန်းဆောင်မှ ထွက်လာပြီးကတည်းက နန်းတော်ကြီးမှာ တစ်ရက်မျှပင် မငြိမ်သက်ခဲ့ကြောင်း သူတို့ ပြန်လည် တွေးတောနေမိကြသည်။

ယခုတစ်ကြိမ်တွင် သူမ အန္တရာယ်ကင်းကင်းနှင့် ကျော်ဖြတ်နိုင်ပါ့မလားဟူသော မေးခွန်းတစ်ခုသာ ရှိတော့၏။

……

နောက်တစ်နေ့တွင်။

ရှု့ဖေးသည် အလွန်စောစီးစွာ ရောက်ရှိလာခဲ့ပြီး သူမ၏နောက်တွင် သူမ ကူးရေးထားသော တရားစာများကို လင်ဗန်းများဖြင့် သယ်ဆောင်လာသော အစေခံမလေးများ တန်းစီ၍ ပါလာကြသည်။ ထိုတရားစာ အထပ်လိုက်ကြီးမှာ သူမ၏ ကြိုးစားအားထုတ်မှုနှင့် ချွေးစက်များ၏ ရလဒ်ပင် ဖြစ်လေ၏။

အခြားသူများ၏ အံ့သြသော အကြည့်များကြားတွင် ရှု့ဖေးသည် မိမိကိုယ်ကို များစွာ ကျေနပ်နေခဲ့သည်။

သူမသည် ထောင့်တစ်နေရာရှိ ကိုယ်လုပ်တော် ရှန်နှင့် ကိုယ်လုပ်တော်ကျောက် တို့ကို မြင်သောအခါ သူမ၏ မေးစေ့ကို အသာအယာ မြှင့်လိုက်ပြီး ဂုဏ်ယူဝင့်ကြွားသော အမူအရာကို ပြသလိုက်၏။

သူတို့နှစ်ဦးသည် နေ့စဉ် တရားစာအချို့ကို နင်ရှို့ နန်းဆောင်ရှိ ဘုရားခန်းသို့ တိတ်တဆိတ် ပို့ဆောင်နေကြသည်ဟု သူမ ကြားသိထားသည်။ ရှု့ဖေးမှာ သူတို့ အလွန်ပင် မိုက်မဲသည်ဟု ထင်မြင်မိသည်—သူတို့၏ နေ့စဉ် အနည်းငယ်စီ ပေးလှူမှုက သူမကဲ့သို့ အားလုံးကို တစ်ပြိုင်နက်တည်း တင်ဆက်လိုက်ခြင်း၏ ထိရောက်မှုကို မည်သို့ ယှဉ်နိုင်မည်နည်း။

ခဏအကြာတွင် နင်ရှို့ နန်းဆောင်မှ အထိန်းတော်ကျိုးသည် သူမ၏ အစေခံများနှင့်အတူ ထွက်ပေါ်လာခဲ့၏။

ရှု့ဖေးသည် ချက်ချင်းပင် ပြုံးရွှင်သော မျက်နှာဖြင့် လျှောက်တင်လိုက်၏။ "ဒါတွေက ကျွန်မ မယ်တော်ကြီးအတွက် ကူးရေးထားတဲ့ တရားစာတွေပါ။ ကျွန်မရဲ့ စိတ်ရင်းမှန်မှုကို မြတ်စွာဘုရားက သိမြင်ပြီး မယ်တော်ကြီး ကျန်းမာရေး အမြန်ဆုံး ပြန်ကောင်းလာဖို့ပဲ ဆုတောင်းပါတယ်"

အထိန်းတတာ်ကျိုးကမူ ပြုံးလျက်သာ ပြန်ပြောခဲ့သည်။ "ရှု့ဖေး တကယ်ပဲ ပင်ပန်းသွားပါပြီ"

သူမ ပြောသည်မှာ ထိုမျှသာ ဖြစ်၏။

မကျေနပ်သော်လည်း ရှု့ဖေးမှာ မပြသဝံ့ရဲချေ။ အထိန်းတော်ကျိုးမှာ အစေခံတစ်ဦးမျှသာ ဖြစ်သော်လည်း မယ်တော်ကြီး၏ ယုံကြည်ရဆုံးသူ ဖြစ်လေသည်။ ရှု့ဖေးသည် သူမ၏ နေရာသို့ အမြန်ပင် သွားထိုင်လိုက်၏။

