← Chapters

နောင်တရရင် ငါက ခွေးမသားပဲ

Vol. 6-10 Ch. 112

နောင်တရရင် ငါက ခွေးမသားပဲ

Vol. 6-10 Ch. 112

အခန်း (၁၁၂) : နောင်တရရင် ငါက ခွေးမသားပဲ

ကြာပြာ ကောင်းကင်အသျှင်က ပြောလိုက်သည်

“ကျန်းလုံယွမ် မင်း မလွန်လာနဲ့နော်”

ဂိုဏ်းချုပ်၏ ကိုယ်ပေါ်တွင် လွှမ်းခြုံထားသော မိုးကြိုးအရှိန်အဝါက ခက်ခက်ခဲခဲဖြင့် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိလာသည်

“ ကျွန်တော်က ဘယ်လိုလုပ်ပြီးတော့ လွန်ပါ့မလဲ”

ကြာပြာ ကောင်းကင်အသျှင်က ပြန်ဖြေလိုက်သည်

“ မင်း မလွန်ပါဘူး ဟုတ်လား။ ငါက မင်းရဲ့ အစ်ကိုကြီးကွ၊ မင်းရဲ့ အစ်ကိုကြီး”

ဂိုဏ်းချုပ်က ကြာပြာ ကောင်းကင်အသျှင်ကို တည်ငြိမ်စွာကြည့်ရင်း ပြောလိုက်သည်

“ ကျွန်တော် အတင်း မလုပ်ခိုင်းခဲ့ဘူးနော်။ အစ်ကိုကြီးဘာသာ အစ်ကိုကြီး ကျိန်ဆိုခဲ့တာလေ”

ကြာပြာ ကောင်းကင်အသျှင်က ပြောလိုက်သည်

“ ငါ မကျိန်ဆိုခဲ့ဘူး။ လျှာခေါက်သွားလို့….အဲဒါလျှာခေါက်သွားလို့ပါ”

ဂိုဏ်းချုပ်က ပုလ္လင်ပေါ်မှ ဖြည်းဖြည်းချင်း ထလာကာ ပြောလိုက်သည်

“ ဒါဆိုလည်း ပြဿနာမရှိပါဘူး။ ကျွန်တော် သွားတော့မယ်နော်”

ကြာပြာ ကောင်းကင်အသျှင်က သူ့ကို အလျင်အမြန်တားလိုက်သည်

“ မသွားပါနဲ့ဦး….ငါ့ကို…ငါ့ကို အရင်ဆုံး စိတ်အဆင်သင့်ဖြစ်အောင် လုပ်ခွင့်ပေးဦး”

စိမ်းပြာကြာပန်းက ကြာပြာ ကောင်းကင်အသျှင်၏ ရှေ့မှာ ဖြည်းဖြည်းချင်း ပွင့်လာပြီး‌နောက် အပေါ်အောက် ပြောင်းပြန်လန်သွားသည်။

ထပ်ပြီး ပိတ်သွားပြီဖြစ်သော ကြာပန်းက ကြာပြာ ကောင်းကင်အသျှင်၏မျက်နှာတစ်ခုလုံးကို ဖုံးအုပ်သွားပုံက စိမ်းပြာကြာပွင့်မျက်နှာဖုံးနှင့် သဏ္ဌာန်တူလှသည်။

ထို မျက်နှာဖုံးအတွင်းမှ အသံတိုးတိုးလေး ထွက်ပေါ်လာသည်

“ ငါက ခွေးမသားပါ”

ဂိုဏ်းချုပ်အပေါ်တွင် လွှမ်းခြုံထားသော မိုးကြိုးအရှိန်အဝါက ထပ်ပြီး လှုပ်ရှားလာသည်

“ ကျွန်တော် ရှင်းရှင်းလင်းလင်း မကြားရဘူး”

ဝုန်း….

