← Chapters

ထူးကဲယန်စည်းတံဆိပ်ကိုရယူခြင်း

Vol. 35 Ch. 486

ထူးကဲယန်စည်းတံဆိပ်ကိုရယူခြင်း

Vol. 35 Ch. 486

အခန်း (၄၈၆) ထူးကဲယန်စည်းတံဆိပ်ကိုရယူခြင်း

ပုံရိပ်ယောင်များထဲတွင် ထူးကဲယန်စည်းတံဆိပ်” ရှေ့၌ ထိုမိန်းမပျို ရုတ်တရက် ပေါ်လာလေသည်။

သူမက တောက်ပသောရွှေရောင်အလင်းတန်းများနှင့် တောက်လောင်နေသော နေအပူရှိန်ကို ကြောက်ရွံ့ခြင်းမရှိဘဲ ရွှေရောင်နေဝန်းကြီး၏ မျက်နှာပြင်ထက်တွင် ဖြည်းညင်းစွာ လမ်းလျှောက်လျှက် ရှိသည်။ သူမဦးခေါင်းထက်ရှိ ထူးကဲယင်သရဖူမှ ကြည်လင်သောလရောင်ခြည် ဖြာလဲ့စီးဆင်းကျနေသည်။ ထူးကဲယင်သရဖူမှ လရောင်ခြည်ဖြင့် ထိတွေ့မိသည့်အခါ ထူးကဲယန်စည်းတံဆိပ်က အနည်းငယ် နိုးကြွသွားဟန်ရှိသည်။

မိန်းမပျိုက မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်လေရာ သူမ၏မျက်ဝန်းများမှ တောက်ပသောအလင်းတန်းနှစ်ခု ထွက်ပေါ်လာပြီး ထူးကဲယန်စည်းတံဆိပ်ထက်သို့ကျရောက်သွားလေရာ စည်းတံဆိပ်က အနည်းငယ် တုန်ခါသွားသည်။ ထို့နောက်မှာတော့ အထွတ်ထိပ်မှော်ဝင်ပစ္စည်းထဲတွင် ကွယ်ဝှက်ထားသော ထူးကဲယန်စည်းတံဆိပ် မူလပိုင်ရှင်၏ သိုင်းဝိညာဉ်ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး အလင်းရောင်များ ဖြာလင်းထွက်ပေါ်လာသည်။

ရွှေရောင်အလင်းတန်းများကြားတွင် ထင်ရှားပေါ်လွင်လာသောပုံရိပ်ကို ငေးကြည့်ရင်း မိန်းမပျိုက အချိန်အတန်ကြာ တိတ်ဆိတ်နေသည်။

ထူးကဲယင်သရဖူမှ လရောင်ခြည်ဖြာကျနေသဖြင့် သူမ၏မျက်နှာအသွင်အပြင်ကို မတွေ့မြင်နိုင်သော်လည်း သူမ စိတ်ပျက်လက်ပျက်ဖြစ်သွားကြောင်း ရန်ကျောက်ကဲ ယောင်ဝါးဝါး ရိပ်မိလိုက်သည်။

“လက်သီးသိုင်းဝိညာဉ်က လူသားအသွင်ပြောင်းသွားတာပဲ ၊ ရှင် ထူးကဲယန်စည်းတံဆိပ်ကို ဒီနေရာမှာ ထားခဲ့တာ မအံ့သြတော့ပါဘူး ၊ မက်မွန်ပန်းတွေပွင့်လာဖို့ သစ်တော်ပန်းတွေ စတေးခံရမှာပေါ့လေ”

သူမက သက်ပြင်းတစ်ချက်ချရင်း ညင်သာသည့်လေသံဖြင့်...

“ရှင်က လူတွေအများကြီးဆီကနေ ပုန်းကွယ်နေခဲ့တယ် ၊ အခု ရှင် ဘယ်ရောက်နေလဲ ကျွန်မ သိချင်လိုက်တာ”

သူမက ထူးကဲယန်စည်းတံဆိပ်ကိုကြည့်ကာ ခေါင်းခါယမ်းရင်း...