ရှု့ဖေးတွင် နန်းတွင်း၌ သူငယ်ချင်း နည်းပါးလှပေသည်။ သူမ စောစောရောက်လာသော်လည်း မည်သူမျှ သူမထံသို့ လာ၍ စကားမပြောကြချေ။

အခြားသော ကိုယ်လုပ်တော်များလည်း တဖြည်းဖြည်း ရောက်ရှိလာကြ၏။ ယွီမြောင်ဟွာ ဝင်လာသောအခါ တစ်ဆောင်လုံးမှာ မှော်အတတ်ဖြင့် အေးခဲသွားသကဲ့သို့ ဖြစ်သွားပြီးမှ ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်—သို့သော် သူတို့၏ အကြည့်များမှာမူ သူမထံသို့သာ ဝေ့ဝဲနေကြဆဲပင်။

သူတို့ အံ့သြသွားသည်မှာ ယွီမြောင်ဟွာ၏ နူးညံ့သော မျက်နှာတွင် ပင်ပန်းနွမ်းနယ်မှု သို့မဟုတ် စိုးရိမ်စိတ်များ လုံးဝမရှိဘဲ—ယင်းအစား သူမ၏ အသားအရေမှာ အလွန်ပင် စိုပြည်တောက်ပနေပြီး ကောင်းမွန်စွာ အနားယူထားသည့်အလား ဖြစ်နေခြင်းပင် ဖြစ်၏။

သူမက မယ်တော်ကြီးရဲ့ ဆူပူကြိမ်းမောင်းမှုကို တကယ်ပဲ မကြောက်တာလား။

ဒါမှမဟုတ် ဧကရာဇ်က သူမကို နောက်တစ်ကြိမ် ကာကွယ်ပေးလိမ့်မယ်လို့ ယုံကြည်နေတာလား။

သူမ အရှင်မင်းကြီးရဲ့ မျက်နှာသာပေးမှုကို ဘယ်လောက်တောင် ရထားတာလဲ။

သူတို့၏ စိတ်ထဲတွင် မနာလိုစိတ်များ တဖွားဖွား ဖြစ်ပေါ်လာခဲ့၏။

သူတို့ကို ပို၍ပင် အံ့သြသွားစေသည်မှာ ယွီမြောင်ဟွာနေရာတွင် ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် နင်ရှို့ နန်းဆောင်မှ အစေခံမလေးတစ်ဦးက နှင်းမှုန် ကိတ်မုန့်တစ်ပွဲကို ယူလာပေးခြင်း ဖြစ်သည်။ "သုံးဆောင်ပါအုံး ကိုယ်လုပ်တော်ဟွေ့။ ကိုယ်လုပ်တော်ဟွေ့က အချိုအလွန်အကျွံ မကြိုက်ဘူးဆိုတာ သိလို့ သကြားကို ၃၀ ရာခိုင်နှုန်းလောက် လျှော့ခိုင်းထားပါတယ်"

ယွီမြောင်ဟွာကမူ တောက်ပစွာ ပြုံးလိုက်၏။ "ကျေးဇူးပါပဲ အစ်မယင်းရှ"

သူမ နင်ရှို့ နန်းဆောင်သို့ လာတိုင်း ယင်းရှကသာ သူမကို ပြုစုပေးလေ့ရှိသဖြင့် သူတို့နှစ်ဦးမှာ အတော်ပင် ရင်းနှီးနေကြပြီ ဖြစ်သည်။

ကိတ်မုန့်များနှင့်အတူ ယင်းရှသည် သူမ အနှစ်သက်ဆုံး လက်ဖက်ရည်ကိုလည်း ဖျော်ပေးခဲ့သေး၏။

ယွီမြောင်ဟွာသည် လတ်လတ်ဆတ်ဆတ် လုပ်ထားသော ကိတ်မုန့်များကို အေးအေးလူလူ စားသုံးနေပြီး အလွန်ပင် စိတ်လက်ပေါ့ပါးနေပုံရလေသည်။

