ငြိမ်းချမ်းရေးကို စိတ်မှာ မှတ်ထားပြီးတော့ ကျေးဇူးပြုပြီး ညှိညှိနှိုင်းနှိုင်းလေး လုပ်ပါ
Vol. 6-10 Ch. 116
အခန်း (၁၁၆) : ငြိမ်းချမ်းရေးကို စိတ်မှာ မှတ်ထားပြီးတော့ ကျေးဇူးပြုပြီး ညှိညှိနှိုင်းနှိုင်းလေး လုပ်ပါ
ရှန်ထျန်းက သေနတ်ကို ယူကာ သေချာလေ့လာကြည့်နေသည်။
သေနတ်တစ်ခုလုံးက အနက်ရောင်ဖြစ်ပြီး အရှည်အားဖြင့် တစ်မီတာခန့် ရှည်လျားသည်။ သေနတ်တစ်ခုလုံးတွင် အရောင်မတူသည့်နေရာက သေနတ်ပြောင်းဝပင် ဖြစ်၏။ ရွှေရောင် ကွပ်ထားပြီး သေနတ်ပြောင်းဝမှ ရွှေကြာပန်း ပွင့်တော့မလိုပင် ထင်မှတ်ရသည်။
သေနတ်ပေါ်တွင် ဆန်းကြယ်ရှုပ်ထွေးလှသော ဓမ္မအမှတ်အသားများ ရေးထွင်းထားသည်ကို ကြည့်ပြီး သာမန်ပစ္စည်း မဟုတ်ကြောင်း သေချာသိနိုင်ပေသည်။
ချင်ယွင်တိက ပြောလိုက်သည်
“ ဂိုဏ်းတူအစ်ကိုရှန် … နှစ်တစ်သောင်း သံမဏိအဆီအနှစ်က သာမန် သံမဏိအဆီအနှစ်တွေထက် ပိုပြီးတော့ တန်ဖိုးရှိတယ်။ ဒီသေနတ်ကို အဲဒီသတ္တုနဲ့ လုပ်ထားမှတော့ ကြံ့ခိုင်မှုကို မှန်းဆကြည့်လို့ ရပါတယ်။ မိုးကြိုးဖောက်ခွဲရေးအဆောင်တွေ ဆက်တိုက် ပေါက်ကွဲတာကိုလည်း ခံနိုင်ရည် ရှိတယ်။
ဒီသေနတ်ထဲမှာ မိုးကြိုး ဖောက်ခွဲရေးအဆောင် ၁၀၀ ပါပြီးသားဆိုတော့ အစ်ကိုရှန် အစီအရင်ကို အသက်သွင်းလိုက်တဲ့အချိန်တိုင်း ဒီအဆောင်တွေထဲက ငါးခုကို လောင်ကျွမ်းစေပြီးသား ဖြစ်သွားလိမ့်မယ်။
အဲဒီအချိန် သေနတ်ပြောင်းဝမှာ ရွှေကြာပန်း ပွင့်လာပြီးတော့ အထဲမှာရှိတဲ့ လက်နက်အချောင်းကို ပစ်လွှတ်လိမ့်မယ်။ အဲဒီလက်နက်က ဖောက်ထွင်း အစီအရင် အမှတ်အသားတွေ ထွင်းထားပြီးသားမလို့ ပြိုင်ဘက်ကို အချိန်တိုတွင်းမှာ သတ်လိုက်လို့ရတယ်။
ပြီးတော့ ကြာပန်းပြန်ပိတ်သွားပြီးတာနဲ့ ဒုတိယလက်နက်ကို အဆင့်သင် ပြင်ထားပြီးသား ဖြစ်သွားလိမ့်မယ်။ အဲဒီအခါ ဂိုဏ်းတူအစ်ကိုရှန်က နောက်ထပ် တိုက်ခိုက်ရေး အစီအရင်ကို အသက်သွင်းလိုက်တာနဲ့ ဒီ ဒုတိယ လက်နက်အချောင်းကို ပစ်လွှတ်လိုက်သလိုဖြစ်ပြီး နောက်ထပ် တစ်ကြိမ် ပေါက်ကွဲမှုကို ဖြစ်စေမှာပါ။