စိမ်းပြာကြာပန်း ချက်ချင်း ပေါက်ကွဲသွားကာ အထဲမှ မျက်နှာကြီးနီကာ ဒေါသထွက်နေသော ကြာပြာ ကောင်းကင်အသျှင် ပေါ်ထွက်လာသည်

“ကျန်းလုံယွမ် မင်း အရမ်းလွန်သွားပြီ”

ဂိုဏ်းချုပ်ကို လွှမ်းခြုံထားသော မိုးကြိုးအရှိန်အဝါက ချက်ချင်း ငြိမ်ကျသွားကာ သူ့အသံကလည်း နဂိုအေးစက်သော အသံပြန်ပြောင်းသွားသည်

“ ဂိုဏ်းတူ  အစ်ကိုကြီး စိတ်ရှည်ရှည်ထားပါ။ ဂိုဏ်းတူအစ်ကိုကြီး ကျိန်ဆိုခဲ့တဲ့ကတိကို တည်တာနဲ့ ထျန်းအာရဲ့ ကိုယ်ထည်မာကျင့်စဉ်မှာ သင်ကြားပေးဖို့ ခွင့်ပြုပေးမယ်”

ကြာပြာ ကောင်းကင်အသျှင်က ချက်ချင်း ပြုံးကာ ပြောလိုက်သည်

“ ဒါဆိုရင် ယင်ယန်ဖောက်ထွင်း နတ်မိုးကြိုးနဲ့ ယင်ယန် နတ်ဆိုးဖောက်ထွင်း သေနတ် လုပ်တာကို ကူညီပေးရမှာလား”

ဂိုဏ်းချုပ်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်

“ ကူညီနိုင်နိုင် မကူညီနိုင်နိုင် အစ်ကိုကြီးမှာ တခြား ဘာအကြံမှလည်း မရှိဘူးလေ မဟုတ်ဘူးလား”

ကြာပြာ ကောင်းကင်အသျှင်က နှုတ်ခမ်းမဲ့ကာ ပြောလိုက်သည်

“ကျန်းလုံယွမ် မင်း ဘာကို ဆိုလိုချင်တာလဲ။ ငါ မင်းအတွက်နဲ့ ဒီလိုအရာမျိုးကိုတောင် ပြောပေးတာလေ။ အကျိုးအမြတ်ထဲက ဝိညာဉ်ကျောက်တုံးကို ငါ မရနိုင်ဘူးလို့ ပြောနေတာတော့ မဟုတ်ဘူးမလား။ ငါက လူတွေရှာပြီးတော့ အတုလုပ်ပြီး စီးပွားရေးအရ မတိုက်ခိုက်နိုင်ဘူးလို့ မင်းတကယ် တွေးနေတာလား”

ဂိုဏ်းချုပ်က တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်သည်

“ ဆရာတူ အစ်ကိုကြီးက အဲလိုမျိုးတွေ မလုပ်ပါဘူး။

ကောင်းပြီလေ။ ဆရာတူ အစ်ကိုကြီးက အထွတ်အမြတ်မြေကို အကူအညီပေးချင်မှတော့ ရွှေကြာတောင်ရဲ့ ကြီးကြပ်မှုနဲ့ကာကွယ်မှုမှာ ပါဝင်ခွင့်ရအောင် အခွင့်အရေးပေးမယ်။

ဒါပေမဲ့ နတ်ဆိုးဖောက်ထွင်း သေနတ်နဲ့ နတ်မိုးကြိုးရဲ့ လျှို့ဝှက်ချက်ကို ထိန်းသိမ်းနိုင်ဖို့အတွက် ဆရာတူ အစ်ကိုကြီးအနေနဲ့ အချက်သုံးချက်ကို လိုက်နာပေးရမယ်”

အချက်သုံးချက် ဟုတ်လား။ ငါ အဲဒါကို တစ်နေရာရာမှာ ကြားဖူးသလိုပဲ။ ဒါက အဲလောက်လည်း အရေးမကြီးပါဘူးလေ

ကြာပြာ ကောင်းကင်အသျှင် ဆင်းရဲခြင်းကြောင့် ရူးသွပ်နေပြီဖြစ်သည့်အတွက် သူသာ အကျိုးအမြတ်မှ ဝေစုရနိုင်မည်ဆိုပါက အချက် ၃၀ လိုက်နာရမည်ဆိုလျှင်ပင် ပြဿနာ မရှိတော့ပေ။

ကြာပြာ ကောင်းကင်အသျှင်က သူ့အခြေအနေကို စဉ်းစားမိပြီး နှာမှုတ်ကာ ပြောလိုက်သည်

“ ဆရာတူညီလေး လိုက်နာရမဲ့ အချက်တွေကို ပြောလေ”

