အခန်း ၃၃
Vol. 4 Ch. 33
အပိုင်း ၃၃
ယွီမြောင်ဟွာမှာ အံ့သြလွန်းသဖြင့် ဆွံ့အကာ ရပ်နေမိ၏။
[System၊ ငါတော့ နားကြားမှားနေပြီ ထင်တယ်...]
[Host၊ ကျွန်တော်လဲ လျှပ်စစ်နားကြားမှားတာ ဖြစ်မယ်—မဟုတ်ရင် မယ်တော်ကြီးက ပစ္စည်းစာရင်းတစ်ခုလုံးကို လက်ဆောင်ပေးတယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ။ ကျွန်တော့်ကိုယ်ကျွန်တော် ဗိုင်းရပ်စ် စစ်ကြည့်အုံးမယ်]
စက္ကန့်အနည်းငယ်အကြာတွင် စနစ်က ပြန်ရောက်လာ၏— [ဗိုင်းရပ်စ် မတွေ့ပါဘူး!] ယွီမြောင်ဟွာ တုန်လှုပ်သွားခဲ့သည်။ သူမရော၊ စနစ်ပါ တစ်ခုတည်းကို ကြားရသည်ဆိုလျှင် ၎င်းမှာ အမှန်တကယ်ပင် ဖြစ်ပေလိမ့်မည်။ ဤသည်မှာ အာဏာရှိသူတစ်ဦး၏ အလိုလိုက်ခြင်းကို ခံရသည့် ပျော်ရွှင်မှုလား။ သူမ ဘာများလုပ်ခဲ့မိလို့ ဤမျှအထိ မျက်နှာသာရနေရသနည်း။
ကျေးဇူးတင်လွန်းသဖြင့် မျက်ရည်ကျလုနီးပါး ဖြစ်နေသော ယွီမြောင်ဟွာကို မြင်သောအခါ မယ်တော်ကြီးမှာ မရယ်ဘဲ မနေနိုင်တော့ချေ။ ယွီမြောင်ဟွာ၏ ထိုကဲ့သို့သော တုံ့ပြန်မှုများမှာ မယ်တော်ကြီးအတွက် များစွာ စိတ်ချမ်းမြေ့စရာ ဖြစ်လေသည်။
သူမသည် ယွီမြောင်ဟွာ၏ ခေါင်းကို ပုတ်ပေးလိုက်ရင်း ပြောလိုက်သည်။ "ဒီရတနာတွေကို ထိန်းသိမ်းဖို့ အတွေ့အကြုံရှိတဲ့ အစေခံတွေကိုပါ အိုက်ကျား ထည့်ပေးလိုက်မယ်" အကယ်၍ အခြားသူသာဆိုလျှင် မယ်တော်ကြီးက သူမတို့အနားတွင် သူလျှိုထားသည်ဟု သံသယဝင်ကြပေလိမ့်မည်။ သို့သော် ယွီမြောင်ဟွာကမူ ထိုသို့ လုံးဝ မတွေးတောမိချေ။
သူမသည် သက်ပြင်းချလိုက်ကာ လျှောက်တင်ခဲ့၏။ "မယ်တော့်ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ် " ရတနာအများစုမှာ ထိန်းသိမ်းရန် ခက်ခဲပုံရသဖြင့် မယ်တော်ကြီး၏ အစီအစဉ်မှာ သူမအတွက် များစွာ အဆင်ပြေသွားခဲ့သည်။ သူမသည် ပစ္စည်းစာရင်းကို ကိုင်ကာ သူမ၏ နန်းဆောင်သို့ ပြန်လာခဲ့ရာ သူမ၏ နောက်တွင် အစေခံများ တန်းစီပါလာသည်မှာ အလွန်ပင် ခမ်းနားလှပေသည်။
မယ်တော်ကြီးက ယွီမြောင်ဟွာကို ပစ္စည်းစာရင်းတစ်ခုလုံးစာ လက်ဆောင်ပေးလိုက်သည်ဟု ကြားသောအခါ အခြားသော ကိုယ်လုပ်တော်များမှာ ဆွံ့အသွားကြ၏။ ယခင်တစ်ခေါက်က လက်ဆောင်ကိုပင် သူတို့ မနာလိုဖြစ်ခဲ့ကြသော်လည်း ယခုလက်ဆောင်နှင့် နှိုင်းယှဉ်လျှင် ၎င်းမှာ ဘာမှမဟုတ်ပါချေ။ ယခုမှာမူ မယ်တော်ကြီး ဘဏ္ဍာတိုက်၏ ဆယ်ပုံတစ်ပုံခန့် ရှိပေသည်။