ဒီလက်နက်က ရွှေအမြုတေ သန့်စင်ခြင်း တတိယအဆင့် ပညာရှင်တွေကိုတောင် သတ်ပစ်နိုင်လောက်တယ်”
ရွှေအမြုတေ သန့်စင်ခြင်း တတိယအဆင့် ကျင့်ကြံသူများကို အဆင့်မြင့် ရွှေအမြုတေ ကျင့်ကြံသူများဟု လူသိများကြသည်။ ထိုအုပ်စုက ရွှေအမြုတေအဆင့်သို့ ရောက်ရှိနေသော ကျင့်ကြံသူများထဲတွင် စွမ်းအားအကြီးဆုံး ဖြစ်၏။
ရှန်ထျန်းလည်း ဘာမှမတတ်နိုင်ဘဲ အတွေးထဲ နှစ်မြောနေမိသည်။
အင်း…ကျင့်ကြံရေးလောကမှာတော့ ဓမ္မစွမ်းအားတွေ ရှိတာမလို့ နည်းပညာဆိုင်ရာ အဆင့်မြှင့်မှုတွေ လုပ်ဖို့ တကယ်ကို လွယ်ကူတာနေမှာ
လျှပ်စီးကနေ ယင်နဲ့ယန် စွမ်းအင်တွေ ထုတ်နိုင်တယ်ဆိုတဲ့ အကြမ်းမျဉ်းသီအီုရီကိုပဲ ငါက ပြောပြခဲ့တာ။ လဝက်အတွင်းမှာပဲ ဒီလူတွေက အလိုအလျောက် စွမ်းအင် လည်ပတ်စက်နဲ့ အလိုအလျောက် အချက်နှစ်ဆယ်ပစ် ရိုင်ဖယ်သေနတ်ကိုတောင် ထုတ်လုပ်နိုင်နေပြီ
ချင်ယွင်တိက သေနတ်အကြောင်းကို ဆက်လက် ရှင်းပြနေသည်
“ ဒီသေနတ်ထဲမှာ ဖောက်ခွင်းလက်နက် အချောင်းနှစ်ဆယ်လောက် သိုလှောင်ထားတယ်။ သူတို့ တစ်ခုချင်းစီကို အမိန့်ပေးအစီအရင်လည်း ထိုးထွင်းထားသေးတယ်။
ဂိုဏ်းတူအစ်ကိုရှန် တိုက်ခိုက်ပြီးသွားရင်လည်း အဲဒီအစီအရင်တွေကို အသက်သွင်းပြီးတော့ လက်နက်အချောင်းတွေကို ပြန်လည်စုဆောင်း သွတ်သွင်းပြီး ပြန်လည်အသုံးပြုလို့ ရသေးတယ်။
ဒီသေနတ်က အလယ်အလတ်အဆင့် ဝိညာဉ်အသုံးအဆောင် ပစ္စည်းတစ်ခုလည်း ဖြစ်တယ်။ ပိုင်ရှင်အဖြစ် သွေးနဲ့ အသိအမှတ်ပြုပြီးရင် ဒီလက်နက်ကို စီးနင်းဖို့ ဓားပျံအဖြစ် အသုံးပြုလို့ ရသလို ရေတို တိုက်ပွဲတွေမှာ ရန်သူတွေကို သတ်လို့လည်း ရတယ်။
ရန်သူတွေ စိတ်အေးနေတဲ့အချိန် အစီအရင်တွေကို အသက်သွင်းလိုက်ပြီးတော့ သူတို့ကို အငိုက်ဖမ်းလို့ ရတယ်လေ”
ရှန်ထျန်းက ချင်ယွင်တိ၏ စကားတွေကို ကြားပြီး အံ့ဩသွားမိသည်။