ဂိုဏ်းချုပ်က ပြန်ပြောလိုက်သည်

“ ပထမ တစ်ချက်အနေနဲ့ ဆရာတူ အစ်ကိုကြီး လေကြီးလေကျယ်နဲ့ လျှို့ဝှက်ချက်ကို မတော်တဆ ထုတ်မပြောမိဖို့အတွက် ယင်ယန်နတ်မိုးကြိုး ဖန်တီးနည်းကို မေ့နိုင်ဖို့ ဒီမေ့ပျောက်ဆေးလုံးကို စားရမယ်”

ယင်ယန် နတ်မိုးကြိုး၏ စွမ်းအားက သူ့အတွက် အသုံးမဝင်သည့်အတွက် ကြာပြာ ကောင်းကင်အသျှင်က ခေါင်းညိတ်ကာ ပြောလိုက်သည်

“ ရတယ်လေ”

ဂိုဏ်းချုပ်က ဆက်ပြောလိုက်သည်

“ ဒုတိယတစ်ချက်အနေနဲ့ ရှန်ထျန်းကို မီးစာကိုယ်ထည်မာကျင့်စဉ် သင်ပေးတဲ့နေရာမှာ အကောင်းဆုံး ကြိုးစားပေးရမယ်”

ကြာပြာ ကောင်းကင်အသျှင်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်

“ ရတယ်လေ….ငါက သူ့ကို ငါ တစ်ယောက်တည်းပဲ သိထားတဲ့ လှည့်ကွက်တွေကိုပါ သင်ပေးဦးမှာ”

ဂိုဏ်းချုပ်က ဆက်ပြောလိုက်သည်

“ တတိယတစ်ချက်က ဆရာတူအစ်ကိုကြီး ပြောထားတဲ့စကားတွေကို ပြန်ပြီးတော့ ရုတ်သိမ်းခွင့် မရှိအောင် အာမခံအနေနဲ့ ဝိညာဉ်သလင်းကျောက် ၂ထောင် ပေးရမယ်။

ဆရာတူအစ်ကိုကြီးက ထျန်းအာကို သင်ပေးဖို့ ငြင်းတာပဲဖြစ်ဖြစ် သင်ကြားပေးတဲ့နေရာမှာ ချန်လှပ်ထားတာ ရှိခဲ့ရင်ဖြစ်ဖြစ် အမြတ်ရတဲ့ ဝေစုကိုလည်း ပေးမှာမဟုတ်သလို ဝိညာဉ်သလင်းကျောက် ၂ထောင်ကိုလည်း ပြန်ပေးမှာ မဟုတ်ဘူး။ တစ်ခုမှ ပြန်မပေးဘူး”

ဝိညာဉ်သလင်းကျောက် ၂ထောင်တဲ့လား

ကြာပြာ ကောင်းကင်အသျှင် အံ့ဩလွန်းလို့ မေးရိုးပင် ပြုတ်ကျမတတ် ဖြစ်သွားရသည်။

ဆရာတူညီလေး မင်းက ငါ့ဆီကနေ ပိုက်ဆံတောင်းနေတာလား။ ငါက ငါ့အသက်ကို တောင်းတယ်လို့ ထင်နေတာ

သူက လှောင်ရယ်ကာ ပြောလိုက်သည်

“ ငါ မေ့ပျောက်ဆေးလုံး စားပြီးလို့ မင်းက ကတိမတည်တော့ရင် ဘယ်လိုလုပ်မလဲ။ ငါက မင်းကို ဝိညာဉ်သလင်းကျောက် ၂ထောင်ပေးပြီးသားဖြစ်နေပြီလေ။ ငါကျတော့ အများကြီး ဆုံးရှုံးသွားမှာ မဟုတ်ဘူး။ မင်းက ငါ့ကို အကျိုးအမြတ်ထဲက ဘယ်လောက် ပေးမှာမလို့လဲ”

ဂိုဏ်းချုပ်က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်

“ ဆရာတူ အစ်ကိုကြီးသာ ကျွန်တော်ပြောတဲ့ သုံးချက်ကို လိုက်နာမယ်ဆိုရင် ကတိမဖျက်ဘူးလို့ ကောင်းကင်ကို တိုင်တည်ပြီးကျိန်ဆိုပါတယ်။