“ထားလိုက်တော့... ရှင်လုပ်ထားတဲ့အစီအစဉ်တွေကို ကျွန်မ ဖျက်ဆီးပစ်မှာ မဟုတ်ပါဘူး ၊ ထူးကဲယန်စည်းတံဆိပ်က ဒီနေရာမှာ ဆက်ရှိနေပါစေ ၊ အနာဂတ်မှာ ကံကြမ္မာပေးတဲ့သူကို ဆက်ပြီးစောင့်မျှော်နေပါစေ”

ထို့နောက် မိန်းမပျိုက လှည့်ထွက်သွားရင်း...

“ကျွန်မလည်း ထူးကဲယင်သရဖူကို ဒီကမ္ဘာမှာ ထားရစ်ခဲ့မယ်”

ရန်ကျောက်ကဲ စဉ်းစားနေရာမှ သတိဝင်လာပြီး ထိုမိန်းမပျို ပြောခဲ့သောစကားများကို ပြန်လည်တွေးတောနေမိသည်။

“မဟာကပ်ဘေးကြီးအပြီးမှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့သူတွေ ရှိကိုရှိရမယ်”

ရန်ကျောက်ကဲ သက်ပြင်းချရင်းတွေးလိုက်၏။

“ဒီမိန်းမပျိုက သာမန်လူတစ်ယောက် မဟုတ်နိုင်ဘူး ၊ သူ မြေကမ္ဘာနယ်မြေကို ရောက်လာလိမ့်မယ်လို့ ထင်မထားမိဘူး ၊ ပြီးတော့ ဒီထူးကဲယန်စည်းတံဆိပ်ပိုင်ရှင်က သူနဲ့ မိတ်ဆွေဟောင်းတွေ ဖြစ်နိုင်တယ်”

“လက်နက်ပစ္စည်းတွေကို အမျိုးအစားအလိုက် အဆင့်အတန်း ခွဲခြားတာတယ်ဆိုရင် လူတွေကိုလည်း အဲဒီလိုပဲ ခွဲခြားထားနိုင်တာပဲ ၊ ဒီမိန်းမပျိုက ကျင့်ကြံခြင်းအဆင့် လုံးဝမနိမ့်ပါးဘူး ၊ ကျင့်ကြံခြင်းနိမ့်ကျမယ်ဆိုရင်တောင် ထူးကဲယန်စည်းတံဆိပ်မူလပိုင်ရှင်ထက် အများကြီး မနိမ့်ပါးနိုင်ဘူး”

“အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ သိုင်းသူတော်စင် စတုတ္ထအဆင့်ဆိုရင် နေလို့မရတော့ဘူး ၊ ဒါပေမဲ့ ဒီမိန်းကလေးက ဘာလို့ နေလို့ရနေတာလဲ ၊ တခြားအကြောင်းတစ်ခုခု ရှိနေတာလား ၊ ဒါမှမဟုတ် ကျင့်ကြံခြင်းအဆင့် အရမ်းမြင့်မားတဲ့သူတွေက အစွန်းရောက်ရှစ်ပါးကမ္ဘာလို နေရာမျိုးတွေကို အကန့်အသတ်မရှိ ဝင်ထွက်သွားလာနိုင်ကြတာလား”

ရန်ကျောက်ကဲက အတွေးများကို ရပ်တန့်လိုက်ပြီး ထူးကဲယန်စည်းတံဆိပ်ကို နောက်တစ်ကြိမ် စူးစိုက်ကြည့်လိုက်သည်။