ဝိုး….ဂိုဏ်းတူညီလေး ငါ မင်းကို ဘာမှမကြံစည်တတ်တဲ့ နည်းပညာချစ် ငတုံးတစ်ယောက်လို့ထင်ခဲ့မိတာ။ တကယ်တော့ မင်းထဲမှာ အဲဒီစိတ်က တကယ်ကို ကိန်းအောင်းနေတာပဲ
ချင်ယွင်တိက ရှန်ထျန်း၏ အကြည့်ကို နားလည်ပုံပေါ်တာကြောင့် အလျင်အမြန် ရှင်းပြလိုက်သည်
“ ဂိုဏ်းတူ အစ်ကိုရှန် … နားလည်မှုမလွဲပါနဲ့နော်။ ဒါတွေက ကျွန်တော်ရဲ့အမေ ဒီသေနတ်ကို လုပ်တုန်းက ပြောခဲ့တာတွေပါ။ တကယ်တော့ ဒီလိုလက်နက်မျိုးက အသုံးပြုဖို့ ဂုဏ်ရှိပါ့မလားဆိုတာကို ကျွန်တော်ကိုယ်တိုင် လေ့လာခဲ့ပါသေးတယ်”
ရှန်ထျန်းက ရယ်ကာ ပြောလိုက်သည်
“ မစိုးရိမ်ပါနဲ့။ ဓမ္မရတနာတစ်ခုကို အသုံးပြုတဲ့နေရာမှာ ဂုဏ်ယူရတယ်၊ ဂုဏ်မယူရဘူးဆိုတာမျိုးမှ မရှိတာ။
ပထမဆုံးအနေနဲ့ ဒီလက်နက်က မကောင်းတဲ့အရာတွေ လုပ်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်ထားတာလည်း မဟုတ်သလို ဆိုးသွမ်းတဲ့ နည်းလမ်းတွေကိုလည်း အသုံးမပြုထားဘူးလေ။ အဲဒါကြောင့် ဒါနဲ့ ပတ်သက်ပြီးတော့ ဂိုဏ်းတူညီလေး စိတ်ဒုက္ခရောက်မခံပါနဲ့”
ထို့နောက် ရှန်ထျန်းက ခန္ဓာကိုယ်ထဲရှိ ဓမ္မစွမ်းအားတွေကို အသက်သွင်းကာ သွေးတစ်စက် ထွက်လာစေပြီး သေနတ်ပေါ်သို့ ချလိုက်သည်။
အလင်းရောင်တစ်ခု ထွက်ပေါ်လာပြီးနောက် သူနှင့် သေနတ်ကြား ချိတ်ဆက်မှုတစ်ချို့ ရှိသွားကြောင်း ခံစားလိုက်မိသည်။
ဒင် …
ရှန်ထျန်း လက်ဟန်အချို့ပြုလုပ်ပြီးနောက် ကြာပစ်ခွင်း သေနတ်က စတင်တုန်ခါလာသည်။
ရှန်ထျန်းက ဓမ္မစွမ်းအားကို အသုံးပြုပြီး ကြာပစ်ခွင်း သေနတ်ကို အမိန့်ပေးဖို့ ကြိုးစားကြည့်တော့ အရမ်းလွယ်ကူနေကြောင်း သိလိုက်ရသည်။
သွေးဖြင့် ပိုင်ရှင်အဖြစ် အသိအမှတ်ပြုပြီးနောက် ထိုသေနတ်က နောက်ထပ် ခြေလက်တစ်စုံလိုမျိုး ဖြစ်လာပြီး ဘယ်လိုအမိန့်မျိုးကိုမဆို နာခံနေသည်။
ရှန်ထျန်းက သေနတ်ကို ကိုင်ကာ ဆယ်ပေကျော်မြင့်သော ကျောက်တုံးကြီးဆီ ပြောင်းဝ ချိန်ထားလိုက်သည်။
ဒိုင်း…..