အကျိုးအမြတ် ခွဲဝေတာအတွက် ထျန်းအာက ၄၀ ရာခိုင်နှုန်း၊ ယွင်တိက ၁၀ ရာခိုင်နှုန်း၊ ရွှေကြာက ၂၀ ရာခိုင်နှုန်းရမယ်။ ၃၀ရာခိုင်နှုန်း ကျန်တဲ့အထဲက ဆရာတူ အစ်ကိုကြီး တစ်ဝက်ယူလို့ ရပါတယ်”

အမြတ် ၃၀ရာခိုင်နှုန်းထဲက တစ်ဝက်တဲ့လား

ထိုအမြတ်က ဝိညာဉ်ကျောက်တုံး ဘယ်လောက်နှင့် ညီမျှလဲဆိုတာကို ကြာပြာ ကောင်းကင်အသျှင် ချက်ချင်း စတင်တွက်ချက်နေသည်။ စဉ်းစားပြီးနောက်မှာတော့ အံကြိတ်ကာ ပြောလိုက်သည်

“ ကောင်းပြီလေ ဆရာတူညီလေးက ကောင်းကင်နဲ့ ကျိန်ဆိုထားတယ်ဆိုတော့ ယုံလိုက်ပါ့မယ်”

ကြာပြာ ကောင်းကင်အသျှင်က ဂိုဏ်းချုပ် ပေးခဲ့ဖူးသော ဝိညာဉ်သလင်းကျောက် ၂ထောင်ပါသော လက်စွပ်ကို ဂိုဏ်းချုပ်ထံ ပြန်ပေးလိုက်သည်။

ဂိုဏ်းချုပ်က လက်စွပ်ကို ဖမ်းယူကာ အထဲမှာပါသော ဝိညာဉ်သလင်းကျောက်ကို စိတ်စွမ်းအားဖြင့် သေချာစစ်ဆေးကြည့်လိုက်သည်

“ ဝိညာဉ်သလင်းကျောက် ၃၀၀ ပျောက်နေတယ်”

ကြာပြာ ကောင်းကင်အသျှင် ဆွံ့အသွားရသည်။

သူ ဘာမှရွေးစရာ မရှိတော့ဘဲ ဝိညာဉ်သလင်းကျောက် ၃၀၀ကို ထုတ်ယူကာ ဂိုဏ်းချုပ်ဆီ ပြန်ပေးလိုက်ရသည်

“ ကတိဖျက်လို့ မရဘူးနော်”

မိုးကြိုးအရှိန်အဝါ ဖုံးလွှမ်းနေသောသူ၏ အေးစက်သောအသံက ပဲ့တင်ထွက်သွားသည်

“ ကျွန်တော် ကောင်းကင်နဲ့ တိုင်တည်ပြီး ကျိန်ဆိုထားပြီးပြီလေ”

ထို့နောက် အကျိုးသက်ရောက်မှု ပြင်းထန်သော အဆင့်ငါး မေ့ပျောက်ဆေးလုံးက မိုးကြိုးထဲမှ ထွက်လာသည်။

ကြာပြာ ကောင်းကင်အသျှင်က ဆေးကို မျိုချလိုက်သည်။

သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ အားပြင်းသော အလင်းထွက်သွားကာ ယနေ့ သူ့မှတ်ဉာဏ်တွေ ပျောက်ကွယ်သွားရသည်။

ဂိုဏ်းချုပ်က ကြာပြာ ကောင်းကင်အသျှင်ကို ကြည့်ပြီး သူ၏ မိုးကြိုးအရှိန်အဝါတို့ အပြင်းအထန် တုန်လှုပ်လာရပြန်သည်။

မေ့ပျောက်ဆေးလုံးက အကျိုးသက်ရောက်တာ မြန်သည့်အတွက် ကြာပြာ ကောင်းကင်အသျှင် မျက်လုံးပြန်ဖွင့်သည့်အခါ သူ့ရှေ့မှာရှိသော ဂိုဏ်းချုပ်ကို တွေဝေစွာ စိုက်ကြည့်နေသည်။