ရှု့ဖေးမှာ ဆွံ့အသွားခဲ့ရ၏—သူတို့ထဲမှ မည်သူမျှ နင်ရှို့ နန်းဆောင်သို့ လာစဉ် ထိုကဲ့သို့သော ဆက်ဆံမှုကို မရရှိခဲ့ဖူးချေ။ ယွီမြောင်ဟွာက နန်းတွင်းအစေခံတွေနဲ့ ဘယ်လောက်တောင် ရင်းနှီးနေတာလဲ။ မီးဖိုချောင်ကတောင် သူမ ကြိုက်တတ်တာတွေကို ပြင်ဆင်ပေးထားတယ်…

မယ်တော်ကြီးက ယွီမြောင်ဟွာကို တကယ်ပဲ မုန်းနေတာ ဟုတ်ရဲ့လား။

ရှု့ဖေး၏ စိတ်ထဲတွင် စိုးရိမ်စိတ်များ လွှမ်းမိုးလာပြီး သူမ၏ အစီအစဉ်များမှာ ပြောင်းပြန် ဖြစ်သွားနိုင်ကြောင်း စတင် ခံစားလာရသည်။

သူမသည် ကိုယ့်ကိုယ်ကိုယ် ပြန်လည် တည်ငြိမ်အောင် ကြိုးစားရင်း—ဖြစ်နိုင်တာကတော့ ဒီအစေခံမလေးက သူမ သခင်မရဲ့ ရည်ရွယ်ချက်ကို မသိဘဲ ယွီမြောင်ဟွာကို မျက်နှာချိုသွေးနေတာ ဖြစ်မှာပါဟု တွေးတောနေမိ၏။

မယ်တော်ကြီးက ယွီမြောင်ဟွာကို မမုန်းဘဲ ဘယ်နေပါ့မလဲ။

ယွီမြောင်ဟွာ ကိတ်မုန့်တစ်ဝက်ခန့် စားပြီးချိန်တွင် မိဖုရားခေါင်ကြီး ရောက်ရှိလာခဲ့သည်။

မကြာမီမှာပင် မယ်တော်ကြီးသည် အဆောင်ထဲမှ ထွက်ပေါ်လာခဲ့၏။ သူမသည် နန်းတွင်းဝတ်စုံ အပြည့်အစုံကို ဝတ်ဆင်မထားဘဲ သာမန်ဝတ်စုံကိုသာ ဝတ်ဆင်ထားသော်လည်း သူမ၏ အရှိန်အဝါမှာ အာဏာရှိသူတစ်ဦး၏ အသွင်ကို ဆောင်နေဆဲပင်။ သူမ၏ သိန်းငှက်ကဲ့သို့ ထက်မြက်သော အကြည့်များက တစ်ခန်းလုံးကို ဝေ့ကြည့်လိုက်ရာ လူတိုင်းမှာ သူမ၏ မျက်လုံးကို မကြည့်ဝံ့ဘဲ ခေါင်းငုံ့ထားကြရလေသည်။

မယ်တော်ကြီး၏ မျက်နှာတွင် ဖျားနာနေသည့် အရိပ်အယောင် လုံးဝမရှိတော့ဘဲ အသားအရေမှာလည်း စိုပြည်နေသည်ကို သူတို့ သတိပြုမိကြ၏။

မိဖုရားခေါင်ကြီးကမူ နူးညံ့စွာ ပြုံးလိုက်သည်။ "မယ်တော် ကျန်းမာရေး လုံးဝ ပြန်ကောင်းသွားပါပြီလား"

မယ်တော်ကြီးက အနည်းငယ် ပျော့ပြောင်းစွာဖြင့် ပြန်လည် မိန့်ကြားခဲ့၏။ "အိုက်ကျား တော်တော်လေး နေကောင်းနေပါပြီ။ ဆေးနှစ်ပတ်လောက် ထပ်သောက်ရင် လုံလောက်ပြီ"