ထူးကဲယန်စည်းတံဆိပ်ပဲဖြစ်ဖြစ် ထူးကဲယင်သရဖူပဲဖြစ်ဖြစ် ထိုပစ္စည်းနှစ်ခုလုံးက ကျောက်စိမ်းပင်လယ်နတ်ဆေးဓား ၊ မဟာနေမင်းတိုင်းတာခြင်းပေတံ ၊ ကြယ်တာရာသန့်စင်ချီဝတ်ရုံနှင့် မိုးဖြိုပုဆိန်တို့ထက် ပိုမိုစွမ်းအားမြင့်မားသည် အမှန်ပင်။

ထူးကဲယင်သရဖူ သို့မဟုတ် ထူးကဲယန်စည်းတံဆိပ်ကို ဤကမ္ဘာမှလူများ ကိုင်ဆွဲထားရန် အလွန်ခက်ခဲလှသည်။ ကိုင်ဆွဲထားနိုင်သည်ဆိုဦးတော့ အတွင်းထဲမှ သေးငယ်သောစွမ်းအားအစိတ်အပိုင်းကိုသာ ဆွဲငင်အသုံးပြုနိုင်မည် ဖြစ်၏။

ရန်ကျောက်ကဲက ဖန်ကျွင်းကို ကြယ်တာရာသန့်စင်ချီဝတ်ရုံဖြင့် ရစ်ပတ်လွှမ်းခြုံလိုက်ပြီး သူက ရွှေရောင်စည်းတံဆိပ်ကြီးအနားသို့ ချဉ်းကပ်သွားသည်။

ထူးကဲယန်စည်းတံဆိပ်ထဲတွင် မူလပိုင်ရှင်ချန်ထားခဲ့သော လက်သီးသိုင်းဝိညာဉ်သည် လူသားအသွင်ခံယူလျှက် ရွှေရောင်အင်းသင်္ကေတအဖြစ်ပြောင်းလဲကာ အစွန်းရောက်ရှစ်ပါးကမ္ဘာနှင့် ငရဲကိုးထပ်ကြားမှ ကမ္ဘာဖြတ်လမ်းကြောင်းကို ချိတ်ပိတ်လိုက်ပြီ ဖြစ်သည်။

ထို့ကြောင့် ဤနေရာတွင် “ထူးကဲယန်စည်းတံဆိပ်” ကို ဆက်လက်ထားရှိစရာမလိုဘဲ ယူဆောင်သွားနိုင်ပြီ ဖြစ်၏။

“မက်မွန်ပန်းတွေပွင့်လာဖို့ သစ်တော်ပန်းတွေ စတေးခံရမှာပေါ့လေ”

“ထူးကဲယန်စည်းတံဆိပ်က ဒီနေရာမှာ ဆက်ရှိနေပါစေ ၊ အနာဂတ်မှာ ကံကြမ္မာပေးတဲ့သူကို ဆက်ပြီးစောင့်မျှော်နေပါစေ”

ရန်ကျောက်ကဲက ထိုစကားများ၏ အဓိပ္ပါယ်ကို စဉ်းစားနေသည်။

“လက်သီးသိုင်းဝိညာဉ်က လူသားအသွင်ပြောင်းလဲပြီး ပျောက်ကွယ်သွားခဲပြီ... ဒီပုဂ္ဂိုလ်က အစွန်းရောက်ရှစ်ပါးကမ္ဘာကိုရောက်လာပြီး ထူးကဲယန်စည်းတံဆိပ်ကို ချန်ထားခဲ့တယ် ၊ မဟာငရဲကိုးထပ်တံခါးလည်း ချိတ်ပိတ်သွားပြီဆိုတော့... မက်မွန်ပန်းတွေပွင့်လာဖို့ သစ်တော်ပန်းတွေ စတေးခံရမယ်... ဒီ ထူးကဲယန်စည်းတံဆိပ်ကို ငါ ယူသွားလို့ ရပြီထင်တယ်”

ငြိမ်သက်နေသော ထူးကဲယန်စည်းတံဆိပ်သည် လက်ရှိတွင် သာမန်ကြေးနီစည်းတံဆိပ်တစ်ခုနှင့် ဆင်တူနေသည်။