သို့သော် ယွီမြောင်ဟွာက သွေးဖြင့်ရေးသော တရားစာများကို နေ့စဉ် ကူးရေးခဲ့သည်ကို ပြန်သတိရလိုက်သောအခါ သူတို့၏ မနာလိုစိတ်များမှာ လျော့ပါးသွားခဲ့၏။ သူတို့သည် ယွီမြောင်ဟွာကဲ့သို့ မကြိုးစားနိုင်သဖြင့် မနာလိုဖြစ်နေလည်း အပိုသာဖြစ်ပေလိမ့်မည်။ အကောင်းဘက်က တွေးကြည့်လျှင် ယွီမြောင်ဟွာသည် တက်ကြွသော သူတစ်ဦးဖြစ်သော်လည်း သူတစ်ပါးကို နှိမ်ချတတ်သူ မဟုတ်ချေ။ သူမကို အရင်မစလျှင် သူမသည် အားလုံးအပေါ် ကောင်းမွန်စွာ ဆက်ဆံတတ်သူ ဖြစ်လေသည်။
…
ဧကရာဇ်က သူမအား ကွမ်ကျွီ နန်းဆောင်ကို ပေးအပ်ခဲ့ခြင်းမှာ အတော်ပင် အမျှော်အမြင်ရှိသည်ဟု ယွီမြောင်ဟွာတွေးမိ၏။ ထိုနန်းဆောင်ရှိ ဘဏ္ဍာတိုက်မှာ အလွန်ကျယ်ဝန်းသဖြင့် မယ်တော်ကြီး ပေးသမျှ လက်ဆောင်များကို သိမ်းဆည်းပြီးသော်လည်း ကျပ်ညပ်ခြင်း မရှိချေ။ သူမသည် ပစ္စည်းအချို့ကို ရွေးထုတ်လိုက်ပြီး သူမ၏ မိဘများအတွက် နှစ်သစ်ကူးလက်ဆောင်အဖြစ် ပေးရန် ချွေ့ဝေကို မှတ်သားခိုင်းလိုက်လေသည်။
ရတနာများကို ကြည့်ရှုပြီးနောက် သူမသည် မစ်ရှင်ဆုလာဘ်များကို ရယူရန်အတွက် နန်းတွင်းစာကြည့်တိုက်သို့ စိတ်အားထက်သန်စွာ သွားခဲ့၏။ ယခုတစ်ခေါက်တွင် သူမသည် စာအုပ်တစ်ဒါဇင်ကျော်ကို ငှားယူခဲ့ရာ ထိုအထဲတွင် အထူးဆုလာဘ်နှစ်ခု ပါဝင်နေခဲ့သည်။
ယွီမြောင်ဟွာသည် ဆုံးဖြတ်ပြီးသား ဖြစ်သည်—သူမသည် ဆိုးဆေးနည်းလမ်း အသစ်နှစ်ခုကို အထည်အလိပ် လုပ်ငန်းလုပ်ကိုင်နေသော သူမ၏ အဘိုးအဘွားများအတွက် သိမ်းထားပေးမည် ဖြစ်၏။ သူတို့၏ လုပ်ငန်းမှာ မကြာသေးမီ နှစ်များအတွင်း အခြေအနေ မကောင်းခဲ့ချေ။ သူမအနေဖြင့် အားလုံးကို ပေးရန်မလိုဘဲ နည်းလမ်းနှစ်ခုပေးရုံနှင့်ပင် သူတို့ ပြိုင်ဘက်များကြားတွင် ပြန်လည် ထင်ပေါ်လာစေရန် လုံလောက်လှပေသည်။
သူမ သိမ်းထားလိုသော စာအုပ်ကို ဘေးဖယ်ထားပြီးနောက် ကျန်ရှိသော စာအုပ်များကို မယ်တော်ကြီး၏ နန်းဆောင်သို့ ယူဆောင်သွားခဲ့၏။ မယ်တော်ကြီးက သူမအပေါ် အလွန်ကောင်းမွန်သဖြင့် ယွီမြောင်ဟွာကလည်း ကျေးဇူးဆပ်ချင်နေခြင်း ဖြစ်သည်။ သူမသည် နန်းဆောင်သို့ ကျွမ်းကျင်စွာပင် ရောက်ရှိသွားခဲ့လေသည်။
မယ်တော်ကြီးသည် အစေခံမလေးတစ်ဦး၏ ပုံပြင်ပြောပြသံကို နားထောင်နေစဉ် ယွီမြောင်ဟွာရောက်လာသည်ကို သတိပြုမိလိုက်၏။ သူမ ပြုံးလိုက်ရင်း စနောက်လိုက်သည်။ "ရတနာတွေကို သိမ်းပြီးပြီလား။ ဒီကို ဘာကိစ္စနဲ့ လာတာလဲ။ ဒါမှမဟုတ် ထမင်းလာစားတာလား"