မောင်းခလုတ်ကို ခပ်ဖွဖွ နှိပ်လိုက်ရုံဖြင့် ကြာပစ်ခွင်း သေနတ်တုန်ခါသွားပြီး ပြောင်းဝတွင် ရွှေကြာပန်းက လှလှပပ ပုံစံဖြင့် ပွင့်လာသည်။
ပန်းပွင့်ထဲမှာရှိနေသော ဖောက်ခွင်း လက်နက်အချောင်းက ရွှေရောင်အလင်းတန်းသဖွယ် ကျောက်တုံးကြီးကို ဖြတ်သွားသည်။
ကြမ်းပြင်ရှိ ကာကွယ်ရေးအစီအရင်နှင့် တိုက်မိပြီး အပေါက်ငယ်လေးတစ်ခု ဖြစ်ပေါ်သွားသည်။
လက်နက်အချောင်းက မြေပြင်မှာ နစ်မြုပ်နေသည်။ ရှန်ထျန်း၏ ခရမ်းရွှေတူ ထုချက်လောက်ထိ မပြင်းထန်သော်လည်း ဖောက်ထွင်းနိုင်စွမ်းကတော့ အံ့မခန်း ဖြစ်သည်။
ရှန်ထျန်းက သေနတ်ကို လက်မထောင်ကာ တိတ်တဆိတ် အမှတ်ပေးလိုက်ပြီး လက်နက်အချောင်းတွေကို ပြန်စုကာ သေနတ်ကို အစီအစဉ်ကျ ပြန်ဖြစ်အောင် လုပ်ဖို့ အမိန့်ပေးအစီအရင်ကို အသုံးပြုလိုက်သည်။
“ ဂိုဏ်းတူညီလေး ယွင်တိရေ….ဆရာဒေါ်လေး ရွှေကြာက ဒီသေနတ်ကို ဘာလို့ တိုတိုလေး လုပ်ထားလဲဆိုတာ သိလို့ရမလား” ရှန်ထျန်းက သူ့လက်ထဲမှ သေနတ်ကို အလေးချိန် ချိန်ဆရင်း မေးလိုက်သည်။
ထိုသေနတ်၏ ကိုယ်ထည်အရည်အသွေးက ခရမ်းရွှေတူထက်ပင် အဆင့်မြင့်သော်လည်း ဖျက်ဆီးနိုင်စွမ်းကတော့ ခရမ်းရွှေတူလောက် မကောင်းပေ။
သေနတ်ကို အသုံးပြုပြီး တိုက်ခိုက်ခြင်းက ရွှေအမြုတေအဆင့်သို့ မရောက်ရှိသေးသော ကျင့်ကြံသူတစ်ယောက်၏ တိုက်ခိုက်မှုနှင့် အတူတူမျှသာ ဖြစ်နေသည်။
အနီးကပ်တိုက်ပွဲ၌ ရှန်ထျန်းအနေနှင့် ဤသေနတ်ထက် ခရမ်းရွှေတူကိုသာ သေချာပေါက် အသုံးပြုလိမ့်မည်။
ထို့အပြင် လက်နက်က ရှည်လျားလေလေ အနီးကပ်တိုက်ပွဲအတွင်း၌ ပိုပြီးတော့ စွမ်းအား ကြီးမားလေလေ ဖြစ်၏။ ထိုအချက်နှင့် ပတ်သက်ပြီး တော်တော်များများ သဘောတူကြလိမ့်မည်။
အထူးသဖြင့် တိုက်ပွဲအတွင်း၌ ပိုပြီး လေးလံကာ စွမ်းအားပိုကြီးသော ခရမ်းရွှေတူကို အသုံးပြုလျှင် စိတ်ကျေနပ်မှု ပိုမိုရရှိနိုင်သည်။
ဒီလက်နက်ကို ဓာတ်နှော နတ်မိုးကြိုးနဲ့ အတူတူ ယှဉ်ပြီးအသုံးပြုတယ်လို့သာ တွေးကြည့်လိုက်…အရမ်းကို ကြီးကျယ်ခမ်းနားပြီး အထင်ကြီးစရာကောင်းမှာပဲ