ရန်ကျောက်ကဲလက်ဖဝါးမှ နေ‌ရောင်ခြည်များတောက်ပလာပြီး ထူးကဲယန်စည်းတံဆိပ်ကို အသာအယာ ဆုပ်ကိုင်လိုက်၏။

ရန်ကျောက်ကဲလက်ဖြင့်ထိလိုက်သည်နှင့် ထူးကဲယန်စည်းတံဆိပ်မှ ရွှေရောင်အလင်းတန်းများလက်ခနဲတောက်ပသွားပြီး ခဏမျှတုန်လှုပ်သွားကာ ပြန်လည် ငြိမ်သက်တိတ်ဆိတ်သွားသည်။

“သိုင်းပညာရှင်အဆင့်ရောက်ပြီဆိုရင် ထူးကဲယင်မိန်းမပျိုတစ်ယောက်က ထူးကဲယင်သရဖူကို ကိုင်ဆောင်လို့ရပြီ ၊ ဒါဆို ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် ထူးကဲယန်စည်းတံဆိပ်ကိုလည်း ကိုင်ဆောင်လို့ ရနိုင်လောက်ပါပြီ”

ရန်ကျောက်ကဲက တွန့်ချိုးထားသောမျက်ခုံးများကို အသာဖြေလျှော့ရင်း...

“ထူးကဲယင်မိန်းမပျိုတွေကပဲ ထူးကဲယင်သရဖူကို ကိုင်ဆောင်နိုင်တယ် ၊ ဆိုတော့... ထူးကဲယန်စည်းတံဆိပ်ကို ကိုင်ဆောင်ဖို့ရော ဘာသတ်မှတ်ချက်တွေ ရှိသေးလဲမသိဘူး ၊ ဒဏ္ဍာရီထဲကနေမင်းကျမ်းဂန်အမွေအနှစ် ကျင့်ကြံထားတဲ့ သူဆို လုံလောက်ပြီထင်တယ်”

“နေမင်းကျန်းဂန်” အကြောင်းကိုတွေးရင်း ရန်ကျောက်ကဲ နှုတ်ခမ်းများကို ပွတ်သပ်လိုက်သည်။

ထူးကဲယန်စည်းတံဆိပ်အတွင်းမှ အယူအဆများကို လေ့လာပြီးသည့်နောက် ရန်ကျောက်ကဲက ပြီးပြည့်စုံခြင်းမရှိသော “နေမင်းကျန်းဂန်” ၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ခဲ့ကာ အလွန်သန့်ရှင်းရှေးကျပြီး မိုးနှင့်မြေတွင် လိုက်ဖက်ညီလှသော တာအိုတရားကို သဘောပေါက်နားလည်ခဲ့သည်။

ထို တာအိုတရား၏ လျှို့ဝှက်ဆန်းကျယ်မှုနှင့် အနှစ်သာရများအားလုံးကို နားလည်သဘောပေါက်ရန်ကတော့ အချိန်ယူရဦးမည် ဖြစ်၏။ “နေမင်းကျမ်းဂန်” ၏ နက်နဲသောအရာများက စကားဝှက်တစ်ခုကို ပုံဖော်ရခြင်းနှင့် ဆင်တူသည်။

ထူးကဲယန်စည်းတံဆိပ်ကို ဆုပ်ကိုင်ရင်း ရန်ကျောက်ကဲ ပင့်သက်တစ်ချက်ရှိုက်လျှက် အရိပ်ကျုံ့အိတ်ထဲထည့်သွင်းရန် ကြိုးစားလိုက်သည်။

စည်းတံဆိပ်သည် သာမန်ကြေးနီစည်းတံဆိပ်တစ်ခုပမာ တုံ့ပြန်မှုလုံးဝမရှိဘဲ အရိပ်ကျုံ့အိတ်ထဲသို့ ငြိမ်သက်စွာပင် ဝင်ရောက်သွားသည်။