ယွီမြောင်ဟွာ သယ်လာသော စာအုပ်များကို မြင်လိုက်ရ၏။ "ဘာလို့ ကိုယ်တိုင် သယ်လာတာလဲ။ အစေခံတွေက ဘာလုပ်နေကြလို့လဲ" မယ်တော်ကြီးသည် ယွီမြောင်ဟွာကို ကာကွယ်လိုစိတ် ပြင်းပြသဖြင့် သူမ၏နောက်မှ အစေခံများကို မကျေမနပ် ကြည့်လိုက်မိသည်။ သူတို့က ယွီမြောင်ဟွာ၏ ကြင်နာမှုကို အခွင့်ကောင်းယူနေကြတာလား။
ယွီမြောင်ဟွာက အလျင်အမြန်ပင် ရှင်းပြလိုက်၏။ "သူတို့အပြစ် မဟုတ်ပါဘူး။ ချန်ချဲ့ ကိုယ်တိုင် သယ်ချင်လို့ သယ်လာတာပါ" သူမက အဓိပ္ပာယ်ပါသော အကြည့်တစ်ချက် ပေးလိုက်ရာ မယ်တော်ကြီးသည် အခြားသူများကို ထွက်သွားရန် အချက်ပြလိုက်သည်။ အထိန်းတော်ကျိုးသည်ပင်လျှင် တံခါးများကို ပိတ်ပေးခဲ့၏။ အမှန်တကယ်ပင် ကိုယ်လုပ်တော်ဟွေ့ ရောက်လာပြီးနောက်ပိုင်း မယ်တော်ကြီးသည် ယခင်ကထက် များစွာ ပို၍ နုပျိုလန်းဆန်းလာပုံရလေသည်။
ယွီမြောင်ဟွာသည် စာအုပ်များကို စားပွဲပေါ်တင်လိုက်ပြီး တိုးတိုးလေး ပြောလိုက်၏။ "စာကြည့်တိုက်ကနေ စာအုပ်တွေ ထပ်ငှားလာတယ်" မယ်တော်ကြီးမှာမူ သိပြီးသား ဖြစ်သည်။ ယွီမြောင်ဟွာသည် တကယ်ပင် ပျင်းရိလှပေသည်—သူမသည် တစ်ခုတည်းသော နည်းလမ်းကိုသာ ထပ်ခါတလဲလဲ သုံးနေခဲ့၏။ စာကြည့်တိုက်မှ ပညာရှင်များမှာလည်း အခြားသော လျှို့ဝှက်ချက်များကို ရှာဖွေနိုင်ရန် စာအုပ်တိုင်းကို အသည်းအသန် ဖတ်နေကြသည်ဟု ကြားသိရရာ မယ်တော်ကြီးမှာ သူတို့ကိုပင် သနားမိတော့သည်။
"ဒီတစ်ခေါက် ဘာတွေ့ခဲ့လဲ" ယွီမြောင်ဟွာ၏ လျှို့ဝှက်သော အမူအရာကြောင့် မယ်တော်ကြီးသည်လည်း အသံကို နှိမ့်၍ မေးလိုက်၏။ ယွီမြောင်ဟွာမျက်လုံးများမှာ တောက်ပသွားပြီး စာအုပ်နှစ်အုပ်ကို ဂုဏ်ယူစွာ ထုတ်ပြလိုက်သည်။ "ဒီစာအုပ်တွေထဲမှာ အံ့သြစရာတွေ တွေ့ခဲ့တယ်!" စနစ်သည် ဆုလာဘ်များကို စာအုပ်သုံးအုပ်အဖြစ် ခွဲပေးထားသဖြင့် သူမက တစ်အုပ်သိမ်းကာ ကျန်နှစ်အုပ်ကို ဤနေရာသို့ ယူဆောင်လာခဲ့ခြင်း ဖြစ်၏။
အခြေအနေကို သိရှိပြီးဖြစ်သော မယ်တော်ကြီးသည် အံ့သြချင်ယောင်ဆောင်ကာ ပြောလိုက်သည်။ "ဒါဟာ မင်းကူးထားတဲ့ တရားစာတွေအတွက် မြတ်စွာဘုရားက ပေးတဲ့ ဆုလာဘ်ပဲ ဖြစ်မှာပါ"
တရားစာများအကြောင်း ကြားသောအခါ ယွီမြောင်ဟွာမှာ စိတ်ထဲတွင် အနေရခက်သွားခဲ့သည်။ မယ်တော်ကြီးက သူမကို အလိုလိုက်လွန်းလှပေသည်။ သူမသည် တစ်နေ့လျှင် တစ်စောင်သာ ကူးခဲ့သော်လည်း မယ်တော်ကြီး၏ ပြောစကားကြောင့် နန်းတွင်းတစ်ခုလုံးက သူမကို အားကျနေကြပြီ ဖြစ်သည်။
သူမ ချောင်းတစ်ချက်ဟန့်လိုက်မိသည်။ "ဒီတစ်ခေါက်ကတော့ မယ်တော့်ကြောင့်ပါ"
မယ်တော်ကြီးကမူ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ "ငါ့ကြောင့်လား"