ထို့ကြောင့် ရှန်ထျန်းက လက်နက်အရှည်နှင့် ပတ်သက်ပြီးတော့ စိတ်ရှုပ်ထွေးနေမိ၏
ချင်ယွင်တိက ရှန်ထျန်း၏ မေးခွန်းကို ကြားလိုက်ရသည့်အခါ မနှစ်မြို့သောမျက်နှာထားဖြင့် မေးလိုက်သည်
“ ဂိုဏ်းတူအစ်ကိုကြီးက သေနတ်အရှည်တွေကို ကြိုက်တာလား။
ကျွန်တော်ရဲ့ အမေပြောတာကတော့ ဒီကြာပစ်ခွင်း သေနတ်ကို တိုက်ပွဲရှည်တွေအတွက် အဓိကထားပြီး သုံးသင့်တယ်တဲ့။ အဲဒါကြောင့် သေနတ်လုပ်တုန်းက သက်တောင့်သက်သာ ရှိဖို့နဲ့ လျင်မြန်ဖို့ကို အဓိက ဦးစားပေးပြီး လုပ်ထားတာ။
သေနတ်ကို အတော်လေး ရှည်အောင် လုပ်မိရင် သုံးဖို့အတွက် အဆင်ပြေမှာ မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ မူလရည်ရွယ်ချက်ကိုလည်း သွေဖယ်သွားလိမ့်မယ်။
တစ်မီတာ သေနတ်က ပေါ့ပါးပြီးတော့ သုံးလို့လည်း လွယ်ကူတယ်။ သုံးတဲ့အခါ ချိန်ဆရတာလည်း ပိုပြီး လွယ်ကူစေတယ်လေ။ ကျွန်တော်ရဲ့အမေ တွေးပေးတဲ့ ဒီလို ဒီဇိုင်းမျိုးက အသင့်တော်ဆုံးပဲ။
သေနတ်ကို အတိုပဲ လုပ်ရတဲ့ နောက်ထပ် အကြောင်းအရင်းတစ်ခုက နှစ်တစ်သောင်း သံမဏိအဆီအနှစ်ရဲ့ ဈေးနှုန်း အဟမ်း … ဟမ်း … သေနတ်တစ်လက် လုပ်ဖို့အတွက် သတ္တုတွေ ဘယ်လောက်သုံးရမလဲဆိုတာကိုလည်း ဂရုတစိုက် တွက်ချက်ဖို့ လိုသေးလို့ပါ”
ရှန်ထျန်းက ယခုမှ သေချာနားလည်သွားသည်
“ အာ….ငါ သိပြီ။ စောစောက ဒီအစ်ကိုကြီး စဉ်းစားဆင်ခြင်ဉာဏ်မဲ့သွားခဲ့တယ်။ ငါ ဒီလက်ဆောင်ကို တကယ်ကြိုက်ပါတယ်”
ချင်ယွင်တိက ရှန်ထျန်း ချီးမွမ်းမှုကို ကြားတော့မှာ ပျော်ရွှင်စွာ ပြုံးကာ ပြောလိုက်သည်
“ ဂိုဏ်းတူအစ်ကိုရှန် သဘောကျတယ်ဆိုရင် ကျွန်တော်လည်း ဝမ်းသာပါတယ်”
နောက်ဆုံးတော့ ဂိုဏ်းတူအစ်ကိုရှန်ဆီ ယင်ယန် ဆန့်ကျင်ဘက် တာအိုအကြောင်း မေးဖို့ အချိန်ကောင်းရောက်လာပြီ
ဂိုဏ်းတူအစ်ကိုရှန်ရဲ့ အကြံပေးမှုကြောင့် အထွတ်အမြတ်မြေကနေ ဒီလိုမျိုး အားကောင်းတဲ့ လက်နက်တွေကို ဖန်တီးနိုင်တာ။ သူက ယင်ယန်တာအိုအကြောင်းကို သေချာပေါက် ပိုပြီးတော့ ကျွမ်းကျင်မှာပဲ