"အိုက်ကျားရဲ့ ဖျားနာမှုနဲ့ ပတ်သက်ပြီး နန်းတွင်းထဲမှာ ကောလာဟလတွေ အများကြီး ပျံ့နေတယ်လို့ ကြားတယ်။ လူတိုင်းက အိုက်ကျား ကျန်းမာရေးအတွက် အရမ်း စိုးရိမ်နေကြပုံပဲ"

မိဖုရားခေါင်ကြီးက ချက်ချင်းပင် ဦးညွှတ်ကာ တောင်းပန်စကား လျှောက်တင်ခဲ့လေသည်။ "ချန်ချဲ့ နန်းတွင်းကို စီမံခန့်ခွဲရာမှာ ပျက်ကွက်ခဲ့လို့ မယ်တော်ကြီးရဲ့ အေးချမ်းမှုကို အနှောင့်အယှက် ဖြစ်စေခဲ့ပါတယ်။ အပြစ်ပေးတာကို ခံယူဖို့ အသင့်ပါပဲ"

မယ်တော်ကြီးကမူ လက်တစ်ဖက်ကို ဝေ့ယမ်းလိုက်၏။ "ဒီကိစ္စက မင်းရဲ့အပြစ်မဟုတ်ပါဘူး။ မင်းက သဘာဝအတိုင်း စိတ်ထားနူးညံ့လွန်းလို့ လူတွေရဲ့ ယုတ်မာကောက်ကျစ်မှု ဘယ်လောက်နက်နဲတယ်ဆိုတာကို ကြိုတင်မသိနိုင်ခဲ့တာပါ။ အချို့လူတွေက သူတို့ရည်မှန်းချက်အတွက်ဆိုရင် ဘာမဆိုလုပ်ဝံ့ကြတယ်"

ရှု့ဖေး၏ မျက်နှာမှာ ဖြူလျော့သွားခဲ့သည်။ မယ်တော်ကြီး၏ စကားများသည် ယွီမြောင်ဟွာကို အပြစ်ပေးရန် ရည်ရွယ်ပုံမရဘဲ ကောလာဟလဖြန့်ဝေသူများကိုသာ တိုက်ရိုက်ရည်ညွှန်းနေသကဲ့သို့ ဖြစ်နေသောကြောင့်ပင်။

သူမ၏ ဦးနှောက်ထဲတွင် အတွေးများ ဗလောင်ဆူသွားခဲ့၏။ အကယ်၍ စုံစမ်းစစ်ဆေးမှုများက သူမထံသို့ ဦးတည်လာလျှင် ဘာဆက်ဖြစ်မည်နည်း။

"မြောင်ဟွာ၊ ဒီကိုလာပါအုံး"

မယ်တော်ကြီး၏ အသံ၌ ချစ်ခင်ကြင်နာမှုများ ပြည့်နှက်နေသည်မှာ သိသာထင်ရှားလှပေ၏။

ယွီမြောင်ဟွာက နာခံစွာဖြင့် ရှေ့သို့ တိုးလာခဲ့သည်။ မယ်တော်ကြီးက သူမ၏လက်ကို ဆုပ်ကိုင်လိုက်ပြီး ကြေညာလိုက်၏။ "အရင်က အိုက်ကျား နေမကောင်းဖြစ်ခဲ့တာက ခရီးပန်းလာတာရယ်၊ အိုက်ကျား မိသားစုရဲ့ ရာဇဝတ်မှုတွေအကြောင်း ကြားလိုက်ရတဲ့ စိတ်အထိအခိုက်ကြောင့်ရယ်ပဲ။ ဒါကို အချို့သူတွေက အခွင့်ကောင်းယူပြီး ကိုယ်လုပ်တော်ဟွေ့ကို အကွက်ဆင်ဖို့နဲ့ သူ့ကို ဖျက်ဆီးပစ်ဖို့ ယုတ်မာတဲ့ ကောလာဟလတွေ ဖြန့်ခဲ့ကြတယ်"