ယွီမြောင်ဟွာ ပြုံးပြီး ပြောလိုက်သည်။ "မယ်တော်က ကျွန်မအပေါ် အရမ်းကောင်းလွန်းလို့ မယ်တော်ကြီး ဖတ်ဖို့ စာအုပ်တွေ သွားငှားရင်းနဲ့ မမျှော်လင့်ဘဲ အဆင့်မြင့် ဆီကြိတ်နည်းတွေနဲ့ ဆိုးဆေးနည်းတွေကို တွေ့ခဲ့တာပါ! ဒါဟာ နတ်ဘုရားတွေက ကျွန်မကို အသုံးချပြီး မယ်တော့်ဆီကို လက်ဆောင်ပို့ခိုင်းလိုက်တာ ဖြစ်မှာပါ"
ထိုအခါမှသာ စနစ်သည် ယွီမြောင်ဟွာ ဤစာအုပ်များကို ယူလာရသည့် အဓိပ္ပာယ်ကို နားလည်သွားတော့၏။
[Host၊ ဒီဂုဏ်ပုဒ်ကို မယ်တော်ကြီးကို ပေးမလို့လား]
[ငါ့ကိုပဲ ပြောစမ်းပါ၊ သူမက ဒါနဲ့ ထိုက်တန်ရဲ့လား]
ယွီမြောင်ဟွာတွင် အောင်မြင်မှုများစွာ ရှိပြီးသားဖြစ်သဖြင့် ဤတစ်ခုကို သူမ မလိုအပ်ပါချေ။ မယ်တော်ကြီးသည် သူမကို ရတနာများစွာ ပေးခဲ့ရုံတင်မကဘဲ လူပုံအလယ်တွင် သူမအတွက် မုသားစကားပင် ပြောပေးခဲ့သည်။ ထို့ကြောင့် ယွီမြောင်ဟွာသည် ထိုကျေးဇူးကို ပြန်ဆပ်ချင်နေခြင်း ဖြစ်၏။
[သူမက တကယ်ပဲ ထိုက်တန်ပါတယ်] အဘယ်ကြောင့်ဆိုသော် မယ်တော်ကြီးသည်လည်း စနစ်အတွက် စွမ်းအင်များ ပေးဆောင်နေသူ တစ်ဦးဖြစ်သောကြောင့်ပင် ဖြစ်၏။ ဆုလာဘ်များကို မည်သို့ ကိုင်တွယ်မည်မှာ Host ၏ ဆုံးဖြတ်ချက်သာဖြစ်သဖြင့် စနစ်ကလည်း ကန့်ကွက်ရန် မရည်ရွယ်ချေ။ [ဒါဟာ မယ်တော်ကြီးကို သမိုင်းမှာ နေရာတစ်ခု ရသွားစေနိုင်တယ်]
ယွီမြောင်ဟွာ၏ ခေါင်းပေါ်မှ စာလုံးများကို မြင်လိုက်ရသောအခါ မယ်တော်ကြီးမှာ ဆွံ့အသွားခဲ့သည်—ဤမိန်းကလေးက ဤအကြောင်းကြောင့် သူမထံသို့ ယူဆောင်လာခဲ့ခြင်းပါတကား။ ထိုအချိန်တွင် သူမ၏ ခံစားချက်ကို ဖော်ပြရန် ခက်ခဲလှပေသည်။ သူမ၏ နှလုံးသားမှာ နူးညံ့သွားခဲ့ပြီး ဝမ်းသာပီတိ ဖြစ်နေမိ၏။ သူမအပေါ် သစ္စာရှိသော ဧကရာဇ်ပင်လျှင် သူမကို သမိုင်းတွင် ထင်ရှားစေရန်အတွက် သူ၏ ကိုယ်ပိုင်ဂုဏ်ပုဒ်များကို ခွဲဝေပေးရန် မစဉ်းစားခဲ့ဖူးချေ။
အစပိုင်းတွင် မယ်တော်ကြီးသည် အပြစ်မကင်းသည့်စိတ်ဖြင့် ယွီမြောင်ဟွာကို ကောင်းမွန်စွာ ဆက်ဆံခဲ့ခြင်း ဖြစ်သော်လည်း၊ နောက်ပိုင်းတွင် သူမကို တကယ်ပင် ချစ်ခင်လာခဲ့၏။
အမှန်စင်စစ် သူမသည် ယွီမြောင်ဟွာကို ရုပ်ဝတ္ထုပစ္စည်းများကိုသာ ပေးခဲ့ခြင်းဖြစ်သော်လည်း၊ ယွီမြောင်ဟွာထံမှ ပြန်လည်ရရှိသည့် စိတ်ခံစားမှုမှာ သူမ မျှော်လင့်ထားသည်ထက် များစွာ ပိုနက်ရှိုင်းလှပေသည်။ ထိုမမျှော်လင့်ထားသော ပျော်ရွှင်မှုကြောင့် မယ်တော်ကြီး၏ မျက်ဝန်းများမှာပင် စိုစွတ်လာခဲ့ရ၏။
သူမ၏ အသံမှာ နူးညံ့သွားခဲ့သည်။ "မိုက်မဲတဲ့ကလေး..."