“ဒီ အထွတ်ထိပ်မှော်ဝင်ပစ္စည်းက တန်ခိုးစွမ်းအားတွေ အပြင်ကိုထွက်မလာဘဲ ငြိမ်သက်ငိုက်မျည်းတဲ့အနေအထားမှာရှိနေလို့ အခုလို အရိပ်ကျုံ့အိတ်ထဲ ထည့်ထားလို့ရတာပဲ”

ရန်ကျောက်ကဲ ခေါင်းတစ်ချက်ညိတ်ရင်း တွေးလိုက်သည်။

မြောက်ဖျားမှရရှိခဲ့သော ရေခဲနဂါးရုပ်အလောင်းကြီးဆိုလျှင် ကောင်းင်ဘုံနန်းတော်ထောက်တိုင်ဖြင့် တည်ငြိမ်သွားအောင် ပြုလုပ်ပြီးမှ အရိပ်ကျုံ့အိတ်ထဲသို့ ထည့်သွင်းနိုင်ခဲ့သည်။

ထို့အတူ ကြယ်တာရာသန့်စင်ချီဝတ်ရုံကဲ့သို့သော အထွတ်ထိပ်မှော်ဝင်ပစ္စည်းများကို အရိပ်ကျုံ့အိတ်ထဲသို့ ထည့်သွင်းသိမ်းဆည်းနိုင်မည် မဟုတ်ပေ။ ထူးကဲယန်စည်းတံဆိပ်က ငြိမ်သက်ငိုက်မျည်းနေသော အနေအထားတွင် ရှိသောကြောင့်သာ အရိပ်ကျုံ့အိတ်ထဲသို့ ထည့်သွင်းနိုင်ခြင်း ဖြစ်၏။

ရန်ကျောက်ကဲသည် ဖန်ကျွင်းကို ကြယ်တာရာသန့်စင်ချီဝတ်ရုံဖြင့် ခြုံလွှမ်းလျှက် ပွေ့ချီခေါ်ဆောင်လာခဲ့ပြီး ချောက်နက်ကြီးထဲမှ ထွက်ခွာလာခဲ့သည်။

ချောက်နက်ကြီးအပြင်ဘက်ရောက်သည်နှင့် ရန်ကျောက်ကဲ အောက်ဘက်သို့ ငုံ့ကြည့်လိုက်၏။

မြေကမ္ဘာနယ်မြေသည် လူသားများနှင့် သက်ရှိသတ္တဝါများ အနားသို့ချဉ်းကပ်ရန် ခက်ခဲသော “ငရဲ” ဖြစ်နေဆဲပင်။ ချောက်နက်ထဲတွင် ပရမ်းပတာအန္တရယ်ချီများဖြင့် ပြည့်နက်‌နေသေးသော်လည်း ယခင်ကလို ကမ္ဘာ့အဆုံးသတ်မြင်ကွင်းပမာ မိစ္ဆာချီများ ထူထပ်ပျံ့လွင့်နေခြင်း မရှိတော့ပေ။

ငရဲကိုးထပ်၏ ခြိမ်းခြောက်မှုကို ခေတ္တ ထိန်းသိမ်းထားနိုင်ခဲ့သည်။

သေမျိုးလူသားလောကသည် ငရဲကိုးထပ်ကျူးကျော်လာမည့်ကိစ္စနှင့်ပတ်သက်ပြီး စိတ်ပူစရာမရှိတော့ပေ။ ငရဲကိုးထပ်မှနတ်ဆိုးများ ကျူးကျော်ဝင်ရောက်လာပြီး ကမ္ဘာကြီးတစ်ခုလုံး သေမင်းနိုင်ငံအဖြစ် ပြောင်းလဲသွားမည့်အရေး ပူပန်စရာ မလိုတော့ပေ။

သို့သော် ဤသို့ဖြစ်လာရန်အတွက် အစွန်းရောက်ရှစ်ပါးကမ္ဘာမှ သိုင်းကျင့်ကြံသူမျးဖြင့် အသွေးအသက်ဖြင့် ပေးဆပ်ခဲ့ရသဖြင့် အလွန်တရာ တန်ဖိုးကြီးမားခဲ့၏။