မယ်တော်ကြီးသည် မြောင်ဟွာအား ကူညီနိုင်ရန်အတွက် သူမ၏ "ဖျားနာမှု" အပြစ်အချို့ကို သူမ၏ ကိုယ်ပိုင်မိသားစုအပေါ်သို့ မဆိုင်းမတွ လွှဲချလိုက်လေသည်။ ဤသို့လုပ်ခြင်းမှာ မြောင်ဟွာကို ကူညီရာရောက်သကဲ့သို့ သူမမိသားစု၏ အပြစ်များကိုလည်း လျော့ပါးသွားစေနိုင်သည်ဟု ယူဆခဲ့၏။

"အိုက်ကျား နေမကောင်းဖြစ်နေတုန်းမှာ ကိုယ်လုပ်တော်ဟွေ့က သိပ်ကို သိတတ်နားလည်ရှာတယ်။ အိုက်ကျားရဲ့ အိပ်ရာဘေးကနေ တစ်ဖဝါးမှ မခွာဘူး။ အိုက်ကျား နေပြန်ကောင်းဖို့ ဆုတောင်းတဲ့အနေနဲ့ သူက နေ့တိုင်း သွေးနဲ့ရေးတဲ့ တရားစာ အစောင် ၄၀ ကို ကူးရေးခဲ့တယ်။ ကိုယ်တိုင်လဲ ပိန်ချုံးသွားတဲ့အထိ ပင်ပန်းခံခဲ့တယ်။ သူ့ရဲ့ သဒ္ဓါတရားက နတ်ဗြဟ္မာတွေကိုတောင် တုန်လှုပ်စေလို့ အိုက်ကျားရဲ့ကျန်းမာရေးက အခုလို မြန်မြန်ပြန်ကောင်းလာတာပဲ"

သွေးဖြင့်ရေးသော တရားစာ အစောင်လေးဆယ်ဟူသော စကားကြောင့် တစ်ခန်းလုံးရှိ လူများမှာ အံ့သြတုန်လှုပ်သွားကြသည်။

ကိုယ်လုပ်တော်ဟွေ့က မယ်တော်ကြီး စိတ်ကျေနပ်စေရန် ဤမျှအထိ ကြိုးစားခဲ့ပါသလား။ ယခင်က သူမအပေါ် အငြိုးထားခဲ့သော မယ်တော်ကြီးသည် ယခုအခါ သူမကို အဘယ်ကြောင့် ဤမျှ နွေးထွေးစွာ ဆက်ဆံနေရသည်မှာ မဆန်းတော့ချေ။ မယ်တော်ကြီးမှာ သူမ၏ စိတ်ရင်းမှန်မှုကြောင့် စိတ်လှုပ်ရှားသွားရခြင်း ဖြစ်ပေလိမ့်မည်။

သို့သော်လည်း…

သူတို့၏ အကြည့်များမှာ ယွီမြောင်ဟွာ၏ နုပျိုပြီး အပြစ်ဆိုဖွယ်မရှိသော မျက်နှာပေါ်သို့ ကျရောက်သွားခဲ့၏။ သူမ၏ ပန်းရောင်သန်းနေသော အသားအရေမှာ ပင်ပန်းနွမ်းနယ်သည့် အရိပ်အယောင် လုံးဝမရှိချေ။ သွေးဖြင့်ရေးသော တရားစာများ (ဟင်္သာပြဒါးဖြင့် ရောနှောရေးသည်ဖြစ်စေ) ဤမျှအထိ ကူးရေးခြင်းမှာ လူကို အလွန်ပင် ပင်ပန်းနွမ်းနယ်စေမည်မှာ သေချာလှသည်။

သူမ ဟန်ဆောင်နေခြင်းများလား။

ထိုအတွေးမှာ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့၏။

မဖြစ်နိုင်ပေ၊ ယွီမြောင်ဟွာသည် မယ်တော်ကြီး၏ မျက်စိအောက်တွင် ထိုတရားစာများကို ကူးရေးခဲ့ခြင်းဖြစ်ရာ အတုအယောင်လုပ်ရန် မဖြစ်နိုင်ချေ။ သို့မဟုတ်လျှင်... မယ်တော်ကြီးက သူမကို ဂုဏ်တင်ရန်အတွက် မုသားစကားများ ပြောနေခြင်းများလား။

ငါးဆားနယ် ကိုယ်လုပ်တော်

All Chapters