ယွီမြောင်ဟွာက တိုးတိုးလေး ပြောလိုက်သည်။ "ချန်ချဲ့ ဒီတစ်ခေါက်မှာ မယ်တော့်ရဲ့ မျက်နှာသာပေးမှုကို အခွင့်ကောင်းယူပြီး၊ မယ်တော်ရဲ့ အမိန့်နဲ့ စာအုပ်တွေ သွားရှာတာလို့ လိမ်ပြောခဲ့မိပါတယ်။ မယ်တော် ချန်ချဲ့ကို အပြစ်တင်မလား"
မယ်တော်ကြီးမှာ မရယ်ဘဲ မနေနိုင်တော့ချေ။ ဤသည်မှာ အခွင့်ကောင်းယူခြင်း မဟုတ်ပါချေ။ "မလုပ်ပါဘူး၊ မင်းရဲ့ စေတနာကို ငါသိပါတယ်"
မယ်တော်ကြီး၏ မျက်ဝန်းများ နီမြန်းနေသည်ကို သတိပြုမိသောအခါ ယွီမြောင်ဟွာက အကြောင်းအရာကို အမြန်ပြောင်းလိုက်၏။ "ချန်ချဲ့ ညစာအတွက် တိုဟူးနဲ့ ပုဇွန် စားချင်ပါတယ်"
မယ်တော်ကြီးသည် ချက်ချင်းပင် ပြင်ဆင်ရန် ညွှန်ကြားလိုက်သည်။ မယ်တော်ကြီး၏ နန်းဆောင်တွင် ညစာကို ပျော်ရွှင်စွာ စားသုံးပြီးနောက် ယွီမြောင်ဟွာသည် စိတ်လက်ပေါ့ပါးစွာဖြင့် ပြန်သွားခဲ့၏။
မယ်တော်ကြီးသည် မီးရောင်အောက်တွင် ယွီမြောင်ဟွာယူလာပေးသော စာအုပ်များကို ဖတ်ရှုရင်း ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်သည်။ "ဧကရာဇ်ကို သူအကြိုက်ဆုံး အစားအစာတွေ ပြင်ထားတယ်လို့ သွားပြောပြီး ဒီကို ဖိတ်လိုက်ပါ"
……
ဖေးလင်ယွဲ့သည် ညစာ စားပြီးသား ဖြစ်သော်လည်း မယ်တော်ကြီးက အထူးတလည် ခေါ်ယူသဖြင့် သိတတ်သော သားတစ်ဦးအဖြစ် ရောက်ရှိလာခဲ့၏။ သူသည် ညစာကို သရေစာအဖြစ်သာ သဘောထားလိုက်သည်။ နင်ရှို့နန်းဆောင်သို့ ရောက်သောအခါ မယ်တော်ကြီးက သူအကြိုက်ဆုံး အစားအစာများကို ပြင်ဆင်ထားသည်ကို တွေ့ရသဖြင့် သူသည် များစွာ စိတ်လှုပ်ရှားသွားရသော်လည်း ဘာမှတော့ မပြောခဲ့ချေ။
မယ်တော်ကြီးက သူ့ကို ကြင်နာစွာ ကြည့်လျက် ပြောလိုက်သည်။ "မင်း ဒီရက်ပိုင်း အလုပ်တွေ အရမ်းများနေတယ် သားတော်။ ကြည့်စမ်း၊ မင်း မျက်နှာတောင် ချောင်သွားပြီ—အများကြီး စားပါဦး"
သူ့မိခင်၏ အလိုလိုက်မှုကို မငြင်းပယ်ဝံ့သဖြင့် ဖေးလင်ယွဲ့သည် ဟင်းလျာတိုင်းကို မြည်းစမ်းကြည့်ပြီး အကုန်နီးပါး စားလိုက်လေသည်။ သူသည် အလွန်အမင်း ဗိုက်ပြည့်သွားသဖြင့် ကိုယ်နေဟန်ထားကို ပြင်လိုက်ရင်း "မယ်တော်၊ ဒီနေ့ နေ့လယ်က ကိုယ်လုပ်တော်ဟွေ့ကို ဆုချဖို့ ဘဏ္ဍာတိုက်ကို ထပ်ဖွင့်ခဲ့တယ်လို့ ကြားပါတယ်"
ဤသည်ကပင် မယ်တော်ကြီးအား ယွီမြောင်ဟွာအကြောင်းကို ရှည်လျားစွာ ချီးမွမ်းပြောဆိုရန် အခွင့်အရေး ပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့၏။ စကားပြောနေစဉ်မှာပင် သူမသည် အစေခံများကို ဖယ်ခိုင်းလိုက်ပြီး ဂုဏ်ယူစွာဖြင့် ဆိုလေသည်။ "ဒီရက်ပိုင်းအတွင်းမှာ အိုက်ကျား မြောင်ဟွာကို မစ်ရှင်နှစ်ခု ပြီးအောင် ကူညီပေးခဲ့တယ်"