ဆရာဘိုးဘိုး’ယွမ်ကျန်းဖုန်း’ ဗလာနယ်တွင်းနက်ကြီးထဲ ‌မျောလွင့်ပျောက်ကွယ်သွားခဲ့သည်။ ဆရာဦးလေးဖန်ကျွင်းသည်လည်း သေလုမျောပါးအခြေအနေဖြင့် သတိလစ်မေ့မျောလျှက်ရှိ၏။

ထို့ပြင် ဝါဒတောင် ၊ လှိုင်းနက်ဂေဟာ ၊ ကောင်းကင်မိုးကြိုးခန်းမနှင့် နေသူတော်စင်ဂိုဏ်းတို့မှ သိုင်းကျင့်ကြံသူများစွာ အသက်ပေးဆပ်ခဲ့ရသည်။

အရှေ့ပင်လယ်ဆီသို့ ကူညီရန် ထွက်ခွာသွားကြသော ဟွမ်ကွမ်လီနှင့် အန်းချင်လင်ပြီးလျှင် ငရဲကိုးထပ်ဝင်ရောက်လာသည်ကို တားဆီးရန် မြေကမ္ဘာနယ်မြေသို့ ဝင်ရောက်ခဲ့ကြသူများထဲတွင် ထွက်ပြေးသွားသော ‘ချန်လီ’ ၊ ရန်ကျောက်ကဲကိုယ်တိုင်နှင့် သေလုနီးပါးဖြစ်ခဲ့သော ဖန်ကျွင်းသာလျှင် အသက်ရှင်လျှက် ပြန်ထွက်လာနိုင်ခဲ့ကြသည်။

မြေကမ္ဘာနယ်မြေအတွင်း ဝင်ရောက်ခဲ့ကြသူများမှာ ရန်ကျောက်ကဲမှလွဲလျှင် အနည်းဆုံး အမတလက်ဖွဲ့ သိုင်းဆရာသခင်အဆင့် ရှိသူများဖြစ်ကြ၏။

ထိုသူများအားလုံးသည် အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ထိပ်တန်းအဆင့် ပုဂ္ဂိုလ်များသာပင်။ သို့သော် ယခုတော့ အရိုးအသား ၊ အလောင်းများပင် ရှာမတွေ့နိုင်ကြတော့ဘဲ မြေကမ္ဘာနယ်မြေတွင် ထာဝရအိပ်စက်သွားကြလေပြီ။

ရန်ကျောက်ကဲစိတ်များ လေးလံထိုင်းမှိုင်းလျှက်ရှိသည်။

ရှေးယခင်အချိန်က အရှေ့ပင်လယ် မီးတောက်မိစ္ဆာကမ္ဘာနှင့်တိုက်ပွဲတွင် ဟန်ထျန်းပုဂ္ဂိုလ်မြတ် ကျန်းဒေါင်ဂီ အသက်ဆုံးခဲ့ရပြီး ဝါဒတောင်အင်အားကျဆင်းကာ ကြီးမားသောထိုးနှက်ချက် ရင်ဆိုင်ခဲ့ရသည်။

ယခု မြေကမ္ဘာနယ်မြေသို့ ဝင်ရောက်ရာတွင်လည်း ထိပ်သီးသိုင်းဂိုဏ်းအသီးသီးမှ ဝါရင့်အကြီးအကဲများစွာ အသက်ဆုံးခဲ့ရသလို ဝါဒတောင်သည်လည်း ဆုံးရှုံးမှုများစွာကို နာကျင်စွာ ခံစားခဲ့ရသည်။ လက်ရှိ ဝါဒတောင်တွင် တာဝန်ထမ်းဆောင်နေသော အကြီးအကဲများအပြင် ဝါရင့်အကြီးအကဲများအားလုံးနီးပါး အသက်ဆုံးခဲ့ပြီဖြစ်၏။