“ ဟာ….ဘာလို့ ခေါင်းမူးသလို ခံစားနေရတာပါလိမ့်။ ဆရာတူ ညီလေး ... ရှန်ထျန်းကရော ဘယ်ရောက်သွားတာလဲ”

ဂိုဏ်းချုပ်က ပြန်ဖြေလိုက်သည်

“ ကျွန်တော် သူ့ကို သူတော်စင် အမှတ်အသားပြား ပေးပြီးတော့ သူတော်စင်တောင်မှာ နေသားကျအောင် နေခိုင်းလိုက်ပြီ”

ကြာပြာ ကောင်းကင်အသျှင်က ခေါင်းညိတ်ပြလိုက်သည်

“ အော် အဲဒါက အရေးမကြီးပါဘူး။ ဆရာတူညီလေး ငါက မင်းအတွက် လူ ပြန်ခေါ်လာပေးပြီပြီဆိုတော့ မင်း ငါ့ကို ပေးမယ်လို့ ပြောထားတဲ့ ဝိညာဉ်ကျောက်တုံး ၁၅၀၀ နဲ့ စိတ်ဝိညာဉ်တောင်ကို ဘယ်တော့ ပေးမှာလဲ”

ဂိုဏ်းချုပ်က တည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်သည်

“ အဲဒါတွေကို အချိန်မရွေးပေးလို့ ရပါတယ်။ ဒါပေမဲ့ ကျွန်တော် အရင်ဆုံး ကျားနဂါးဆွဲပြားကို ကြည့်ချင်သေးတယ်”

ကြာပြာ ကောင်းကင်အသျှင်က ခေါင်းညိတ်ပြကာ ပြုံးပျော်ရင်း ဆွဲပြားကို ရှာနေစဉ် ရုတ်တရက် အပြုံးတွေ အေးစက်သွားရသည်။

“ သေစမ်း…ငါ့မှာ သေချာပေါက် ရှိပါတယ်။ ဘယ်ရောက်သွားပါလိမ့်”

ဂိုဏ်းချုပ်က အေးစက်စွာ မေးလိုက်သည်

“ ဆရာတူ အစ်ကိုကြီး ဂိုဏ်းချုပ်အမှတ်အသားပြား ပျောက်သွားတာလား”

ကြာပြာ ကောင်းကင်အသျှင်က ပြုံးကာ ရှက်ရှက်ဖြင့် ပြောလိုက်သည်

“ အဟွတ်….ဟွတ်….မစိုးရိမ်ပါနဲ့။   ညီလေး ... ငါ ရှာနိုင်ပါတယ်”

ဂိုဏ်းချုပ်က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်

“ ပြီးခဲ့တဲ့ နှစ်တွေတုန်းကလည်း ပစ္စည်းတွေအများကြီး ပျောက်သွားတာပဲလေ။ ဒါပေမဲ့ အစ်ကိုကြီး အဲဒါတွေကို ပြန်ရှာတွေ့ခဲ့လို့လား”

ကြာပြာ ကောင်းကင်အသျှင်က မီးစာကျမ်းကို ကျင့်ပြီးကတည်းက ကံက ပိုပြီးတော့ ဆိုးလာသည်ဖြစ်၍ ကိုယ့်ဘဝကို အပြစ်မြင်နေမိသည်။

ငါ ဘယ်လိုလုပ်ပြီးတော့ ဝိညာဉ်သလင်းကျောက် ၁၅၀၀နဲ့ စိတ်ဝိညာဉ်တောင်တစ်လုံး တန်ဖိုးရှိတဲ့ အံ့ဖွယ်မိုးကောင်းကင် ကျားနဂါးဆွဲပြားကို ပျောက်အောင် လုပ်လိုက်မိရတာလဲ

“ ဆရာတူညီလေး မစိုးရိမ်ပါနဲ့။ ငါ အခုချက်ချင်းပဲ ကျားနဂါးဆွဲပြားကို သွားရှာလာခဲ့မယ်။ ငါ သေချာပေါက် ရှာတွေ့မှာပါ”