ဖေးလင်ယွဲ့သည်လည်း စိတ်ဝင်စားသွားခဲ့သည်။ "ဆုလာဘ်တွေက ဘာတွေလဲ"
မယ်တော်ကြီးသည် ဘာမှဖုံးကွယ်မထားဘဲ အသေးစိတ် ပြောပြခဲ့သည်။ ဆိုးဆေးကိစ္စထက် ဆီထုတ်လုပ်မှု တိုးတက်စေမည့် နည်းပညာကို သူ ပို၍ စိတ်ဝင်စားသွားခဲ့၏။
သူ ကျေနပ်စွာ ပြုံးရင်း ပြောလိုက်သည်။ "မယ်တော်လဲ အဲဒီမစ်ရှင်တွေကို မြင်ရတာ ဝမ်းသာပါတယ်" သူသည် ယွီမြောင်ဟွာ၏ မစ်ရှင်များကို အမြဲမစောင့်ကြည့်နိုင်သဖြင့် မယ်တော်ကြီးကဲ့သို့သော မဟာမိတ်ရှိနေခြင်းမှာ အလွန်ပင် တန်ဖိုးရှိလှပေသည်။
မယ်တော်ကြီးက သာမန်ကာလျှံကာ ပုံစံဖြင့် ဆက်ပြောခဲ့သည်။ "မြောင်ဟွာက သိပ်ကို သိတတ်တဲ့ ကလေးပဲ။ သူမက အဲဒီစာအုပ်တွေကို အိုက်ကျား နာမည်နဲ့ သွားငှားခဲ့တာ။ ပြီးတော့ အဲဒါတွေကို အိုက်ကျားကို လာပေးခဲ့တယ်။ အိုက်ကျားကတော့ အိုက်ကျားအသက်အရွယ်နဲ့ ဒီလို ဂုဏ်ပုဒ်တွေကို ဘာလုပ်ရမှာလဲလို့ ပြောပါသေးတယ်။ ဒါပေမဲ့ သူမက ခေါင်းမာတယ်၊ အိုက်ကျား အလိုလိုက်ထားလို့ ထင်ပါတယ်၊ စကားကို နားမထောင်ဘူး။ ဒီဂုဏ်ပုဒ်တွေကို အိုက်ကျားကိုပဲ ပေးချင်နေတာ။ အိုက်ကျားတော့ သူမကို ဘယ်လိုလုပ်ရမှန်းတောင် မသိတော့ဘူး"
ဖေးလင်ယွဲ့၏ အပြုံးများ ပျောက်ကွယ်သွားခဲ့သည်။ "သူမက မယ်တော့်ကို အဲဒီဂုဏ်ပုဒ်တွေ ပေးလိုက်တာလား"
မယ်တော်ကြီးက ခေါင်းငြိမ့်ပြကာ ပြောခဲ့သည်။ "မြောင်ဟွာက ဒါဟာ အိုက်ကျားရဲ့ သဒ္ဓါတရားအတွက် မြတ်စွာဘုရားက သူမကတစ်ဆင့် ပေးတဲ့ ဆုလာဘ်လို့ ပြောရှာတယ်။ သူမ အိုက်ကျားကို ပျော်အောင် ပြောနေတာဆိုတာ အိုက်ကျားသိပေမဲ့၊ သူမရဲ့ စေတနာကိုတော့ အသိအမှတ်ပြုရမှာပဲ မဟုတ်ဘူးလား"
တိုင်းပြည်၏ အရှင်သခင်ဖြစ်သော ဖေးလင်ယွဲ့သည် သူတစ်ပါး၏ မနာလိုမှုကို ခံရလေ့ရှိသော်လည်း၊ ယခုအခါတွင်မူ သူကိုယ်တိုင်ပင် မနာလိုစိတ် ဖြစ်ပေါ်လာခဲ့၏။
သူသည် ယွီမြောင်ဟွာအပေါ် ကောင်းမွန်စွာ ဆက်ဆံခဲ့သည်—သူမကို အအေးနန်းဆောင်မှ ကယ်ထုတ်ခဲ့ပြီး ဖေး ရာထူးအထိ မြှင့်တင်ပေးခဲ့သည်။ သို့သော် မယ်တော်ကြီးမှာ နန်းတော်သို့ ရောက်လာသည်မှာ တစ်လပင် မပြည့်သေးဘဲ ယွီမြောင်ဟွာ၏ ချစ်ခင်မှုကို သူ့ထက်ပင် ပိုမိုရရှိသွားခဲ့ပြီ ဖြစ်သည်။
"ကိုယ်လုပ်တော်ဟွေ့က မယ်တော်ကြီးကို တကယ် ချစ်ပုံရတယ်" သူ၏ စကားများမှာ မနာလိုစိတ်များ ပါဝင်နေခဲ့၏။