ချင်ယွင်တိက ယင်ယန် နတ်မိုးကြိုးကို အဆင့်တိုးမြှင့်ဖို့ နည်းလမ်းတွေ ဘယ်လောက်ပဲ စဉ်းစားပါစေ စဉ်းစားလို့ မရတာကြောင့် သူ၏ ဂိုဏ်းတူအစ်ကိုရှန် ဆီကနေသာ အကြံဉာဏ်တောင်းရတော့မည်။
ဂိုဏ်းတူအစ်ကိုရှန်ရဲ့ အကြံနဲ့ဆိုရင်တော့ လုပ်လက်စဖြစ်နေတာတွေကို ဖြတ်ကျော်သွားနိုင်မှာ သေချာတယ်
ချင်ယွင်တိ စကားပြောဖို့ ပြင်လိုက်စဉ် ကောင်းကင်ယံထက်မှ အသံတစ်သံ ပဲ့တင်ထွက်လာသည်။
“ ရှန်ထျန်း ….စက်ဆုပ်ဖွယ်ကောင်းတဲ့ကောင်။ ငါတို့ ဘိုးဘေးစည်းမျဉ်းတွေကို အသုံးချပြီးတော့ ငါတို့ရဲ့ ဂိုဏ်းတူညီမလေး ယွင်ရှီးအပေါ် ဘယ်လိုလုပ် အခွင့်ကောင်း ယူရဲရတာလဲ။ မင်းမှာ သတ္တိရှိရင် ငါနဲ့လာပြီးတော့ တိုက်ခိုက်လိုက်။ ငါတို့ရဲ့ သူတော်စင်ကြီးဆီမှာ ဘယ်လိုအရည်အချင်းတွေ ပိုင်ဆိုင်ထားလဲဆိုတာ ကြည့်ရအောင် …”
ထိုစကားတွေ ပြီးဆုံးသွားပြီးနောက် ကောင်းကင်တွင် ရွှေနီရောင်နတ်မိုးကြိုးများ ထွက်ပေါ်လာသည်။ ရွှေရောင် နတ်ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားပြီး မီးတောက်နီ နဂါးလှံကို ကိုင်ဆောင်ထားသော အမျိုးသားတစ်ယောက်က ဤနေရာသို့ ဦးတည်လာသည်ကို တွေ့လိုက်ရသည်။
သူ့နောက်တွင် ကြီးမားသော ကြက်သွေးရောင်ဇာမဏီနှင့် ချီလင်သဏ္ဌာန်တို့က ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားပြီး ဖိနှိပ်ထားသော ခံစားချက်ကို ပေးစွမ်းသည်။
ဟုတ်တယ်…ထိုသူက တစ်ခြားသူ မဟုတ်ဘဲ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေတပည့်တွေ အားလုံးထဲမှာ အသန်မာဆုံးဖြစ်တဲ့ ရွှေအမြုတေ သန့်စင်ခြင်း ရှစ်ဆင့်မြောက်ကို ရောက်နေတဲ့ ဂိုဏ်းတူအစ်ကိုကြီးဖန်ချန်းသာ …
သူတော်စင်တောင်နှင့် နီးကပ်လာလေလေ သူ၏ ဒေါသထွက်နေသော မျက်နှာထားက ထင်ရှားလာလေလေ ဖြစ်၏။
ချောမောသော အမျိုးသားတစ်ယောက်က စိတ်ပူပန်စွာဖြင့် သူ့နောက်မှ လိုက်ပါလာသည်။
“ ဂိုဏ်းတူအစ်ကိုကြီး စိတ်လိုက်မာန်ပါတွေ မလုပ်ပါနဲ့နော်။ ကျွန်တော်တို့က ဂိုဏ်းတစ်ခုထဲက တပည့်တွေပဲလေ။ ငြိမ်းချမ်းရေးကို စိတ်ထဲမှာ မှတ်ထားပြီးတော့ ကျေးဇူးပြုပြီး ညှိညှိနှိုင်းနှိုင်းလေး လုပ်ပါနော်”