ဂိုဏ်းချုပ်က အေးစက်စွာ ပြောလိုက်သည်

“ မလိုပါဘူး။ ဆရာတူ အစ်ကိုကြီးဆီမှာ ကျားနဂါးဆွဲပြား မရှိဘူးဆိုတော့ အပေးအယူကို ရုတ်သိမ်းလိုက်ရအောင်။ ကျွန်တော်တို့ရဲ့ သူတော်စင်အသစ် ရှန်ထျန်းကလည်း မီးစာကိုယ်ထည်မာ ကျင့်စဉ်ကို ကျင့်တယ်လေ။ ဆရာတူ အစ်ကိုကြီး သူ့ကို သင်ပေးလိုက်ပါလား”

ကြာပြာ ကောင်းကင်အသျှင်က အံ့ဖွယ်မိုးကောင်းကင် ကျားနဂါးဆွဲပြား ပျောက်ဆုံးသွားမှုထဲမှာ စိတ်နစ်မြောနေသည်။ ထို့ကြောင့် ဂိုဏ်းချုပ်က သူ့ကို စိတ်ဝိညာဉ်တောင် မပေးချင်ရုံတင်မကဘဲ ဝန်ထုပ်ကိုပါ ထမ်းခိုင်းနေသည့်အတွက် ကြာပြာ ကောင်းကင်အသျှင် ပေါက်ကွဲသွားရသည်။

မီးစာကျမ်း ကျင့်စဉ်သည် ကျင့်ကြံရေး အရင်းအမြစ် လိုအပ်သည့်နေရာမှာ အဆုံးမရှိသော အရာဖြစ်သည်။ တစ်ချိန်တည်းမှာပဲ ဤကျမ်းကို စပြီးတော့ ကျင့်ကြံလိုက်သည်နှင့် ကံ ပို၍ ဆိုးလာဖို့ အကြောင်းဖန်လာသည်။

အကုန်လုံး လွဲချော်နေတာတောင် သူက ကျားနဂါးဆွဲပြားကို ပျောက်ခဲ့သေးတယ်တဲ့လား။ အဲဒါကို ဘယ်လိုလုပ်ပြီးတော့ မီးစာကျမ်း ကျင့်ဖို့အတွက် တပည့်လက်ခံနိုင်ပါ့မလဲ

“ ဆရာတူ ညီလေး ငါ သူ့ကို ဘာကိုယ်ထည်မာ ကျင့်စဉ်မှ သင်မပေးနိုင်သေးဘူး။ ငါ ကျားနဂါးဆွဲပြားကို သွားရှာရဦးမယ်”

ဂိုဏ်းချုပ်က ကြာပြာ ကောင်းကင်အသျှင်ကို ကြည့်ကာ ပြောလိုက်သည်

“ ဆရာတူအစ်ကိုကြီး နောင်တမရဘူးဆိုတာ သေချာရဲ့လား”

ကြာပြာ ကောင်းကင်အသျှင်က လှည့်ထွက်သွားရင်း ပြောလိုက်သည်

“ နောင်တရရင် ငါက ခွေးမသားပဲ”

ကြာပြာ ကောင်းကင်အသျှင်က စိမ်းပြာနတ်မီးတောက်အဖြစ် ပြောင်းလဲသွားကာ ဂိုဏ်းချုပ်၏ စံအိမ်တော်ထဲမှ ထွက်ခွာသွားသည်။

ဂိုဏ်းချုပ်၏ စံအိမ်တော်လည်း ပြန်လည် တိတ်ဆိတ်သွားကာ ဂိုဏ်းချုပ်က ပုလ္လင်ပေါ်သို့ ပြန်ထိုင်နေသည်။

“ ဟင်း….သူ ကိုယ်ထည်မာ ကျင့်စဉ်ကို စပြီးအာရုံစိုက်ပြီးကတည်းက ဦးနှောက်သုံးရတာ မကြိုက်တော့ဘူးဆိုတာ တကယ်ပဲ…  ဆရာတူ အစ်ကိုကြီး စာအုပ်များများဖတ်လို့ ပြောသားပဲ။ လိုက်နာရမဲ့အချက်တွေကို မလိုက်နာတာက အစ်ကိုကြီးနော်။ ကျွန်တော် ကတိမတည်တာ မဟုတ်ဘူး ဟား…ဟား..ဟား..ဟား….”

All Chapters