သူ၏ အမူအရာကို မြင်သောအခါ မယ်တော်ကြီးက ပို၍ပင် ပျော်ရွှင်စွာ ပြုံးလိုက်သည်။ "ဒါဟာ ကံတရားပဲ ဖြစ်မှာပါ။ အိုက်ကျားတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ပိုပြီး နားလည်ကြတာ ဖြစ်လိမ့်မယ်"
ဖေးလင်ယွဲ့မှာမူ ဘာမှပြန်မပြောနိုင်တော့ချေ။ သူသည် သက်ပြင်းတစ်ချက်ချလိုက်ပြီး ပြုံးကာ နှုတ်ဆက်လိုက်လေတော့သည်။ "မယ်တော်နဲ့ ကိုယ်လုပ်တော်ဟွေ့တို့ အဆင်ပြေနေကြတာကို သိရတော့ ကျန်း စိတ်အေးရပါတယ်။ ကျန်း လုပ်စရာရှိတဲ့ အလုပ်တွေ ကျန်သေးလို့—"
သူ ပြန်ရန် ထရပ်လိုက်စဉ်မှာပင် မယ်တော်ကြီးက တားဆီးလိုက်၏။ "နေအုံး၊ အိုက်ကျား မေးစရာရှိသေးတယ်။ ရွှံ့စေးသုံး စာလုံးတင် ပုံနှိပ်စနစ်က ဘယ်လိုအခြေအနေရှိပြီလဲ"
ဖေးလင်ယွဲ့သည် ပြန်ထိုင်လိုက်သည်။ "အဆင်သင့်ဖြစ်နေပါပြီ။ ကျန်းတို့ 'ရှီကျင်း' စာအုပ် အစောင်သုံးရာကို ပုံနှိပ်ပြီးပါပြီ။ ကုန်ကျစရိတ်နဲ့ အချိန်ကလဲ အရင်နည်းလမ်းတွေထက် အများကြီး သက်သာပါတယ်"
မယ်တော်ကြီးက မိန့်ကြားလိုက်သည်။ "ဒါဟာ အရင်နည်းလမ်းတွေထက် ပိုကောင်းတယ်ဆိုတာ သက်သေပြပြီးပြီပဲ၊ ဘာလို့ သဘက်ခါ ကျင်းပမဲ့ ညီလာခံမှာ တရားဝင် မကြေညာရမှာလဲ"
ဧကရာဇ်သည် နှစ်သစ်ကူးပြီးမှသာ ကြေညာရန် စီစဉ်ထားကြောင်း သူမ သိရှိပြီးဖြစ်သော်လည်း ယခုအခါတွင်မူ သူမ ထပ်၍ မစောင့်နိုင်တော့ချေ။
ဖေးလင်ယွဲ့သည် မိခင်ဖြစ်သူကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်၏။ မယ်တော်ကြီးသည် နိုင်ငံရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်လေ့ မရှိသောကြောင့်ပင် ဖြစ်သည်။ "မယ်တော် ဘာဖြစ်လို့ အခုလို အလျင်စလို ဖြစ်နေရတာလဲ "
သူမက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။ "စောစောကြေညာမှသာ နှစ်သစ်ကူးမတိုင်ခင် မြောင်ဟွာကို ဟွေ့ဖေး အဖြစ် ဘွဲ့အမည်တိုးမြှင့် ပေးအပ်နိုင်မှာပေါ့"
"နယ်စားမြို့စား မင်းသားတွေက နှစ်သစ်ကူးပွဲတော်အတွက် မြို့တော်ကို လာကြမှာဆိုတော့၊ သူမကို အဲဒီမင်းသားကြင်ယာတော်တွေရဲ့ အနှိမ်ခံ မဖြစ်စေချင်ဘူး"
ဖေးအဆင့်မှာ မင်းသားတစ်ဦး၏ ကြင်ယာတော် သို့မဟုတ် မယ်တော်တို့၏ အောက်တွင် ရှိသော်လည်း၊ ဟွေ့ဖေး အဆင့်အထိ ရာထူးတိုးမြှင့်လိုက်ပါက အဆင့်အတန်းချင်း တူညီသွားမည် ဖြစ်ပေသည်။
ဖေးလင်ယွဲ့ - “...” ယခုမှပင် သူ နားလည်လိုက်တော့သည်။ ဤညစာမှာ အကွက်ချစီစဉ်ထားခြင်း ဖြစ်ပြီး ယွီမြောင်ဟွာ၏ ရာထူးတိုးရေးအတွက်သာ ဖြစ်ပေသည်။ သူသည် လှည့်စားခံလိုက်ရပြီ ဖြစ်၏။
"နှစ်ကုန်ပိုင်းဆိုတော့ အလုပ်တွေက အရမ်းများနေတာ..."