ထိုသို့သောဆုံးရှုံးမှုကြီးအတွက် ဝါဒတောင်သည် တော်တော်နှင့် နလံပြန်ထူလာတော့မည် မဟုတ်ပေ။ အခြားသော ထိပ်သီးသိုင်းဂိုဏ်းကြီးများအတွက်လည်း အတူတူပင် ဖြစ်၏။

ရန်ကျောက်ကဲ ချောက်နက်ကြီးထဲမှ ထွက်ခွာလာပြီး မြေကမ္ဘာနယ်မြေအပြင်ဘက် နယ်နိမိတ်ဆီသို့ ရောက်ရှိလာသည့်အခါ အားဟူနှင့် ဝါဒတောင်မှလူများ စောင့်မျှော်နေသည်ကို တွေ့လိုက်ရသည်။

မြေကမ္ဘာနယ်မြေအတွင်းရှိ မူမမှန်မှုများ ပျောက်ကွယ်သွားကြောင်း တွေ့ရသည့်အခါ သူတို့အားလုံး ဝမ်းသာပျော်ရွှင်ခဲ့ကြသည်။ သို့သော် ရန်ကျောက်ကဲနှင့်တွေ့ဆုံပြီး အဖြစ်အပျက်များကြားသိရသည့်အခါ ဝမ်းမသာနိုင်တော့ဘဲ ရင်နင့်ခံစားကြရသည်။

“ဒီ ထိပ်ပြောင်ချန်လီကတော့...”

ချန်လီ ထွက်ပြေးသွားသေသတင်းကြားတော့ အားဟူက ဒေါတကြီးဖြင့် ဆဲဆိုသည်။

ရန်ကျောက်ကဲ မျက်ဝန်းများက အေးစက်နေပြီး....

“ငါတို့ ဒီကိစ္စကို ချန်လီနဲ့ အနှေးနဲ့အမြန် ရှင်းရမှာပဲ”

ထို့နောက် သူက အားဟူကိုကြည့်ရင်း...

“အရှေ့ပင်လယ်အခြေအနေရော ဘယ်လိုရှိလဲ”

သူ့မေးခွန်းကြားမှ အားဟူက ဆတ်ခနဲဖြစ်သွားပြီး...

“သခင်လေး... အိမ်တော်သခင် တံခါးပိတ်ကျင့်ကြံရာက ထွက်လာပြီး သိုင်းသူတော်စင်အဆင့်ကို တက်ရောက်နိုင်ခဲ့တယ်”

ထိုစကားကိုကြားတော့ ရန်ကျောက်ကဲ စိတ်ဓာတ်များ ပြန်လည်တက်ကြွလာသည်။

ထိုသတင်းကောင်းနှင့်အတူ အားဟူက လတ်တလောရရှိထားသောသတင်းများကို အလျှင်အမြန် ပြောပြသည်။

“အိမ်တော်သခင်နဲ့ အခြားသူတွေက အခု ကမ္ဘာဖြတ်လမ်းကြောင်းဝင်ပေါက်မှာ မီးတောက်မိစ္ဆာတွေနဲ့ တိုက်ခိုက်နေကြတယ် ၊ အခြေအနေကတော့ မတိုးသာမဆုတ်သာ အခြေအနေပဲ”

ရန်ကျောက်ကဲက...

“မတိုးသာ မဆုတ်သာအခြေအနေ... ဟုတ်လား ၊ ငါ အခု အရှေ့ပင်လယ်ကိုသွားမယ် ၊ မင်းက ဒုတိယဆရာဦးလေးကို တောင်ပေါ်ကို ပြန်ခေါ်သွားပေးပါ”

ညွှန်ကြားချက်အချို့ပေးပြီးနောက် ရန်ကျောက်ကဲ အရှေ့ပင်လယ်ဆီသို့ ချက်ချင်းထွက်ခွာသွားလေတော့၏။

All Chapters