မယ်တော်ကြီးက လက်ကာပြလိုက်သည်။ "အိုက်ကျားက အကြောင်းပြချက်မရှိဘဲ လုပ်ခိုင်းတာမဟုတ်ဘူး။ အဲဒီဘွဲ့နှင်းသဘင်ကို အိုက်ကျားကိုယ်တိုင်ပဲ ကြီးကြပ်ပေးမယ်—မင်းနဲ့ မိဖုရားခေါင်ကြီးအပေါ် ဘာဝန်ထုပ်ဝန်ပိုးမှ မဖြစ်စေရဘူး။ အိုက်ကျားအတွက် ကိုယ်လက်လှုပ်ရှားမှု လုပ်တယ်လို့ပဲ သဘောထားလိုက်ပါ"
ဧကရာဇ်က တုံ့ဆိုင်းနေစဉ်မှာပင် သူမသည် အပိုင်ကွက်ကို ထုတ်သုံးလိုက်၏။ "တကယ်လို့ မဖြစ်နိုင်ဘူးဆိုရင်လဲ ဧကရာဇ်က အရမ်းအလုပ်များနေလို့ သူမရဲ့ရာထူးတိုးတာကို နှစ်သစ်ကူးပြီးမှပဲ လုပ်လို့ရမယ်လို့ မြောင်ဟွာကို အိုက်ကျား သွားပြောလိုက်ပါ့မယ်"
ဖေးလင်ယွဲ့၏ မျက်ခွံမှာ လှုပ်ခါသွားခဲ့၏။ အကယ်၍ ထိုသို့သာ ဖြစ်လာလျှင် ယွီမြောင်ဟွာ၏ နှလုံးသားထဲတွင် သူ၏ အဆင့်အတန်းမှာ မယ်တော်ကြီး၏ နောက်သို့ ပို၍ပင် ရောက်ရှိသွားပေလိမ့်မည်။
ထူးဆန်းအံ့သြဖွယ် ကောင်းလှပေသည်။ ယွီမြောင်ဟွာမှာ သူ၏ ကိုယ်လုပ်တော်ဖြစ်သော်လည်း၊ ယခုမူ သူမ၏ ချစ်ခင်မှုကို ရရှိရန် သူ၏ ကိုယ်ပိုင်မိခင်နှင့်ပင် ယှဉ်ပြိုင်နေရ၏။ ဤအဖြစ်မျိုးကို မည်သူက ယုံကြည်နိုင်ပါမည်နည်း။
သူသည် သက်ပြင်းရှည်ကြီးကို ချလိုက်ပြီး ဤအခြေအနေတွင် လူဆိုးအဖြစ် မခံတော့ရန် ဆုံးဖြတ်လိုက်၏။ အကောင်းဘက်မှ ကြည့်လျှင်လည်း မယ်တော်ကြီးမှာ သူ၏ မိခင်အရင်းဖြစ်ပြီး ယွီမြောင်ဟွာနှင့် ပိုနီးစပ်လေလေ၊ သူမသည် မစ်ရှင်များကို ပိုလုပ်ဆောင်လိုစိတ် ရှိလာလေလေဖြစ်ရာ ၎င်းမှာ သူ၏အတွက်လည်း ဆုလာဘ်များ ပိုရရှိနိုင်မည် ဖြစ်ပေသည်။
"မယ်တော် ပင်ပန်းရပါပြီ။ ကျေးဇူးတင်ပါတယ် "
သူမ၏ ရည်မှန်းချက်ကို ချောမွေ့စွာ အောင်မြင်သွားသဖြင့် မယ်တော်ကြီးမှာ ပြုံးလိုက်မိ၏။ "ဘာမှ မပင်ပန်းပါဘူး။ အိုက်ကျားက မင်းရဲ့မိခင်ပဲလေ၊ မင်းဘက်ကပဲ အမြဲရှိနေမှာပေါ့"
"မင်း တစ်နေ့လုံး အလုပ်များနေတာဆိုတော့ ပင်ပန်းနေမှာပေါ့။ အခု သွားနားတော့လေ"
ဖေးလင်ယွဲ့မှာမူ နှင်ထုတ်ခံလိုက်ရသဖြင့် လေထဲတွင် ကြောင်စီစီဖြင့် ရပ်ကျန်ခဲ့၏။ သူသည် ရယ်ရအခက် ငိုရအခက် ဖြစ်နေမိရင်း—ဤနေရာတွင် မယ်တော်ကြီး၏ သားအရင်းက ဘယ်သူပါလိမ့်ဟု တွေးတောနေမိတော့သည်။
ငါးဆားနယ် ကိုယ်လုပ်တော်